← Chapters

အခန်း (၂၅၉+၂၆၀)

Vol. 11 Ch. 259+260

အခန်း (၂၅၉+၂၆၀)

Vol. 11 Ch. 259+260

အခန်း(၂၅၉) အရမ်းတော်တဲ့ တူလေး (၁)

ချင်းယုကျီးက စိတ်မဆင်းရဲဘဲ အနည်းငယ်ပင် ပြုံးနေခဲ့ပါသည်။

စူစူလေးက စောင့်ကြည့်နေသဖြင့် ချင်းယုကျီး အပျင်းမထူဘဲ မေးခွန်းတိုင်းကို တစ်ခုချင်း သေချာ ဖြေဆိုခဲ့သည်။

သူ့ပညာရေးအခြေအနေက သူ့မိဘတွေ ထင်သလောက် မဆိုးပါ။ အပျင်းထူနေတာကြောင့်သာ စာမေးပွဲတွေမှာ မကြိုးစားခဲ့တာဖြစ်သည်။

ယခု စူစူလေးက သူ့ရဲ့ “ကြီးကြပ်သူ”အဖြစ် စောင့်ကြည့်နေသဖြင့် ချင်းယုကျီး စာကို အာရုံစိုက်ထားရပါသည်။

စူစူလေးက ချင်းယုကျီး၏ စာတွေကို တစ်လုံးမှ နားမလည်ပါ။ သင်္ကေတတွေကိုလည်း ဘာမှနားမလည်ပါ။

သို့သော် ချင်းယုကျီး လျှင်လျှင်မြန်မြန် ရေးသားနေတာကိုမြင်ပြီး စူစူလေး အလွန်အထင်ကြီးသွားသည်။

တော်လိုက်တဲ့ တူလေး!

ချင်းရှင်းကျစ်တို့ စားပွဲနဲ့ စူစူလေးတို့ရဲ့ စားပွဲက လူသွားလမ်းတစ်ခုသာ ခြားပါသည်။ ထို့ကြောင့် စူစူလေးကို ချင်းရှင်းကျစ် စောင့်ကြည့်ဖို့ လွယ်ကူသည်။

ချင်းရှင်းကျစ်နဲ့ ချိန်းဆိုထားသည့်လူက ရောက်မလာသေးပါ။ ထို့ကြောင့် သူ့ညီမလေးကိုသာ ငေးကြည့်နေမိသည်။

သူ့ညီမလေးက တကယ် ချစ်ဖို့ကောင်းသည်။ နို့ဘူးလေးကို ကိုင်ထားသည့် ပုံစံက ကြည့်မဝနိုင်စရာ ဖြစ်သည်။

သူ့ရဲ့ နှင်းဆီရောင် မျက်မှန်များမှ တဆင့် စူစူလေးကို ချင်းရှင်းကျစ် ငေးကြည့်ရင်း သူမ ဘာပဲလုပ်လုပ် သာမန် ကလေးတွေထက် ပိုပြီး ချစ်ဖို့ကောင်းသည်ဟု တွေးလိုက်သည်။

စူစူလေးကို ကြည့်ပြီး အလုပ်တွေ နှစ်ဆ ပိုကြိုးစားဖို့ ချင်းရှင်းကျစ် ရင်ထဲမှာ သန္နိဌာန် ချလိုက်လေတော့သည်။

ဒီအခက်အခဲကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ရအောင် ကျော်ဖြတ်ပြီး သူ့ညီမလေး ပြည့်ပြည့်စုံစုံနေနိုင်အောင် ဖန်တီးပေးရမည်။

သူ့သားတွေ အခက်အခဲနဲ့ ရင်ဆိုင်ရတာ ကိစ္စမရှိပါ။ သားတွေ အကုန်လုံးက အရွယ်ရောက်နေပြီဖြစ်သဖြင့် သူသိပ်ပြီး စိတ်ပူစရာမလိုပေ။

သို့သော်လည်း သမီးမိန်းကလေးတွေကတော့ အပူအပင်မရှိဘဲ ကြီးပြင်းလာသင့်သည်။

သူ့ညီမလေးက ငယ်လွန်းသေးသဖြင့် ဘဝမှာ စိန်ခေါ်မှုတွေ အများကြီးနဲ့ ကြုံရဦးမှာ သေချာသည်။ သူမရဲ့ အစ်ကိုကြီးတွေက သန်မာမှ သူမကို ကာကွယ်ပေးနိုင်မှာဖြစ်သည်။

ချင်းရှင်းကျစ်အတွေးလွန်နေစဉ် သူတွေ့ဖို့ ချိန်းထားသည့် မစ္စတာကျူးဆိုသူ ရောက်ရှိလာခဲ့သည်။

Suit တစ်စုံဝတ်ဆင်ထားပြီး သားရေဖိနပ်စီးထားပြီး သာမန် အသွင်အပြင်ရှိကာ သဘောကောင်းသော မျက်နှာကို ပိုင်ဆိုင်ထားသည့် သက်လတ်ပိုင်း လူကြီးလူကောင်းတစ်ယောက်ဖြစ်သည်။

ချင်းရှင်းကျစ်က သူ့ကို မတ်တပ်ရပ်ကာ ကြိုဆိုလိုက်ပါသည်။ “မစ္စတာကျူး ဒီအထိ တကူးတက လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ”

“ကိစ္စမရှိပါဘူး။ ကျွန်တော်လည်း ဒီဘက်မှာ အလုပ်ကိစ္စရှိလို့လေ။ ပြီးတော့ မစ္စတာကောက ကျွန်တော့်ရဲ့ မိတ်ဆွေဟောင်းကြီးပဲ။ သူက ဒီလို မိတ်ဆက်ပေးတာမျိုး လုပ်တာ ရှားတယ်။ အဲ့တာကြောင့် သူအရမ်း ထောက်ခံပေးထားတဲ့ လူနဲ့ လာတွေ့ပေးရတာပေါ့ဗျာ”။ မစ္စတာကျူးက ပြန်ပြောလိုက်သည်။

ဒါကိုကြားတော့ ချင်းရှင်းကျစ် အနည်းငယ် ရှက်ရွံ့မိသည်။ ဆရာကြီးကောရဲ့ ထောက်ခံပေးမှုက သူ့ကြောင့်မဟုတ်ဘဲ သူ့ညီမလေးကြောင့် ဖြစ်သည်။

သို့သော်လည်း ချင်းရှင်းကျစ် အတွေးကို အမြန်ပြောင်းလိုက်ပါသည်။

သူ့ညီမလေးကြောင့် ဒီအခွင့်အရေး ရလာတာဆိုလျှင် သူက အခွင့်အရေးကို အမိအရဖမ်းဆုပ်နိုင်ရမည်။ ဒါမှ သူ့ညီမလေးကို ကျေးဇူးပြန်ဆပ်နိုင်မှာဖြစ်သည်။

“မစ္စတာချူး ထိုင်ပါဦး။ စကားအေးဆေး ပြောကြရအောင်”။ ချင်းရှင်းကျစ်က အပြုံးဖြင့် ပြောလိုက်ပါသည်။

“ဒါပေါ့ ဒါပေါ့။ အချိန်ယူလို့ ရပါတယ်”။ မစ္စတာကျူးက ပြန်ပြောလိုက်ပါသည်။

ဒီလိုနဲ့ ချင်းရှင်းကျစ်နဲ့ မစ္စတာကျူးတို့ လုပ်ငန်းကိစ္စ စတင်ဆွေးနွေးကြသည်။

သူတို့ ၅ မိနစ်ခန့်သာ စကားပြောလိုက်ရပြီး duckbill ဦးထုပ် ဆောင်းထားသူတစ်ဦး စားသောက်ဆိုင်ထဲ ဝင်လာပြီး ချင်းရှင်းကျစ်ထံ တန်းတန်းမတ်မတ် လျှောက်လာခဲ့သည်။

မစ္စတာကျူးနဲ့ စကားပြောကောင်းနေသဖြင့် ချင်းရှင်းကျစ်တစ်ယောက် အန္တရာယ်ကို ကြိုမမြင်ပါ။

Duckbill ဦးထုပ်နဲ့လူ ရုတ်တရက်ပေါ်လာပြီး ချင်းရှင်းကျစ်၏ အင်္ကျီကော်လံကို ဆွဲလျက် ထိုင်ခုံမှ ဆွဲမလိုက်သည်။

“ချင်းရှင်းကျစ် ခွေးမသား! ငါ့ကိုကို အကြွေးပေးစရာရှိတာ အခုချက်ချင်း ပြန်ပေးစမ်း!”။ ထိုလူက ချင်းရှင်းကျစ်ကို အော်ဟစ်လိုက်သည်။ “ချင်းမိသားစု အကြွေးတင်နေတဲ့လူတွေ အများကြီးပဲ။ အဲ့တာ ငါတို့ ချွေးတွေ၊ သွေးတွေ ရင်းပြီး ရှာထားတဲ့ ပိုက်ဆံကွ! ဒီနေ့ ပြန်မပေးနိုင်ရင် မင်းတို့ကို အလွတ်မပေးဘူး!”

ထိုလူ့၏ လုပ်ရပ်နဲ့ အသံကြောင့် စားသောက်ဆိုင်ထဲက လူတွေ အကုန် ထိတ်လန့်သွားကြသည်။ ချင်းရှင်းကျစ်နဲ့ အနက်ရောင်ဝတ်စုံ၊ Duckbill ဦးထုပ်တို့ကို ဝတ်ဆင်ထားသည့် လူတို့ကို အားလုံး ဝိုင်းကြည့်ကုန်ကြသည်။

ချင်းရှင်းကျစ်နဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေသည့် မစ္စတာကျူးလည်း ထိတ်လန့်သွားပါသည်။

ချင်းရှင်းကျစ် ကြက်သေသေသွားကာ စက္ကန့်ပိုင်းလောက်ကြာမှ စကားပြောနိုင်သည်။ “မင်းဘယ်သူလဲကွ”

ဒီလူ့ကို သူ မသိသလို သူပြောနေတာတွေကိုလည်း တစ်ခွန်းမှ နားမလည်ပါ။

ချင်းမိသားစု စက်ရုံတွေ ကုန်ကြမ်းပြတ်တောက်မှုကြောင့် ရပ်ဆိုင်းထားရသော်လည်း အလုပ်သမား လစာဖြတ်တောက်မှုမျိုး လုံးဝ မရှိပါ။

… … …

အခန်း(၂၆၀) အရမ်းတော်တဲ့ တူလေး (၂)

“ဒါပေါ့ မင်းတို့က ငါ့ကို ဘယ်မှတ်မိပါ့မလဲ?! ငါက ချင်းမိသားစုဆိုတဲ့ လက်ဖဝါးကြီးအောက်က အဆင့်မရှိတဲ့ သာမန် အလုပ်သမားလေးပဲဥစ္စာ! ငါတို့ကို ပေးစရာရှိတဲ့ လုပ်အားခ အကြွေးတွေ ဘယ်တော့ ပေးမှာလဲ။ ဒီနေ့ ငါ့ကို ရှင်းမပေးရင် အခုချက်ချင်း မင်းကို ဆွဲထိုးမှာနော်!”

ဦးထုပ်နဲ့လူက ချင်းရှင်းကျစ်ကို ဒေါသတကြီး စွပ်စွဲနေပါသည်။

“မင်းဘာတွေ လာပြောနေတာလဲ။ ချင်းမိသားစု ဘယ်တုန်းက အလုပ်သမားတွေကို လစာမပေးဘဲ နေဖူးလို့လဲ”။ ချင်းရှင်းကျစ်က ဇဝေဇဝါဖြစ်စွာ ပြန်ပြောလိုက်ပါသည်။

“လိမ်မနေစမ်းပါနဲ့! လူယုတ်မာ အမြတ်ကြီးစားတွေ! အလုပ်သမားတွေရဲ့ လစာကို လိမ်တဲ့ အရင်းရှင်တွေ!”။ ဦးထုပ်နဲ့လူက ကျိန်ဆဲလိုက်သည်။

“ညီအစ်ကို မင်းမှားနေပြီထင်တယ်။ ငါတို့ မိသားစု စက်ရုံက ဘယ်တုန်းကမှ အလုပ်သမားတွေရဲ့လစာကို မဖြတ်ဖူးဘူး”။ ချင်းရှင်းကျစ်က တစ်ဖက်လူကို ရှင်းပြဖို့ ကြိုးစားသည်။

ဒီလူ သူ့ကို တစ်ယောက်ယောက်နဲ့ လူမှားနေတာဖြစ်မည်ဟု ချင်းရှင်းကျစ် ထင်မိသည်။

“လုံးဝ မမှားဘူး! ချင်းအုပ်စုရဲ့ ချင်းရှင်းကျစ်ဆိုတာ မင်းမဟုတ်ဘူးလား?! သိပ်မကြာသေးခင်တုန်းက မင်းတို့ စက်ရုံ ကုန်ကြမ်းတွေ မတင်သွင်းနိုင်ဘဲ ရပ်ဆိုင်းထားလိုက်ရတယ်။ အဲ့ဒါကြောင့် အလုပ်သမားတွေရဲ့လစာကို ထုတ်မပေးဘဲ ရွှေ့ဆိုင်းထားခဲ့တာ!”

ထိုလူက ရာနှုန်းပြည့် သေချာစွာ ပြောဆိုနေသည်။

ထို့ကြောင့် မစ္စတာကျူးနဲ့ စားသောက်ဆိုင်ထဲကလူတွေအကုန် ဦးထုပ်နဲ့လူကို ပိုပြီး ယုံကြည်လာကြသည်။

ဧကန္တ ချင်းအုပ်စုက တကယ်ပဲ လစာတွေ ထုတ်မပေးလို့ ဒီအလုပ်သမားက ဒေါသတကြီး လစာလာတောင်းနေတာလား။

စက်ရုံများ ရပ်ဆိုင်းထားရခြင်းကြောင့် ချင်းမိသားစု လုပ်ငန်းတွေ အခုတလော အခက်အခဲဖြစ်နေသည်ဆိုတာ လူတိုင်း သိကြသည်။

ချင်းရှင်းကျစ် မျက်မှောင်ကြုတ်သွားသည်။ “ညီအစ်ကို မဟုတ်တာတွေ မပြောစမ်းနဲ့။ ချင်းမိသားစုက ဘယ်တော့မှ အဲ့လိုလုပ်ရပ်မျိုး မလုပ်ဘူး။ ငါမင်းကို လစာပေးစရာရှိတယ် ဟုတ်လား။ မင်းမှာသက်သေရှိလို့လား”

“ငါ့မှာ သက်သေရှိရင် မင်းတို့ကို တရားရုံးမှာ တရားစွဲပြီးနေပြီ! မင်းတို့တွေက သက်သေတွေ အကုန်လုံး ဖျောက်ပြီးသွားပြီလေ! ရွံစရာကောင်းတဲ့ အမြတ်ကြီးစားတွေ။ သူများတွေရဲ့ လုပ်အားကို လိမ်ယူတဲ့ကောင်တွေ! ငါတို့ ဆင်းရဲသားတွေဆီက လိုချင်တာ အကုန်ယူပြီးသွားမှ ရှောင်ပြေးချင်တယ်! မင်းတို့အကုန် သေသင့်တယ်!”။ ထိုလူ့၏ အသံက ဝမ်းနည်းမှု၊ ဒေါသတွေကြောင့် တုန်ယင်နေပါသည်။

“မင်းဘာတွေ ပြောနေတာလဲ။ မင်းဘယ်သူလဲ မင်းကို ဘယ်သူလွှတ်လိုက်တာလဲ”။ အစက အံ့အားသင့် မှင်သက်နေသော်လည်း အခုတော့ ချင်းရှင်းကျစ် ဒေါသထွက်သွားပါပြီ။

ဒီလူက ကျိန်းသေပေါက် သံသယဖြစ်စရာကောင်းနေသည်။

ချင်းရှင်းကျစ်က ထိုလူ့၏ ဆုပ်ကိုင်ပြီး ဖယ်ရှားဖို့ ကြိုးစားသည်။ သို့သော်လည်း ထိုလူက သူ့အင်္ကျီကို တင်းတင်းကျပ်ကျပ် ဖမ်းဆုပ်ထားသဖြင့် ချင်းရှင်းကျစ် ဘာမှမတတ်နိုင်ပါ။

ထိုစဉ် ဦးထုပ်နဲ့လူက ချင်းရှင်းကျစ်၏ အင်္ကျီကို လက်တစ်ဖက်ဖြင့် သေချာ ဖမ်းဆုပ်ထားပြီး နောက်လက်တစ်ဖက်ဖြင့် လက်သီးဆုပ်ကာ ဆွဲထိုးဖို့ အသင့်ပြင်လိုက်သည်။

ထိုအချိန်တွင် ဘေးဘက် စားပွဲမှ လူနှစ်ယောက် ချင်းရှင်းကျစ်ရှေ့သို့ လှစ်ခနဲ ရောက်လာသည်။

လူကောင်သေးသေးနဲ့ တစ်ယောက်က ဦးထုပ်နဲ့လူကို ခေါင်းဖြင့် ပြေးတိုက်သည်။

လူကောင်ကြီးကြီးနဲ့ တစ်ယောက်က ဦးထုပ်နဲ့လူ၏ လက်သီးကို ဖမ်းတားလိုက်ပြီး ပြန်ထိုးဖို့ ပြင်လိုက်သည်။ သို့သော် ဦးထုပ်နဲ့လူ လွင့်ထွက်သွားသောအခါ သူပါ ပါသွားလေသည်။

ချင်းယုကျီး ဆဲတောင်မဆဲနိုင်ခင် ဦးထုပ်နဲ့လူနဲ့အတူ လွင့်ထွက်သွားသည်။

သို့သော်လည်း သူက သွက်လက်သဖြင့် ကြမ်းပြင်ပေါ် အရှိန်ဖြင့် ပြုတ်မကျခင် သူ့ကိုယ်သူ အရှိန်ပြန်ထိန်းလိုက်ပြီး ခန္ဓာကိုယ်ကို ၃၆၀ ဒီဂရီလှည့်ကာ မတ်တပ်ပြန်ရပ်လိုက်ပါသည်။

လွင့်ထွက်သွားသည့် ဦးထုပ်နဲ့လူက ကြမ်းပြင်ပေါ် အရှိန်ဖြင့် ပြုတ်ကျပြီး နာကျင်လွန်းသဖြင့် အသံတောင် မထွက်နိုင်တော့ပါ။

သူ့ဒူးခေါင်းကို ကိုင်လျက် မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားသည်။

ထိုလူ့၏ ဒူးခေါင်းရိုး အစိပ်စိပ်အမွှာမွှာဖြစ်သွားလောက်ပြီဟု ချင်းယုကျီး ထင်မိသည်။

ချင်းယုကျီးက စူစူလေး၏ နဖူးကို လှည့်ကြည့်လိုက်သည်။ စူစူလေးရဲ့ နဖူးက ဖြူဖွေးနူးညံ့နေဆဲပင်။ ဘာမှမဖြစ်ခဲ့သလိုမျိုး နည်းနည်းလေးတောင် နီမနေပါ။

မျက်စိနဲ့ တပ်အပ်သာ မမြင်လျှင် ထိုလူ့ရဲ့ ဒူးခေါင်းကို စူစူလေး နဖူးနဲ့ တိုက်လိုက်တာကြောင့် ကျိုးကြေသွားသည်ဟု ဆိုလျှင် ဘယ်သူမှ ယုံနိုင်မှာမဟုတ်ပါ။

အမှန်ပင်။ ထိုလူ့အတွက် ချင်းယုကျီး နည်းနည်းလေးတောင် စိတ်မကောင်းမဖြစ်ပါ။

ခုနက ပြောသည့် စကားတွေကို နားထောင်ကြည့်ခြင်းအားဖြင့် ဒီလူက အကြံဆိုးဖြင့် ရောက်ရှိလာတာဖြစ်သည်။ ရည်ရွယ်ချက်ရှိရှိနဲ့ ရောက်လာတာဟုပင် ဆိုနိုင်သည်။

ချင်းယုကျီး စဉ်းစားနေစဉ် စူစူလေးက လက်သီးဆုပ်လျက် ထိုလူ့ဆီ ထပ်ပြေးသွားသည်။ “ငါ့အစ်ကိုကြီးကို လာအနိုင်ကျင့်တဲ့ လူဆိုးကောင် ရော့ဟာ!!”

All Chapters