← Chapters

အခန်း (၂၈၀+၂၈၁)

Vol. 12 Ch. 280+281

အခန်း (၂၈၀+၂၈၁)

Vol. 12 Ch. 280+281

အခန်း(၂၈၀) မူကြို သင်ရိုးပြင်ပ လှုပ်ရှားမှု (၁)

“ငါက ဒီနေ့ည အလုပ်ပြန်လုပ်လို့ရတယ်။ မင်းက စာမေးပွဲအတွက် ပြင်ဆင်ဖို့ စက္ကန့်တိုင်းက အရေးကြီးတယ်။ နေ့ဖြစ်ဖြစ် ညဖြစ်ဖြစ် အားမပြတ်သေးရင် စာပဲလုပ်နေသင့်တယ်”။ ချင်းယုဟွိုင်းက ဆုံးမလိုက်သည်။

“အစ်ကိုကြီး ပြောရက်လိုက်တာ”။ ချင်းယုကျီး မခံချင်ဘဲ ပြန်ချေပဖို့ ကြိုးစားလိုက်ပါသည်။

“တော်တော့ ယုကျီး။ မင်းအစ်ကိုကြီး ‌ပြောတာကို နားထောင်။ တခြား ကိစ္စတွေထက် မင်းအခုချိန်မှာ အိမ်မှာနေပြီး စာပဲ လုပ်သင့်တာ။ စနေ တနင်္ဂနွေရက်တွေပဲမဟုတ်ဘူး တခြားရက်တွေမှာပါ စာလုပ်နေရမှာ။ အခုချက်ချင်း စာကြည့်ခန်းထဲ ဝင်လိုက်တော့”။ ချင်းရှင်းကျစ်က ဝင်ရောက်ဆုံးဖြတ်ပေးလိုက်ပါသည်။

သားငယ်ဖြစ်သူက စာမေးပွဲအတွက် ပြင်ဆင်ဖို့လိုပြီး သူကိုယ်တိုင်ကလည်း သတ္ထုတွင်း ကုမ္ပဏီ စာချုပ်ကိစ္စနဲ့ အလုပ်များနေလိမ့်မည်။

ထို့ကြောင့် သားကြီးဖြစ်သူက ရင့်ကျက်သူဖြစ်သည့်အလျောက် လူကြောက်တတ်သော စန်းကျစ်ကို ကူညီပေးနိုင်ပါသည်။

အဖေဖြစ်သူကပါ ဝင်ပြောနေသဖြင့် ချင်းယုကျီး ရွေးချယ်စရာမရှိတော့ဘဲ ကိုယ့်ကံကြမ္မာကိုယ် လက်ခံလိုက်ရတော့သည်။

--- --- ---

အားလပ်ရက် ရောက်သောအခါ ကလေးတွေအားလုံး အုပ်ထိန်းသူများနဲ့အတူ ဟုံဖုန်းမူကြိုကျောင်းရှေ့မှာ ရောက်ရှိနေကြပါပြီ။

စူစူလေးလည်း ဘယ်ဘက်မှာ ချင်းယုဟွိုင်း၊ ညာဘက်မှာ စန်းကျစ်တို့ကို အသီးသီး လက်တွဲလျက် ထင်ထင်ရှားရှား ရောက်ရှိလာခဲ့ပါသည်။

ခြေလှမ်းကျယ်ကျယ်များ လှမ်းရင်း သူမရဲ့ ခန္ဓာကိုယ်သေးသေးလေးနဲ့ မလိုက်ဖက်သော အရှိန်အဝါများထွက်နေလေသည်။

စန်းကျစ်တစ်ယောက် အနည်းငယ် ရှက်ရွံ့နေပြီး ဘေးနားကလူတွေကို မကြည့်ရဲသဖြင့် ခေါင်းငုံ့ထားပါသည်။

ချင်းယုဟွိုင်းက မျက်လုံးထောင့်မှ စန်းကျစ်ကိုကြည့်လိုက်သည်။ မသိလျှင် သူမဝတ်ထားသည့် အားကစားဝတ်စုံ အပွထဲ တစ်ကိုယ်လုံး ကျုံ့ဝင်သွားတော့မည်ဟု ထင်ရလောက်သည်။

ချင်းလောင်ယွင်လည်း ရောက်လာပါသည်။ စူစူလေးလိုပဲ သူမရဲ့ အုပ်ထိန်းသူနှစ်ယောက်ဖြစ်သော အဖေနဲ့ အမေကို ခေါ်လာသည်။

ဒီနေ့ ချင်းလောင်ယွင်က ပုံမှန်ထက် ထူးခြားနေပါသည်။ သူမရဲ့ အပြုံးနဲ့ မျက်လုံးများက အလွန်တောက်ပလျက်ရှိသည်။

အဘယ့်ကြောင့်ဆိုသော် ဒီနေ့က သူမကို သူမ မိဘတွေ မူကြိုကျောင်း လိုက်ပို့ဖူးခြင်း ဖြစ်တာကြောင့်ပင်။

ယခင်တုန်းက သူမရဲ့ အဘိုးအဘွားတွေကသာ လိုက်ပို့ပေးလေ့ရှိသည်။ တခြားကလေးတွေ သူတို့ရဲ့ အဖေအမေတွေနဲ့ ကစားနေကြတာကိုမြင်လျှင် သူမ မနာလို အားကျဖြစ်ခဲ့ရပါသည်။

နောက်ဆုံးတော့ သူမရဲ့ အဖေအစစ် အမေအစစ်တို့ကို ခေါ်လာနိုင်ပါပြီ။

ချင်းယုဟွိုင်း၊ စန်းကျစ်တို့နဲ့အတူ ရောက်လာသော စူစူလေးကို မြင်သောအခါ ချင်းလောင်ယွင် ဘဝင်ခိုက်သွားမိသည်။

ချင်းစူစူက သူ့မိဘတွေ အရမ်းအသက်ကြီးနေလို့ ခေါ်မလာတာဖြစ်မယ်ဟု ချင်းလောင်ယွင် တွေးလိုက်သည်။

ချင်းစူစူရဲ့ မိဘတွေ အသက်အရမ်းကြီးနေတာကို တခြားကလေးတွေ လှောင်ပြောင်မှာစိုးတာကြောင့် ဖြစ်လိမ့်မည်။

သူမရဲ့ မိဘတွေကတော့ ငယ်ရွယ်ဆဲဖြစ်ပြီး မပင်ပန်းဘဲ သူမနဲ့ တစ်နေကုန် အဖော်ပြုပေးနိုင်လိမ့်မည်။

ချင်းလောင်ယွင်ကို မြင်သောအခါ ကျိုးဟောက် အမြန်ပြေးလာပါသည်။ “ယွင်ယွင် သူတို့က ဘယ်သူတွေလဲ”

“ငါ့ဖေကြီးနဲ့ မေကြီးလေ!”။ ချင်းလောင်ယွင်က ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။

“ဟုတ်လား အဲ့တာဆိုကောင်းတာပေါ့! နင့်ကို အဖေ အမေ မရှိဘူးလို့ တခြားသူတွေ ပြောလို့ မရတော့ဘူး!”။ ကျိုးဟောက်လည်း ချင်းလောင်ယွင်အတွက် ဝမ်းသာသွားသည်။

ယခင်တုန်းက ချင်းလောင်ယွင်ရဲ့ အဖေနဲ့ အမေတို့ မူကြိုကို တစ်ခါမှ မလာဖူးသဖြင့် ကလေးဆိုးတချို့က ချင်းလောင်ယွင်ကို အဖေ အမေမရှိဟု လှောင်ပြောင်ဖူးသည်။

“အင်း!”။ ချင်းလောင်ယွင်က ခေါင်းငြိမ့်လိုက်ပါသည်။ သူမရဲ့ ပျော်ရွှင်မှုနဲ့ ဂုဏ်ယူမှုတို့ကို ထိန်းချုပ်မရပါ။

ချင်းချန်းကျစ်နဲ့ ကျန်းဝမ်ဝမ်တို့ လင်မယားနှစ်ယောက် သူစိမ်းတွေရှေ့မှာ ပျော်ချင်ယောင် ဆောင်ဖို့ မနည်းကြိုးစားထားရသဖြင့် မျက်နှာတွေ တောင့်တင်းနေပါသည်။

ဒီလို ကလေးဆန်သည့် အစီအစဉ်တွေကို သူတို့ တကယ် မကြိုက်ပါ။

ရှုထျန်းဖေး ပေးထားသည့် တာဝန်ကြောင့်သာ မဟုတ်လျှင် ဒီလို အရေးမပါသည့် မူကြို အစီအစဉ်မှာ သူတို့သမီးနဲ့အတူ လိုက်လာခဲ့မှာ မဟုတ်ပေ။

အရင်တစ်ခေါက် ပြဿနာဖြစ်ပြီး ချင်းချန်းကျစ်နဲ့ ကျန်းဝမ်ဝမ်တို့ လင်မယား ချင်းမိသားစုအိမ်နားကို ကပ်ခွင့် မရတော့ပါ။

ဟွော်ထျင်းကလည်း အပြင်ထွက်လျှင် ဘော်ဒီဂတ်တွေအများကြီး ခြွေရံပြီး ထွက်လေ့ရှိသဖြင့် သူတို့ ဘာမှ မတတ်နိုင်ကြပါ။

နောက်ဆုံးမှာတော့ တခြားရွေးချယ်စရာမရှိတော့ဘဲ သူတို့ သမီးနဲ့အတူ ဒီမူကြိုကျောင်း အစီအစဉ်ကို အသုံးချဖို့ ကြိုးစားကြတော့သည်။

ချင်းချန်းကျစ်က ချင်းလောင်ယွင်၏ လက်ကို လွှတ်လိုက်ပြီး စူစူလေးဆီ လျှောက်လာခဲ့ပါသည်။

စူစူလေးနား ရောက်သွားသောအခါ စန်းကျစ်က စူစူလေးရှေ့မှာ ပိတ်ရပ်လိုက်ပြီး ချင်းချန်းကျစ်အား တားလိုက်သည်။

“ရှင်ဘာလုပ်မလို့လဲ”။ စန်းကျစ်က သံသယအပြည့်ဖြင့် မေးလိုက်သည်။

လူကြောက်တတ်သော်လည်း စူစူလေး အန္တရယ်ဖြစ်မည့် ကိစ္စမျိုးနဲ့ ပတ်သတ်လာလျှင် သူမ အလွန် ကြမ်းကြုတ်သွားတတ်သည်။

… … …

အခန်း(၂၈၁) မူကြိုကျောင်း သင်ရိုးပြင်ပ လှုပ်ရှားမှု (၂)

“မိန်းကလေး အဲ့လောက်ကြီး တင်းမာနေဖို့ မလိုပါဘူး။ ကျုပ်က ကျုပ်ညီမလေးနဲ့ တူလေးတို့ကို လာနှုတ်ဆက်တာပါ”။ ချင်းချန်းကျစ်က ရိသဲ့သဲ့အပြုံးဖြင့် ပြောလိုက်သည်။

အရင်တုန်းကလိုသာဆို ချင်းမိသားစုဝင်ဟူသည့် အရှိန်အဝါကို အသုံးချပြီး ဒီလို သူစိမ်းတစ်ယောက်ကို မောင်းထုတ်ပစ်လိုက်နိုင်သည်။ သို့သော်လည်း အရင်တစ်ခေါက်က သင်ခန်းစာ ရပြီးသွားပြီဖြစ်သဖြင့် ဘယ်သူ ဘယ်ဝါမှန်း မသိသည့် လူတွေကို ချင်းချန်းကျစ် မဆင်မခြင် မတိုက်ခိုက်ရဲတော့ပါ။

“ခပ်ဝေးဝေးက နှုတ်ဆက်လည်း ရတယ်။ ဒီလောက်ကြီး အနားကပ်စရာ မလိုဘူး!”။ စန်းကျစ်က သတိပေးလိုက်သည်။ “ရှင်နောက်ပြန်ဆုတ်လိုက်ပါ။ အနည်းဆုံး စူစူလေးနဲ့ ၁၀ မီတာ အကွာမှာနေ! မဟုတ်ရင် ရှင့်ကို တဏှာရူးကောင်လို့ ကျွန်မ သတ်မှတ်လိုက်မှာနော်!”

ချင်းယုဟွိုင်းတစ်ယောက် စန်းကျစ်ဆီမှ မျက်လုံးတွေကို မခွာနိုင်ပေ။

လူတစ်ယောက်တည်းမှာ ဒီလို ဆန့်ကျင်ဘက် စရိုက် ၂ မျိုးရှိနေတာ သူတစ်ခါမှ မမြင်ဖူးပါ။ သို့သော် ဘာကြောင့်မှန်း မသိဘဲ သဘောကျဖို့ကောင်းပြီး ချစ်ဖို့လည်း ကောင်းသလိုလို ရှိသည်။

ချင်းယုဟွိုင်း အတွေးများနေသဖြင့် ချင်းချန်းကျစ်ကို မောင်းထုတ်ရန် စန်းကျစ်ကို ကူညီပေးဖို့တောင် မေ့နေပါသည်။

“ဟုတ်ပါပြီ ဟုတ်ပါပြီ။ ငါနောက်ဆုတ်ပါ့မယ်!”။ ချင်းချန်းကျစ်က စန်းကျစ်ကို မကျေနပ်စွာ ကြည့်လိုက်သည်။ သို့သော်လည်း သူတို့ လုပ်ရမည့် အကြံအစည်တွေကို ပြန်တွေးပြီး နောက်ဆုတ်ပေးလိုက်ပါသည်။

ဒီ ရုပ်ဆိုးဆိုး သောက်ကလေးမကတော့! လခွမ်းပဲ! မကြာခင် မျက်ရည်နဲ့ မျက်ခွက် ဖြစ်သွားစေရမယ်!

တိရိစ္ဆာန်ရုံထဲ ရောက်တာနဲ့ သူ့ခြေချောင်းတွေကို တစ်ပတ်လောက် ဖူးယောင်သွားအောင် လုပ်ခဲ့သည့် မိစ္ဆာမလေးကိုလည်း ကျားလှောင်အိမ်ထဲ ပစ်ထည့်ပေးလိုက်မည်။

ချင်းလောင်ယွင်နား သူမ အဖေ ပြန်ရောက်လာသောအခါ သူမ မျက်နှာပေါ်က ပျော်ရွှင်မှုများ ပြန်လည် ပျောက်ကွယ် သွားခဲ့ရသည်။

“ဖေကြီး။ ချင်းစူစူ ဖေကြီးကို အနိုင်ကျင့်ပြန်ပြီလား”။ ချင်းလောင်ယွင်က စိတ်ပူစွာ မေးလိုက်သည်။

“နင်မမြင်ဘူးလား။ မြင်ရဲ့သားနဲ့ လာမေးနေသေးတယ်!”။ ချင်းချန်းကျစ်က စိတ်မရှည်စွာ ပြန်ပြောလိုက်ပါသည်။

ချင်းလောင်ယွင် နှုတ်ခမ်းတွေ စည်းတင်းသွားပြီး မျက်လုံးတွေမှာလည်း ဝမ်းနည်းမှုတွေ မကျေနပ်မှုတွေ ပေါ်လာသည်။

သူမ ချင်းစူစူကို သဘောမကျတော့ပါ။ သူမ ဖေကြီးနဲ့ မေကြီးကို အနိုင်ကျင့်ခဲ့သည်။ ထို့ကြောင့် သူမ ဖေကြီးနဲ့ မေကြီးတို့က အမြဲတမ်း စိတ်တိုနေတတ်ပြီး သူမကိုလည်း ဆူသည်။

မူကြိုဆရာမတွေ လူစာရင်း စစ်ပြီးသောအခါ ကလေးများနဲ့ အုပ်ထိန်းသူများကို စီစဉ်ထားသည့် ဘတ်စ်ကားများပေါ် တက်ခွင့်ပေးလိုက်ပြီး ခရီးစတင် ထွက်ခွာလေတော့သည်။

နာရီဝက်ခန့်ကြာသောအခါ တိရိစ္ဆာန်ရုံဝင်ပေါက်သို့ ရောက်ရှိသွားခဲ့ကြသည်။ ဆရာ ဆရာမများ၏ ဦးဆောင်မှုဖြင့် ကလေးများက စနစ်တကျ တန်းစီကာ တိရိစ္ဆာန်ရုံထဲ တစ်ယောက်ချင်း ဝင်ခဲ့ကြပါသည်။

ပထမဆုံး အရွက်စား တိရိစ္ဆာန်များကို လိုက်ကြည့်ခဲ့ကြသည်။

သမင်ကြီးများ၊ သစ်ကုလားအုပ်များ၊ ဆင်များ၊ ကြံ့များ၊ မြင်းများ၊ နွားများ၊ မြည်းများ၊ တောဆိတ်များ၊ ကုလားအုပ်များ သားပိုက်ကောင်များ၊ သိုးများ၊ လိပ်များ၊ မြင်းဒရယ်များ၊ မြင်းကြားများ၊ ငှက်ကုလားအုပ်များ စသည်ဖြင့်...။

တိရိစ္ဆာန်လေးများကို မြင်သောအခါ ကလေးတွေ အားလုံး မှင်သက် ပျော်ရွှင်ခဲ့ကြပါသည်။

စူစူလေးကတော့ ထိုမြင်ကွင်းတွေကို မြင်ဖူးပြီးသား ဖြစ်သည့်အလား ဘာမှ စိတ်မလှုပ်ရှားခဲ့ပါ။

စန်းကျစ်ကတော့ ဆန့်ကျင်ဘက်ပင်။ တခြားကလေးတွေနဲ့ ဟိုပြေးလိုက် ဒီပြေးလိုက်လုပ်နေပြီး သူမကိုယ်သူမ ကလေး တစ်ယောက်ဟု ထင်နေပုံရသည်။

“စူစူလေး ဟိုမှာကြည့်စမ်း သားပိုက်ကောင်ကြီးတွေ ဒီဘက်ကို ကြည့်နေကြတယ်!”။ စန်းကျစ်က ပျော်မြူးစွာ ပြောလိုက်သည်။

“အင်း” စူစူလေးက ပျင်းရိပျင်းတွဲ အိပ်ငိုက်စွာ ပြန်ပြောလိုက်ပါသည်။

“စူစူလေး ဟိုမှာကြည့် ဟိုမှာကြည့်! ဒေါင်းကြီး အမြှီးဖြန့်ပြနေတယ်! ငါဒါမျိုး တစ်ခါမှမမြင်ဖူးဘူး လှလိုက်တာ!”

“အင်း…”

မမလှလှက သနားဖို့ ကောင်းလိုက်တာ။ ဒေါင်းမြှီးဖြန့်ပြတာကို မမြင်ဖူးဘူးတဲ့။

ထိုစဉ် ဒေါင်းဥယျာဉ်ထဲရှိ တခြား ဒေါင်းထီးတွေလည်း တစ်ကောင်ပြီးတစ်ကောင် အမြှီးဖြန့်ကုန်ကြပြီး တစ်ကောင်နဲ့တစ်ကောင် အလှချင်း ပြိုင်နေကြပါသည်။

ရင်သပ်ရှုမောစရာ မြင်ကွင်းကြောင့် ကလေးတွေ အားလုံး ပျော်ရွှင်ကုန်ကြပြီး တခြား ဧည့်သည်တွေလည်း ဓာတ်ပုံတွေ ရိုက်ကုန်ကြပါသည်။

တိရိစ္ဆာန်ဥယျာဉ်ရှိ ဝန်ထမ်းတွေတောင် အံ့အားသင့်ကုန်ကြသည်။

မိတ်လိုက်ရာသီမဟုတ်ဘဲ ဒေါင်းထီးတွေ ဘာလို့ အမြှီးဖြန့်နေကြတာလဲ။

စန်းကျစ် ပိုလို့တောင် စိတ်လှုပ်ရှားသွားပြီး ပျော်ရွှင်စွာ ခုန်ပေါက်နေပါသည်။

စူစူလေး လူကြီးလေးလို သက်ပြင်းချလိုက်သည်။

ဪ လူသားတွေ လူသားတွေ… တုံးအပေမယ့် ချစ်ဖို့ကောင်းလိုက်ကြတာ

ချင်းယုဟွိုင်းလည်း စူစူလေးနဲ့ စန်းကျစ်တို့ကို ကြည့်ရင်း မျက်နှာပေါ်မှာ အပြုံးတစ်ခု အလိုလို ပေါ်လာခဲ့ပါသည်။

All Chapters