← Chapters

အခန်း (၂၆၇+၂၆၈)

Vol. 11 Ch. 267+268

အခန်း (၂၆၇+၂၆၈)

Vol. 11 Ch. 267+268

အခန်း(၂၆၇) စူစူလေးကြောင့် ရှားပါးကျောက်တွေ ပြန်လည်ရရှိခြင်း (၁)

ကယ်ဆယ်ရေးကြောင့် ချင်းယုဟွိုင်း၊ ချင်းယုကျီးနဲ့ စူစူလေးတို့အားလုံး ရွှံ့တွေ သဲတွေ ပေကျံလာသဖြင့် ကိုယ့်အခန်းထဲမှာကိုယ် ရေချိုးနေကြသည်။

အဘိုးချင်းက ဧည့်ခန်းထဲမှာ သတ္ထုတွင်းကုမ္ပဏီမန်နေဂျာကို ဧည့်ခံနေပါသည်။

“မစ္စတာချင်းရဲ့ မြေးတွေကို ကျေးဇူးတင်လို့ မဆုံးပါဘူးဗျာ! သူတို့ကြောင့်သာ မဟုတ်ရင် ကျွန်တော် အဲ့ဒီကျင်းထဲ ဘယ်အချိန်ထိ ပိတ်မိနေမလဲ မသိဘူး! ပြီးတော့ အဲ့ဒီ သတ္ထုတွင်းကြီးက ဆက်ပြီး ပြိုကျနိုင်ချေလည်း ရှိသေးတယ်။ ကျွန်တော့်အသက် ဆုံးရှုံးသွားနိုင်တယ်ဗျ”

မန်နေဂျာက ကျေးဇူးတင်စကား ဆိုလိုက်ပါသည်။

“ရပါတယ်ဗျာ။ သူတို့လည်း အဲ့ဒီကို ရောက်လက်စနဲ့ အကူအညီပေးနိုင်လို့ ကူညီပေးခဲ့တာ ဘာမှ ကျေးဇူးတင်စရာ မလိုပါဘူး”။ အဘိုးချင်းက ပြန်ပြောလိုက်ပါသည်။

“မစ္စတာချင်းအတွက်တော့ ဟုတ်ရင်ဟုတ်မှာပေါ့။ ဒါပေမယ့် ကျွန်တော့်အတွက်ကတော့ သေရေးရှင်ရေးလေ! အသက်တစ်ချောင်း ကယ်တယ်ဆိုတာ အသေးအဖွဲ ကိစ္စမဟုတ်ဘူး! ဒီနေ့ ကျွန်တော် ကံအရမ်းကောင်းခဲ့တာ! ပုံမှန်ဆို အဲ့ဒီနေရာမှာ လူမရှိသလောက် ရှားတယ်။ သတ္ထုတွင်းကြီး ပြိုကျရင်တောင် ဘယ်သူမှ လာကြည့်မှာမဟုတ်ဘူး။ ခင်ဗျားရဲ့ မြေးတွေ ရောက်လာချိန်နဲ့ ကြုံသွားတာ တကယ်မယုံနိုင်ဘူး”။

“သူတို့နှစ်ယောက်က သွားချင်တာမဟုတ်ဘူး။ ဒါပေမယ့် ကျုပ်သမီးလေးက မိုးကြိုးပစ်ခံရတဲ့နေရာကို သွားကြည့်ချင်တယ်ဆိုလို့ ကျုပ်မြေးတွေက လိုက်ပို့ပေးတာပါ”။ အဘိုးချင်းက ရှင်းပြလိုက်ပါသည်။

ဒီနေ့အပြင်ထွက်ဖို့ စီစဉ်ခဲ့တာ စူစူလေးဖြစ်သည်။

သူမတို့ မိသားစုရဲ့ ပြဿနာကို ဖြေရှင်းပေးခဲ့သော သတ္ထုတွင်းကြီး ဘယ်လိုပုံစံရှိသလဲဆိုတာကို သိချင်တာကြောင့် ဖြစ်ပါသည်။

ထို့နောက် ယုဟွိုင်းနဲ့ ယုကျီးတို့က သူတို့ ဒေါ်လေးကို လိုက်ပို့ပေးဖို့ တာဝန်အသီးသီးယူခဲ့ကြသည်။

“တကယ်ကံကြီးတာပဲ! မစ္စတာချင်းတို့ မိသားစုရဲ့ ကံတွေ ကျွန်တော့်ဆီကို ကူးစက်လာသလို ခံစားရတယ်!”

အဘိုးချင်းနဲ့ အဘွားချင်းတို့ အသက် ၇၀ ကျော်မှ သမီးတစ်ယောက်မွေးထားမှန်း သတ္ထုတွင်းမန်နေဂျာကြီး သိပြီးသား ဖြစ်သည်။

ဒီလိုဖြစ်လာဖို့ဆိုတာ ကျန်းမာရေးကောင်းဖို့အပြင် ကံကောင်းဖို့လည်း လိုသေးမှန်း သူယုံကြည်သည်။

“မဟုတ်တာ၊ ဒီတိုင်း တိုက်ဆိုင်တာ နေမှာပါ။ ကံကြမ္မာစီရင်တယ်လို့ ပြောရလောက်တဲ့အထိ မဟုတ်ပါဘူး”။ အဘိုးချင်းက ပြန်ပြောလိုက်ပါသည်။

သူ့သမီးလေးက ကံကောင်းစေသော ကြယ်ပွင့်လေးဖြစ်သော်လည်း အဘိုးချင်းက လူတိုင်းကို လိုက်မကြွားချင်ပါ။

သူတို့ စကားပြောနေကြစဉ် ချင်းယုဟွိုင်း၊ ချင်းယုကျီးနဲ့ စူစူလေးတို့အားလုံး ရေမိုးချိုး သန့်စင်ပြီးကာ အဝတ်အစားတွေ လဲပြီးသွားကြပါပြီ။

သူတို့ အိမ်ပြန်ရောက်လာခါစတုန်းက ၃ ယောက်စလုံး ရွှံအရုပ်တွေလို ဖြစ်နေခဲ့ကြသည်။

အခုသန့်ရှင်းသပ်ရပ်သွားမှ ပုံမှန်အတိုင်း ပြန်ကြည့်ကောင်းသွားကြပါသည်။

ညီအစ်ကိုနှစ်ယောက်က ရုပ်ရည်သန့်ပြန့်သည်။ အကြီးကောင်က ရင့်ကျက်ပြီး တည်ငြိမ်သည့်ပုံပေါက်သည်။ အငယ်ကောင်ကတော့ တက်ကြွ သွက်လက်ပုံပေါက်ပါသည်။

သို့သော် မန်နေဂျာကြီး၏ အမြင်အာရုံကို ဖမ်းစားလိုက်သူက သူတို့နှစ်ယောက်ကြားက ကလေးမလေးဖြစ်သည်။

သူမရဲ့ နူးညံ့သိမ်မွေ့သော မျက်နှာလေး၊ တောက်ပသော မျက်လုံးလေးများနဲ့ ကြွေရုပ်ကလေးလို ချစ်ဖို့ကောင်းနေပါသည်။

“သခင်လေးတို့နဲ့ သခင်မလေးစူစူတို့ ဒီနေ့ ကူညီပေးခဲ့တဲ့အတွက် ကျုပ်လေးလေးနက်နက် ကျေးဇူးတင်ပါတယ်”။ မန်နေဂျာကြီးက မတ်တပ်ရပ်ပြီး သူတို့ ၃ ယောက်ကို ဦးညွှတ်လိုက်ပါသည်။

သူတို့ ၃ ယောက်က သူ့ထက် ငယ်ရွယ်သော်လည်း အသက်သခင် ကျေးဇူးရှင်ဖြစ်သဖြင့် အသက်အရွယ်ကို ဂရုမစိုက်ဘဲ ဒီလို ကျေးဇူးတင်ရမှ စိတ်ကျေနပ်နိုင်မည်။

“ရပါတယ်! ဘာမှ အပန်းမကြီးပါဘူး!”။ စူစူလေးက လက်ခါပြီး လူကြီးလေးလို ပြောလိုက်သည်။

စူစူလေး၏ အပြုအမူကြောင့် မန်နေဂျာကြီး ရယ်မောလိုက်မိပါသည်။

ဒီကလေးမလေးက သူမြင်ဖူးသည့် တခြားကလေးလေးတွေနဲ့ အလွန်ကွာခြားပြီး တမူထူးစွာ ချစ်ဖို့ကောင်းနေပါသည်။

ထို့နောက် မန်နေဂျာကြီးက အဘိုးချင်းဘက်သို့ လှည့်ကာ ကမ်းလှမ်းလိုက်သည်။ “မစ္စတာချင်း ဒီလအတွင်း သတ္ထုတွင်းကနေ ရှားပါးကျောက်တွေ ဆက်ပြီး ထုတ်လုပ်နိုင်တော့မယ်။ မစ္စတာချင်းတို့ ကုမ္ပဏီအတွက် လိုအပ်တဲ့ ရှားပါးကျောက်တွေကို ပြည်ပကနေ မတင်သွင်းတော့ဘဲ ကျုပ်တို့ သတ္ထုတွင်းကုမ္ပဏီကနေ မှာယူလို့ ရမလား”

… … …

အခန်း(၂၆၈) စူစူလေးကြောင့် ရှားပါးကျောက်တွေ ပြန်လည်ရရှိခြင်း (၂)

ဒီတစ်ခေါက် သတ္ထုတွင်း မန်နေဂျာက လူသစ်ဖြစ်သည်။

သတ္ထုတွင်းမှာ ရှားပါးကျောက်များ ကုန်ခမ်းမသွားခင်တုန်းက သူတို့ ကုမ္ပဏီနဲ့ ချင်းမိသားစုတို့နဲ့ အဆက်အသွယ် မကြာခဏ ရှိခဲ့ကြသည်။

သို့သော် သတ္ထုတွင်း ကုန်ခမ်းသွားသောအခါ ကုမ္ပဏီဝန်ထမ်းတွေလည်း ဟွာချန့်မြို့မှ ထွက်ခွာသွားကြတော့သည်။

မူလ မန်နေဂျာလည်း အနားယူသွားပြီး ဝန်ထမ်းအများစုက တခြား နေရာများသို့ ပြောင်းရွှေ့ခံခဲ့ရသည်။

ယခုမန်နေဂျာက ချင်းမိသားစုနဲ့ သိပ်ပြီး မရင်းနှီးသေးပါ။

အစက ချင်းမိသားစုနဲ့ ကျန်းမိသားစုတို့အကြား ဘယ်သူ့ကို ရွေးချယ်ရမလဲ ဝေခွဲရခက်နေသော်လည်း မတော်တဆမှု ဖြစ်ပြီးနောက် ချင်းမိသားစုကို ပိုပြီး ဦးစားပေးချင်လာခဲ့သည်။

မန်နေဂျာကြီး၏ စကားကြောင့် အဘိုးချင်း မှင်သက်သွားခဲ့သည်။

မန်နေဂျာကြီးက သူတို့ကို ရှားပါးကျောက်တွေ ထောက်ပံ့ဖို့ စာချုပ်ချုပ်ချင်နေတာလား?

သတ္ထုတွင်းမှာ သတ္ထုကြောအသစ်တွေ့ရှိကြောင်း သတင်းတွေပျံ့သွားပြီးနောက် သူ့သားကြီးနဲ့ ချွေးမတို့က ရှားပါးကျောက်များ အရယူပြီး စက်ရုံတွေပြန်လည်စတင်ဖို့ အသင့်ပြင်ခဲ့ကြသည်။

ထို့ကြောင့် သူ့သားကြီးနဲ့ ချွေးမတို့ ကုမ္ပဏီမှာသာ တစ်နေကုန်အလုပ်များနေခဲ့ကြပါသည်။ သို့သော် သူ့မြေး ၂ ယောက်နဲ့ သမီးလေးတို့ အပြင်တစ်ခါ ထွက်တာလောက်တောင် အကျိုးအမြတ်ရအောင် မလုပ်နိုင်ကြပေ။

သေချာစဉ်းစားပြီးနောက် အဘိုးချင်းက ပြန်ပြောလိုက်သည်။ “ကျုပ်ပွင့်ပွင့်လင်းလင်းပဲ ပြောပါတယ်။ မကြာသေးခင်က ကျုပ်တို့ ပြည်ပကနေ ကုန်တွေ တင်သွင်းဖို့ ပြဿနာ တချို့ ကြုံခဲ့ရတယ်။ အဲ့တာကြောင့် ခင်ဗျားတို့ သတ္ထုတွင်းက ကျုပ်တို့ကို ရှားပါးကျောက်တွေ ထောက်ပံ့ပေးနိုင်မယ်ဆိုရင် အကောင်းဆုံးပေါ့ဗျ”။

မန်နေဂျာကြီးက ရယ်မောလိုက်သည်။ “မစ္စတာချင်းက တကယ်ပွင့်လင်းတာပဲ။ ကျွန်တော် ဟွာချန့်မြို့ကို ရောက်တာ မ ကြာသေးလို့ အဲ့အကြောင်းတွေ မကြားမိဘူး။ မစ္စတာချင်းသာ အဲ့လို ပွင့်ပွင့်လင်းလင်း မပြောရင် ကျုပ် ဈေးတောင် လျှော့ပေးမှာကို”

အဘိုးချင်းက ပြောလိုက်ပါသည်။ “တကယ် အလုပ်တွဲလုပ်တော့မယ်ဆိုရင် ခင်ဗျားလည်း ကျုပ်တို့ နောက်ကြောင်းကို စုံစမ်းမှာပဲလေ။ ဖုံးကွယ်ထားလို့ ရမယ့်ကိစ္စမှ မဟုတ်တာ။ အဲ့တာကြောင့် စောစော ရှင်းပြထားတာ ပိုကောင်းပါတယ်။ စီးပွားရေးတစ်ခုမှာ ရိုးသားဖို့က အချက်အချာကျတယ်။ လှည့်စားမှုဆိုတာ ကြာရှည်မခံနိုင်ဘူး”

မန်နေဂျာကြီးက ထောက်ခံသည်။ “မစ္စတာချင်း ပြောတာ မှန်ပါတယ်။ မစ္စတာချင်းတို့လို လူမျိုးတွေကို ကျွန်တော် လေးစားတယ်။ မစ္စတာချင်းတို့နဲ့ စာချုပ်ချုပ်ဖို့ ကျွန်တော် ယုံကြည်ချက် ပိုရှိသွားပါပြီ”

အဘိုးချင်းက သတိပေးလိုက်သည်။ “ဒီနေ့ဖြစ်ခဲ့တဲ့ ကိစ္စကြောင့် ချင်းမိသားစုကို တကူးတက မျက်နှာသာ ပေးစရာ မလိုဘူးနော်”

မန်နေဂျာကြီးက ရှင်းပြလိုက်သည်။ “ကျွန်တော့်ဆုံးဖြတ်ချက်က ကျေးဇူးတင်တာတစ်ခုတည်းကြောင့် မဟုတ်ဘူး။ ဒီနေ့ ဖြစ်ခဲ့တဲ့ ကိစ္စတွေကြောင့် ချင်းမိသားစုဝင်တွေရဲ့ ကိုယ်ကျင့်သိက္ခာကိုလည်း ကျွန်တော် မြင်ခွင့်ရခဲ့တယ်။ အဲ့တာ လုပ်ငန်းတစ်ခုမလုပ်ခင် သိထားသင့်တဲ့ အရေးကြီးတဲ့အချက်တစ်ခုပဲ”

အဘိုးချင်း ဘာမှမပြောနိုင်ခင် မန်နေဂျာကြီးက ဆက်ပြောလိုက်သည်။ “မစ္စတာချင်း ကိုယ့်ကိုယ်ကို နှိမ့်ချနေစရာ မလိုပါဘူး။ မန်နေဂျာတစ်ယောက် အနေနဲ့ အခြေအနေကို အကဲခတ်ရမှာ ကျွန်တော့် တာဝန်ပဲ။ မစ္စတာချင်းတို့ လုပ်ငန်းနဲ့ လက်တွဲရင် ကျွန်တော်တို့ ဆုံးရှုံးနစ်နာမှု မရှိနိုင်ဘူးလို့ ယုံကြည်တယ်။ မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်မှန်း ကျွန်တော် ယုံကြည်ပါတယ်”

အဘိုးချင်းက စိတ်လျှော့လိုက်ပြီး ပြုံးလိုက်ပါသည်။ “ခင်ဗျား ဒီလောက် ပြောနေမှတော့လည်း ငြင်းလိုက်ရင် ရိုင်းရာ ကျသွားမှာပေါ့။ ၁၀ နှစ်အကြာမှာ ခင်ဗျားတို့ ကုမ္ပဏီနဲ့ ပြန်လက်တွဲရမှာ ကျုပ်ဝမ်းသာပါတယ်”

“ကောင်းပါပြီ။ ကျွန်တော့် လက်ထောက်ကို ဆက်သွယ်ပြီး သက်ဆိုင်ရာ စာချုပ်စာတမ်းတွေ ယူလာခိုင်းလိုက်မယ်”။ မန်နေဂျာက အမြန်အဆန်ပြောလိုက်သည်။

ထို့နောက် အဘိုးချင်းက ချင်းယုဟွိုင်းကို လှည့်ပြောလိုက်သည်။ “ယုဟွိုင်း၊ ဒီညှိနှိုင်းဆွေးနွေးမှုကို မင်းတာဝန် ယူရမယ်”

ထို့နောက် မန်နေဂျာကြီးအား အဘိုးချင်း ပြောလိုက်သည်။ “ကျုပ်က အသက်ကြီးနေပြီ။ ပြီးတော့ ကုမ္ပဏီ အလုပ်တွေကနေ အနားယူထားတာလည်း ကြာပြီဆိုတော့ အလုပ်ကိစ္စတွေမှာ သိပ်ပြီး ဝင်မပါနိုင်တော့ဘူး။ ကျုပ် မြေးအကြီးဆုံးကို ဆွေးနွေးဖို့ လွှတ်လိုက်ပါ့မယ်။ သူက အားကိုးရတဲ့ကောင်လေးပါ”

“သခင်လေးချင်းရဲ့ အစွမ်းအစကို ကျွန်တော်ယုံကြည်ပါတယ်”။ မန်နေဂျာကြီးက သံသယမဖြစ်ဘဲ ပြောလိုက်ပါသည်။

--- --- ---

ထိုနေ့ ညနေခင်းတွင် ချင်းရှင်းကျစ်နဲ့ ဝမ်ချင်းတို့ ခြေကုန်လက်ပန်းကျကာ အိမ်ပြန်လာကြသည်။

တစ်နေကုန် ကုမ္ပဏီမှာ အလုပ်တွေများခဲ့ကြ၏။

ကျန်းကျန့်မင်က ရှားပါးကျောက်တွေကို သတ္ထုတွင်းကုမ္ပဏီမှ သူတို့နဲ့အပြိုင်လုကာ လက်ဝါးကြီးအုပ်ဖို့ ကြံနေသည်ဟု သတင်းကြားခဲ့ကြတာကြောင့်လည်း ပါသည်။

ကျန်းကျန့်မင်၏ ကြမ်းကြုတ်သော တိုက်စစ်ကို ခုခံဖို့အတွက် ချင်းရှင်းကျစ်နဲ့ ဝမ်ချင်းတို့လည်း အစွမ်းကုန် ကြိုးစားမှဖြစ်ပါမည်။

All Chapters