← Chapters

အခန်း (၂၇၆+၂၇၇)

Vol. 12 Ch. 276+277

အခန်း (၂၇၆+၂၇၇)

Vol. 12 Ch. 276+277

အခန်း(၂၇၆) လုကျန်းယွီရဲ့ သိက္ခာကို ငဲ့ပါဦး

“တော်ပါတော့… စူစူလေး…မ… မလုပ်ပါနဲ့…”။ ကလိထိုးတာကြောင့်လား ရှက်ရွံ့မှုကြောင့်လား မသိ လုကျန်းယွီ၏ မျက်နှာ နီရဲတွတ်နေသည်။

“ကြိုးစားထား ကိုကြီး! ဒီလိုလုပ်တာ ကိုကြီး ကျန်းမာရေးအတွက် ကောင်းတယ်လို့ ဦးလေးပိုင်ဟူကျစ်က ပြောတယ်!”။ စူစူလေးက အားပေးလိုက်သည်။

“စူစူလေး… ကိုကြီး ခဏလောက် နားလို့ရမလား”။ လုကျန်းယွီ ခက်ခက်ခဲခဲ တောင်းဆိုလိုက်ပါသည်။

“ခဏပဲ အားတင်းထား ကိုကြီး!”။ စူစူလေးက စိတ်အားထက်သန်စွာ ပြောလိုက်သည်။ သူမ ရဲ့မျက်နှာလေးက ကလိထိုးဖို့ကိုပဲ အာရုံစိုက်ထားပြီး အရေးကြီးဆုံး အလုပ်တစ်ခုလို သတ်မှတ်ထားသည့်ပုံပင်။

လုကျန်းယွီက အိမ်တော်ထိန်းကျန်းကို လှည့်ကြည့်လိုက်ပြီး မျက်လုံးဖြင့် အကူအညီတောင်းလိုက်ပါသည်။

သူ စစ်ကူလိုအပ်နေပြီ။ သို့သော်လည်း ပါးစပ်က ဖွင့်ပြောရမှာ ရှက်ဖို့ကောင်းပါသည်။

အိမ်တော်ထိန်းကျန်းက ရိပ်စားမိပြီး ရှေ့တိုးကာ ပြောလိုက်ပါသည်။ “သခင်မလေး စူစူ။ ကျုပ်တာဝန်ယူလိုက်ပါ့မယ်”

သခင်လေး ရှက်ရွံ့နေပုံက ချစ်ဖို့ကောင်းပြီး ရယ်ချင်စရာကောင်းသော်လည်း စူစူလေးရှေ့မှာ သူ့သိက္ခာကိုတော့ ငဲ့ပေးရပါမည်။

“မလိုဘူး မလိုဘူး။ သမီးဖာသာ လုပ်နိုင်တယ်!”။ စူစူလေးက အသက်အရွယ်ကြီးရင့်နေသော အိမ်တော်ထိန်းကျန်းကို ဒီလို ဆောင့်ကြောင့်ထိုင်ခိုင်းလိုက်လျှင် ခါးနာသွားမှာ စိုးရိမ်မိပါသည်။

“ကျေးဇူးပြုပြီး ကျုပ်ကို သင်ယူလေ့လာခွင့်လေး ပေးပါ။ ကလိထိုးတဲ့ နည်းလမ်းမမှန်ရင် ဆရာကြီးရှုယီက ချက်ချင်း သင်ပေးလို့ရတာပဲ။ အဲ့တာမှ သခင်မလေးစူစူ ကျောင်းတက်နေတဲ့အချိန် သခင်လေးကို ကျုပ် ကလိကူထိုးပေးလို့ ရမှာ…”။ အိမ်တော်ထိန်းကျန်းက ရှင်းပြလိုက်ပါသည်။

ထိုသို့ပြောရင်း ဆရာကြီးရှုယီကိုလည်း အိမ်တော်ထိန်းကျန်း လှည့်ကြည့်လိုက်သည်။ သူတို့ သခင်လေးကို ကလဲ့စားချေသည့်အနေဖြင့် နှိပ်စက်နေတာ ရပ်တန့်အောင် တောင်းဆိုလိုက်ခြင်း ဖြစ်ပါသည်။

ဆရာကြီးရှုယီက ဂုဏ်ယူဝံ့ကြွားစွာ ခေါင်းမော့နေလိုက်ပါသည်။

စူစူလေးကို သူလိမ်ထားတာ မဟုတ်ပါ။ ကလိထိုးခံရတာက လုကျန်းယွီရဲ့ ခြေထောက်တွေ ပြန်ကောင်းလာစေဖို့ အထောက်အကူပြုနိုင်ပြီး နေ့စဉ် ပြုလုပ်သင့်သည့် အရာဖြစ်သည်။

သူက တချို့ကိစ္စတွေကို စနောက်တတ်သော်လည်း အလွန်အကြူးတော့ မလုပ်တတ်ပါ။

ဆေးကုသမှုနဲ့ ပတ်သတ်လာလျှင် မဟုတ်တာ မပြောတတ်ပါ။

သို့သော်လည်း လုကျန်းယွီ ပြန်လည်ကောင်းမွန်လာဖို့ လေ့ကျင့်ရေးတွေကို စူစူလေးအား မလုပ်ခိုင်းချင်ပါ။ ဒီတိုင်း သာမန် ကလိထိုးတာဖြစ်နေရင်တောင် မလုပ်ခိုင်းချင်ပါ။

စူစူလေးက သူများရဲ့ ကလေးထိန်း မဟုတ်ပေ။ လုကျန်းယွီက ကလိထိုးပေးပါဟု တောင်းဆိုနေရင်တောင် ဆရာကြီး ရှုယီ လက်ခံမှာ မဟုတ်ပါ။

အိမ်တော်ထိန်းကျန်း၏ စကားကို နားထောင်ပြီးနောက် စူစူလေး သေချာစဉ်းစားကာ သဘောတူလိုက်ပါသည်။

အိမ်တော်ထိန်းကြီးမှာလည်း တာဝန်ရှိတာပဲ! သူ့ကို သင်ယူလေ့လာခွင့် ပေးရမှာပေါ့!

စူစူလေး၏ ခွင့်ပြုချက်ဖြင့် အိမ်တော်ထိန်းကျန်းလည်း လုကျန်းယွီကို ကယ်တင်နိုင်ခဲ့ပါသည်။

စူစူလေးရှေ့မှာ အိမ်တော်ထိန်းကျန်းက လုကျန်းယွီ၏ ခြေဖဝါးကို တကယ်မထိဘဲ ကလိထိုးချင်ယောင် ဆောင်ပြလိုက်သည်။

နောက်ဆုံးတော့ လုကျန်းယွီ အသက်ဝဝ ပြန်ရှူနိုင်ပြီဖြစ်ပြီး မျက်နှာလည်း အရောင်အသွေး ပြန်မှန်သွားပါပြီ။

အိမ်တော်ထိန်းကျန်းက လုကျန်းယွီကို တကယ် ကလိထိုးနေတာ မဟုတ်မှန်း ဆရာကြီးရှုယီ မြင်သော်လည်း ဘာမှ ဝင်မပြောတော့ပါ။

စူစူလေးရှေ့မှာ လုကျန်းယွီကို အနည်းငယ် သိက္ခာဆယ်ခွင့် ပေးလိုက်ပါမည်။

--- --- ---

ဟုံဖုန်းမူကြိုကျောင်းတွင် သင်ရိုးပြင်ပ လှုပ်ရှားမှုတစ်ခု ပြုလုပ်ဖို့ အစီအစဉ်ရှိပြီး ကလေး အုပ်ထိန်းသူတွေလည်း လာရောက်ဖို့ လိုအပ်ပါသည်။

ကလေးများကို တိရိစ္ဆာန်ဥယျာဉ်သို့ လိုက်ပို့ပေးမည့် အစီအစဉ်ဖြစ်သည်။

ထိုသတင်းကို ကြားသောအခါ ချင်းမိသားစုဝင်များ စုဝေးလိုက်ကြသည်။

စူစူလေး ဘေးမှာ အားလုံး ဝိုင်းရံကာ ထိုင်လိုက်ကြပြီး စူစူလေးကို စိုက်ကြည့်နေကြသည်။

“သမီးလေး။ သမီးလေးနဲ့ အတူတူ တိရိစ္ဆာန်ဥယျာဉ်ကို ဘယ်သူ့ကို ခေါ်သွားချင်လဲ”။ အဘွားချင်းက စူစူလေးကို ညင်သာစွာ မေးလိုက်ပါသည်။

ကလေးတစ်ယောက်စီကို အုပ်ထိန်းသူ ၂ ယောက် လိုက်ပါခွင့်ရှိသည်ဟု မူကြိုက အကြောင်းကြားထားသည်။

ဘယ်သူ့ကို ခေါ်မလဲဆိုတာကတော့ စူစူလေးကိုသာ ဆုံးဖြတ်ခွင့် ပေးလိုက်ပါသည်။

အဘွားချင်း ထိုသို့မေးလိုက်သောအခါ အဘိုးချင်းက မျှော်လင့်တကြီး ကြည့်နေပါသည်။

သူ့သမီးလေးရဲ့ ရင်ထဲမှာ သူက တခြား မိသားစုဝင်တွေထက် မြင့်မားသည့်နေရာတစ်ခုမှာ ရှိနေမှန်း ယုံကြည်ချက် အပြည့် ရှိပါသည်။

… … …

အခန်း(၂၇၇) မိသားစုတစ်စုလုံး ပြိုင်ဆိုင်ခြင်း

သို့သော်လည်း ဒီလို သင်ရိုးပြင်ပလှုပ်ရှားမှုတွေအတွက်တော့ စူစူလေးက သူ့ကို ခေါ်ချင်ပါ့မလားဆိုတာ အဘိုးချင်း မသေချာပါ။ သူက အသက်ကြီးနေပြီဖြစ်သဖြင့် စူစူလေး ရှက်သွားမှာ စိုးရိမ်မိပါသည်။

ချင်းရှင်းကျစ်၏ မျက်နှာကလည်း သူ့အဖေအတိုင်းပင်။ မျက်လုံးထဲမှာ မျှော်လင့်ချက်ရောင်ခြည်များဖြင့် ပြည့်နှက်နေသည်။ ဒီလိုနေရာမျိုးမှာတော့ အဖေနဲ့ သား အလွန် တူလွန်းပါသည်။

ချင်းယုကျီးက စူစူလေးကို ပြုံးဖြီးကာ ကြည့်နေသည်။ သူ့ရဲ့ တောက်ပပြီး တက်ကြွသော အပြုံးနဲ့ သူ့ဒေါ်လေးကို ဆွဲဆောင်နိုင်ဖို့ မျှော်လင့်ထားသည်။

ချင်းယုဟွိုင်းက တခြားသူတွေလောက် ရုပ်မပျက်သော်လည်း နက်ရှိုင်းသော သူ့မျက်လုံးများက စူစူလေးကို စူးစူးစိုက်စိုက် ကြည့်နေပါသည်။

သူဂရုမစိုက်သည့်ပုံစံ ပေါက်သော်လည်း ဂရုစိုက်ပါသည်။

ချင်းယုချဲလည်း ထိုနည်းလည်းကောင်းပင်။ သူက အမြဲတမ်း ဒီပုံစံအတိုင်းဖြစ်သည်။ ထို့ကြောင့် သူများတွေလိုပဲ စူစူလေးနဲ့ အဖော်လိုက်သွားချင်တာလားဆိုတာကို ပြောရခက်ပါသည်။

အားလုံးကို ဝေ့ကြည့်လိုက်ပြီး စူစူလေး၏ မျက်နှာ ပဋိပက္ခဖြစ်သွားပါသည်။ တစ်ခုခုကို လေးလေးနက်နက် စဉ်းစားနေသည့်ပုံစံပင်။

စူစူလေးရဲ့ အဖြေကို မစောင့်ဘဲ ချင်းရှင်းကျစ်က ဦးစွာ ထပြောလိုက်သည်။ “ညီမလေး အစ်ကိုကြီးကို ခေါ်သွားပါ့လား။ အရင်တုန်းကလည်း သင်ရိုးပြင်ပ လှုပ်ရှားမှုတွေအတွက် ညီမလေးနဲ့အတူ အစ်ကိုကြီး တစ်ခါမှ မလိုက်ခဲ့ဖူးဘူး”

“အစ်ကိုကြီးကို မခေါ်ချင်ဘူး!” စူစူလေးက ပြတ်ပြတ်သားသား ငြင်းလိုက်ပါသည်။

“ဘာလို့တုန်း”။ ချင်းရှင်းကျစ် နာကျင်သွားသည်။

သူ့ညီမလေးက သူ့ကို မခေါ်သွားချင်ဘူးတဲ့!

ဘာလို့လဲ။

ကလေးတစ်ယောက်ရဲ့ ရွေးချယ်မှုတိုင်းက သူ့ရဲ့ ဦးစားပေးမှုအပေါ်မှာ မူတည်နေတတ်တယ်တဲ့။ သူ့ကို မရွေးဘူးဆိုတော့ စူစူလေးက သူ့ကို သိပ်သဘောမကျလို့လား။

“အစ်ကိုကြီး ခုတလော အလုပ်များနေတာလေ။ ကောင်းကောင်းနားမှ ဖြစ်မှာပေါ့!”။ စူစူလေးက လေးလေးနက်နက် ပြန်ပြောလိုက်သည်။

စကားတစ်ခွန်းတည်းနဲ့ ချင်းရှင်းကျစ်၏ စိတ်အခြေအနေ ပြန်လည် သာယာသွားသည်။

သူ့ညီမလေးက သိတတ်လိုက်တာ။ ဒီလောက်ငယ်ငယ်ရွယ်ရွယ်လေးနဲ့ သူများတွေအတွက် စဉ်းစားပေးတတ်နေပြီ!

ထို့နောက် စူစူလေးက ချင်းယုဟွိုင်းဘက်သို့ လှည့်ကာပြောလိုက်သည်။ “တူကြီးလည်း အတူတူပဲ။ အလုပ်တွေ အရမ်းလုပ်ရတော့ ကောင်းကောင်းအနားယူမှဖြစ်မယ်”

ချင်းယုဟွိုင်းမျက်မှောင်ကြုတ်သွားသည်။

သူလည်း… စူစူလေးနဲ့လိုက်သွားချင်သည်ဟု ထုတ်ပြောချင်ခဲ့သည်။ သူထုတ်မပြောခဲ့ပါ။ သို့သော် စူစူလေးကို စိုက်ကြည့်နေပြီး သူ့ကို လိုက်ခဲ့ပေးဖို့ တောင်းဆိုမှာကို စောင့်မျှော်နေခဲ့သည်။

သို့သော်လည်း… စူစူလေးက သူ့ကို တဲ့တိုး ပယ်ချလိုက်ပါသည်။

တူကြီးဖြစ်သူရဲ့ မကျေနပ်မှုကို စူစူလေး သတိမထားမိပါ။ သူမရဲ့ မျက်လုံးတောက်တောက်ပပလေးများက ချင်းယုချဲဆီ ရောက်သွားပါပြီ။

ချင်းယုချဲကိုပဲ စိုက်ကြည့်နေသဖြင့် အားလုံး စိတ်လှုပ်ရှားသွားကြပါသည်။

ချင်းယုချဲကို စူစူလေး အလွန်သဘောကျမှန်း အားလုံးသိကြသည်။ အရင်တစ်ခေါက် ငါးမျှားထွက်တုန်းကလည်း ချင်းယုချဲကို တွန့်ဆုတ်မှုမရှိဘဲ ရွေးချယ်သွားခဲ့သည်။

“တူချောလေးက ကိုယ်လုပ်စရာရှိတာတွေကို လိမ်လိမ်မာမာ သွားလုပ်!”။ ချင်းယုချဲအား စူစူလေး ပြောလိုက်သည်။

တူချောလေးလည်း ခုတလော သူ့ကိစ္စနဲ့သူ အလုပ်များနေသည်။ ထို့အပြင် စူစူလေးကလည်း တူချောလေးရဲ့ အိပ်မက်အတွက် အစွမ်းကုန် အားပေးမည်ဟု ကတိပေးထားပြီးသား ဖြစ်ပါသည်။

ထို့ကြောင့် ဒီတစ်ခါတော့ တူချောလေးကို ခေါ်သွားလို့ မဖြစ်တော့ပါ။

“ဟုတ်ပါပြီ”။ ချင်းယုချဲက ပြန်ပြောလိုက်သည်။ “နင့်အတွက် နေ့လည်စာ ထမင်းဘူး ပြင်ပေးမယ်”

စူစူလေးနဲ့အတူ လိုက်သွားလို့ မရရင်တောင် စူစူလေးအတွက် နေ့လည်စာဘူး ပြင်ပေးပါမည်။

စူစူလေး အရသာရှိတာတွေ စားရဖို့က သူ့တာဝန်ဖြစ်သည်။

“ဟုတ်ပြီ! ကျေးဇူးတင်ပါတယ် တူချောလေး!”။ စူစူလေး ပျော်ရွှင်သွားပါသည်။

သူမရဲ့ ပျော်ရွှင်မှုကို ဖော်ပြဖို့အတွက် ချင်းယုချဲနားကို ကပ်ကာ သူ့ပါးကို စူစူလေး နမ်းလိုက်သည်။

စူစူလေး နမ်းတာ ခံရသဖြင့် နကိုကတည်းက လူကြောက်တတ်သည့် ချင်းယုချဲ ရှက်ရွံ့စွာခေါင်းငုံ့သွားလေသည်။

တခြားသူတွေကတော့ ချင်းယုချဲကို မနာလိုဖြစ်စွာ ဝိုင်းကြည့်နေကြသည်။

ထို့နောက် ချင်းယုကျီးအား စူစူလေး ကြည့်လိုက်ပါသည်။

မျှော်လင့်ချက်တို့ ပြည့်ဝနေသော မျက်လုံးများဖြင့် စူစူလေး သူ့ကိုများ ရွေးတော့မလားဟု ချင်းယုကျီး ရင်ခုန်သွားသည်။ သူက စူစူလေးကို ဒေါ်လေးလို့ ခေါ်တဲ့ ပထမဆုံး တူလေးပဲ မဟုတ်လား။

ထို့အပြင် အားလုံးထက်အရင် စူစူလေးကို သူသိခဲ့တာဖြစ်သည်။ ထိုတစ်ချက်တည်းနဲ့တင် သူ့ကို ခေါ်သွားဖို့ လုံလောက်ပြီ မဟုတ်လား။

“တူလေး…”

“အေး ငါခုတလော အားနေတယ်”။ ချင်းယုကျီး ပြောလိုက်သည်။

“နင်မလိုက်ရဘူး”။ စူစူလေးက ပြောလိုက်ပါသည်။

“ဘာလို့လဲ”။ သူ့ဒေါ်လေး သူ့ကို သဘောမကျတော့ဘူးလား။

All Chapters