အခန်း (၂၆၅+၂၆၆)
Vol. 11 Ch. 265+266
အခန်း(၂၆၅) မိသားစုက ကံကောင်းလွန်းနေတယ် မဟုတ်လား
“ဘာဖြစ်လို့လဲ။ မစ္စတာကျူးနဲ့ ညှိနှိုင်းမှုအောင်မြင်မှန်း မင်းဘယ်လိုလုပ် ဒီလောက်မြန်မြန်သိသွားတာလဲ”။ ချင်းရှင်းကျစ်က မေးလိုက်သည်။
မစ္စတာကျူးနဲ့ ညှိနှိုင်းမှုအောင်မြင်တာ သတင်းကောင်းဖြစ်သော်လည်း သူတို့ စိတ်ချလက်ချ နေလို့ မရသေးပါ။ သူတို့ ကုန်ကြမ်းပြဿနာက ရာနှုန်းပြည့် မပြေလည်သေးတာကြောင့်ဖြစ်သည်။
“မဟုတ်ဘူး မဟုတ်ဘူး မစ္စတာကျူးနဲ့ မဆိုင်ဘူး!”။ ဝမ်ချင်းက စိတ်လှုပ်ရှားစွာ ပြောလိုက်ပါသည်။
သူ့မိန်းမ ဒီလို တက်ကြွနေပုံကို ချင်းရှင်းကျစ် မမြင်ရတာ ကြာပါပြီ။
အထူးသဖြင့် ခုတလော သူမ အလွန်စိတ်ဓာတ်ကျနေခဲ့သည်။
“မစ္စတာကျူးနဲ့ မဆိုင်ဘူးဟုတ်လား။ အဲ့တာဆို မင်းဘာလို့ အဲ့လောက် ပျော်နေတာလဲ”။ ချင်းရှင်းကျစ်က စိတ်ဝင်တစား မေးလိုက်သည်။
ဝမ်ချင်း : “လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က မိုးကြိုးပစ်သွားတာ မှတ်မိလား”
ချင်းရှင်းကျစ် : “ရုတ်တရက်ကြီး မိုးချုန်းသွားတုန်းကလား”
ချင်းရှင်းကျစ် မှတ်မိပါသည်။
ဝမ်ချင်း : “ဟုတ်တယ် ဟုတ်တယ် အဲ့ဒီတုန်းက မိုးကြိုးပစ်သွားတာလေ!”
ထိုနေ့က ရာသီဥတု သာယာနေသော်လည်း ရုတ်တရက်ကြီး မိုးချုန်းသံတစ်သံ ထင်ထင်ရှားရှားထွက်ပေါ်လာခဲ့သည်။
ချင်းရှင်းကျစ် “အဲ့တာဘာဖြစ်လို့လဲ”
ဝမ်ချင်း : “အဲ့ဒီမိုးကြိုးက သတ္ထုတွင်းဟောင်းကြီးကို ပစ်သွားတာလေ။ သတ္ထုတွင်းလိုဏ်ခေါင်းကြီးတောင် ပြိုသွားသေးတယ်!”
ချင်းရှင်းကျစ် ခေါင်းငြိမ့်လိုက်ပါသည်။ “ငါလည်း ကြားပါတယ်။ အဲ့တာဘာထူးဆန်းလို့လဲ”
သူ့မိန်းမ ဘာကြောင့် ဒီလောက် စိတ်လှုပ်ရှားနေရသလဲဆိုတာ ချင်းရှင်းကျစ် နားမလည်ပါ။
ဝမ်ချင်း : “ရှင်သိလား ယောက်ျား။ အဲ့ဒီသတ္ထုတွင်း တာဝန်ရှိသူတစ်ယောက်က လူတွေခေါ်ပြီး အပျက်အစီးတွေ ရှင်းလင်းနေတုန်း သတ္ထုကြောအသစ်တစ်ခုကို တွေ့ခဲ့ရတယ်တဲ့!”
ချင်းရှင်းကျစ် မျက်လုံးပြူးသွားလေသည်။ “ဘာ?! သတ္ထုကြောသစ်ဟုတ်လား”
သူနားကြားမှားတာတော့ မဟုတ်ပါဘူးနော်? သတ္ထုကြောအသစ်တဲ့လား။
ဝမ်ချင်း : “ဟုတ်တယ်လို့! မိုးကြိုးကြောင့် ဖြစ်လာတဲ့ သတ္ထုကြောအသစ်ကို တွေ့ခဲ့ကြတာ!”
ချင်းရှင်းကျစ် “ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…။ လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက အဲ့ဒီ ရှားပါးကျောက်တွေ ကုန်ခမ်းသွားခဲ့တာလေ”
ချင်းရှင်းကျစ် အမှန်တရားကို လက်မခံနိုင်သေးပါ။
ထို ရှားပါးကျောက်က သူတို့ ကုမ္ပဏီအတွက် အလွန်အရေးပါသည်။ ထို့ကြောင့် သတ္ထုတွင်းနဲ့ ပတ်သတ်သည့် အချက်အလက် အားလုံးကို စေ့စေ့စပ်စပ် စောင့်ကြည့်ထားကြသည်။ အရင်က သတ္ထုကြော ကုန်ခမ်းသွားကြောင်းကို အကြိမ်ကြိမ်အခါခါ အတည်ပြုပြီးသွားပါပြီ။
ဝမ်ချင်း : “တကယ်ပြောနေတာ! ကျွန်မ ထပ်ခါထပ်ခါ အတည်ပြုပြီးပြီ! မိုးကြိုးပစ်ခံလိုက်ရတဲ့ နေရာမှာ ရှားပါးကျောက်တွေ ထပ်ပေါ်လာတာ။ အစက တာဝန်ရှိသူတွေလည်း မယုံနိုင်ကြဘူး။ သေချာ ဆန်းစစ်ပြီးမှ အတည်ပြုနိုင်ခဲ့ကြတာ။ အမှန်ပဲ။ ရှားပါးကျောက်တွေ ရှိနေတုန်းပဲ။ ပြီးတော့ စက်ကိရိယာတွေရဲ့ အကူအညီနဲ့ စစ်ဆေးကြည့်လိုက်တာ ရှာတွေ့ထားတဲ့ သတ္ထုကြောက မသေးဘူး! ခန့်မှန်းခြေအားဖြင့် တန်ပေါင်း ရာနဲ့ချီပြီး ရှိလောက်တယ်!”
ဝမ်ချင်းလည်း သတင်းကို စစကြားစဉ်တုန်းက ချင်းရှင်းကျစ်လိုပဲ တုန့်ပြန်ခဲ့ပါသည်။
အကြိမ်ကြိမ် အတည်ပြုပြီးမှ ယုံကြည်နိုင်ခဲ့တာဖြစ်သည်။ ကုန်ခမ်းသွားသည့် သတ္ထုတွင်းထဲတွင် ရှားပါးကျောက်တွေ တဖန်ပြန်လည် ပေါ်လာခဲ့ပါပြီ။
ချင်းရှင်းကျစ် အတော်ကြာအောင် ကြက်သေသေသွားပြီးမှ သူ့ဦးနှောက်က အခြေအနေကို လက်ခံနိုင်ခဲ့သည်။
ချင်းရှင်းကျစ် : “အဲ့တာဆို ငါတို့ ကုန်ကြမ်းပြဿနာက… ဒီလိုပဲ ပြီးသွားတော့မှာလား”
ဝမ်ချင်းက အားရဝမ်းသာ ခေါင်းငြိမ့်လိုက်ပါသည်။ “ဟုတ်တယ်! ပြီးသွားပြီ! လုံးဝ အဆင်ပြေသွားပြီ! ရှင်ဘာမှ စိတ်ပူစရာ မလိုတော့ဘူး! စက်ရုံတွေ အခုချက်ချင်း ထုတ်လုပ်မှု ပြန်စတင်လို့ရပြီ!”
“ဟားဟားဟား… ဟားဟားဟားဟား!”။ ချင်းရှင်းကျစ်က အရူးတစ်ယောက်လို ရယ်မောလိုက်သည်။ “ကောင်းတယ်ကွာ! သိပ်ကောင်းတယ်!”
ဒါဘယ်လို ကံတရားမျိုးလဲ။
နိုင်ငံခြားက ကုန်ကြမ်းတွေ တင်သွင်းလို့ မရမှာကို သူတို့ စိုးရိမ်နေခဲ့ကြတာ…။ နှစ်ပေါင်းများစွာ ကုန်ခမ်းနေတဲ့ သတ္ထုတွင်းကြီးမှာ အခုလို့ အရေးပေါ် အခြေအနေကျမှ သတ္ထုကြောအသစ်ပေါ်လာတယ်တဲ့လား?!
ကုန်ကြမ်းပြဿနာ ပြေလည်သွားရုံတင်မကဘဲ ကုန်ကျစရိတ်တွေပါ သက်သာသွားသေးသည်။
ကောင်းကင်ပေါ်မှ ရွှေချောင်းတွေ ကျလာသလိုပင်။ ထို့အပြင် မိုးကြိုးတစ်ချက်ကြောင့် ဒီလိုဖြစ်သွားတာက ပိုပြီး မယုံနိုင်စရာ ကောင်းသေးသည်။
ဒီလိုဖြစ်နိုင်ချေက ဘယ်လောက်ရှိလို့လဲ။
၁ ဘီလီယံမှာ ၁ ခါသာကြုံနိုင်သည်ဟု ဆိုရင်တောင် ချဲ့ကားပြောရာ ကျမှာ မဟုတ်ပါ။
သူတို့ မိသားစု ကံကောင်းလွန်းနေတာပဲ!
ချင်းရှင်းကျစ်နဲ့ ဝမ်ချင်းတို့ တစ်ယောက်ကိုတစ်ယောက်ပွေ့ဖက်လျက် အရူးတွေလို ရယ်မောနေကြတော့သည်။
… … …
အခန်း(၂၆၆) မိုးကြိုးတစ်ချက်ကြောင့် သူ့အစီအစဉ်တွေ ပျက်စီးသွားပြီ
စူစူလေးနဲ့အတူ ချင်းယုကျီး အောက်ထပ်သို့ ဆင်းနေစဉ် သူ့အဖေနဲ့ အမေတို့ အရူးတွေလို ရယ်မောနေတာကို မြင်သွားပါသည်။
တူအရီးနှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။ နှစ်ယောက်စလုံးရဲ့ မျက်လုံးတွေကတော့ မေးခွန်းတစ်ခုတည်းကို သိချင်နေကြသည်။ ချင်းရှင်းကျစ်တို့ လင်မယား ဘာဖြစ်နေတာလဲ။
စူစူလေးကို မြင်တော့ ချင်းရှင်းကျစ်က သူ့မိန်းမကို လွှတ်လိုက်ပြီး စူစူလေးအား ပြေးချီကာ အနမ်းတွေ ပေးလိုက်ပါသည်။
“အား!!! အစ်ကိုကြီး”။ မျက်နှာကို ရုတ်တရက်ကြီး အကြိမ်ပေါင်းများစွာ အနမ်းခံလိုက်ရသဖြင့် စူစူလေး လန့်သွားသည်။
အစ်ကိုကြီးလည်း သူမ အစ်ကိုလတ်နဲ့ ယောက်မတို့လို ဖြစ်လာပြီလား?။ ဘာလို့ သူမကို ဒီလောက် ကြမ်းကြမ်းတမ်းတမ်း နမ်းရတာလဲ။
“စူစူလေး ဒီနေ့ အစ်ကိုကြီး အရမ်းကောင်းတဲ့ သတင်းတွေရထားတယ်! ဒီရက်ပိုင်းထဲ အစ်ကိုကြီး စိတ်အနှောင့်အယှက် ဖြစ်နေရတဲ့ ပြဿနာ ပြေလည်သွားပြီတဲ့! အဲ့ဒီ လူဆိုးကြီးတွေရဲ့ အကြံအစည် မအောင်မြင်တော့ဘူး!”။ ချင်းရှင်းကျစ်က စူစူလေးအား သတင်းကောင်း ပြောပြလိုက်သည်။
စူစူလေးက ခုတလော သူမတို့ မိသားစုကုမ္ပဏီကြုံနေရသည့် ပြဿနာကို သိပ်နားမလည်သော်လည်း သူမ မိသားစုအတွက် စိတ်ပူမိပါသည်။
“အဲ့တာဆို ဖေဖေ၊ မေမေ၊ အစ်ကိုကြီး၊ ယောက်မနဲ့ တူလေးတို့ ဝမ်းမနည်းတော့ဘူးပေါ့”။ စူစူလေးက စိတ်အားထက်သန်စွာ မေးလိုက်သည်။
“ဒါပေါ့! ဝမ်းမနည်းတော့ဘူး။ စိတ်လည်း မပူရတော့ဘူး!”။ ချင်းရှင်းကျစ်က ပြန်ပြောလိုက်ပါသည်။
“ရေး!!!” စူစူလေး အောင်ပွဲခံလိုက်သည်။
ကုမ္ပဏီ ဘာပြဿနာ ကြုံနေရသလဲ စူစူလေး နားမလည်ပါ။ သို့သော် သူမ မိသားစုကို ပျော်စေချင်တာတော့ သိသည်။
ပျော်ရွှင်မှုက မိသားစု တစ်စုလုံးကို ပျံ့နှံ့သွားခဲ့ပါသည်။
မိသားစုဝင်တွေအားလုံး သတင်းကောင်းကို ကြားခဲ့ကြသည်။
အားလုံးရဲ့ တုန့်ပြန်မှုက တူတူပဲဖြစ်သည်။ ပထမတော့ မယုံကြည်နိုင်ဘဲ နောက်တော့ စိတ်လှုပ်ရှား ပျော်ရွှင်သွားကြသည်။
မကြာမီ ဟွာချန့် တစ်မြို့လုံးလည်း ထိုသတင်းကို ကြားခဲ့ကြရပါသည်။
ချင်းအုပ်စု လက်တလော ကြုံနေရသည့် ပြဿနာကို အားလုံး သိကြသည်။
ဒီတစ်ခေါက်တော့ ချင်းမိသားစု တကယ် ဇာတ်သိမ်းသွာကာ ဟွာချန့်မြို့၏ ရှေးဟောင်းရာဇဝင်တစ်ခု ဖြစ်သွားလောက်ပြီဟု ထင်နေကြတာဖြစ်သည်။
သို့သော်လည်း ဒီလို ဖြစ်ရပ်မျိုးဖြစ်လာပြီး ချင်းမိသားစုတစ်စုလုံး သေရာမှ ပြန်ရှင်လာကြသလို ကံတက်သွားကြလေသည်။
သူတို့ကံက အလွန်ကောင်းမွန်လွန်းပါသည်။
သာမန်လူတွေက ဒီတိုင်း အံ့အားသင့်မိကြကာ အလွန်ဆုံး ချင်းမိသားစု၏ ကံကို အားကျရုံသာ ရှိသည်။
သို့သော်လည်း ရှုထျန်းဖေးနဲ့ ကျန်းကျန့်မင်တို့အတွက်ကတော့ ရိုက်ချက်ပြင်းတစ်ခု ဖြစ်သည်။
ထိုသတင်းကို ကြားတော့ ရှုထျန်းဖေး ဒေါသပေါက်ကွဲသွားခဲ့သည်။
၁၀ နှစ်လောက် ကုန်ခမ်းနေခဲ့တဲ့ သတ္ထုတွင်းကြီးမှာ ရုတ်တရက်ကြီး သတ္ထုကြောသစ်တွေ့တယ်တဲ့လား။
ဒီလို မဖြစ်နိုင်တဲ့ ကိစ္စမျိုး ဘာလို့ တကယ်ဖြစ်လာရတာလဲ။ ချင်းမိသားစု အကြီးမားဆုံး အန္တရာယ်ကြုံနေရချိန်မှာ မိုးကြိုးတစ်ချက် ပစ်ခံရပြီး သတ္ထုကြောသစ် ရှာတွေ့သွားတယ်ပေါ့?
ချင်းမိသားစုရဲ့ ပြဿနာ ဒီလိုနဲ့ ပြေလည်သွားကောလား?
သူအချိန်အကြာကြီး ကြံစည်ခဲ့ရတဲ့ အစီအစဉ်တွေ မိုးကြိုးတစ်ချက်ကြောင့် ပျက်စီးသွားပြီလား??
သူလုံးဝ လက်မခံနိုင်ပါ။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ချင်းမိသားစုက ဘာလို့ အဲ့လောက် ကံကောင်းရတာလဲ။ မဖြစ်နိုင်ဘူး! လုံးဝ မဖြစ်နိုင်ဘူး!”။ ရှုထျန်းဖေး အမျက်ဒေါသကြီးစွာ ရေရွတ်လိုက်သည်။
သူ့ရှေ့က လက်အောက်ငယ်သားတွေလည်း အသက်တောင် ဝဝမရှူရဲဘဲ ကျောက်ရုပ်လို မတ်တပ်ရပ်နေကြရသည်။
“သောက်တုံးကောင်တွေ! မင်းတို့ ဘာရပ်လုပ်နေကြတာလဲ။ စုံစမ်းစရာရှိတာ သွားစုံစမ်းလေ!’။ ရှုထျန်းဖေး ငေါက်လိုက်သည်။
ဒါကိုကြားတော့ လက်အောက်ငယ်သားတွေလည်း ရှုထျန်းဖေး၏ ရုံးခန်းထဲမှ ခပ်သုတ်သုတ် ထွက်သွားကြတော့သည်။
သောက်ချင်းမိသားစုက ဒီတစ်ခေါက် ကံကောင်းသွားလို့ပါ!
ဒီကိစ္စ မပြီးသေးဘူး!
သတ္ထုတွင်းက သတ္ထုကြောအသစ်တွေ့တာနဲ့ပဲ ချင်းမိသားစုပိုင်ဆိုင်ရမယ်လို့ မဆိုလိုဘူး!
သက်ဆိုင်ရာတွေနဲ့ ဆက်သွယ်ပြီး ကျန်းကျန့်မင်အား ထိုရှားပါးကျောက်တွေအကုန်လုံးကို အပိုင်သိမ်းခိုင်းလိုက်လျှင် ချင်းမိသားစု ဆက်ပြီး ကပ်ဆိုက်နေကြဦးမှာပဲဖြစ်သည်။
ချင်းမိသားစု ဒီလိုပဲ ဆက်ကံကောင်းနေလိမ့်မည်ဟု သူ မယုံကြည်ပါ။
--- --- ---
ချင်းမိသားစု ဧည့်ခန်းထဲတွင် သတ္ထုတွင်း မန်နေဂျာက အဘိုးချင်းနဲ့ စကားပြောနေပါသည်။
မကြာသေးခင်က သတ္ထုတွင်းကြီး ပြိုကျသဖြင့် ၃ မီတာ နက်သည့် တွင်းတစ်ခုထဲ သူပြုတ်ကျသွားခဲ့သည်။
သတ္ထုကြောအသစ်ကို ရှာတွေ့ခါစဖြစ်သဖြင့် သူတို့အဖွဲ့ခေါင်းဆောင်တွေ ရောက်မလာကြသေးဘဲ လိုအပ်သည့် အရေးပေါ် ကယ်ဆယ်ရေး ပစ္စည်းတွေလည်း မရှိပါ။ ဆေးဝန်ထမ်းနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေဆို ပိုဝေးပါသေးသည်။
ထိုသတ္ထုတွင်းမှာ လူ ၃ ယောက်သာ ရှိခဲ့သဖြင့် ကယ်ဆယ်ရေးလုပ်ဖို့ အလွန်ခက်ခဲခဲ့သည်။
ထိုအချိန်တွင် ချင်းယုဟွိုင်း၊ ချင်းယုကျီးနဲ့ စူစူလေးတို့ သတ္ထုတွင်းကို ရောက်လာခဲ့ကြပြီး သူ့ကို ကယ်ထုတ်ပေးနိုင်ခဲ့ပါသည်။