အခန်း (၂၇၁+၂၇၂)
Vol. 11 Ch. 271+272
အခန်း(၂၇၁) ယုံကြည်ချက် ပြည့်ဝနေပြီ
စူစူလေး၏ အတွေးကို မသိသည့် ချင်းရှင်းကျစ်ကတော့ စူစူလေးကို ပွေ့ချီထားပြီး ကတိပေးလိုက်ပါသည်။ “ညီမလေးက ကံကောင်းတော့ အစ်ကိုကြီး ဘယ်သူ့ကိုမှ မရှုံးနိုင်တော့ဘူး။ ညီမလေး မုန့်ဖိုးတွေ အများကြီး သုံးနိုင်အောင် အစ်ကိုကြီး ၂ ဆလောက် အလုပ်ပိုကြိုးစားမယ်!”
“ကောင်းတာပေါ့! အားတင်းထား အစ်ကိုကြီး!”။ ဘာတွေဖြစ်နေတာလဲ နားမလည်သော်လည်း သူမ အစ်ကိုကြီး ပျော်လျှင် သူမလည်း ပျော်သည်။
ဝမ်ချင်းကတော့ ဘေးမှာ ရပ်ကြည့်နေပါသည်။ သူမ ယောက်ျားလောက် လွန်လွန်ကြူးကြူး မဖြစ်သော်လည်း စူစူလေးက ကံကောင်းမှုတွေ ယူဆောင်လာပေးနိုင်သည် ဆိုတာကိုတော့ ယုံကြည်စ ပြုလာပါပြီ။
အရင်တုန်းက ပဋိပက္ခတွေဖြစ်ခဲ့ဖူးတာကြောင့် စူစူလေးကို ပွင့်ပွင့်လင်းလင်း ကျေးဇူးမတင်ရဲသေးပါ။
--- --- ---
တစ်ချိန်တည်းမှာပင် ချင်းမိသားစု၏ ဖြစ်ရပ်ကို ကျန်းကျန့်မင်နဲ့ ရှုထျန်းဖေးတို့ မသိကြသေးပါ။
ချင်းမိသားစုနဲ့ လက်မတွဲဘဲ သူတို့နဲ့လက်တွဲအောင် သတ္ထုတွင်း ကုမ္ပဏီကို ဘယ်လို ဖြောင်းဖြရမလဲဆိုတာ စဉ်းစားနေကြဆဲဖြစ်သည်။
ထိုကိစ္စကြောင့် သူတို့ကုမ္ပဏီ ဝန်ထမ်းတွေကို နေ့မနား ညမနား အလုပ်လုပ်ခိုင်းထားပြီး သတ္ထုတွင်း ကုမ္ပဏီဘက်ကို ကမ်းလှမ်းချက်တွေ ပို့ခိုင်းခဲ့သည်။ အရှုံးမရှိစေဘဲ ရှားပါးကျောက်တွေကို ဝယ်ယူနိုင်မည့် အမြင့်ဆုံးဈေးအား တွက်ချက် ခိုင်းထားသည်။
နောက်ဆုံး အတည်ပြုထားသော ကမ်းလှမ်းချက်ကို ပြန်စစ်ဆေးပြီး ကျန်းကျန့်မင်နဲ့ ရှုထျန်းဖေးတို့ နှစ်ယောက် အလွန် ကျေနပ်သွားကြပါသည်။
ဒီတစ်ခေါက် သတ္ထုတွင်းကုမ္ပဏီမှ ရှားပါးကျောက်တွေ အကုန်လုံးကို သူတို့ သိမ်းပိုက်နိုင်တော့မည်ဟု ယုံကြည်ချက် ပြည့်ဝနေပါပြီ။
ဒီလောက် မြင့်မားသည့် ဈေးကိုသာ ကမ်းလှမ်းလိုက်လျှင် သတ္ထုတွင်း ကုမ္ပဏီက လက်မခံနိုင်စရာအကြောင်း မရှိပါ။
ကျန်းကျန့်မင်၏ ရုံးခန်းထဲတွင် ကမ်းလှမ်းချက်စာစောင်ကို ကြည့်ရင်း ရှုထျန်းဖေး စိတ်ကျေနပ်စွာ ပြောလိုက်ပါသည်။ “သိပ်ကောင်းတယ်။ ဒီဈေးထက်ပိုပြီး ချင်းမိသားစု ပေးနိုင်မှာ မဟုတ်ဘူး! အဲ့ဒီ မန်နေဂျာလီသာ ဦးနှောက်ရှိရင် ရှားပါးကျောက်တွေအကုန်လုံးကို ကျန်းအုပ်စု ပိုင်ပြီပဲ! အဲ့လို ရာထူးနဲ့လူက ငတုံးတော့ မဟုတ်လောက်ပါဘူး”
တစ်နည်းအားဖြင့် သူတို့ ရှားပါးကျောက်တွေကို ရရှိမှာ ရာနှုန်းပြည့်သေချာသွားပါပြီ။
ကျန်းကျန့်မင်က ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။ “ဒါပေါ့ ဒီဈေးကို ယှဉ်ပေးနိုင်တဲ့ ကုမ္ပဏီဆိုတာ မရှိသလောက် ရှားတယ်”
တခြားကုန်ကြမ်းတွေကို လျှော့ချလိုက်သဖြင့် ဒီလိုဈေးမျိုး သူတို့ ပေးနိုင်တာဖြစ်သည်။
တခြားကုန်ကြမ်းတွေအတွက် ကုန်ကျစရိတ်နည်းပါးသွားသဖြင့် ရှားပါးကျောက်တွေကို ဈေးမြင့်မြင့် ပေးနိုင်ပါသည်။
ကျန်းကျန့်မင်က ရှုထျန်းဖေးကို သတိပေးလိုက်သည်။ “ဒါပေမယ့် ဒီဈေးက ကျုပ်စက်ရုံတွေအပေါ်မှာ သက်ရောက်မှု ကြီးတယ်နော်။ ခင်ဗျား သေချာ မကိုင်တွယ်ရင် ကျုပ် အကြီးအကျယ် အရှုံးပေါ်လိမ့်မယ်!”
“စိတ်ချစမ်းပါ။ ခင်ဗျားတစ်ယောက်တည်း ဘေးကျပ်နံကျပ်ဖြစ်နေတာ မဟုတ်ဘူး”။ ရှုထျန်းဖေးက ယုံကြည်ချက် ပြည့်ဝစွာ ပြောလိုက်ပါသည်။
“ပြီးတော့ ဒီတစ်ခေါက် ကျုပ်က အများကြီး ရင်းနှီးထားရတာဆိုတော့ ကျုပ်တို့ သဘောတူထားတဲ့အတိုင်း ချင်းမိသားစုရဲ့ စက်ရုံတွေကို ကျုပ်အပိုင်သိမ်းနိုင်အောင် ခင်ဗျားကူညီပေးရမယ်နော်”။ ကျန်းကျန့်မင်က ထပ်ပြောလိုက်သည်။
“ကိစ္စမရှိပါဘူး။ ကျုပ်က သူတို့မိသားစု စက်ရုံတွေ၊ လုပ်ငန်းတွေကို စိတ်မဝင်စားဘူး။ လူတွေကိုပဲ စိတ်ဝင်စားတာ! ချင်းယုဟွိုင်းဖြစ်ဖြစ်၊ ချင်းယုကျီးဖြစ်ဖြစ်၊ အဲ့ဒီ ချင်းစူစူဆိုတဲ့ ကလေးမပဲဖြစ်ဖြစ် အားလုံး ပြန်ပေးဆပ်ရမယ်!”။ ရှုထျန်းဖေးက ခါးသီးစွာ ပြောလိုက်သည်။
“ကောင်းပါပြီ မစ္စတာရှု။ ကျုပ်တို့ လိုချင်တာ အသီးသီး ရကြမှာပဲ။ ဒီလို လက်တွဲခွင့်ရလို့ ဝမ်းသာပါတယ်”။
“အတူတူပါပဲ”။ ရှုထျန်းဖေးက စိတ်ကျေနပ်စွာ ပြောလိုက်ပါသည်။
သူတို့ အကျိုးအမြတ်တွေကို မထိခိုက်သေးသရွေ့ ဒီမဟာမိတ်က မပျက်စီးနိုင်ပါ။
--- --- ---
သူမကို တစ်ယောက်ယောက်က ပြန်ပေးဆပ်ခိုင်းဖို့ ကြံနေမှန်း စူစူလေး မသိပါ။
သူမ အစ်ကိုကြီး၏ အနမ်းတွေအောက်မှ ထွက်ပြေးလာပြီးနောက် ချင်းယုချဲကို လိုက်ရှာလေသည်။
သို့သော်လည်း ပုံမှန်ဆို မီးဖိုချောင်ထဲမှာ အလုပ်များနေတတ်သည့် ချင်းယုချဲတစ်ယောက်ကို ဘယ်မှာမှ ရှာမရတော့ပါ။
ဘာတွေဖြစ်နေတာလဲ။
သူမရဲ့ တူချောလေး ဘယ်ရောက်သွားလဲ။
သူ့ကို လိုက်ရှာနေတာ ၃ ခါရှိပြီ။ အခုထိ မတွေ့သေးဘူး!
တူချောလေး ပြန်ပေးဆွဲခံရတာတော့ မဟုတ်လောက်ပါဘူးနော်?!
… … …
အခန်း(၂၇၂) အစ်ကိုလတ်က ဘက်လိုက်တယ် (၁)
တူချောလေး ပြန်ပေးဆွဲခံရမှာ စိုးရိမ်သဖြင့် စူစူလေး ဧည့်ခန်းထဲ အမြန် ပြေးထွက်လာခခဲ့သည်။
“ဖေဖေ တူချောလေး ဘာလို့ ပျောက်နေတာလဲ”။ စူစူလေး၏ မျက်နှာက စိတ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။
“ယုချဲပျောက်နေတယ် ဟုတ်လား”။ အဘိုးချင်းက မေးလိုက်သည်။
“ဟုတ်တယ်! တူချောလေး ပျောက်နေတယ်!” စူစူလေးက အဘိုးချင်း၏ လက်ကို ဆွဲပြီး အိမ်ပြင်ထွက်ဖို့ ပြင်လိုက်သည်။
“သမီးလေးက ဖေဖေ့ကို ဘယ်ခေါ်သွားမလို့လဲ”။ အဘိုးချင်း မေးလိုက်သည်။
“ရဲတိုင်ရမယ်လေ! လူပျောက်တိုင်ရမယ်!”။ စူစူလေးက အတည်ပေါက် မျက်နှာလေးနဲ့ ပြောလိုက်ပါသည်။
“စိတ်မပူပါနဲ့ သမီးလေးရယ်။ ဖေဖေ အရင် မေးပါရစေဦး”။ အဘိုးချင်း အမြန်ပြောလိုက်ပါသည်။
ထို့နောက် ချင်းယုချဲအား အဘိုးချင်း ဖုန်းဆက်လိုက်ပါသည်။
သို့သော် ဖုန်းမကိုင်ပါ။
ဘာတွေဖြစ်နေတာလဲ? ချင်းယုချဲ တကယ်ပျောက်နေတာလား။
စူစူလေးက စိတ်ပူနေသော မျက်လုံးများဖြင့် အဘိုးချင်းကို ကြည့်နေပါသည်။ “ဖေဖေ?”
“စိတ်မပူနဲ့နော်။ တခြားသူတွေကို ဖေဖေ လိုက်မေးကြည့်မယ်”။ အဘိုးချင်းက ဆိုသည်။
ထို့နောက် သားလတ်ဖြစ်သူကို အဘိုးချင်း ဖုန်းဆက်လိုက်ပါသည်။
တစ်ဖက်က အချိန်အတော်ကြာမှ ဖုန်းကိုင်လေသည်။
“ခွေးကောင် မင်းဘာလုပ်နေတာလဲကွ။ ငါ့ဖုန်းကို ကိုင်ဖို့ နေ့တစ်ဝက်လောက် စောင့်နေတာလား?!”။ အဘိုးချင်းက ရစ်လိုက်လေသည်။
“အဖေကလည်း ကျွန်တော် အစည်းအဝေးလုပ်နေတယ်ဗျ! ခုတလော ကုမ္ပဏီ ဘယ်လောက် အလုပ်များနေလဲ အဖေလည်း သိရဲ့သားနဲ့”။ ချင်းယန်ကျစ်က ရှင်းပြလိုက်လေသည်။
“အေးပါကွာ တော်တော့။ အခု ယုချဲ ဘယ်ရောက်သွားတာလဲ မင်းသိလား”။ အဘိုးချင်း မေးလိုက်သည်။
“အဲ့ကောင်ဘယ်သွားလဲ မေးဖို့အတွက် ကျွန်တော့်ကို ဖုန်းဆက်တာလား။ အဲ့လို အသေးအဖွဲကိစ္စလေးအတွက်နဲ့လေ?! အဖေ နောက်တစ်ခါဆို အဲ့လိုကိစ္စတွေအတွက် ကျေးဇူးပြုပြီး ဖုန်းမဆက်ပါနဲ့၊ ကျွန်တော် အလုပ်ရှုပ်နေတယ်...”
ချင်းယန်ကျစ် ဆွံ့အသွားပါသည်။
သူ့သားက လူကြီးဖြစ်နေပြီ မဟုတ်ဘူးလား။ သူဘယ်သွားလဲဆိုတာ ဂရုလိုက်စိုက်နေရမှာလား။
“အစ်ကိုလတ်!”
စူစူလေးက ဖုန်းနားကပ်ပြီး ချင်းယန်ကျစ်အား လှမ်းခေါ်လိုက်ပါသည်။
“အား!! စူစူလေး!!”
စူစူလေး၏ အသံကို ကြားသောအခါ ချင်းယန်ကျစ် လေသံ ချက်ချင်းပြောင်းလဲသွားခဲ့ပါသည်။
“အစ်ကိုလတ်! တူချောလေး ပျောက်နေတယ်! သူ့ကို လိုက်ရှာနေတာ ၃ ရက်ရှိပြီ! အခုထိ မတွေ့သေးဘူး! တူချောလေးကို လူဆိုးတွေ ပြန်ပေးဆွဲသွားတာလား။ သမီးသွားကယ်မှဖြစ်မယ်!”
စူစူလေးက စိတ်ပူစွာ ပြောလိုက်ပါသည်။
တူချောလေး ချက်ပေးတဲ့ အစားအသောက်တွေ မစားရတာ ၃ ရက်တောင် ကြာပြီ။
“ဟာကွာ! အဲ့ဒီကောင်စုတ်ကတော့! စူစူလေး ခဏပဲစောင့်။ အစ်ကိုလတ် အခုပဲ ရှာပေးမယ်!”
ညီမလေးရဲ့ စကားကိုကြားသောအခါ ချင်းယန်ကျစ် တစ်စက္ကန့်တောင် မတွန့်ဆုတ်ဘဲ ရုံးခန်းဆီ ပြန်ပြေးကာ ရုံးဖုန်းကို အသုံးပြုလျက် လက်ထောက်ကို ခေါ်လိုက်ပါသည်။
“အဲ့ဒီ ကောင်စုတ် ယုချဲကို ရအောင် ဆက်သွယ်စမ်း! ဘယ်လိုနည်းပဲသုံးသုံး ရအောင်သာ ဆက်သွယ်လိုက်!”။ ချင်းယန်ကျစ်က ခက်ထန်စွာ အမိန့်ပေးလိုက်ပါသည်။
လက်ထောက်ဖြစ်သူကို အမိန့်ပေးပြီးနောက် ချင်းယန်ကျစ် စူစူလေးနဲ့ နူးညံ့သိမ်မွေ့စွာ ဖုန်းဆက်ပြောလိုက်ပါသည်။ “စိတ်မပူနဲ့တော့ စူစူလေး။ အစ်ကိုလတ် လူလွှတ်ပြီး ဒီကောင့်ကို ရှာခိုင်းလိုက်ပြီ။ မကြာခင် သတင်းထူးလိမ့်မယ်။ အဲ့ဒီ ကောင်စုတ်က ရုပ်ချောပေမယ့် သန်လည်း သန်မာပါတယ်။ သူ့ကို လူဆိုးတွေက လွယ်လွယ်နဲ့ ဖမ်းနိုင်မှာ မဟုတ်ဘူး”
“တကယ်လား”။ စူစူလေး စိတ်ပူနေဆဲပင်။
“တကယ် တကယ်”။ ချင်းယန်ကျစ် ပြန်ပြောလိုက်ပါသည်။
အဘိုးချင်း နှုတ်ခမ်းတွန့်သွားပြီး ဝင်ပြောလိုက်သည်။ “ချင်းယန်ကျစ် အဖေဖြစ်တဲ့ ငါက ခိုင်းတော့ မလိုဘူးလေး ဘာလေး ပြောပြီး မင်းညီမလေး ခိုင်းတော့ ချက်ချင်း ရှာပေးတယ်ပေါ့?! မင်းဘယ်လို သားလဲ”
“အဟွတ်… အဖေကလည်း ကိုယ့်သမီးကိုယ် မနာလိုဖြစ်နတာလား။ သူက ငယ်ငယ်လေးပဲ ရှိသေးတယ်။ ကျွန်တော့် ညီမလေးရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းပေးရမှာ အစ်ကိုဖြစ်တဲ့ ကျွန်တော့် တာဝန်လေ”။ ချင်းယန်ကျစ်က အမြန် ရှင်းပြလိုက်သည်။
အဖေနဲ့ ချစ်စရာကောင်းပြီး ချိုမြိန်သော ညီမလေးကို ရွေးရမည်ဆိုလျှင် စဉ်းစားနေစရာတောင် မလိုပါ။
ထို့အပြင် အဖေ့မှာ ပြဿနာရှိလျှင် သူ့ဖာသာသူ ဖြေရှင်းနိုင်စွမ်းရှိသည်။ သို့သော်လည်း ညီမလေးက အလွန် ငယ်ရွယ်ပြီး နူးညံ့လွန်းသဖြင့် အစ်ကိုဖြစ်သူက ကာကွယ်ပေးပြီး ပြဿနာတွေ ကူဖြေရှင်းပေးဖို့ လိုအပ်ပါသည်။