အခန်း (၂၆၉+၂၇၀)
Vol. 11 Ch. 269+270
အခန်း(၂၆၉) စူစူလေးကြောင့် ရှားပါးကျောက်တွေ ပြန်လည် ရရှိခြင်း (၃)
လင်မယားနှစ်ယောက်စလုံး ပင်ပန်းလွန်းသဖြင့် စကားတောင် မပြောချင်ကြတော့ပါ။
ချင်းယုကျီးက စူစူလေးနဲ့ ကစားနေစဉ် သူ့မိဘတွေ ခြေကုန်လက်ပန်းကျနေပုံကိုမြင်ပြီး စိုးရိမ်တစ်ဝက် ကျီစယ်တစ်ဝက် မေးလိုက်သည်။ ‘အဖေနဲ့ အမေ ဘာဖြစ်နေတာလဲ။ ကုမ္ပဏီမှာ တစ်နေကုန် ထိုင်နေရလို့လား။ တစ်နေကုန် လယ်ထဲ ဆင်းရလို့လား”
“လာမပြောင်နဲ့ ဟေ့ကောင်။ ငါတို့တစ်နေကုန် အလုပ်လုပ်လာတာ”။ ချင်းရှင်းကျစ် စကား သိပ်မပြောချင်ပါ။
“အစ်ကိုကြီး ဘာဖြစ်လို့လဲ။ ပင်ပန်းနေရင် ပခုံးကို သမီးနှိပ်ပေးမယ်!”။ စူစူလေးက စိုးရိမ်စွာ ပြောလိုက်ပြီး ဆိုဖာပေါ် တက်လျက် သူမအစ်ကိုကြီး၏ ပခုံးတွေကို စနှိပ်ပေးဖို့ ပြင်လိုက်သည်။
ချင်းယုကျီးက အမြန် ဆွဲတားလိုက်ပါသည်။ “မလုပ်နဲ့! အောင်မယ်လေး မလုပ်ပါနဲ့!”
“ဘာလို့လဲ”။ စူစူလေးက နားမလည်စွာ မေးလိုက်သည်။ “မေမေ ပင်ပန်းနေရင်လည်း ဖေဖေက နှိပ်ပေးတာပဲကို!”
“ဘာလို့လဲဆိုတော့… အဲ့လို တာဝန်တွေက ငါတို့လို လူငယ်တွေ လုပ်ရမှာလေ!”။ ချင်းယုကျီး ဆင်ခြေအမြန် ပေးလိုက်ပါသည်။
စူစူလေးသာ တကယ်နှိပ်ပေးလိုက်လျှင် သူ့အဖေ ဇက်ကြောတက်တာထက် ပြဿနာပိုကြီးသွားနိုင်သည်။
စူစူလေး ယုံသွားအောင် အပြောနဲ့တင်မဟုတ်ဘဲ သူ့အဖေ အနောက်သို့သွားပြီး ချင်းယုကျီး တကယ် နှိပ်ပေးလိုက်ပါသည်။
သားဖြစ်သူ၏ နှိပ်နယ်ပေးမှုနဲ့ ညီမလေးဖြစ်သူရဲ့ စိုးရိမ်ပူပန်ပေးမှုတို့ကြောင့် ချင်းရှင်းကျစ် ပင်ပန်းတာတွေတောင် ပျောက်သွားပါသည်။
“ငါ့ကို နှိပ်ပေးပြီးရင် မင်းအမေကိုပါ နှိပ်ပေးလိုက်။ ခဏနေရင် ငါတို့နှစ်ယောက်စလုံး အလုပ်ဆက်လုပ်ရဦးမယ်”။ ချင်းရှင်းကျစ်က ပြောလိုက်သည်။
“အဖေတို့ ဘာတွေ အလုပ်များနေတာလဲ။ ကုမ္ပဏီ ပြဿနာက ပြေလည်သွားပြီ မဟုတ်ဘူးလား”။ ချင်းယုကျီး မေးလိုက်သည်။
“မင်းက ဘာသိလို့လဲ။ သတ္ထုတွင်းထဲမှာ သတ္ထုကြောအသစ် တွေ့တာနဲ့ပဲ ပြဿနာ အလိုလိုပြေလည်သွားမယ် ထင်နေလား”
“တခြား ဘာလုပ်စရာ ရှိသေးလို့လဲ”။ ချင်းယုကျီး ထပ်မေးလိုက်၏။
စူစူလေးကလည်း ချင်းရှင်းကျစ်၏ အဖြေကို မျက်လုံးပြူးပြူးလေးဖြင့် စောင့်နေသည်။
သူမ အစ်ကိုကြီးရဲ့ ပြဿနာတိုင်းကို သူမ ကူညီဖြေရှင်းပေးပါမည်။
“လုပ်စရာတွေ အများကြီး ရှိသေးတယ်ကွ!”။ ချင်းရှင်းကျစ်က အသေးစိတ်ရှင်းပြဖို့ နေနေသာသာ စဉ်းစားဖို့တောင် ပင်ပန်းလွန်းနေပါပြီ။
“ယုကျီး နင်ကုမ္ပဏီကိစ္စတွေကို နားမလည်ပါဘူး။ ကူလည်း မကူညီနိုင်ဘူး။ စာမေးပွဲအတွက် စာသာ သေချာလုပ်ထား”။ ဝမ်ချင်းက ဝင်ပြောလိုက်ပါသည်။
“ဟုတ်တယ်”။ ချင်းရှင်းကျစ်က သူ့မိန်းမစကားကို ထောက်ခံလိုက်သည်။ “မင်းစာမေးပွဲအတွက်ပဲ အာရုံစိုက်ထားစမ်း။ မင်း သိပ်မကောင်းတဲ့ တက္ကသိုလ် တက်ရရင်တောင် မင်းအမေနဲ့ ငါနဲ့ ကျေနပ်တယ်”။
သားကြီးနဲ့ သားလတ်တို့နှစ်ယောက်စလုံးက နိုင်ငံအတွင်းရှိ ထိပ်တန်း တက္ကသိုလ်တွေမှာ တက်ရောက်ခွင့်ရခဲ့ကြသည်။ သို့သော်လည်း သူတို့သား အငယ်ဆုံးအတွက်တော့ သာမန် တက္ကသိုလ်တက်ခွင့်ရရင်တောင် ကျေနပ်ပြီဟု လင်မယား နှစ်ယောက် မျှော်လင့်ချက် လျှော့ထားခဲ့ကြပါသည်။
“ကုမ္ပဏီအကြောင်း ပြောနေတာကို ဘယ်ရောက်သွားတာလဲ”။ ချင်းယုကျီးက တီးတိုး ရေရွတ်လိုက်ပါသည်။
“နင်ကုမ္ပဏီကိစ္စကို နားမလည်ပါဘူး”။ ဝမ်ချင်းက ပြောလိုက်သည်။
“ပြောမပြဘဲနဲ့ စူစူလေးနဲ့ ကျွန်တော်နဲ့ မကူညီနိုင်ဘူးဆိုတာ ဘယ်လိုသိမှာလဲ”။ ချင်းယုကျီးက ဆက်အထွန့်တက်၏။
“ဟုတ်တယ် ဟုတ်တယ်! သမီးလည်း ကူညီမယ်!”။ စူစူလေးက ဝင်ပြောလိုက်သည်။
စူစူလေး စိတ်အားထက်သန်နေတာကို မြင်သောအခါ ချင်းရှင်းကျစ်က ချင်းယုကျီးကို ရှင်းပြပေးလိုက်ပါသည်။ “မင်းအမေနဲ့ ငါ သတ္ထုတွင်းကုမ္ပဏီနဲ့ အောင်အောင်မြင်မြင် ညှိနှိုင်းနိုင်ဖို့ သေချာပြင်ဆင်ထားဖို့လိုတယ်။ ကျန်းကျန့်မင်ဆိုတဲ့ကောင်က ဉာဏ်နီဉာဏ်နက်များပြီး ငါတို့ထက်ဦးအောင် ရှားပါးကျောက်တွေကို လက်ဝါးကြီး အုပ်ချင်နေတယ်။ အဲ့လိုဖြစ်ခွင့်ပေးလို့ လုံးဝ မရဘူး”
“သမီးကူညီပေးမယ်!” စူစူလေးက ပြောလိုက်သည်။
သူမက ဘယ်လိုကူညီနိုင်မှာလဲ။
ခွန်အားသုံးပြီး ဖြေရှင်းလို့ရတဲ့ ကိစ္စမှ မဟုတ်တာ။
ဝမ်ချင်းကော၊ ချင်းရှင်းကျစ်ကော သူမ စကားကို အတည်မယူကြပါ။
ချင်းရှင်းကျစ်က စူစူလေး၏ ခေါင်းလေးကို ပုတ်ပေးလိုက်သည်။ “အစ်ကိုကြီးတို့ကို ဂရုစိုက်ပေးလို့ ကျေးဇူးပါ စူစူလေး။ ဒါပေမယ့် ဒီကိစ္စကို စူစူလေးလည်း မကူညီနိုင်ဘူး။ အစ်ကိုကြီးနဲ့ ယောက်မတို့ ခဏနားပြီးရင် အားလုံး အဆင်ပြေသွားမှာပါ!”
ချင်းရှင်းကျစ် စကားအဆုံးတွင် ချင်းယုဟွိုင်းနဲ့ သတ္ထုတွင်းကုမ္ပဏီမန်နေဂျာတို့ အခန်းတစ်ခန်းထဲမှ ထွက်လာကြလေသည်။
… … …
အခန်း(၂၇၀) ကံကောင်းလွန်းသော
ချင်းရှင်းကျစ်နဲ့ ဝမ်ချင်းတို့ ခါးတွေ မတ်သွားကြပြီး မန်နေဂျာကြီးကို အံ့အားသင့်စွာ စိုက်ကြည့်လိုက်သည်။
ရှားပါးကျောက်တွေ သူတို့ လက်ထဲရောက်ရှိဖို့ အများကြီး ပြင်ဆင်ထားခဲ့ရသည်။ ထို့ကြောင့် မန်နေဂျာကြီး အကြောင်းကိုလည်း သူတို့ စုံစမ်းထားပြီးသား ဖြစ်ပါသည်။
သူတို့ရှေ့က လူက သတ္ထုတွင်းကုမ္ပဏီရဲ့ မန်နေဂျာကြီး မဟုတ်လား။
သူတို့အိမ်ထဲ ဘယ်လိုရောက်နေတာလဲ။
ချင်းရှင်းကျစ်နဲ့ ဝမ်ချင်းတို့ ဇဝေဇဝါဖြစ်သွားကြသည်။
ချင်းယုဟွိုင်းက ဒါကိုသတိထားမိပြီး သူ့မိဘတွေကို ရှင်းပြလိုက်ပါသည်။ “ဒီနေ့ စူစူလေးနဲ့ အပြင်သွားတုန်း မစ္စတာလီနဲ့ ဆုံခဲ့တာ”
မန်နေဂျာလီက အပြုံးဖြင့် ပြောလိုက်သည်။ “ဒီနေ့ သခင်လေးချင်းတို့ ညီအစ်ကိုနှစ်ယောက်နဲ့ စူစူလေးတို့က ကျွန်တော့် အသက်ကို ကယ်ခဲ့ကြတာပါ”
သတ္ထုတွင်းကုမ္ပဏီ မန်နေဂျာကြီးနဲ့ ဒီလိုတိုက်တိုက်ဆိုင်ဆိုင် ဆုံခဲ့တာလား?
ပြီးတော့ အသက်ကို ကယ်ခဲ့တယ်?
ချင်းရှင်းကျစ်နဲ့ ဝမ်ချင်းတို့ အချိန်အကြာကြီး ဆွံ့အသွားခဲ့ကြသည်။
ထိုစဉ် ချင်းယုဟွိုင်းက ထပ်ပြောလိုက်ပါသည်။ “ကျွန်တော် မစ္စတာလီတို့ ကုမ္ပဏီက ရှားပါးကျောက်တွေ ဝယ်ယူနိုင်ဖို့ အရောင်းအဝယ်စာချုပ် ချုပ်ပြီးသွားပါပြီ”
ချင်းရှင်းကျစ်နဲ့ ဝမ်ချင်းတို့ အသိစိတ်ပြန်ကပ်ခါစရှိသေးသော်လည်း ချင်းယုဟွိုင်း၏ စကားကြောင့် သူတို့လင်မယား ကြက်သေသေသွားကြပြန်သည်။
စာချုပ် ချုပ်ပြီးသွားပြီ?
၂ ရက်လောက် သူတို့ လင်မယား မအိပ်နိုင်မစားနိုင် အလုပ်ရှုပ်ခဲ့ရတဲ့ ကိစ္စက ပြီးသွားပြီ??
ဒီတိုင်း…
လွယ်လွယ်ကူကူနဲ့…
ဘာမှ မပင်ပန်းဘဲ…
ပြီးသွားပြီ???
ချင်းရှင်းကျစ် ပါးစပ်ဟလိုက်သော်လည်း ဘာစကားလုံးမှ ထွက်မလာခဲ့ပါ။
မန်နေဂျာကြီးကို ချင်းယုဟွိုင်း အိမ်အပြင် ပြန်လိုက်ပို့ပြီးမှ ချင်းရှင်းကျစ်တို့ စိတ်နဲ့လူနဲ့ ပြန်ကပ်နိုင်တော့သည်။
သူ့သား ၂ ယောက်ကို စစ်ဆေးမေးမြန်းလိုက်၏။ “ဘာတွေဖြစ်သွားတာလဲ။ ငါ့ကို အသေးစိတ်ပြောပြစမ်း!”
ဒီကိစ္စက ချင်းမိသားစု ကြုံနေရတဲ့ အရေးအကြီးဆုံး အခက်အခဲနဲ့ ပတ်သတ်နေတာ မဟုတ်လား။
ယုကျီးက အေးအေးလူလူ ရှင်းပြလိုက်ပါသည်။ “ဘာမှမဟုတ်ပါဘူး။ စူစူလေးက မိုးကြိုးပစ်တဲ့နေရာကို သွားချင်တယ် ဆိုလို့ အစ်ကိုကြီးနဲ့ ကျွန်တော်နဲ့ လိုက်ပို့ပေးတာ။ အဲ့ကိုရောက်တော့ မန်နေဂျာလီက တွင်းတစ်တွင်းထဲ ပြုတ်ကျပြီး ပိတ်မိနေတာလေ။ အဲ့တာကြောင့် ကျွန်တော်နဲ့ အစ်ကိုကြီးနဲ့ သူ့ကို ဆင်းကယ်ခဲ့တယ်။ စူစူလေးက ကျွန်တော်တို့ကို ကြိုးနဲ့ ပြန်ဆွဲတင်ပေးတယ်”
ကယ်ဆယ်ရေးက အလွန်ရိုးရှင်းပြီး ချောချောမွေ့မွေ့ အောင်မြင်ခဲ့ပါသည်။ မိနစ်အနည်းငယ်သာ ကြာခဲ့ပြီး ရွှံ့တွေ ပေကျံသွားတာကလွဲလို့ တခြား ပြဿနာ မရှိခဲ့ပါ။
“ဒါ… ဒါ မတိုက်ဆိုင်လွန်ဘူးလား?” ချင်းရှင်းကျစ် ရေရွတ်လိုက်သည်။
“မစ္စတာလီ ကံကောင်းသွားတာတော့ သေချာတယ်။ ကျွန်တော်တို့ သူ့ကို ကယ်ပြီး သိပ်မကြာလိုက်ဘူး တွင်းကြီး ထပ်ပြိုကျသွားသေးတယ်”။ ယုကျီး ထပ်ပြောလိုက်သည်။
ဒါ့ကြောင့် မန်နေဂျာလီက သူတို့ကို အလွန်ကျေးဇူးတင်နေခြင်း ဖြစ်ပါသည်။
စက္ကန့်ပိုင်းလောက် ကြာသောအခါ ချင်းရှင်းကျစ်၏ အကြည့်က စူစူလေးဘက်သို့ လှည့်သွားသည်။
ထို့နောက် စူစူလေးကို ပွေ့ချီလိုက်ပြီး ဝမ်းသာလုံးစို့စွာ ပြောလိုက်သည်။ “ညီမလေးက အရမ်းတော်တာပဲ! မိသားစု ကြုံနေရတဲ့ ကပ်ဘေးကို တကယ် ဖြေရှင်းနိုင်ခဲ့တာပဲ! အဖေနဲ့ အမေတို့ ပြောတာ မှန်တယ်။ ညီမလေးက အစ်ကိုကြီးတို့ မိသားစုရဲ့ ကံကောင်းစေတဲ့ကြယ်ပွင့်လေးပဲ!”
စူစူလေးက ကံကောင်းစေသော ကြယ်ပွင့်လေးဖြစ်သည်ဟု မိဘတွေပြောတာကို ကြားခဲ့ရတုန်းက ချင်းရှင်းကျစ် သိပ်ပြီး စိတ်ထဲမထားခဲ့ပါ။ သူ့ညီမလေးက ချစ်ဖို့ကောင်းပြီး နူးညံ့ရုံသာ ရှိသည်ဟု ထင်ခဲ့သည်။
ယခုတော့ သူယုံကြည်ပါပြီ။ သူ့ညီမလေးက တကယ် ကံကောင်းမှုတွေနဲ့ ပြည့်နှက်နေတာဖြစ်သည်။ သူတို့ မိသားစုအတွက် ကံကောင်းခြင်း များစွာကို ယူဆောင်လာပေးနိုင်ခဲ့သည်။
စူစူလေး ကြောင်စီစီဖြစ်စွာ မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်သည်။
သူမ အစ်ကိုကြီး ဘာလို့ ဒီလောက် ပျော်နေတာလဲ။
သူမ ဘာမှ မကူညီပေးရသေးဘူးလေ!
ချင်းမိသားစုရဲ့ ဒုက္ခကို ကယ်တင်ပေးနိုင်ခဲ့ပြီလို့ ဘာလို့ ပြောနေတာလဲ။ ထူးဆန်းလိုက်တာ။
စူစူလေး ကူညီပေးမည်ဆိုတာက သူမ အစ်ကိုကြီးပြောဖူးသည့် လူဆိုးကြီးကို တားဆီးဖို့ ဖြစ်သည်။
အဲ့ဒီ လူဆိုးကြီးကို လွင့်ထွက်သွားအောင် ထိုးပစ်လိုက်ရင် အားလုံး ပြေလည်သွားမှာပဲ မဟုတ်လား။