အခန်း (၂၆၃+၂၆၄)
Vol. 11 Ch. 263+264
အခန်း(၂၆၃) အရမ်းတော်တဲ့ တူလေး (၅)
စားသောက်ဆိုင်ထဲကလူတွေ အားလုံး နားလည်သွားကြသည်။ ချင်းမိသားစုက ဘာမှ မဟုတ်တာ မလုပ်ခဲ့ပါ။ တစ်စုံတစ်ယောက်က သူတို့ကို နာမည်လာဖျက်နေတာဖြစ်သည်။
အထူးသဖြင့် မစ္စတာကျူး အခြေအနေတွေကို သဘောပေါက်သွားပါသည်။ ဒီသရုပ်ပြမှုတစ်ခုလုံးက သူ့အတွက်ဖြစ်လိမ့်မည်။ သူ့ကြောင့် ချင်းအုပ်စု အခွင့်အလမ်းတွေ ရသွားမှာကို မလိုလားသူတွေက ဖန်တီးခဲ့တာ ဖြစ်ပါလိမ့်မည်။
ချင်းရှင်းကျစ် လှောင်ရယ်လိုက်ပါသည်။ “ဟားဟားဟား အရေးပါတဲ့လူတစ်ယောက်ယောက်ရဲ့ လက်ချက်လို့ ထင်နေတာ။ ဖြစ်ချင်တော့ အရှက်မရှိတဲ့ ရှုထျန်းဖေးရဲ့ လက်ချက်ကိုး! သူ့သားက ယုတ်ညံ့တဲ့ လုပ်ရပ်တွေ လုပ်တယ် ဘာကိုမှ နောင်တမရတဲ့အပြင် သူကပါ သူ့သားကို ပြုပြင်ဖို့ မကြိုးစားဘူး။ ငါတို့ကို ချောက်ချဖို့ပဲ ကြိုးစားနေတာ”
မစ္စတာကျူးက ဝင်ပြောလိုက်သည်။ “ဒီနည်းလမ်းသုံးပြီး ငါနဲ့ မစ္စတာချင်းတို့ရဲ့ ပူးပေါင်းမှုကို ဖျက်ဆီးချင်တာပေါ့။ ရွံစရာကောင်းလိုက်တာကွာ”
သူ့အကြံအစည်တွေ ပေါ်သွားပြီဖြစ်သဖြင့် ဝမ်ကျွင်းကျဲ ပေါ်တင် ခြိမ်းခြောက်ဖို့ ဆုံးဖြတ်လိုက်သည်။ “မစ္စတာကျူး ခင်ဗျား သေချာစဉ်းစားနော်! ချင်းမိသားစု ကြုံနေရတဲ့ ပြဿနာက ပေါ့သေးသေး မဟုတ်ဘူး သူ့ကို ကူညီလိုက်ရင် ခင်ဗျား ဘာအကျိုးအမြတ်မှ ရမှာမဟုတ်ဘူး။ ခင်ဗျားတို့ ကုမ္ပဏီပါ ကပ်ဆိုက်သွားနိုင်တယ်! ဘာလို့ ဒီလိုလူတွေကို ကူညီပေးမှာလဲ”
ဝမ်ကျွင်းကျဲ၏ စကားကြောင့် ချင်းရှင်းကျစ် ဒေါသထွက်သွားသည်။ “ငါတို့ အဆိုးရွားဆုံး အခြေအနေကို ရောက်နေရင်တောင် မင်းတို့ ဘော့စ်လောက် မယုတ်ညံ့ဘူးကွ!”
“ဟား”။ ဝမ်ကျွင်းကျဲ သရော်ပြုံးပြုံးလိုက်ပြီး မစ္စတာကျူးကို ဆက်ဖြောင်းဖြလိုက်သည်။ “အမြော်အမြင်ရှိတဲ့လူဆိုတာ ကိုယ့်နားက အခြေအနေနဲ့ အချိန်အခါကို နားလည်ရတယ်။ မစ္စတာကျူး ခင်ဗျားက ဟွာချန့်မြို့သား မဟုတ်တော့ ဒီမြို့က အခြေအနေတွေကို နားမလည်ဘူး။ ချင်းမိသားစုကို ကူညီဖို့ ဆုံးဖြတ်လိုက်ရင် ခင်ဗျားတို့ပါ ပြဿနာ တက်သွားနိုင်တယ်”
မစ္စတာကျူးက ရယ်မောလိုက််သည်။ “ဒီခေတ် ဒီကာလကြီးမှာ မကောင်းတာကို မျက်နှာပြောင်တိုက်လုပ်ရဲတဲ့ လူတွေ ရှိသေးတာ ငါအံ့ဩမိတယ်!’
ချင်းယုကျီး ဝင်ပြောလိုက်သည်။ “အဖေနဲ့ မစ္စတာကျူးတို့ ဒေါသမထွက်ပါနဲ့။ ဒီလို လူမျိုးတွေနဲ့ စာရင်းရှင်းရင် အပြောထက် အလုပ်က အများကြီး သက်ရောက်မှုရှိတယ်”
ပြောပြောဆိုဆိုနဲ့ ချင်းယုကျီးက ဝမ်ကျွင်းကျင်းကို ပါးဖြတ်ရိုက်လိုက်ပြီး ပြောလိုက်သည်။ “ဒီလိုမျိုးပေါ့! တွေ့လား”
ဝမ်ကျွင်းကျဲ ကြက်သေသေသွားသည်။ သူနားမလည်နိုင်သေးခင် နောက်ပါးတစ်ဖက်ကို ထပ်ရိုက်လိုက်ပြန်သည်။
အဖြစ်မှန်မပေါ်သေးခင် ကိုယ်ထိလက်ရောက်လုပ်လိုက်လျှင် သူစိမ်းတွေ အမြင်မှာ သူတို့က အနိုင်ကျင့်နေသလို ဖြစ်သွားမှာကို ချင်းယုကျီး ကောင်းကောင်း သိပါသည်။ ထို့ကြောင့် သူစိတ်ရှည်ရှည်နဲ့ စောင့်နေခဲ့သည်။
အခုတော့ အားလုံး ရှင်းလင်းသွားပြီဖြစ်ကာ တစ်ဖက်လူက ဂုဏ်သိက္ခာမရှိသည့် သာမန် ကြေးစားတစ်ယောက် ဖြစ်မှန်း ပေါ်လွင်သွားပါပြီ။ ထို့ကြောင့် ချင်းယုကျီး ဘာမှ ထိန်းထားစရာ မလိုတော့ပေ။
“မင်း… မင်းငါ့ကို ပါးရိုက်တယ်ပေါ့! ခွေးသား!”။ ဝမ်ကျွင်းကျဲ ကျိန်ဆဲလိုက်သည်။
သူ့ ဒူးတစ်ဖက်က လုံးဝ လှုပ်ရှားလို့ မရတော့သဖြင့် ကြမ်းပြင်ပေါ်မှ မတ်တပ်ပြန်ရပ်လို့မရဘဲ အဆဲစကားတွေနဲ့သာ တုန့်ပြန်နိုင်တော့သည်။
“ခင်ဗျားကို ရိုက်နေတာ မကျေနပ်ရင် ရဲခေါ်လိုက်လေ”။ ချင်းယုကျီးက အကြံပေးလိုက်ပါသည်။
ရာဇဝတ်မှုမှတ်တမ်းတွေ တစ်ပုံတစ်ခေါင်းနဲ့ သူများကို နာမည်ဖျက်ဖို့ ကြိုးစားသည့် ဝမ်ကျွင်းကျဲလို လူမျိုးက ရဲခေါ်နိုင်ပါ့မလား။
ဝမ်ကျွင်းကျဲ ဘာမှ ပြန်မပြောနိုင်ခင် ချင်းယုကျီး သူ့လက်ကို တက်နင်းလိုက်ပါသည်။
“အား!!!”
သူ့ခြေထောက်အောက်မှာ လက်ချောင်းတွေ ကျိုးကြေသွားသည့် နာကျင်မှုကြောင့် ဝမ်ကျွင်းကျဲ အာခေါင်ခြစ်ကာ အော်လိုက်မိပါသည်။
“မင်း… မင်း အတင့်ရဲလိုက်တာ… မစ္စတာရှုက… မင်းကို… အား!!!”။ ဝမ်ကျွင်းကျဲ ဆုံးအောင် မခြိမ်းခြောက်နိုင်ပါ။
“သောက်ပိုတွေ ပြောမနေနဲ့။ ခင်ဗျားရဲ့ မစ္စတာရှုက ခင်ဗျားကို ကျုပ်ထက် ပိုညှင်သာအောင် ကိုင်တွယ်မှာ သေချာရဲ့လား”။ ချင်းရှုယီးက လူမိုက်တစ်ယောက်လို ပြောလိုက်ပါသည်။
ထို့နောက် ဝမ်ကျွင်းကျဲရဲ့ နောက်လက်တစ်ဖက်ကိုပါ ချင်းယုကျီး တာဝန်ယူလိုက်သည်။
ကျောချမ်းစရာ အော်သံတွေ ထွက်ပေါ်လာပြန်သည်။
အခုတော့ ချင်းယုကျီးရဲ့ လုပ်ရပ်တွေကို မတားဘဲ ရပ်ကြည့်နေသူတွေက အားပေးနေကြပါသည်။
ချင်းရှင်းကျစ်က သူ့သား ရန်ဖြစ်တာကို မကြိုက်ပါ။ သို့သော်လည်း ဒီနေ့တော့ သူ့သားရဲ့ လုပ်ရပ်ကို အားပေးပါသည်။
ဒီလို လူယုတ်မာမျိုးနဲ့ စာရင်းရှင်းသည့်နေရာမှာ ကြမ်းကြုတ်ဖို့ လိုအပ်သည်။ သူ့လုပ်ရပ်ရဲ့ အကျိုးဆက်တွေကို ပြန်ခံစားခိုင်းရမည်။
ဝမ်ကျွင်းကျဲကို နှိက်စက်လို့ ပင်ပန်းသွားသောအခါ ချင်းယုကျီးက စူစူလေးဘက်သို့ လှည့်ကာ မေးလိုက်သည်။ “ဒေါ်လေး ငါလုပ်တာ ဘယ်လိုသဘောရလဲ”
… … …
အခန်း(၂၆၄) ဆွေးနွေးညှိနှိုင်းမှု အောင်မြင်ခြင်း
“ငါ့တူလေး အရမ်းတော်တာပဲ!”။ စူစူလေးက ပြန်ပြောလိုက်ပါသည်။
စူစူလေး၏ အားပေးမှုနဲ့ ချီးကျူးမှုတို့ကြောင့် ချင်းယုကျီး အလွန်ကျေနပ်သွားပြီး ဂုဏ်ယူဝံ့ကြွားစွာ ပြုံးလိုက်ပါသည်။
“တူလေး သူ့ကို မြောင်းထဲ သွားပစ်လိုက်ရမလား”။ စူစူလေးက ဝမ်ကျွင်းကျဲကို လက်ညှိုးထိုးလျက် မေးလိုက်ပါသည်။
“မလုပ်နဲ့။ အမှိုက်ပုံထဲ ပစ်ရင်တောင် သူ့ကြောင့် အမှိုက်တွေ ပိုညစ်ပတ်သွားမယ်”။ ချင်းယုကျီးက ပြန်ဖြေလိုက်သည်။
“ဪ ဟုတ်ပြီ ဟုတ်ပြီ!”။ စူစူလေး ခေါင်းငြိမ့်လိုက်ပါသည်။
ဝမ်ကျွင်းကျဲနဲ့ စာရင်းရှင်းပြီးသွားသောအခါ ချင်းရှင်းကျစ်က သူ့သားကို မေးလိုက်ပါသည်။ “ယုကျီး၊ ဒီကောင် ဘယ်သူလဲဆိုတာ မင်းဘယ်လို သိတာလဲ။ ဓာတ်ပုံ ပြလိုက်ရုံနဲ့ ဘယ်သူဘယ်ဝါမှန်း ဖော်ထုတ်နိုင်လောက်အောင် တော်တဲ့လူ မင်းသူငယ်ချင်းထဲမှာ ရှိလို့လား”
“အစ်မ စန်းကျစ်လေ!”။ ချင်းယုကျီး ပြန်ဖြေလိုက်သည်။
အလွန် အထင်ကြီးစရာကောင်းသည့် Hacking စွမ်းရည်နဲ့ တခြားဘယ်သူဖြစ်နိုင်ဦးမှာလဲ။
“သူ့ကို ဘယ်တုန်းက Add လိုက်တာလဲ”။ ချင်းရှင်းကျစ်က မေးသည်။
“ကွန်ပျူတာအကြောင်းတွေ မေးချင်လို့ Add ထားတာ”။ ချင်းယုကျီးက ရှင်းပြလိုက်သည်။
“တကယ်လား မင်းက အခု အရမ်းစာကြိုးစားနေပြီပေါ့”။ သူ့သားကို ချင်းရှင်းကျစ် မယုံနိုင်သေးပါ။
“ဒါပေါ့။ ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ အမှတ်ကောင်းကောင်းရအောင် ဖြေမယ်လို့ စူစူလေးကို ကတိပေးထားပြီးသား!”။ ချင်းယုကျီးက ပြန်ဖြေလိုက်သည်။
အမှန်ပင်။ သူ့အဖေကို မပြောခဲ့သည့် အကြောင်းအရင်းတစ်ခုရှိပါသေးသည်။ စန်းကျစ်ကို Add ထားရသည့် နောက်ထပ် အကြောင်းအရင်းတစ်ခုက သူ့ရဲ့ အနာဂတ် မရီးလောင်း ဖြစ်လာနိုင်ချေ ရှိသူမို့ပင်။
မစ္စတာကျူးက ချင်းယုကျီးနဲ့ စူစူလေးတို့ကို အပြုံးဖြင့်ကြည့်ကာ ချီးကျူးလိုက်ပါသည်။ “ဒီလို ချစ်ဖို့ကောင်းတဲ့ ညီမလေးနဲ့ သားကို ရထားတာ မစ္စတာချင်း တကယ်ကံကောင်းတာပဲ”
“ဟုတ်တယ် ကျွန်တော် တကယ်ကံကောင်းတယ်။ အထူးသဖြင့် ကျွန်တော့် ညီမလေးကြောင့်ပေါ့။ ဒီလို ကံကောင်းမှုမျိုး ကြုံရလိမ့်မယ်လို့ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မမျှော်လင့်ဖူးဘူး။ ဒါပေမယ့် ဒီအသက်အရွယ်ရောက်မှ ချစ်စရာ ညီမလေး တစ်ယောက် ရလိုက်တယ်”။
“ဟားဟားဟား။ စူစူလေးအကြောင်း ဆရာကြီးကော ပြောဖူးပါတယ်။ သူက အရမ်းတော်တာ၊ သတ္တိလည်းရှိပြီး အရမ်းချစ်ဖို့ကောင်းတယ်တဲ့”။ မစ္စတာကျူးက ချီးကျူးလိုက်သည်။
“မစ္စတာကျူး ကျွန်တော်တို့ လုပ်ငန်းကိစ္စ ဆက်ပြောကြမလား”။ ချင်းရှင်းကျစ်က ဆို၏။
“ကောင်းပါပြီ ကောင်းပါပြီ။ တချို့လူတွေက ကျုပ်တို့ကို မပူးပေါင်းစေချင်ကြဘူး။ သူတို့ ဖြစ်စေချင်တာ ဖြစ်ခွင့်ပေးလို့ ဘယ်ဖြစ်မလဲ”။
ထို့နောက် မစ္စတာကျူးနဲ့ ချင်းရှင်းကျစ်တို့ လုပ်ငန်းကိစ္စ ဆက်ပြီးဆွေးနွေးခဲ့ကြသည်။
အားလုံး အဆင်ပြေချောမွေ့ခဲ့ပါသည်။
တစ်ခုတည်းသော ပြဿနာက မစ္စတာကျူး ထောက်ပံ့နိုင်သည့် ကွန်တိန်နာ အရေအတွက်မှာ အလွန်နည်းပါးသေးသည်။ ထိုအရေအတွက်နဲ့ ချင်းမိသားစု စက်ရုံ ထုတ်လုပ်ရေး ပြန်လည်စတင်ဖို့ မလုံလောက်ပေ။
အပြည့်အဝ မလည်ပတ်နိုင်ပါက Deadline အမှီ ထုတ်လုပ်နိုင်ဖို့ဆိုတာ ခက်ခဲပါသည်။ ထို့ကြောင့် ပြဿနာ ရာနှုန်းပြည့် မပြေလည်သေးပါ။
သို့သော် ဘယ်လိုပဲဖြစ်ဖြစ် အဆင့်တစ်ခုတော့ တက်လာသဖြင့် သတင်းကောင်းဟု ဆိုရပါမည်။
ချင်းမိသားစုက ပျော်ရွှင်သော်လည်း ရှုထျန်းဖေးကတော့ မပျော်နိုင်ပေ။
ဝမ်ကျွင်းကျဲက ရှုထျန်းဖေးကို အလွန်ကြောက်လန့်စွာ ကြည့်နေပါသည်။
သူ့မစ်ရှင်ကို အောင်မြင်အောင် မထမ်းဆောင်နိုင်ခဲ့သဖြင့် ရှုထျန်းဖေး၏ စိတ်နဲ့ဆို ချင်းယုကျီးထံမှာ ခံစားခဲ့ရတာထက် အဆ ၁၀၀ လောက် ခံစားရလိမ့်မည်။
“ဥက္ကဌရှု! ကျွန်တော့်ကို အခွင့်အရေးတစ်ခါလောက် ထပ်ပေးပါ! ကျွန်တော် အောင်မြင်အောင် လုပ်ပါ့မယ်!”။ ဝမ်ကျွင်းကျဲက တောင်းပန်လိုက်သည်။
“ငါ့အဘိဓာန်မှာ ဒုတိယအခွင့်အရေးဆိုတာ မရှိဘူး”။ ရှုထျန်းဖေးက သွေးအေးစွာ ပြောလိုက်သည်။ “မဟာအခွင့်အရေးကို ဆုံးရှုံးသွားတဲ့အပြင် ရန်သူ့ကိုပါ အသိပေးလိုက်သလိုဖြစ်သွားပြီ။ မင်းငါ့ဆီကနေ ဒုတိယအခွင့်အရေး တောင်းဆိုခွင့် မရှိဘူး”
ရှုထျန်းဖေး စကားပြောပြီးတာနဲ့တစ်ပြိုင်နက် သူ့ဘေးရှိ အနက်ရောင်ဝတ်စု့နဲ့ လက်အောက်ငယ်သား နှစ်ယောက်က ဝမ်ကျွင်းကျဲကို ကြမ်းပြင်ပေါ် လှဲချုပ်ထားလိုက်ကြသည်။ ထို့နောက် စူးစူးဝါးဝါးအော်သံတစ်သံ ထွက်ပေါ်လာလေသည်။
လက်ချောင်းတွေ ရက်ရက်စက်စက် အဖြတ်ခံလိုက်ရသဖြင့် ဝမ်ကျွင်းကျဲ နာကျင်မှုကြောင့် သတိပါ လစ်သွားပါသည်။
ထို့နောက် ရှုထျန်းဖေးက လက်ရမ်းပြကာ အချက်ပေးလိုက်သည်။ ထိုအခါ ဝမ်ကျွင်းကျဲကို အခန်းထဲမှ ဆွဲထုတ်သွားကြပါသည်။
ရှုထျန်းဖေးအတွက် သတင်းကောင်းတစ်ခုက မစ္စတာကျူးပေးနိုင်သည့် ကွန်တိန်နာ အရေအတွက်မှာ ချင်းမိသားစုကို ကယ်တင်ဖို့ မလုံလောက်သေးပါ။
ချင်းမိသားစု၏ အခက်အခဲကို အပြည့်အဝ မဖြေရှေးနိုင်သေးပေ။ ထို့ကြောင့် သူ့မှာ အခွင့်အရေးရှိပါသေးသည်။
ချင်းမိသားစု လိုအပ်နေသည့် ကုန်ကြမ်းတွေ လုံးဝ ရသွားလို့ မဖြစ်ပါ။
--- --- --
နောက်တစ်နေ့မနက်တွင် ချင်းရှင်းကျစ် အိပ်ရာနိုးနိုးချင်း သူ့မိန်းမ ပျော်ရွှင်ဝမ်းမြောက်စွာ ပြေးလာတာကို မြင်လိုက်ရသည်။ “ယောကျ်ား! သတင်းကောင်း! သတင်းကောင်း ပါတယ်!”