ရလဒ်
Vol. 159 Ch. 2262
အရှင်ထိုက်ရွှမ်နှင့် ကျန်သည့်သူများက ရီဖူရှင်းကို စစ်ဆေးကြည့်လိုက်သည်။ စီဝေ့ကြယ်ကမ္ဘာမှ ကျင့်ကြံသူတစ်ယောက်က ရှေ့သို့ တိုးလာခဲ့ပြီး ခရမ်းရောင်ကြယ်အလင်းတို့က သူ့ခန္ဓာကိုယ်ကို ဝန်းရံထားကာ ကုသခြင်းစွမ်းအင်က ရီဖူရှင်း၏ ခန္ဓာကိုယ်အတွင်း စိမ့်ဝင်သွားသည်။
သို့သော် ရီဖူရှင်းက သတိလစ်နေဆဲသာ ဖြစ်ပြီး ပြန်နိုးလာမည့် အရိပ်အယောင် မရှိသေးပေ။
"အချိန်ထပ်လိုမှာ စိုးမိတယ်။" ထိုလူက အသံနိမ့်နိမ့်နှင့် ပြောလိုက်သည်။ တစ်စုံတစ်ယောက်၏ စိတ်ဝိညာဥ်က ထိခိုက်သွားသောအခါ ၎င်းသည် ပြန်လည်အားပြည့်လာရန် အချိန်လိုအပ်ပေသည်။ အချိန်တိုအတွင်း ပြန်ကောင်းရန်မှာ မဖြစ်နိုင်ပေ။
"အင်း။" အရှင်ထိုက်ရွှမ်နှင့် အခြားလူများက ခေါင်းညိတ်လိုက်သည်။ သူတို့အားလုံးက ရီဖူရှင်း၏ အခြေအနေကို နားလည်ကြသည်။
ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များက သူ့အပေါ် အကြီးအကျယ် ထိခိုက်စေခဲ့သည်။ မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းကို ထိန်းချုပ်ခြင်းက မှန်းဆ၍ မရနိုင်သော ဖိအားကို ဖြစ်ပေါ်စေနိုင်သည်။
သူက မတ်တပ်ထရပ်ပြီး အက်ကြောင်းများနှင့် မြေပြင်ကို ကြည့်လိုက်သည့်အခါ ကောင်းကင်အာဏာစက်ကျောင်းတော်က ထပ်မရှိတော့ပေ။ အရှင်ထိုက်ရွှမ်နှင့် အခြားလူများက သက်ပြင်းချလိုက်ကြသည်။ သူက အခြားလူများကို ကြည့်ကာ မေးလိုက်သည်။ "ကျုပ်တို့ နောက်ထပ် ဘာလုပ်သင့်လဲ။"
၎င်းက ကောင်းကင်အာဏာစက်ကျောင်းတော်ကို ပြန်လည်တည်ဆောက်ခြင်း သို့မဟုတ် အခြားတစ်ခုခု ဖြစ်နိုင်ပေသည်။
ထိခိုက်မှုများစွာ ခံစားခဲ့ရသည့်အတွက် ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် ကောင်းကင်အာဏာစက်မြို့က ဖော်ပြရန်ခက်ခဲလှသည့် အခြေအနေထိ ထိခိုက်သွားခဲ့သည်။
"ကျောင်းတော်ကို အခု ပြန်ဆောက်ကြရအောင်။ အနာဂတ်မှာ ကျုပ်တို့ကို ဘယ်သူမှ ပြဿနာရှာရဲတော့မှာ မဟုတ်ဘူး။" ထျန်းဟယ်မဟာအကြီးအကဲက ပြောလိုက်သည်။ အရှင်ထိုက်ရွှမ်က ခေါင်းညိတ်လိုက်သည့်အခါ စီဝေ့ကြယ်ကမ္ဘာ၏ မဟာအကြီးအကဲ ရန်ဟောင်ချန်းက ပြောလာသည်။ "ကျောင်းတော် ပြန်တည်ဆောက်ပြီးသွားရင် အချင်းချင်း စောင့်ရှောက်နိုင်အောင် စီဝေ့ကြယ်ကမ္ဘာနဲ့ ဒီနေရာမှာ အာကာသခရီးသွားဝင်္ကပါ တည်ဆောက်ရမယ်။ ဒါမှ တစ်ခုခုဖြစ်ရင် မြန်မြန်ဆန်ဆန် ကူညီနိုင်မှာ။"
လူအုပ်ကြီးက မဟာအကြီးအကဲချန်း၏ စကားများကို ကြားသောအခါ အလေးအနက်ခေါင်းညိတ်လိုက်ကြသည်။ ကောင်းကင်အာဏာစက်ဘုံနှင့် စီဝေ့ကြယ်ကမ္ဘာတို့ အဆက်အသွယ် ဖြစ်လာသည့်အခါ သူတို့က အင်အားကြီးတစ်ခုအဖြစ် တည်ထောင်နိုင်ပေလိမ့်မည်။ ထိုသို့ဖြစ်လာလျှင် မူလဘုံ၏ အင်အားစုများကြားတွင် ထိတ်လန့်ကြောက်မက်ဖွယ် အင်အားစုတစ်ခု ဖြစ်လာပြီး ကောင်းကင်အာဏာစက်ကျောင်းတော်သည် မူလဘုံ၏ အင်အားစုများကြားတွင် အထွတ်အထိပ်တွင် ရပ်တည်နိုင်သည့် အင်အားစုတစ်ခု ဖြစ်လာပေလိမ့်မည်။
သို့သော် ယခု မူလဘုံက အရှုပ်အထွေးများ ဖြစ်နေလေရာ ဒေသခံအင်အားစုများသာ မဟုတ်ဘဲ ပြင်ပဘုံများမှ အင်အားစုများလည်း ရောက်နေပေသည်။
"သွားပြီး တခြားလူတွေကို ပြန်ခေါ်ခဲ့လိုက်။" အရှင်ထိုက်ရွှမ်က ပြောလိုက်သည်။ ဤတိုက်ပွဲပြီးနောက် မူလဘုံမှ ဖြစ်စေ ပြင်ပဘုံမှဖြစ်စေ မည်သည့်အင်အားစုကမှ ကောင်းကင်အာဏာစက်ကျောင်းတော်ကို ရန်စရန် သတ္တိရှိလိမ့်တော့မည်မဟုတ်ပေ။ မဟာအင်ပါယာအဆင့် ကျင့်ကြံသူတစ်ဦးက သူတို့ကို ကာကွယ်စောင့်ရှောက်ပေးနေလေရာ မည်သူက ရန်စဆန့်ကျင်ရဲပါမည်နည်း။
လေးမျက်နှာကျေးရွာ၏ ဆရာသခင်က သွေးလွှမ်းသွားစေရန် ဆန္ဒရှိလျှင် မည်သူမှ သူ့ကို ရပ်တန့်နိုင်လိမ့်မည် မဟုတ်ဘဲ ထိပ်တန်းကျင့်ကြံသူ အင်္သေချေက ကျဆုံးသွားရပေလိမ့်မည်။ သို့သော် သူက ထိုသို့ မလုပ်ခဲ့ပေ။ သို့ဆိုလျှင်ပင် မည်သူကမှ အလျင်စလို တစ်ခုခု လုပ်ဆောင်ရဲလောက်သည်ထိ သတ္တိရှိလိမ့်မည် မဟုတ်ပါချေ။
အရှင်ထိုက်ရွှမ်က ပြောပြီးသွားသည့်အခါ ထိပ်သီးကျင့်ကြံသူများက တာဝန်များကို စတင်လုပ်ဆောင်ရန် ခွဲဝေလိုက်ကြကာ မြေပြင်မှ အက်ကြောင်းများကို ပြန်လည်ဖာထေးလိုက်သည်။ သူတို့က ကောင်းကင်အာဏာစက်ကျောင်းတော် ပြန်လည်တည်ဆောက်ခြင်းကို စတင်လိုက်ကြသည်။ အချို့သော ကျင့်ကြံသူများက အခြားလူများကို ပြန်ခေါ်ရန် လေဟာနယ်အတွင်း ထွက်ခွာသွားပေသည်။
စီဝေ့အင်ပါယာနန်းတော်မှ မဟာအကြီးအကဲ ရန်ဟောင်ချန်းက ပြောလိုက်သည်။ "ကျုပ် သူ ပြန်ကုစားနိုင်ဖို့ စီဝေ့ကြယ်ကမ္ဘာရဲ့ မဟာအင်ပါယာ ကျင့်ကြံရေးနယ်မြေကို ခေါ်သွားပေမယ်။ မဟာအင်ပါယာရဲ့ စွမ်းအားက အဲဒီမှာ ရှိနေတာ။ ပြီးတော့ နန်းတော်သခင်ကိုယ်တိုင်ကလည်း ကြယ်တွေနဲ့ ပေါင်းစပ်နိုင်တာမို့ သူ့ရဲ့ ပြန်သက်သာမှုနှုန်းက ဒီမှာထက် မြန်နိုင်တယ်။"
"ကောင်းနိုင်တယ်။" အရှင်ထိုက်ရွှမ်နှင့် အခြားလူများက ခေါင်းညိတ်လိုက်သည်။ ထိုအကြံပြုချက်က ကောင်းမွန်ပေသည်။ ရီဖူရှင်းက စီဝေ့မဟာအင်ပါယာ၏ အမွေအနှစ်ကို ဆက်ခံခဲ့ပြီး ဖြစ်သည်။ ကြယ်ကောင်းကင်ကျင့်ကြံရေးနယ်မြေမှ မဟာအင်ပါယာ၏ စွမ်းအားက ရီဖူရှင်း ပြန်လည်ကုစားမှုကို ကူညီပေးနိုင်သည်။
"ဒီလိုဆိုရင် ကျုပ် အခုပဲ သူ့ကို ခေါ်ပြီး သွားတော့မယ်။ ပြီးတော့ အာကာသခရီးသွားဝင်္ကပါ တည်ဆောက်ဖို့အတွက်လည်း ပြင်ဆင်ရဦးမယ်။" ရန်ဟောင်ချန်းက ဆက်ပြောလိုက်သည်။ လူအုပ်ကြီးက ခေါင်းညိတ်လိုက်၏။ သူ့ဘေးမှ အင်ပါယာရှီက ပြောလိုက်သည်။ "ကျုပ်ရော လိုက်လို့ရနိုင်မလား သိချင်မိတယ်။ စီဝေ့မဟာအင်ပါယာရဲ့ စွမ်းအား ပါဝင်နေတဲ့ ကြယ်ကောင်းကင်က ဘာနဲ့တူလဲ မြင်ချင်မိလို့။"
အင်ပါယာရှီက နတ်ဘုရားကပ်ဘေး အဆင့်တစ်ခုကို ဖြတ်ကျော်ခဲ့ပြီးသော တစ်စုံတစ်ယောက် ဖြစ်သည်။ မဟာအင်ပါယာ၏ စွမ်းအားကို သိရှိကာ ခံစားနိုင်လျှင် သူ၏ ကျင့်ကြံခြင်းကို အထောက်အကူ ပြုနိုင်ပေလိမ့်မည်။
"အဲဒါ ပြဿနာမရှိဘူး။" ရန်ဟောင်ချန်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။ အင်ပါယာရှီက ကျင့်ကြံခြင်းအဆင့်တွင် သူနှင့် တန်းတူညီတူ ရှိပြီး ထိပ်သီးပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်နိုင်သည်။ ထို့ပြင် သူက အကျပ်အတည်းကာလ၌ အကူအညီပေးရန် လာရောက်ခဲ့သော ရီဖူရှင်း၏ စီနီယာတစ်ဦး ဖြစ်သေးသည်။ ရီဖူရှင်းက စီဝေ့အင်ပါယာနန်းတော်၏ နန်းတော်သခင် ဖြစ်သည်။ သူက အင်ပါယာရှီကို မည်သည့်အတွက်ကြောင့် ကြယ်ကောင်းကင်၌ ကျင့်ကြံရန် ခွင့်မပြုနိုင်ရပါမည်နည်း။
အားလုံးသော အချက်များကို ပေါင်းစပ်လိုက်သည့်အခါ သူ့အတွက် အင်ပါယာရှီ၏ တောင်းဆိုချက်ကို ငြင်းပယ်ရန် အကြောင်းပြချက် မရှိပေ။
"ဒါဆို သွားကြတာပေါ့။" ရန်ဟောင်ချန်းက ပြောလိုက်သည်။ ချက်ချင်းပင် ထိပ်သီးကျင့်ကြံသူများက ရီဖူရှင်းကို ခေါ်ဆောင်ကာ စီဝေ့ကြယ်ကမ္ဘာသို့ ထွက်ခွာသွားလေသည်။ အင်ပါယာရှီ၊ ဆေးအင်ပါယာနှင့် မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်တို့လည်း စီဝေ့ကြယ်ကမ္ဘာသို့ လိုက်ပါလာသည်။
အရှင်ထိုက်ရွှမ်နှင့် သူ့လူများက နေရစ်ခဲ့သည်။ သူတို့အတွက် ထိုသို့လုပ်ရန် အခွင့်အရေးများစွာ ရှိနေသေးသည်။ ရန်ဟောင်ချန်း၏ အကြံပေးမှုနှင့် နှစ်နေရာကို ဆက်သွယ်ရန် အာကာသခရီးသွားဝင်္ကပါကို တည်ဆောက်ပြီးသည်နှင့် သူတို့က ကြယ်ကမ္ဘာနှင့် သူတို့နေရာကို အချိန်မရွေး သွားလာနိုင်ပေသည်။
ထိပ်သီးကျင့်ကြံသူများက သူတို့၏ ကိုယ်ပိုင်အရေးကိစ္စများနှင့် အလုပ်ရှုပ်နေခဲ့ပြီး မူလဘုံမှ အင်အားစုအမျိုးမျိုး ပြန်သွားခဲ့သည်။ သို့သော် ပြန်သွားပြီးနောက် ထိုအင်အားစုများက ယခင်ကနှင့် ကွဲပြားသွားပေသည်။ သူတို့က ကြောက်ရွံ့ထိတ်လန့်နေကြ၏။
ရှန်ကလန်အတွက် သူတို့၏ အကြီးအကဲချုပ်နှင့် ရှန်းကျီက လွန်ခဲ့သော နှစ်နှစ်ဆယ်ကျော်က တိုက်ပွဲတွင် သေဆုံးခဲ့သည်။ လက်ရှိတွင် သူတို့၏ ကလန်ခေါင်းဆောင်နှင့် ရှန်ကောင်းကလည်း အောင်မြင်စွာ သတ်ဖြတ်ခံလိုက်ရပြီးဖြစ်ကာ အထက်ဘုံမှ ရှန်ကလန်၌ အသက်ရှင်ကျန်ရစ်သော အစွမ်းထက်ပုဂ္ဂိုလ် အနည်းငယ်သာလျှင် ကျန်ရစ်တော့ပေသည်။ ယခုတွင် ရှန်ကလန်၏ ထိပ်သီးကျင့်ကြံသူများအားလုံးက စုဝေးနေကြပြီး သူတို့က အထက်ဘုံရှိ သူတို့ကလန်မှ ထိပ်သီးပုဂ္ဂိုလ်များကို ကြည့်နေကြသည်။
လက်ရှိတွင် သူတို့က ထိုသူတို့အပေါ်၌သာ မျှော်လင့်ချက်များကို ပုံအပ်ထားရန်သာ တတ်နိုင်ပေသည်။ ရှန်ကလန်နှင့် ကောင်းကင်အာဏာစက်ကျောင်းတော်ကြားမှ ပတ်သတ်မှုအရ တစ်ဖက်လူများက လက်တုန့်ပြန်လာလျှင် သူတို့၏ ရှန်ကလန်က ကျိန ဖျက်ဆီးခံရပေလိမ့်မည်။
သို့သော် အထက်ဘုံမှ သူတို့၏ ထိပ်သီးကျင့်ကြံသူများနှင့်ပင် ရှန်ကလန်က အသက်ရှင်လျက် ဆက်လက် ထိန်းသိမ်းထားနိုင်ပါမည်လား။
"ငါနဲ့ လိုက်ခဲ့ဖို့ လူတစ်သုတ်လောက်ရွေးလိုက်။" ထိုထိပ်သီးကျင့်ကြံသူများက ရှန်ကလန်မှ အကြီးအကဲတစ်ယောက်ကို ပြောလိုက်သည်။ ချက်ချင်းပင် ရှန်ကလန်မှ အဖွဲ့ဝင်များက စိတ်ဓာတ်ကျသည့် အမူအရာတို့ ဖြစ်ပေါ်လာသည်။ သူတို့က အောက်ဘုံမှ ရှန်ကလန်ကို စွန့်ပစ်သွားရတော့မည်လား။
လူတစ်သုတ်ရွေးချယ်၍ ခေါ်ဆောင်သွားခြင်းမှာ အစွမ်းထက်သော သူများသာ ပါဝင်လိမ့်မည် ဖြစ်ပြီး အခြားလူများကို ချန်ရစ်ကာ စွန့်ပစ်လိုက်သည့် အဓိပ္ပာယ်ပင် ဖြစ်သည်။
"နားလည်ပါပြီ။" ရှန်ကလန်မှ ထိုအကြီးအကဲက သူတို့ကို ဆန့်ကျင်ရန် မဝံ့ရဲပါချေ။ ကိစ္စများက မည်သို့ ဖြစ်လာမည်ကို သူ့တွင် ရွေးချယ်ခွင့် မရှိပေ။
"မင်းတို့ လူစုခွဲလို့ရပြီ။" အထက်ဘုံမှ ရှန်ကလန်၏ ထိပ်သီးကျင့်ကြံသူတစ်ယောက်က ဆက်ပြောလိုက်ပြီး ၎င်းသည် ရှန်ကလန်မှ အစွမ်းထက်ပုဂ္ဂိုလ်များက ယခု အသုံးမဝင်တော့ဟု ပြောလိုက်သလိုပင် ဖြစ်သည်။ အောက်ဘုံမှ ရှန်ကလန်က လုံးဝ စွန့်ပစ်ခံလိုက်ရပြီ ဖြစ်သည်။ သူတို့သည် လူစုခွဲဖို့ ပြောခြင်းကို ခံခဲ့ရပြီး မူလဘုံ၏ ထိပ်သီးအင်အားစုများထဲမှ တစ်ခု မဟုတ်ခဲ့ပေ။
ထိုတိုက်ပွဲပြီးနောက် ဗဟိုအင်ပါယာဘုံ၌ လွှမ်းမိုးခဲ့သော အစွမ်းထက် ရှန်ကလန်၏ တိမ်စိုင်များကဲ့သို့ လွင့်ပျယ်သွားပြီး သမိုင်းတစ်ခု ဖြစ်လာပေလိမ့်မည်။
လူတိုင်းက ဝမ်းနည်းမှုကို ခံစားနေကြရပေသည်။
ဖြစ်ပျက်ခဲ့သော အရာအားလုံးသည် တစ်ချိန်က အထင်ကြီးဖွယ် မရှိခဲ့သော ရှန်ကလန်မှ အထင်အမြင်သေးခဲ့သည့် ကျင့်ကြံသူတစ်ယောက်နှင့် သက်ဆိုင်နေသည်။ သူက ထျန်းဟယ်မဟာအကြီးအကဲ၏ တပည့်ဖြစ်သော ချင်ရွှမ်ကန်း၏ တပည့် ဖြစ်လေသည်။
ရှန်ကလန်၏ ထိပ်သီးပုဂ္ဂိုလ်သုံးယောက်က သူ့ကြောင့် သေဆုံးခဲ့ရပြီး ရှန်ကလန်က သူ့ကြောင့် ပျက်စီးခဲ့ရသည်။
ရှန်ကလန်သာမက မူလဘုံအတွင်းမှ အင်အားစုများစွာသည်လည်း တူညီသော မြင်ကွင်းကို တွေ့ကြံနေရသည်။
ဥပမာအနေနှင့် ရွှေရောင်နတ်ပြည်ထောင်အတွင်း သူတို့၏ ထိပ်သီးပုဂ္ဂိုလ်များက ထပ်မံစုစည်းနိုင်စွမ်းမရှိတော့ဘဲ ရွှေရောင်နတ်ပြည်ထောင်မှ အများစုက ထွက်သွားကြပြီ ဖြစ်သည်။ သူတို့ ထွက်မသွားခင် တိုက်ပွဲကြီး ဖြစ်ပွားခဲ့ပြီး ရွှေရောင်နတ်ပြည်ထောင်၌ ရှိသော ရတနာများနှင့် အရင်းအမြစ်တို့ကို လုယက်သွားခဲ့သည်။ တိုက်ပွဲက အလွန် ကြောက်မက်ဖွယ် ကောင်းလှပြီး သူတို့၏ မင်းသားပင် ကျဆုသွားခဲ့ရသည်။
ရွှေရောင်နတ်ပြည်ထောင်ဘုရင်နှင့် ကိုက်ချုံတို့ မရှိတော့သည့်အခါ မည်သူက ဂရုစိုက်ရန် ကျန်ရစ်မည်နည်း။ ရွှေရောင်နတ်ပြည်ထောင်က ပျက်စီးခြင်းဆိုက်ရောက်သည်နှင့် သူတို့ လုပ်ဆောင်လိုသမျှက လုယက်ရန်သာ ဖြစ်သည်။ သူတို့၏ အဆင့်အတန်းဖြစ်စေ မည်သည်ကို ဖြစ်စေ မည်သူကမှ အာရုံစိုက်လိမ့်တော့မည် မဟုတ်ပေ။
ယခု လူတိုင်းက ဆက်လက်အသက်ရှင်ဖို့ရာ အာရုံစိုက်ရန်သာ လိုသည်။
အချို့အင်အားစုများက ဖျက်သိမ်းရန် အစီအစဥ်မရှိကြပေ။ သို့သော် သူတို့က ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် ရန်ငြိုးများ ပြေလျော့စေရန် ကျောင်းတော်သို့ သွား၍ ခွင့်လွှတ်ဖို့ရာ တောင်းပန်ရန် ဖြစ်စေ ငြိမ်းချမ်းရေးယူရန် အတွက် ဖြစ်စေ လုပ်သင့်သလား ဆွေးနေကြသည်။ မဟုတ်လျှင် မူလဘုံက မည်မျှ ကျယ်ပြောနေပါစေ သူတို့က နေစရာနေရာရှိတော့မည် မဟုတ်ပေ။
***