အခန်း (၂၆၁+၂၆၂)
Vol. 11 Ch. 261+262
အခန်း(၂၆၁) အရမ်းတော်တဲ့ တူလေး (၃)
“စူ- စူစူလေး နေဦး! ခဏနေဦး!”။ ချင်းယုကျီး အမြန်အော်တားလိုက်သည်။
“ဘာလဲ တူလေး”
သူမ မစောင့်နိုင်ပါ။ ဒေါသတွေ အလွန်ပေါက်ကွဲနေသည်။
“နင့်တူလေး ငါလည်း အစွမ်းအစ ထုတ်ပြချင်တယ်လေ။ ဒီတစ်ခေါက်တော့ လူဆိုးကောင်ကို ငါကိုင်တွယ်ပါရစေ”
ဒီလူက ချင်းမိသားစု၏ ဂုဏ်သိက္ခာကို တမင်သက်သက် ဖျက်ဆီးဖို့ ကြိုးစားနေတာဖြစ်မည်ဟု ချင်းယုကျီး သံသယ ဖြစ်မိပါသည်။
ယခု ဘေးကလူတွေ ချင်းမိသားစုကို ကြည့်သည့်အကြည့်တွေ ပြောင်းလဲသွားတာကို သူ ခံစားမိသည်။
သူ့အဖေနဲ့ အတူတူထိုင်စကားပြောနေသည့် မစ္စတာကျူးတောင် သူတို့ မိသားစုကို သံသယ ဖြစ်နေလောက်ပါပြီ။
ထို့ကြောင့် ခွန်အားသက်သက်နဲ့ ဒီကိစ္စကို ဖြေရှင်းနိုင်မှာ မဟုတ်ပါ။
“မရဘူး မရဘူး။ ငါပဲလုပ်မယ်! ငါက ဒေါ်လေးပဲ! နင့်ကို ကာကွယ်ပေးရမှာ! မကြောက်နဲ့!”
ဒေါ်လေးတစ်ယောက်အနေနဲ့ လူငယ်တွေကို သူမ ကာကွယ်ပေးရမည်။
“ဒေါ်လေးစူစူ… နင့်တူလေး ငါလည်း ရင့်ကျက်ဖို့ အတွေ့အကြုံတွေ လိုသေးတယ်လေ။ ပြီးတော့ နင့်နောက်ကို တကောက်ကောက်လိုက်ရလို့ သင်ခန်းစာတချို့လည်း ရနေပါပြီ။ အခု အဲ့ဒီသင်ခန်းစာတွေကို ထုတ်သုံးဖို့ အချိန်ကျပြီလို့ မထင်ဘူးလား”။ ချင်းယုကျီးက စူစူလေးကို ချော့ပြောလိုက်သည်။
“ကောင်းပြီလေ! လုပ်လိုက်တော့ တူလေး!”။ စူစူလေး သဘောတူလိုက်ပါသည်။
ခုတလော ဒီတူလေး လိမ္မာနေသဖြင့် သူ့ကို အခွင့်အရေးပေးသင့်ပါသည်။
ဟူး… ဒေါ်လေးလုပ်ရတာ မလွယ်ဘူးပဲ။
“ဟုတ်ပြီ။ တခြားသူတွေကို စောင့်ကြည့်ထားနော် ဒေါ်လေး!”
စူစူလေး၏ ခွင့်ပြုချက်နဲ့ ကြမ်းပြင်ပေါ် လဲနေသည့် လူဘက်သို့ ချင်းယုကျီး ပြန်လှည့်သွားသည်။
ထိုလူခံစားနေရသည့် နာကျင်မှုက ချဲ့ကားနေခြင်း မဟုတ်ပါ။
ချင်းယုကျီးက မိစ္ဆာဆန်စွာ ပြုံးလိုက်သည်။ မျက်လုံးတွေလည်း အရောင်လက်သွား၏။
ထို့နောက် ဖုန်းထုတ်လျက် ထိုလူ့၏ မျက်နှာကို ဓာတ်ပုံတွေ ရိုက်ပြစ်လိုက်ပါသည်။
“မင်း… မင်းဘာလုပ်နေတာလဲ”။ ထိုလူ ရင်ထဲ ပူလောင်သွားသည်။
“ဘာမှမလုပ်ပါဘူး။ ခင်ဗျားရဲ့ မျက်နှာလေးကို ဓာတ်ပုံအဖြစ် သိမ်းထားချင်လို့ပါ”။ ချင်းယုကျီးက တောက်ပနေသော အပြုံးဖြင့် ပြောလိုက်သည်။
ထို့နောက် ဓာတ်ပုံတွေကို သူ့ ဖုန်း Contacts ထဲက “အနာဂတ် မရီးလောင်း” ဆိုသူထံ ပို့ပေးလိုက်သည်။
ထို့နောက် ချင်းယုကျီး ဖုန်းသိမ်းလိုက်ပြီး မျက်နှာလည်း တည်တံ့သွားကာ မေးလိုက်သည်။ “ခင်ဗျားဘယ်သူလဲ ဘယ်သူလွှတ်လိုက်တာလဲ”
ထိုလူက ခက်ခက်ခဲခဲဖြင့် ပြန်ပြောလိုက်သည်။ “ငါ့ကို အသေသာ ရိုက်နှက်လိုက်! မင်းတို့တွေကို ငါ ဘာမှ ပြန်မလုပ်နိုင်ပါဘူး! အစကတည်းက ဒီပွဲမှာ ငါတို့ ရှုံးပြီးသားဆိုတာ သိနေတယ်! ငါ့ကို သတ်ပြစ်လိုက်လို့ ငါ သရဲဖြစ်သွားရင်တောင် မင်းတို့ကို ခွင့်မလွှတ်ဘူး!”
ထိုလူက သနားစရာကောင်းစွာ ပြောလိုက်သည်။ သူ့သရုပ်ဆောင်စွမ်းရည်က ချီးကျူးလောက်စရာ ဖြစ်သည်။
ဒဏ်ရာတွေနဲ့ ကြမ်းပြင်ပေါ် လှဲနေရတာတောင် ချင်းမိသားစုကို နာမည်ဖျက်တာ မရပ်သေးပါ။
ထို့အပြင် ဒူးခေါင်းက ဒဏ်ရာကြောင့် ယခု ချွေးစေးတွေပါ ထွက်နေပြီဖြစ်သဖြင့် သူ့ပုံစံက ပိုပြီး ဂရုဏာ သက်စရာ ကောင်းသွားပါသည်။
ထိုအချိန်တွင် စားသောက်ဆိုင်ထဲကလူတွေအကုန်လုံး ထိုလူ့ကို သနားသွားကြသည်။
ချင်းမိသားစုကို ကြည့်သည့်အကြည့်တွေလည်း တစ်မျိုး ပြောင်းလဲသွားခဲ့သည်။
အထူးသဖြင့် ဆရာကြီးကော၏ ထောက်ခံမှုကြောင့် ချင်းမိသားစုနဲ့ လာတွေ့သော မစ္စတာကျူးက ပိုဆိုးပါသည်။
သူတို့ လုပ်ငန်းမှာ ဒီလို အကျင့်ပျက်မှုတွေ ရှိနေလျှင် မစ္စတာကျူးးလည်း ကျိန်းသေပေါက် ကူညီနိုင်မှာ မဟုတ်ပါ။
ချင်းမိသားစုက ဟွာချန့်မြို့မှာ နံပါတ် ၁ လုပ်ငန်းရှင်တွေဖြစ်ကြသည်။ ဒီလို ကုမ္ပဏီမျိုးက စံပြအဖြစ် ဦးဆောင် လမ်းပြမှု မရှိဘဲ အကျင့်ပျက်သည့် လုပ်ရပ်တွေ လုပ်နေလျှင် အထင်သေးစရာ ကောင်းလွန်းပါသည်။
ချင်းရှင်းကျစ် မျက်နှာ မှောင်မိုက်သွားသည်။ ဒီလူက ချင်းမိသားစုကို နာမည်ဖျက်ဖို့ ရောက်လာတာ သေချာသွားပါပြီ။
ချင်းယုကျီးက ဒေါသမထွက်ဘဲ တည်ငြိမ်စွာ ဆက်မေးလိုက်သည်။ “လစာပေးဖို့က ကိစ္စမရှိပါဘူး။ ဒါပေမယ့် ခင်ဗျားကို အရင်ဆုံး မေးစရာတစ်ခုတော့ရှိတယ်။ ကျုပ်တို့ စက်ရုံမှာ ခင်ဗျားရဲ့ ရာထူးက ဘာလဲ”
ဒေါသတကြီး စွပ်စွဲနေသည့် လူချက်ချင်း ကြက်သေသေသွားသည်။
“မင်း… မင်းဘာလို့ အဲ့တာတွေ လာမေးနေတာလဲ။ ငါ့ကို ဘာလုပ်မလို့လဲ”။ ထိုလူက ချင်းယုကျီးကို သတိကြီးစွာ ကြည့်လိုက်ပါသည်။
… … …
အခန်း(၂၆၂) အရမ်းတော်တဲ့ တူလေး (၄)
“ခင်ဗျားက လစာလာတောင်းတာ မဟုတ်ဘူးလား။ ခင်ဗျားကို ဘယ်လောက်ပေးရမှာလဲဆိုတာ သိမှ ဖြစ်မှာပေါ့ မဟုတ်ဘူးလား”။ ချင်းယုကျီးက မိစ္ဆာဆန်ဆန် ပြုံးလိုက်ပြီး မေးလိုက်ပါသည်။
ဦးထုပ်နဲ့လူ မျက်မှောင်ကြုတ်သွားလေသည်။
“မင်းတို့ဘက်က သဘောကောင်းပေးမယ်ပေါ့? ငါ့ကို လာမလှည့်စားစမ်းပါနဲ့။ မင်းတို့ရဲ့ အကြံအစည်တွေအကြောင်း ငါအကုန်သိပြီးသား!”။ ထိုလူက ဉာဏ်နီဉာဏ်နက်များစွာ စကားလမ်းကြောင်းလွှဲပြစ်လိုက်ပါသ်ည။
“ရပါတယ်။ အခု မျက်မြင်သက်သေတွေ အများကြီးရှိတယ်။ ခင်ဗျား မပြောချင်ဘူးဆိုရင် ရဲခေါ်ပြီး ခင်ဗျားရဲ့ သရုပ်မှန်ကို စစ်ဆေးခိုင်းလိုက်ရင်ကော”။ ချင်းယုကျီးက အကြံပြုလိုက်သည်။
“ဟန်ဆောင် မနေစမ်းနဲ့! မင်းတို့ကောင်တွေအကြောင်း ငါကောင်းကောင်း သိတယ်! မင်းတို့က အာဏာတွေ ပါဝါတွေ ရှိတော့ ရဲတွေကတောင် မင်းတို့ဘက် ပါနေနိုင်တယ်!”။ ထိုလူ အမြန်ပြန်ပြောလိုက်သည်။
သူ ရဲတွေနဲ့ မတွေ့ရဲပါ။ သူ့မှာ ရာဇဝတ်မှုမှတ်တမ်းတွေ အများကြီးရှိသည်။ ရဲတွေသာ ရောက်လာလျှင် သူ့သရုပ်မှန် တကယ်ပေါ်သွားလိမ့်မည်။
“ခင်ဗျားက တော်တော် ထူးဆန်းတဲ့လူပဲ။ လစာလည်း လိုချင်သေးတယ် အရေးကြီးတာတွေ ဘာမှလည်း မပြောပြနိုင်ဘူး။ ရဲကိုတောင် မယုံဘူးတဲ့။ အဲ့တော့ ခင်ဗျားယုံတာ ဘာရှိလဲ”။ ချင်းယုကျီးက မေးလိုက်သည်။
“ငါ့ကို အရူးလာမလုပ်နဲ့! ငါမင်းကို မယုံဘူး! မင်းတို့လူလို နားလည်ရင် ငါတို့ လစာတွေ ရှင်းပေးခဲ့တာ ကြာပြီပေါ့!”။
ထိုလူက သူတို့ကို ချင်းမိသားစု လစာပေးစရာရှိသေးသည်ဟုသာ ခေါင်းမာမာနဲ့ ပြောဆိုနေသည်။
လိပ်ပြာမလုံမှုကို ဖျောက်ဖျက်ဖို့ အသံကိုလည်း ကျယ်ကျယ် အော်ပြောနေပါသည်။
ထိုအချိန်တွင် ချင်းယုကျီး၏ ဖုန်းမှ မက်ဆေ့သံ မြည်လာသည်။ ဖွင့်ကြည့်လိုက်သောအခါ “အနာဂတ် မရီးလောင်း” ထံမှ မက်ဆေ့တစ်စောင် ဝင်နေပါသည်။
[ဝမ်ကျွင်းကျဲ၊ အသက် ၃၁ နှစ်၊ ဟွာချန့် မြို့သား၊ ဟွာချန့် ဆိပ်ကမ်းတွေမှာ အလုပ်မရှိ အကိုင်မရှိ လျှောက်သွားနေတတ်တဲ့လူ။ ရှုထျန်းဖေးရဲ့ လက်အောက်ငယ်သားလို့ စိတ်ချရတဲ့ သတင်းရင်းမြစ်ကနေ သိထားတယ်]
[သူ့မှာ ရာဇဝတ်မှု မှတ်တမ်းတွေလည်း အများကြီးရှိတယ်။ အသက် ၁၈ နှစ်မှာ ရိုက်နှက်မှုနဲ့ ၃ ရက် အချုပ်ကျတယ်။ အသက် ၂၀ မှာ ခြိမ်းခြောက် ငွေညှစ်မှုနဲ့ ၁၅ ရက် အချုပ်ကျတယ်။ အသက် ၂၂ မှာ ထိခိုက်ဒဏ်ရာရအောင် ရည်ရွယ်ချက်ရှိရှိ ရိုက်နှက်မှုနဲ့ ထောင် ၁ နှစ်ကျတယ်။ ဒဏ်ငွေ ယွမ် ၁၀၀,၀၀၀ လည်း ရိုက်ခံရတယ်…]
ရာဇဝတ်မှု မှတ်တမ်းတွေက များလွန်းသဖြင့် ဖုန်းဖန်သားပြင်နဲ့တောင် မဆန့်တော့ပါ။
မက်ဆေ့ကို ဖတ်ပြီးနောက် ချင်းယုကျီး ပြုံးကာ ပြောလိုက်သည်။ “ဝမ်ကျွင်းကျဲတဲ့လား”
“ဝမ်ကျွင်းကျဲ”ဟူသည့် နာမည်ကို ကြားလိုက်ရတာနဲ့တစ်ပြိုင်နက် ထိုလူ့မျက်နှာ ပြောင်းလဲသွားသည်။
သူ့နာမည်ကို ဘယ်လိုသိသွားတာလဲ?!
“ဘာဖြစ်လို့လဲ။ ကျုပ်ခန့်မှန်းတာ မှန်သွားလို့လား။ ကျုပ်တို့မိသားစုစက်ရုံမှာ ခင်ဗျား အလုပ်မလုပ်ဖူးပါဘူး။ ဒါပေမယ့် ဆိပ်ကမ်းတွေမှာ မူးပြီးမှောက်နေတတ်တယ်မလား”
“မင်းဘာတွေ လာပြောနေတာလဲ။ ငါ့ကို မဟုတ်မမှန် မစွပ်စွဲနဲ့!”။ ဝမ်ကျွင်းကျဲက စိတ်ဖိစီးစွာ ငြင်းဆန်လိုက်သည်။
“စွပ်စွဲတယ်ဟုတ်လား။ ခင်ဗျားက ဝမ်ကျွင်းကျဲ မဟုတ်ဘူလား။ ကျုပ် မှန်သလား မှားသလား သိရအောင် ခင်ဗျား ID ကတ်ထုတ်ပြလေ”
“ငါ့မှာ ID မပါဘူးကွ!”
“အဲ့တာဆိုလည်း ကိစ္စမရှိပါဘူး။ ကျုပ်တို့ မိသားစု စက်ရုံမှာ ဘယ်ရာထူးနဲ့ အလုပ်လုပ်ခဲ့တာလဲ၊ ဘယ်ဌာနမှာ အလုပ်လုပ်ခဲ့တာလဲ၊ ခင်ဗျားရဲ့ အထက်လူကြီးနာမည် ဘယ်လိုခေါ်လဲ။ လစာက ဘယ်လောက်ပေးရမှာလဲ။ အခြေခံ လစာနဲ့ ဘောနပ်စ်က ဘယ်လောက်လဲ အဲ့တာတွေ ပြောပြလို့ရပါတယ်”။ ချင်းယုကျီးက အခြေခံကျသည့် မေးခွန်းတွေ အများကြီး မေးလိုက်သည်။
ဝမ်ကျွင်းကျဲ ကြက်သေသေသွားသည်။ သူ ထိုမေးခွန်းတွေ တစ်ခုမှ မဖြေနိုင်ပါ။
ခုနက နည်းလမ်းနဲ့ စကားလမ်းကြောင်း လွှဲဖို့ ကြိုးစားချင်သေးသည်။ သို့သော် ဘေးကလူတွေ အကြည့် ပြောင်းလဲသွားတာကို သတိထားမိပါသည်။
အစက သူ့ကို ဂရုဏာသက်နေကြသော်လည်း အခုတော့ သင်္ကာမကင်း ဖြစ်လာကြလေပြီ။
ဝမ်ကျွင်းကျဲရဲ့ အဖြေကို စောင့်မနေဘဲ ချင်းယုကျီး ထပ်ပြောလိုက်သည်။ “ခုလေးတင် ကျုပ်မိတ်ဆွေ တစ်ယောက်က ခင်ဗျားဓာတ်ပုံကို ရပြီး ခင်ဗျားရဲ့ နောက်ကြောင်းတွေ အကုန်လုံးကို ဖော်ထုတ်နိုင်လိုက်တယ်။ ကြည့်ရတာ ခင်ဗျားက ရှုထျန်းဖေးရဲ့ လက်အောက်ငယ်သားတစ်ယောက် ဖြစ်တဲ့ပုံပဲ။ ရှုထျန်းဖေးနဲ့ ကျုပ်တို့ ချင်းမိသားစုကြားက ပြဿနာကိုလူတိုင်း သိကြတယ်နော်”
“မင်း… မင်း မဟုတ်တာတွေ ပြောနေတာ။ ငါ ဒါရိုက်တာရှုရဲ့ လူမဟုတ်ဘူး!”။ ဝမ်ကျွင်းကျဲ ဂယောင်ချောက်ချားဖြစ်စွာ ပြန်ချေပလိုက်သည်။
ပြောပြီးမှ ဝမ်ကျွင်းကျဲ သူ့စကားသူ နောင်တရသွားခ့သည်။
စိတ်ချောက်ချားမှုကြောင့် ကိုယ့်စကားကိုယ်တောင် မစဉ်းစားနိုင်တော့ဘဲ “ဒါရိုက်တာရှု”ဟု ခေါ်လိုက်မိသည်။
ဝမ်ကျွင်းကျဲ ဆွံ့အသွားပါပြီ။