အခန်း (၂၇၈+၂၇၉)
Vol. 12 Ch. 278+279
အခန်း(၂၇၈) Surprise လုပ်ဖို့ အစီအစဉ်
“နင်က စာမေးပွဲကောင်းကောင်း ဖြေနိုင်အောင် ကြိုးစားရမယ်လေ”။ စူစူလေးက ရှင်းပြလိုက်ပါသည်။
သူမရဲ့ တူလေးက စာမေးပွဲနီးနေပါပြီ။ အစ်ကိုကြီးနဲ့ ယောက်မတို့က သူ့ကို စာမေးပွဲဖြေနိုင်စေဖို့ မျှော်လင့်ထားကြသည်။ သူမကြောင့် ချင်းယုကျီး စာလုပ်ပျက်မှာမျိုး မဖြစ်စေရပါ။
ဒီလိုကိုး…။
ချင်းယုကျီး စိတ်ဓာတ်ကျသွားသော်လည်း စူစူလေးက သူ့ကို စေတနာနဲ့ လိုက်ခွင့်မပေးတာဖြစ်မှန်း သိသဖြင့် ဘာမှ အထွန့်မတက်တော့ပါ။
တူ ၃ ယောက်နဲ့ အစ်ကိုကြီးဖြစ်သူတို့ကို စူစူလေး ငြင်းဆန်လိုက်ပြီဖြစ်သဖြင့် ကျန်သောသူများက ရင်တဒိတ်ဒိတ်ဖြစ်နေကြပါပြီ။
အဘိုးချင်းက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ “သမီးလေး။ အဲ့တာဆို ဘယ်သူ့ကို ခေါ်သွားချင်တာလဲ”
ပြိုင်ဘက်တွေ ဘယ်သူမှ မရှိတော့ဘူးဆိုတော့ သူ့အလှည့်ရောက်ပြီ မဟုတ်လား။
တကယ်ပါပဲလား…။ အဖေအရင်းဖြစ်တော့လည်း သူ့သမီးလေးရဲ့ ရင်ထဲမှာ သူက နံပါတ် ၁ ပဲပေါ့!
“မမလှလှ!” စူစူလေးက ပြန်ပြောလိုက်သည်။
“ဘာဖြစ်တယ်”။ အဘိုးချင်း ထိတ်လန့်သွားသည်။
“မမလှလှလေ!”။ စူစူလေးက ပြန်ပြောလိုက်ပါသည်။
သေချာပါသည်။ အဘိုးချင်းကို ရွေးတာမဟုတ်ဘဲ စန်းကျစ်ကို ရွေးသွားတာဖြစ်သည်။
“ဘာလို့ မမလှလှကို ရွေးတာလဲ”။ အဘိုးချင်းက မေးလိုက်သည်။
စန်းကျစ်ကို ရွေးတာ ကိစ္စမရှိသော်လည်း ဘာ့ကြောင့် သူ့ကို မခေါ်ရတာလဲဆိုတာကိုတော့ အကြောင်းပြချက် ပေးမှ ဖြစ်မည်။
သူအသက်ကြီးနေပြီလို့ စူစူလေးက ထင်လို့လား။ ကိုယ်လက်လှုပ်ရှားမှုတွေ မလုပ်နိုင်တော့ဘူးလို့ ထင်လို့လား။ ဒါမှမဟုတ် သူ့လို အဘိုးကြီးကို ခေါ်သွားရင် တခြားကလေးတွေကြားထဲ ရယ်စရာဖြစ်မှာ စိုးလို့လား။
“ဖေဖေက မေမေ့အတွက် အစီအစဉ်တွေရှိတယ်လို့ ကတိပေးထားတယ်လေ!” စူစူလေးက ရှင်းပြလိုက်ပါသည်။
ဖေဖေက မေမေ့အတွက် လက်ဆောင်တစ်ခု လျှို့ဝှက် ပြင်ဆင်ထားတာ!
သူမ မြင်ပြီးပါပြီ။
ဒီတစ်ပတ် အားလပ်ရက်ရောက်ရင် ဖေဖေက မေမေနဲ့ အတူတူရှိနေမှဖြစ်မှာပေါ့။ သူမနဲ့ တိရိစ္ဆာန်ရုံကို လိုက်လာလို့ ဖြစ်ပါ့မလား။
လျှို့ဝှက်ချက် ဖော်ထုတ်ခံလိုက်ရသောအခါ အဘိုးချင်း လိပ်ပြာမလုံဖြစ်သွားပါသည်။
Surprise လုပ်ရမယ့် ကိစ္စ ပျက်စီးသွားပြီ!
အဘိုးချင်းကို မယုံသင်္ကာကြည့်လိုက်ပြီးနောက် စူစူလေးကို အဘွားချင်း မေးလိုက်ပါသည်။ “သမီးလေးက ဘယ်လို သိတာလဲ”
“သမီး မြင်ခဲ့တာ! ပန်းတွေကော၊ အရောင်တောက်နေတဲ့ ဆွဲကြိုးလေးကော၊ ဝတ်စုံလှလှလေးကော…။ ဖေဖေက အဲ့တာတွေဝယ်ဖို့ သူများကို ခိုင်းနေတာ! ပြီးတော့ လှေအကြီးကြီးလည်း ရှိတယ်!”။ စူစူလေးက ဘာမှ မချန်ဘဲ အကုန် ဖွင့်ချလိုက်ပါသည်။
ပန်းတွေ၊ ဆွဲကြိုးတွေ၊ ဝတ်စုံလှလှတွေ၊ ပြီးတော့ လှေကြီးတစ်စင်းလည်း ပါသေးတယ်!
ချင်းမိသားစုဝင် ယောက်ျားသားများအားလုံး အဘိုးချင်းကို တူညီသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
အံ့အားသင့်မှု၊ လေးစားမှု၊ မျက်နှာပူမှု…
အဘိုးက တော်တော်ကဲတာပဲဟု ချင်းယုကျီး တွေးလိုက်ပါသည်။
တစ်နေ့နေ့ သူလည်း ရည်းစားရသည့်အခါ အဘိုးဖြစ်သူကို အကြံဉာဏ်တွေ တောင်းရပါမည်။
ရည်းစားမထားဖူးသည့် မြေးတွေကို အသာထားဦး၊ အိမ်ထောင်သက်တမ်း နှစ် ၂၀ ကျော်ရှိပြီး အဖေတစ်ယောက်လည်း ဖြစ်သည့် ချင်းရှင်းကျစ်တောင် မျက်နှာ ပူသွားရပါသည်။
အဘွားချင်းက သူမယောက်ျားဘက်သို့ လှည့်လိုက်သည်။ သူမ အကြည့်တွေက စူးရှနေပြီး မျက်နှာပေါ် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
အဘွားချင်း၏ အကြည့်ကြောင့် ရှက်သွားသဖြင့် အဘိုးချင်းတစ်ယောက် ဘာမသိညာမသိနဲ့ လျှို့ဝှက်ချက်တွေ ဖော်ထုတ်လိုက်သော စူစူလေးအား လှည့်ကြည့်လိုက်ပါသည်။
ဪ… သူ့သမီးလေးကတော့။ သူပြင်ဆင်ထားတဲ့ Surprise တွေကို ထုတ်ပြောလိုက်ရင်တောင်၊ သူ့ကို လူရယ်စရာ ဖြစ်အောင် လုပ်ရင်တောင် သူ့သမီးလေးကို စိတ်မဆိုးရက်ပါ။
အဘိုးချင်းက အဘွားချင်းကို ရှင်းပြရုံသာ ရှိတော့သည်။ “ဟုတ်တယ်။ သမီးလေးပြောတာ မှန်တယ်။ ဒီတစ်ပတ် အားလပ်ရက်ကျရင် မင်းနဲ့အတူ ဇိမ်ခံသင်္ဘောပေါ်မှာ အပန်းဖြေမလို့”
“ဘာနေ့ထူးနေ့မြတ်မှလည်း မဟုတ်ဘဲနဲ့ ဘာလို့ ကျွန်မနဲ့ အပန်းဖြေချင်ရတာတုန်း”။ အဘွားချင်းက မေးလိုက်ပါသည်။
“ငါတို့နှစ်ယောက်တည်း အတူတူ အချိန်မဖြုန်းတာ တော်တော်ကြာပြီလေ”။ အဘိုးချင်းက ပြောလိုက်ပါသည်။
စူစူလေး မွေးဖွားလာမှုကြောင့် အဘိုးချင်းနဲ့ အဘွားချင်းတို့ အလွန်ပျော်ရွှင်ခဲ့ရပါသည်။ သို့သော်လည်း ကလေးထိန်းဖို့ တာဝန်တစ်ခု ရှိလာသဖြင့် တစ်ယောက်ကိုတစ်ယောက် အချိန် သိပ်မပေးနိုင်ခဲ့ကြပါ။
ယခု အိမ်ဟောင်းကို ပြန်လည်ရောက်ရှိလာပြီဖြစ်ကာ စူစူလေးကို မိသားစုဝင်အတော်များများက လက်ခံနေကြပြီ ဖြစ်သဖြင့် သူတို့ တစ်နေကုန် စောင့်ကြည့်ပေးဖို့ မလိုအပ်တော့ပါ။
နှစ်ပေါင်းများစွာ အရာရာသည်းခံ ကြိုးစားပေးခဲ့သည့် ဇနီးဖြစ်သူကို ကျေးဇူးတင်ဖို့အတွက် အဘိုးချင်း နှစ်ယောက်တည်း အချိန်တူတူ ဖြုန်းချင်မိပါသည်။
အဘွားချင်းက ရယ်မောလိုက်ပြီး အဘိုးချင်း၏ လက်မောင်းကို ရှက်ကိုးရှက်ကန်းဖြင့် တွန်းကာ ပြောလိုက်သည်။ “အဘိုးကြီးကတော့ ဒီအသက်အရွယ်ကြီးနဲ့ ဘာတွေ အချိန်တူတူဖြုန်းချင်နေတာလဲ?!”
“ဘယ်အသက်အရွယ်ဖြစ်ဖြစ် မင်းက ငါ့မိန်းမလေ!”။ အဘိုးချင်းက ပြတ်သားသော လေသံဖြင့် ပြောလိုက်ပါသည်။
… … …
အခန်း(၂၇၉) အသက်ကြီးသော်လည်း ချိုမြိန်နေဆဲ
အဘွားချင်း မျက်နှာပေါ်မှာ ပျော်ရွှင်မှု ရှက်သွေးဖြာမှုတို့ ပေါ်လွင်သွားပါသည်။
ဒီအသက်အရွယ်မှာတောင် အဘွားချင်း ပါးတွေ နီမြန်းလာနိုင်သေးသည်။
“တော်ပါတော့ ကလေးတွေ ကြည့်နေတယ်!”
အနားမှာ သားသမီးတွေ ရှိနေသဖြင့် အဘွားချင်း ရှက်ရွံ့နေပါသည်။
“အောင်မယ်လေး! အစ်ကိုကြီးနဲ့ အဖေ၊ ကျွန်တော်အရေးတကြီး ပြောစရာတစ်ခုရှိတာ မေ့နေတယ်!”။ ချင်းယုကျီးက သူ့အဖေနဲ့ အစ်ကိုကြီးတို့ကို ဆွဲခေါ်သွားပါသည်။
ချင်းရှင်းကျစ်နဲ့ ချင်းယုဟွိုင်းတို့ကလည်း အရိပ်အကဲနားလည်စွာဖြင့် ချင်းယုကျီးနဲ့အတူ ခပ်မြန်မြန် ထွက်ပြေးသွားလေတော့သည်။
မသွားခင် ချင်းရှင်းကျစ်က စူစူလေးကိုပါ တပါတည်း ခေါ်သွားခဲ့သည်။
“အစ်ကိုကြီး ဘာလုပ်နေတာလဲ”။ စူစူလေးက ကြောင်စီစီဖြင့် မေးလိုက်ပါသည်။
သူတို့ ဆွေးနွေးလို့ မပြီးသေးဘူးလေ။ ဘာလို့ ထွက်လာကြတာလဲ။
“ညီမလေး ဖေဖေနဲ့ မေမေ့ကို နှစ်ယောက်တည်း ခဏလောက် လွှတ်ပေးထားလိုက်ပါ!”။ ချင်းရှင်းကျစ်က ရှင်းပြလိုက်ပါသည်။
“သူတို့ ရိုမတ်တစ် ဆန်ကြတော့မှာလား”။ စူစူလေး မေးလိုက်သည်။
“ဟုတ်တယ် ဟုတ်တယ်။ ရိုမတ်တစ် ဆန်ကြတော့မှာ!”။ ချင်းရှင်းကျစ်က ပြန်ဖြေပေးလိုက်ပါသည်။
ဒါကိုကြားတော့ စူစူလေးက ဆိုဖာပေါ်မှာ ထိုင်နေဆဲဖြစ်သည့် သူများတွေလောက် အရိပ်အကဲ နားမလည်သော ချင်းယုချဲအား လှမ်းခေါ်လိုက်သည်။ “တူချောလေး သွားကြမယ်! ဖေဖေနဲ့ မေမေတို့ လွတ်လွတ်လပ်လပ် နမ်းကြပါစေ!”
အဘိုးချင်းနဲ့ အဘွားချင်းတို့ ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။
တခြား ချင်းမိသားစုဝင်တွေလည်း မျက်လုံး ပြူးသွားကြပါသည်။
ချင်းရှင်းကျစ်က သူ့မိဘတွေကို လှည့်ပြောလိုက်၏။ “အဖေနဲ့ အမေ စကားဆက်ပြောကြနော်။ ယုကျီး ခုတလော ရိုင်းစိုင်းနေလို့ သူ့ကို နည်းနည်း သွားဆုံးမလိုက်ဦးမယ်!”
ထိုသို့ပြောပြီးနောက် စူစူလေးကို ပွေ့ချီပြီး အားလုံးထွက်သွားတော့သည်။
ချင်းယုချဲလည်း တခြားသူတွေနောက် အမြန် လိုက်သွားပါသည်။ ဒီလိုအချိန်မှ ထသွားရတာ မျက်နှာပူစရာ ကောင်းသော်လည်း ဒီတိုင်း ဆက်နေလျှင် ပိုပြီး ရှက်စရာ ကောင်းလိမ့်မည်။
ဘယ်သူမှ မရှိတော့သောအခါ ဆိုဖာပေါ်မှာ အဘိုးချင်းနဲ့ အဘွားချင်းတို့ နှစ်ယောက်တည်းသာ ကျန်ခဲ့ပါတော့သည်။
တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း အဘွားချင်း ရှက်သွားကာ သူမ ယောက်ျား၏ လက်မောင်းကို ရိုက်ပြစ်လိုက်သည်။ “ရှင့်ကြောင့်ဖြစ်တာ! အခု ကလေးတွေ အကုန်သိကုန်ပြီ!”
“သိပါစေပေါ့ကွာ! ငါတို့သာ ဒီလို ကြည်နူးမနေရင် ဒီကောင်တွေ မွေးလာမှာတောင် မဟုတ်ဘူး!”
“ရှင်တော်တော် အရေထူပါလား။ မရှက်တတ်ဘူးလား”
“ငါသာ အရေမထူရင် မင်းကို ပိုးပမ်းခဲ့မှာ မဟုတ်ဘူး!”
ငယ်စဉ်တုန်းက သူ့မိန်းမကို ပိုးပမ်းခဲ့သူတွေ အများကြီးရှိသည်။ ချိုင်ကျမ့်ယဲ့လည်း အပါအဝင်ဖြစ်ပါသည်။
သူသာ ရဲတင်းပြီး မသွက်လက်ခဲ့လျှင် သူ့မိန်းမ သူများနောက် ပါသွားလောက်ပါပြီ။
အဘွားချင်းက အဘိုးချင်းကို မျက်စောင်းထိုးလိုက်ပြီး မေးလိုက်ပါသည်။ “အဲ့တော့ ဒီတစ်ပတ် အားလပ်ရက်ကျရင်…”
“ဒီတစ်ပတ် အားလပ်ရက်ကျရင် မင်းအတွက် ငါဝယ်ပေးထားတဲ့ ဇိမ်ခံသင်္ဘောပေါ်မှာ သွားအပန်းဖြေကြမယ်”။ အဘိုးချင်းက ပြောလိုက်သည်။
Surprise လုပ်ဖို့ မအောင်မြင်သော်လည်း အစီအစဉ်တော့ ပျက်သွားလို့ မဖြစ်ပါ။
“ဒါပေမယ့် သမီးလေးက…”
“သမီးလေးကို ဟိုကောင်တွေ ထိန်းပလေ့စေ။ သမီးလေးက အရေးကြီးပေမယ့် မင်းလည်း အတူတူပဲလေ”။ အဘိုးချင်းက နူးညံ့စွာ ပြောလိုက်ပါသည်။
“အင်းပါ…”။ အဘွားချင်းက အနည်းငယ် ရှက်သွေးဖြာသွားသည်။ ထို့အပြင် ပျော်လည်း ပျော်ရွှင်သွားပါသည်။
နှစ် ၅၀ ကျော်အောင် ပေါင်းဖက်ပြီးတာတောင် အဘိုးကြီးက သူမကို ချိုချိုမြိန်မြိန် ဂရုစိုက်တတ်နေဆဲဖြစ်သည်။ ခံစားချက်က ပျားရည်အိုးထဲ ရောက်နေသလိုပင်။
--- --- ---
ဧည့်ခန်းထဲမှ ထွက်ပြေးလာကြပြီးနောက် တခြားမိသားစုဝင်များ လက်ဘက်ရည်ခန်းထဲမှာ လက်ဘက်ရည်သောက်ဖို့ စုဝေးလိုက်ကြသည်။
သေချာ ဆွေးနွေးပြီးနောက် စူစူလေးရဲ့ ဆုံးဖြတ်ချက်ကို အားလုံး သဘောတူလိုက်ပါသည်။ အဘိုးချင်းတို့ လင်မယားရဲ့ အပန်းဖြေခရီးကို မနှောင့်ယှက်တော့ဖို့ ဖြစ်သည်။
အားလပ်ရက်အတွက် သူတို့လင်မယား ကိုယ့်အစီအစဉ်ကိုယ် ချကြလိမ့်မည်။ စူစူလေးကိုတော့ တခြား မိသားစုဝင်တွေ လိုက်ပို့ပေးလို့ရပါသည်။
စန်းကျစ်က လိုက်သွားမှာ သေချာသော်လည်း သူမ တစ်ယောက်တည်း မလုံလောက်ပါ။ သူမကလည်း လူကြောက်တတ်သူဖြစ်ပြီး လူတွေနဲ့ ပြောဆိုဆက်ဆံသည့်နေရာမှာ မသင့်တော်ပါ။
“ငါလိုက်သွားလိုက်မယ်”။ ချင်းယုဟွိုင်းက ပြောလိုက်သည်။
“ငါလည်း သွားချင်တယ်!”။ ချင်းယုကျီးကလည်း ပုန်ကန်၏။
“မင်းမလိုက်သင့်ဘူး။ အိမ်မှာ ကိုယ့်ဖာသာကိုယ် စာလုပ်နေစမ်းပါ”။ ချင်းယုဟွိုင်းက ကန့်ကွက်လိုက်ပါသည်။
“ဘာလို့မလိုက်သင့်တာလဲ။ အစ်ကိုကြီး မင်းလည်း ခုတလော အလုပ်များနေတာပဲ မဟုတ်ဘူးလား။ မင်းကျတော့ လိုက်လို့ရပြီး ငါ့ကျတော့ ဘာလို့မရတာလဲ?!”။ ချင်းယုကျီး ပြန်ချေပလိုက်ပါသည်။