အခန်း (၂၇၃+၂၇၄+၂၇၅)
Vol. 11 Ch. 273+274+275
အခန်း(၂၇၃) အစ်ကိုလတ်က ဘက်လိုက်တယ် (၂)
သူတို့ စကားပြောနေကြစဉ် ချင်းယန်ကျစ်၏ လက်ထောက်က ချင်းယုချဲ ဘယ်မှာရှိနေသလဲဆိုတာကို စုံစမ်းနိုင်ခဲ့ပါသည်။
လက်ထောက်ဖြစ်သူက အစီရင်ခံပြီးနောက် ချင်းယန်ကျစ် စူစူလေးကို အမြန်ပြန်ပြောပြလိုက်သည်။ “ညီမလေးရဲ့ တူချောလေး ပျောက်သွားတာ မဟုတ်ဘူး။ အခု ဟွာချန့်မြို့ထဲမှာပဲ ရှိနေတယ်။ အဖေ့ဖုန်းထဲ အစ်ကိုလတ် လိပ်စာ ပို့ပေးလိုက်မယ်နော်”
ထို့နောက် အဘိုးချင်း၏ ဖုန်းထဲ မက်ဆေ့တစ်စောင် ဝင်လာခဲ့ပါသည်။
လိပ်စာကို ကြည့်ပြီးနောက် အဘိုးချင်း ဇဝေဇဝါဖြစ်စွာ မေးလိုက်သည်။ “ယုချဲက အဲ့မှာ ဘာလုပ်နေတာလဲ”
“ကျွန်တော်လည်း မသိဘူး”။ ချင်းယန်ကျစ်က ပြန်ဖြေလိုက်ပါသည်။
“ခွေးကောင်! မင်းသား ဘာတွေလုပ်နေလဲဆိုတာ စိတ်မပူဘူးလားကွ!” အဘိုးချင်းက ဆူလိုက်ပါသည်။
“အဖေ၊ ကျွန်တော် သူ့အရွယ်တုန်းက ကျွန်တော်ဘာလုပ်နေလဲဆိုတာ အဖေကော ဂရုစိုက်ခဲ့လို့လား?! ဒါ ကျွန်တော်တို့ မျိုးဆက်တွေကို ပျိုးထောင်တဲ့ နည်းလမ်းပဲ မဟုတ်ဘူးလား”။ ချင်းယန်ကျစ်က ပြန်ချေပလိုက်သည်။
အဘိုးချင်း ဆွံ့အသွားသည်။
သူပြောတာလည်း မမှားပါ။ သူ့သားတွေ အရွယ်ရောက်လာသောအခါ သူနဲ့ အဘွားချင်းတို့ သိပ်ပြီး ဂရုမစိုက်ခဲ့ကြပါ။
တစ်ခုတည်းသော တောင်းဆိုချက်ဆိုလို့ ဥပဒေနဲ့ ငြိစွန်းသည့် ကိစ္စတွေ မလုပ်ဖို့သာဖြစ်သည်။ ကျန်တာ သူတို့ဘဝကို သူတို့ ကြိုက်သလို နေနိုင်ပါသည်။
“အဟွတ် အဟွတ်။ အဲ့တာဆိုလည်း ဒါပဲ။ ငါဖုန်းချပြီ”။ အဘိုးချင်းက ပြောလိုက်ပြီး ချက်ချင်း ဖုန်းချပြစ်လိုက်သည်။ စူစူလေးကို အစ်ကိုလတ် နှုတ်ဆက်ခွင့်တောင် မရလိုက်ပါသည်။
ပေကျင်းမြို့တွင် ချင်းယန်ကျစ်တစ်ယောက် ဖုန်းမျက်နှာပြင်ကို စိုက်ကြည့်လျက် ခေါင်းထဲ အတွေးတစ်ခုသာ ရှိတော့သည်။
အဖေက နှလုံးသားမဲ့လိုက်တာ!
သူ့ညီမလေးကို နှုတ်ဆက်ခွင့်တောင် မပေးဘူး!
နောက်တစ်ခါ ဟွာချန့်မြို့ကို အလုပ်ကိစ္စနဲ့သွားရင် ရက်တော်တော်ကြာအောင် နေပြစ်ရမယ်!
တစ်ဖက်မှာတော့ အဘိုးချင်းက စူစူလေးနဲ့အတူ ကားထဲဝင်ကာ ချင်းယန်ကျစ် ပို့ပေးထားသော လိပ်စာထံသို့ ဒရိုင်ဘာအား မောင်းခိုင်းလိုက်သည်။
ထိုနေရာက ဟွာချန့်မြို့၏ အချက်အချာကျသော လမ်းမကြီးတစ်ခုဖြစ်ကာ ရှော့ပင်းမောများ၊ စားသောက်ဆိုင်များဖြင့် ဝိုင်းရံနေပါသည်။
အဘိုးချင်းက စူစူလေး၏ လက်ကို တွဲရင်း လမ်းမတစ်လျှောက် လမ်းလျှောက်လာကာ B-888 နံပါတ်ဖြင့် ဆိုင်တစ်ဆိုင်ရှေ့ကို ရောက်လာခဲ့သည်။
ထိုဆိုင်က အသစ်ဖွင့်မည့်ဆိုင်တစ်ဆိုင် ဖြစ်ပုံရပြီး အလုပ်သမားများက ပြုပြင်နေကြဆဲဖြစ်သည်။
စူစူလေးက ဆိုင်ထဲကို ခိုးကြည့်လိုက်ပြီး ချင်းယုချဲအား မြင်သွားပါသည်။
“တူချောလေး!”
စူစူလေး၏ အော်သံကြောင့် ဆောက်လုပ်ရေး အလုပ်သမားတွေအားလုံး ခေါင်းတွေလှည့်လာကြသည်။
ဆိုင်အဝင်ဝမှာ ချစ်စရာကောင်းသည့် ကလေးမလေးတစ်ယောက်ရပ်နေတာကို မြင်လိုက်ကြရပါသည်။
“တူချောလေး!”
စူစူလေးက ထပ်ခေါ်လိုက်ပြန်သည်။
ဒီတစ်ခေါက်တော့ အားလုံး ရှင်းရှင်းလင်းလင်း ကြားလိုက်ကြပါသည်။
ဒီကလေးမလေး တူချောလေးလို့ ခေါ်လိုက်တာလား။ ဒီလောက် ငယ်တဲ့ ကလေးလေးမှာ ဘယ်က တူရှိမှာလဲ။ ပြီးတော့ တူချောလေးတဲ့…။
စူစူလေး၏ အသံကို ကြားသောအခါ ချင်းယုချဲလည်း လှည့်ကြည့်လိုက်ပြီး စူစူလေး၏ ချိုသာသော အပြုံး၊ တောက်ပနေသော မျက်လုံးလေးများကို တွေ့လိုက်ရပါသည်။
ချင်းယုချဲ လုပ်လက်စ အလုပ်ကို ရပ်ပြီး ဝင်ပေါက်နားသို့ အမြန်လျှောက်သွားခဲ့သည်။
“အထဲမဝင်နဲ့။ ဒီမှာ ညစ်ပတ်နေတယ်”။ အခုမှ ပြင်ဆင်ဆဲဖြစ်သည့် ဆိုင်ထဲ စူစူလေးအား မဝင်စေချင်သေးပါ။
ညစ်ပတ်နေသည့်အပြင် လေထဲမှာလည်း ဖုန်မှုန့်တွေ၊ သဲမှုန့်တွေ အများကြီး ရှိနေသည်။
ချင်းယုချဲက စူစူလေး၏ လက်ကိုဆွဲပြီး အဝေးတစ်နေရာသို့ ခေါ်သွားလိုက်ပါသည်။
“တူချောလေးက ဒီမှာ ဘာလုပ်နေတာလဲ”။ စူစူလေးက ချင်းယုချဲကို မော့ကြည့်ကာ မေးလိုက်သည်။
အဘိုးချင်းလည်း သိချင်နေပါသည်။ သူ့မြေးက လူကြောက်တတ်သူဖြစ်ပြီး ပုံမှန်ဆို အိမ်တွင်းသာ အောင်းနေတတ်သူ ဖြစ်သည်။
သို့သော်လည်း ဒီနေ့တော့ ဒီဆိုင်ထဲမှာ ဆောက်လုပ်ရေး အလုပ်သမားတွေနဲ့အတူတူ ဆိုင်ကို ပြင်ဆင်နေပါသည်။
ဘာလို့ ဒီလောက် ပြောင်းလဲသွားရတာလဲ။
“ငါ…”။ စူစူလေးကို ဘယ်လိုရှင်းပြရမလဲ ချင်းယုချဲ မသိပါ။
“တူချောလေး ဘာဖြစ်လို့လဲ။ နေမကောင်းဘူးလား။ မပျော်လို့လား။ ဒေါ်လေးကိုပြော! ကူညီပေးမယ်!”။ စူစူလေးက အမြန်ပြောလိုက်သည်။
ဒေါ်လေးတစ်ယောက်အနေနဲ့ သူမရဲ့ တူလိမ္မာလေးတွေအတွက် စိတ်ကျန်းမာရေးကော၊ ကိုယ်ကျန်းမာရေးကော ဂရုစိုက်ပေးဖို့ လိုအပ်ပါသည်။
… … …
အခန်း(၂၇၄) တူချောလေးရဲ့ ပြောင်းလဲသွားမှု
“ဘာမှမဖြစ်ပါဘူး။ ဒီတိုင်း ဆိုင်တစ်ဆိုင်ဖွင့်ဖို့ စီစဉ်နေတာ”။ ချင်းယုချဲက ရှင်းပြလိုက်ပါသည်။
“ဆိုင်တစ်ဆိုင်ဖွင့်ဖို့?”။ စူစူလေး မျက်တောင် တဖျပ်ဖျပ် ခတ်လျက် မျက်နှာလေးကလည်း နားမလည်နိုင် ဖြစ်သွားပါသည်။
အဘိုးချင်းက မျက်လုံးမှေးသွားပြီး မယုံသင်္ကာဖြင့် မေးလိုက်သည်။ “မင်းက ဆိုင်ဖွင့်ဖို့ စီစဉ်နေတယ်ဟုတ်လား။ မင်းအဖေနဲ့ ငါ့ကို ဘာလို့ မတိုင်ပင်တာလဲ”
“ကျွန်တော် ကိုယ့်အစွမ်းအစနဲ့ကိုယ် လုပ်ချင်လို့”။ ချင်းယုချဲက အမှန်တိုင်း ပြန်ဖြေလိုက်ပါသည်။
ဒီလို ကိစ္စမှာ သူ့မိသားစုကို အားမကိုးချင်ပါ။
“ဒါပေမယ့် ဆိုင်တစ်ဆိုင် စဖွင့်ရင် ကြုံလာရမယ့် ပြဿနာတွေ အများကြီး ရှိတယ်။ အချက်အပြုတ် ကောင်းတာနဲ့ မလုံလောက်သေးဘူး။ လူပေါင်းစုံနဲ့ ပြောဆိုဆက်ဆံတတ်ဖို့လည်း လိုသေးတယ်ကွ” အဘိုးချင်းက သတိပေးလိုက်ပါသည်။
သူ့မြေးရဲ့ အစွမ်းအစကို မယုံကြည်လို့ မဟုတ်သော်လည်း သူ့မြေးက လူစိမ်းတွေနဲ့ ပတ်သတ်သည့်နေရာမှာ မတော်မှန်း သူကောင်းကောင်းသိပါသည်။
တကယ်တော့ သူအလုပ်ထွက်လုပ်မှာကို အဘိုးချင်း အားပေးပါသည်။ သို့သော် သူ့အတွက်ခက်ခဲသည့် ကဏ္ဍတွေကိုတော့ တခြားမိသားစုဝင်တွေက ကူညီပေးနိုင်သည်။
“အဘိုး ကျွန်တော့်ဖာသာကျွန်တော် အရင် စမ်းလုပ်ကြည့်ပါရစေ။ ကျွန်တော် လုပ်နိုင်ပါ့မလား မသိပေမယ့် ကြိုးစားမကြည့်ဘဲ မသိနိုင်ဘူးလေ”။ ချင်းယုချဲက ပြန်ပြောလိုက်ပါသည်။
မကြာသေးခင်က သူတို့ မိသားစုမှာ ဖြစ်ပျက်သွားသော ပြဿနာများကြောင့် သူအများကြီး နားလည်ခဲ့ရသည်။
အရင်တုန်းက မိသားစု၏ အကာကွယ်အောက်မှာ ရှိနေသဖြင့် သူနေချင်သလို နေခွင့်ရခဲ့သည်။ သူ့မိသားစုရဲ့ အကာအကွယ်သာ မရှိပါက သူ့ရဲ့ စရိုက်မျိုးနဲ့ အပြင်လောကမှာ ရှင်သန်နိုင်ဖို့ မလွယ်ကူပေ။
စူစူလေးကတောင် မိသားစုအတွက် ကြိုးစားချင်စိတ်ရှိနေတာကိုလည်း သူ သိခဲ့ရသည်။ သူမ ချစ်မြတ်နိုးသည့် လူတွေကို ကာကွယ်ဖို့ တာဝန်အပြည့်ယူထားသည်။ ထို့ကြောင့် အရွယ်ရောက်ပြီးသား သူက ဘာတွေ ကြောက်စရာ လိုဦးမှာလဲ။
သူ့ရဲ့ လူကြောက်တတ်သော ဗီဇကို ပြောင်းလဲဖို့ ခက်ခဲလိမ့်မည်။ သို့သော်လည်း အနည်းဆုံးတော့ သူတာဝန်ယူရမည့် ကဏ္ဍတွေမှာ မကြောက်မရွံ့ဘဲ တာဝန်ယူတတ်ဖို့ ကြိုးစားရပါမည်။
စိတ်ဖိစီးနေရင်တောင် သူလုပ်ဖို့ လိုအပ်တာတွေကို သေချာ လုပ်ရမည်။
မြေးဖြစ်သူ ပြောင်းလဲသွားတာကို မြင်ပြီးနောက် အဘိုးချင်း ဝမ်းမြောက်သွားခဲ့ပါသည်။
သူအောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ ဒီလို ကြိုးစားချင်စိတ်ရှိတာနဲ့တင် တိုးတက်မှုတစ်ခုဖြစ်သည်ဟု ဆိုနိုင်သည်။
“သိပ်ကောင်းတယ်! အဘိုး မင်းကို ထောက်ပံ့ပေးမယ်။ ဘာတွေပဲဖြစ်လာဖြစ်လာ အဘိုး ထောက်ပံ့ပေးမယ်!”။ အဘိုးချင်းက သူ့မြေးကို စိတ်ဖိစီးမှုမရှိဘဲ လုပ်ချင်တာလုပ်နိုင်ဖို့အတွက် အားပေးလိုက်ပါသည်။
“ဒေါ်လေးလည်း ထောက်ပံ့ပေးမယ်! ဖေဖေ ထောက်ပံ့ပေးသလို ဒေါ်လေးလည်း ထောက်ပံ့ပေးမယ်!”
စူစူလေးက လက်ထောင်ပြီး အဘိုးချင်း၏ စကားအတိုင်းလိုက်ပြောပါသည်။
ဒီကိစ္စကို သိပ်နားမလည်သော်လည်း သူမ ဖေဖေက အားပေးလျှင် သူမလည်း လိုက်ပြီး အားပေးရမှာတော့ သေချာသည်။
ထို့အပြင် အရသာရှိသည့် အစားအသောက်တွေကို ချက်ပြုတ်ပေးတတ်သော ဒီတူချောလေးကို အားမပေးစရာအကြောင်း ရှိပါဦးမလား။
“ကျေးဇူးပါ”။ ချင်းယုချဲ၏ မျက်နှာပေါ်မှာ ခပ်ပါးပါး အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူ့အကြည့်တွေလည်း နူးညံ့သွားခဲ့ပါသည်။
“ဟုတ်ပြီ။ မင်းဘာမှမဖြစ်မှန်း သိပြီဆိုတော့ ငါ့သမီးလေးလည်း စိတ်အေးအေးနဲ့ နေလို့ရပြီ။ မင်းလုပ်စရာရှိတာ ဆက်လုပ်။ ငါတို့ အိမ်ပြန်တော့မယ်”။ အဘိုးချင်းက ပြောလိုက်ပါသည်။
ချင်းယုချဲက စူစူလေးကို ငုံ့ကြည့်လိုက်သည်။ “စိတ်ပူအောင် လုပ်မိတဲ့အတွက် တောင်းပန်ပါတယ်”
“ရပါတယ် ရပါတယ်! တူလေးတွေကို စိတ်ပူပေးရမှာ ဒေါ်လေးရဲ့ တာဝန်ပဲ! တူချောလေး ဘာမှမဖြစ်ရင် ပြီးတာပဲ!”။ စူစူလေးက ကလေးဆန်သောလည်း အာဏာကြီးသော အသံလေးဖြင့် ပြန်ပြောလိုက်သည်။
“အင်း”။ ချင်းယုချဲ နွေးထွေးစွာ ပြုံးလိုက်ပြီး ခေါင်းငြိမ့်လိုက်လေသည်။
--- --- ---
လဝက်လောက် ဆေးကုသမှုခံယူပြီးနောက် လုကျန်းယွီ အနည်းငယ် တိုးတက်မှုရှိလာခဲ့သည်။
၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ခြေထောက်တွေကို ပြန်ခံစားမိခဲ့သည်။
ခြေထောက်တွေကို မလှုပ်ရှားနိုင်သေးသော်လည်း တစ်စုံတစ်ခုက လာထိသောအခါ ခံစားနိုင်ခြင်းက အလွန်ကောင်းမွန်သည့် တိုးတက်မှုတစ်ခု ဖြစ်ပါသည်။
ဆရာကြီးရှုယီက စူစူလေးအား သတင်းကောင်း ပြောပြလိုက်သည်။ ထိုအခါ စူစူလေးက လုကျန်းယွီကို ဂုဏ်ပြုစကားပြောဖို့ အမြန်ပြေးလာခဲ့ပါသည်။
… … …
အခန်း(၂၇၅) ချစ်စရာကောင်းမှုနဲ့ နှိပ်စက်ခြင်း
“ကိုကြီး သမီးရောက်ပြီ!” စူစူလေးက လုကျန်းယွီထံ ခပ်သွက်သွက် လျှောက်လာခဲ့သည်။
စူစူလေးကို မြင်သောအခါ လုကျန်းယွီ အလိုလို ပြုံးမိသွားပါသည်။
“အရမ်း မပြေးနဲ့။ ချော်လဲနေဦးမယ်”။ လုကျန်းယွီ သတိပေးလိုက်သည်။
“ကိုကြီးခြေထောက်တွေကို ကလိထိုးလို့ရပြီလို့ ဦးလေးပိုင်ဟူကျစ်က ပြောတယ်။ သမီး ကလိထိုးကြည့်မယ်!”
စူစူလေးက အကြံနဲ့ ရောက်လာခဲ့တာဖြစ်သည်။
က- ကလိထိုးမယ်?
စူစူလေးနဲ့အတူ အခန်းထဲ လိုက်လာသော ဆရာကြီးရှုယီကို လုကျန်းယွီ အံ့အားသင့်စွာ ကြည့်လိုက်သည်။
ဆရာကြီးရှုယီက မသိချင်ယောင် ဆောင်ပြီး မျက်နှာကြက်တွေကိုသာ လိုက်လံကြည့်ရှုနေပါသည်။
သခင်လေးလုကို စူစူလေး နှိပ်စက်နေသည့် မြင်ကွင်းအား သူမြင်ချင်ကြောင်း ဘယ်တော့မှ ဝန်ခံမှာ မဟုတ်ပေ။ လုမိသားစုကို ကလဲ့စားချေဖို့ အစီအစဉ်ရှိမှန်း ဝန်ခံမှာ မဟုတ်ပါ။
လုကျန်းယွီက ငယ်သေးသော်လည်း ဆရာကြီးရှုယီ တမင်တကာလုပ်တာဖြစ်မှန်း ခန့်မှန်းမိပါသည်။
“စူစူလေး ကိုကြီးက ယားတတ်လို့ ကလိထိုးမခံချင်ဘူး။ ကျေးဇူးပြုပြီး ကလိမထိုးလို့ မရဘူးလား”။ လုကျန်းယွီက စူစူလေးအား နူးညံ့စွာ တောင်းဆိုလိုက်ပါသည်။
လုကျန်းယွီ အောက်ပိုင်း လှုပ်ရှားနိုင်စဉ်တုန်းက အယားသန်တတ်သည်။
စူစူလေး ကြောင်စီစီဖြစ်သွားပြီး ဆရာကြီးရှုယီကို လှည့်မေးလိုက်ပါသည်။ “ဦးလေးပိုင်ဟူကျစ်ပြောတော့ ကိုကြီးကို ကလိထိုးဖို့ လိုတယ်ဆို”
ဆရာကြီးရှုယီက အမြန်ရှင်းပြလိုက်ပါသည်။ “ဟုတ်တယ်လေ။ သူ့ကို ကလိထိုးကြည့်မှ ရမယ်! သူ့အောက်ပိုင်းက အထိအတွေ့ကို ခံစားနိုင်ခါစပဲ ရှိသေးတယ်။ အဲ့တာကြောင့် သူ့ဦးနှောက်နဲ့ ခြေထောက်ကြားက အာရုံကြောဆက်သွယ်မှု အားကောင်းစေဖို့အတွက် အဆက်မပြတ် လှုံ့ဆော်ပေးဖို့လိုအပ်တယ်! ယားတတ်တာ ကိစ္စမရှိဘူး။ ယားတတ်လေလေ ကောင်းလေလေပဲ!”
ဆရာကြီးရှုယီက ဆေးပညာကို အသုံးချပြီး ဆင်ခြေပေးလိုက်ပါသည်။
အလွန်ယုတ္တိရှိသဖြင့် လူနာက သံသယဖြစ်ဖို့တောင် အခက်တွေ့နေသည်။
စူစူလေးက ကျန်တာ နားမလည်သော်လည်း လုကျန်းယွီအတွက် ကလိထိုးပေးတာ ကောင်းမွန်သည့် အရာဖြစ်မှန်းတော့ နားလည်သွားပါသည်။
“ကိုကြီး မကြောက်ပါနဲ့။ ခဏလောက်ပဲ သည်းခံလိုက်။ ဒါမှ မြန်မြန် ပြန်ကောင်းမှာ!”။ စူစူလေးက မျက်နှာတည်လေးဖြင့် ပြောလိုက်ပါသည်။
ကလိထိုးခံရတာ မကောင်းမှန်းသိသော်လည်း အခုက ကျန်းမာရေးကောင်းဖို့အတွက် မဟုတ်လား။ သူမ ဆေးခါးခါးတွေ သောက်ရသလိုပဲ မဟုတ်လား။
ထိုသို့ပြောပြီးနောက် လုကျန်းယွီ ဆင်ခြေမပေးနိုင်ခင် စူစူလေးက ဆောင့်ကြောင့်ထိုင်လိုက်ပြီး သူ့ ခြေအိတ်တွေကို ချွတ်ပေးလိုက်ပါသည်။
လုကျန်းယွီက ဝှီးချဲနဲ့နေရသူဖြစ်သဖြင့် အိမ်မှာနေလျှင် ဖိနပ်ဝတ်ထားလေ့မရှိဘဲ ခြေအိတ်တွေသာ ဝတ်ထားလေ့ ရှိပါသည်။
စူစူလေးရှေ့မှာတော့ ပါးလွှာ ပျော့ပြောင်းသည့် ခြေအိတ်လေးများက ဘာမှ ခုခံနိုင်စွမ်းမရှိပါ။
လုကျန်းယွီ၏ ခြေဖဝါးနှစ်ဖက် ပေါ်လာပါပြီ။
သူ့ခြေဖဝါးတွေကလည်း သူ့မျက်နှာလိုပဲ ဖြူရော်နေသည်။
ထို့နောက် သူ့ ညာဘက် ခြေဖဝါးကို စူစူလေး ဆုပ်ကိုင်လိုက်သည်။
စူစူလေး၏ လက်လေးက အကြီးကြီးမဟုတ်ပါ။ လက်နှစ်ဖက်စလုံးပေါင်းမှ လုကျန်းယွီ၏ ခြေဖဝါးတစ်ဖက်စာသာ ရှိသည်။
သို့သော်လည်း အရွယ်အစားက ခွန်အားအပေါ် သက်ရောက်မှု မရှိပေ။
လုကျန်းယွီတစ်ယောက် တစ်ကိုယ်လုံးတင်းမာနေပြီး အလွန်ထိတ်လန့်နေပါသည်။
ဆရာကြီးရှုယီက ရယ်ချင်စိတ်ထိန်းလိုက်ပြီး စူစူလေးကို ပြောလိုက်ပါသည်။ “စူစူလေး လုပ်စရာရှိတာလုပ်လိုက်တော့။ ဒါပေမယ့် ညင်ညင်သာသာ လုပ်နော်။ မထိတထိလေးလုပ်။ စူစူလေး ပင်ပန်းသွားရင် ဦးလေးကူညီပေးမယ်!”
“ရတယ် ရတယ် ဦးလေးပိုင်ဟူကျစ်! ဦးလေးက ပင်ပန်းသွားပြီ။ ဒီတစ်ခုကို သမီးတာဝန်သာထား! သမီးက အသက်ငယ်ပြီး အရမ်းသန်မာတယ်!”
စူစူလေးက ဒီတာဝန်ကို ကျေကျေနပ်နပ် ထမ်းဆောင်နိုင်ပါသည်။
ထို့နောက် စူစူလေး၏ ဖြူဖွေးနူးညံ့သော လက်ချောင်းလေးများက လုကျန်းယွီ၏ ခြေဖဝါးကို ညင်သာစွာ ဆော့ကစားလေတော့သည်။
ချက်ချင်းဆိုသလိုပဲ လုကျန်းယွီရဲ့ မျက်နှာ နီရဲသွားသည်။
“စူစူလေး! မ… မလုပ်ပါနဲ့…”
“ကိုကြီး ခဏလောက် သည်းခံပါ။ သမီး ညင်ညင်သာသာ ကလိထိုးပေးပါ့မယ်!”။ စူစူလေးက အားပေးလိုက်သည်။
… … …