← Chapters

အခန်း (၂၈၂+၂၈၃)

Vol. 12 Ch. 282+283

အခန်း (၂၈၂+၂၈၃)

Vol. 12 Ch. 282+283

အခန်း(၂၈၂) တိရိစ္ဆာန်ဥယျာဉ်ထဲက မိစ္ဆာလေး (၁)

ချင်းလောင်ယွင်က တိရိစ္ဆာန်ရုံကို ပထမဆုံးရောက်ဖူးတာဖြစ်သဖြင့် အရာရာကို အံ့အားသင့် ဝမ်းမြောက်စွာ ငေးကြည့်နေပါသည်။

ဒေါင်းထီးတွေ အမြှီးဖြန့်ပြတာကို မြင်သောအခါ စန်းကျစ်ထက်တောင် ချင်းလောင်ယွင် ပိုပြီး စိတ်လှုပ်ရှားသွားခဲ့ပါသည်။

“ဖေကြီးနဲ့ မေကြီး ဟိုမှာကြည့်ဦး!”။ ချင်းလောင်ယွင်က သူမ မိဘများကို အော်ပြောလိုက်သည်။ မိဘနှစ်ပါးနဲ့အတူတူ မှင်သက်စရာကောင်းသည့် မြင်ကွင်းကို အတူတူ ကြည့်ချင်နေပါသည်။

သို့သော်လည်း ချင်းချန်းကျစ်နဲ့ ကျန်းဝမ်ဝမ်တို့ကတော့ ဘာကိုမှဂရုမစိုက်ဘဲ စူစူလေးကိုသာ မျက်ခြေမပြတ် စောင့်ကြည့်နေကြသဖြင့် ချင်းလောင်ယွင် အော်ပြောတာကိုပင် မကြားပေ။

ချင်းချန်းကျစ် မြင်ချင်တာက ဒေါင်းမြှီးဖြန့်ပြတာမဟုတ်ဘဲ ချင်းစူစူ ဒုက္ခရောက်တာကိုဖြစ်သည်။

အခုချိန်မှာ ထိုမိစ္ဆာမလေး ချင်းစူစူကို ဘယ်လို သုတ်သင်ရမလဲဟူသည့် အတွေးများသာ သူ့ခေါင်းထဲမှာ ပြည့်နေပါသည်။

ချင်းစူစူ မရှိတော့လျှင် ဟွော်ထျင်းလည်း ကစားဖော်မရှိတော့ဘဲ ပေကျင်းမြို့ကို ပြန်သွားမှာ သေချာပါသည်။

ဒီအကြံအစည်က ရူးမိုက်ပြီး အန္တရာယ်များသော်လည်း ချင်းချန်းကျစ်အတွက်တော့ လက်ရှိမှာ သက်ရောက်မှုအရှိနိုင်ဆုံး အကြံအစည်ဖြစ်သည်။

လူ့အသက်တန်ဖိုးတွေ ဘာတွေ သူနားမလည်ပါ။ ရှုထျန်းဖေး ပေးထားသည့် တာဝန်ကို အောင်မြင်အောင် မလုပ်နိုင်လျှင် သူ့လက်တွေ ခြေတွေ ဖြတ်ခံရတော့မည်ဆိုတာကိုပဲ နားလည်ပါသည်။

ကြံရာမရ လုပ်မိသည်ဟု ဆိုနိုင်သော်လည်း သူအသက်ရှင်ဖို့ ဒီတစ်နည်းသာ ရှိသည်။

အဖေနဲ့ အမေဖြစ်သူတို့ သူမကို လျစ်လျူရှုထားသဖြင့် ချင်းလောင်ယွင် ခေါင်းငိုက်ကျသွားပါသည်။

ဖေကြီးနဲ့ မေကြီးနဲ့ ဘာလို့ မပျော်တော့တာလဲ။ ချင်းစူစူကို မြင်သွားလို့လား။

ဒေါင်းတွေကို ကြည့်ပြီးနောက် ဆရာမများက ကလေးများကို တိရိစ္ဆာန်ရုံထဲရှိ မြင်းခြံများသို့ ခေါ်သွားခဲ့ပါသည်။

အကောင်ကြီးပြီး ခံ့ညားသော မြင်းကြီးများကို မြင်သောအခါ ကလေးများအားလုံး စိတ်လည်းဝင်စား ကြောက်လည်း ကြောက်သွားကြလေသည်။

“စူစူလေး ဒီမြင်းတွေကို စီးရရင် ဘယ်လိုနေမလဲ မသိဘူးနော်”။ စန်းကျစ်က စူစူလေးကို ပြောလိုက်ပါသည်။

“ဘယ်လိုမှ မနေပါဘူ။ ဒီတိုင်း သာမန်ပါပဲ”

မြင်းစီးရတာ ပျော်စရာမကောင်းဘဲ ပျင်းစရာ ကောင်းပါသည်။

“စူစူလေး စီးဖူးလို့လား။ ဘယ်လို စီးရမလဲ သိလား”။ စန်းကျစ်က မေးလိုက်သည်။

“သိတာပေါ့!”။ စူစူလေးက ယုံကြည်ချက်ပြည့်ဝစွာ ပြောလိုက်ပါသည်။

ထိုသို့ပြောပြီးနောက် ရုတ်တရက်ဆိုသလို မြင်းညိုကြီး တစ်ကောင်ဆီ စူစူလေး ပြေးသွားသည်။

မြင်းထိန်းက နူးညံ့စွာ ပြုံးလျက် စူစူလေးကို ရှင်းပြလိုက်ပါသည်။ “သမီးလေး ဒီမြင်းကို စီးလို့မရဘူး။ ဟိုမှာ ကလေးလေးတွေ စီးဖို့ စီစဉ်ပေးထားတဲ့ မြင်းပုလေးတွေ ရှိတယ်။ ဈေးကတူတူပဲ။ တစ်ခါစီး ယွမ် ၅၀”

“ရတယ် ရတယ်။ ဒီကောင်ပဲ စီးမယ်!”။ စူစူလေးက လက်ခါပြကာ ပြောလိုက်သည်။

မြင်းထိန်းက ဆက်ပြီး မရှင်းပြနိုင်ခင် မြင်းညိုကြီးက ခြေလေးချောင်းကို ကွေးလျက် စူစူလေးရှေ့မှာ ထိုင်ချလိုက်ပါသည်။

ဟင်? ဘယ်- ဘယ်လို ဖြစ်တာလဲ?

မြင်းထိန်းလည်း လက်ထဲမှာ ဇက်ကြိုးတန်းလန်းနဲ့ တုန်လှုပ်သွားသည်။ သူ ဘာအမိန့်မှ မပေးရသေးဘဲ မြင်းညိုကြီးက သူ့သဘောနဲ့သူ ဘာကြောင့် ထိုင်နေတာလဲ နားမလည်နိုင်ပါ။

ထို့အပြင် ဒီ မြင်းညိုကြီးက အမိန့်တွေကိုလည်း သိပ်ပြီး နားမလည်သေးပါ။ ဒီလို ထိုင်ချဖို့ဆို ပိုဝေးပါသေးသည်။

မြင်းထိန်း ကြက်သေသေနေစဉ် စူစူလေးက မြင်းပေါ် တက်သွားလေပြီ။

စူစူလေး မြင်းပေါ်ရောက်တာနဲ့တစ်ပြိုင်နက် မြင်းညိုကြီးက မတ်တပ်ပြန်ရပ်လိုက်ပါသည်။

စူစူလေးက ခြေတံတိုတိုလေးများသာ ရှိသဖြင့် မြင်းညိုကြီးရဲ့အပေါ်မှာ သူမရဲ့ ခြေဖဝါးလေးများက ခြေနင်းကွင်းကိုတောင် မရောက်ပါ။

မြင်းညိုကြီးကို ပြေးခွင့်မပေးဘဲ ဒီတိုင်း တက်ထိုင်ထားတာလောက်တော့ ဘာမှမဖြစ်နိုင်ဘူးဟု မြင်းထိန်း တွေးလိုက်ကာ စူစူလေးကို ပြောလိုက်ပါသည်။ “ဟုတ်ပါပြီ။ ဒီမြင်းကြီးကို အဲ့လောက် သဘောကျနေရင် ခဏလောက် တက်ထိုင်နေလို့ ရတယ်။ ဒါပေမယ့် ဒီတိုင်း ထိုင်ရုံပဲနော်။ လျှောက်သွားလို့ မရဘူး”

မြင်ထိန်း စကားမဆုံးခင် မြင်းညိုကြီးက အသံကျယ်ကြီး မြည်ဟည်းပြီး စူစူလေးနဲ့အတူ ပြေးထွက်သွားလေတော့သည်။

မြင်းညိုကြီးက အလွန်အားကောင်းသည့်အပြင် မြင်းထိန်းကလည်း သတိလွတ်နေသဖြင့် သူ့လက်ထဲမှ ဇက်ကြိုး လွတ်ထွက်သွားသည်။

မျက်စိတစ်မှိတ်အချိန်အတွင်း စူစူလေးနဲ့ မြင်းညိုကြီးတို့ ၁၀ မီတာ အကွာကို ရောက်သွားပါပြီ။

အားလုံး တုန်လှုပ်ချောက်ချားသွားကြသည်။ ဒါအလွန်အန္တရာယ်များပါသည်။

မူကြို ဆရာမတွေလည်း ထိတ်လန့်ကုန်ကြသည်။

အန္တရာယ်များလိုက်တာ! သူအလွယ်တကူ ပြုတ်ကျသွားနိုင်တယ်!

သူ ပြုတ်ကျသွားရင် ဘယ်လိုလုပ်မလဲ?! ဒုက္ခတွေတော့ ကြီးတော့မှာပဲ!

ချင်းယုဟွိုင်းနဲ့ စန်းကျစ်တို့က ချက်ချင်း လှုပ်ရှားကြပြီး စူစူလေးနောက်သို့ ပြေးလိုက်ကြသည်။

သူတို့ လှုပ်ရှားမှုများက ညီညာလွန်းသဖြင့် ရှေ့ကို ပြေးထွက်လိုက်ချိန်မှာ တစ်ယောက်ကိုတစ်ယောက် ဝင်တိုက်မိကြလေသည်။

… … …

အခန်း(၂၈၃) တိရိစ္ဆာန်ဥယျာဉ်ထဲက မိစ္ဆာလေး(၂)

မြင်းထိန်းလည်း အလွန်သွေးပျက်နေပါပြီ။ မတော်တဆမှုဖြစ်မှာ စိုးရိမ်သဖြင့် မြင်းညိုကြီးကို တားဖို့ အမြန်ကြိုးစားသည်။

တခြား မြင်းထိန်းတွေလည်း ကူညီပေးဖို့ ရောက်ရှိလာကြသည်။

မြင်းညိုကြီးနောက်ကို ပြေးလိုက်ကြသော်လည်း လူ့ခြေထောက် ၂ ချောင်းက မြင်းခြေထောက် ၄ ချောင်းကို မှီနိုင်ပါ့မလား။

မြင်းတွေကို ထိန်းသိမ်းထားသည့် ခြံက အလွန်ကျယ်ဝန်းသည်။ သာမန်နေ့တွေမှာ မြင်းတွေ လွတ်လွတ်လပ်လပ် သွားလာနိုင်စေဖို့ ရည်ရွယ်ထားခြင်း ဖြစ်ပါသည်။

သို့သော်လည်း ဒီနေ့တော့ ထိုနေရာကျယ်ကြီးမှာ စူစူလေးကို သယ်ရင်း မြင်းညိုကြီးက မရပ်မနား ပြေးလွှားနေသဖြင့် လိုက်ဖမ်းဖို့ ပိုမို ခက်ခဲသွားပါသည်။

စူစူလေးကတော့ ဘာမှ မကြောက်ပါ။ မြင်းညိုကြီးပေါ်မှာ တည်တည်ငြိမ်ငြိမ် ထိုင်နေပါသည်။

ပျော်ရွှင်သည့်ပုံလည်း မပေါက်သလို ကြောက်ရွံ့နေသည့်ပုံလည်း မပေါက်ပါ။

သို့သော်လည်း စူစူလေး မသိခဲ့တာက သူမရဲ့ လုပ်ရပ်ကြောင့် လူပေါင်းများစွာ နှလုံးရပ်မတတ်ဖြစ်သွားခဲ့သည် ဆိုတာကိုပင်။

မြင်းပေါ်က ကလေးမလေးကိုကြည့်ရင်း အားလုံး ချွေးတွေ ပြန်ကုန်ကြသည်။

ချင်းချန်းကျစ်နဲ့ ကျန်းဝမ်ဝမ်တို့ကတော့ ဝမ်းသာအားရ စောင့်ကြည့်နေကြပါသည်။

အစကတည်းက စူစူလေး မတော်တဆတစ်ခုခုဖြစ်မှာကို ချင်းချန်းကျစ် စောင့်မျှော်နေခဲ့တာဖြစ်သည်။

အခုတော့ ဒီမြင်ကွင်းကိုမြင်ပြီး ပါးစပ်က နားရွက်တက်ချိတ်မတတ် ပြုံးပျော်နေပါသည်။

မြင်းပေါ်က ပြုတ်ကျပြီး သေသွားရင် ဘယ်လောက်ကောင်းလိုက်မလဲ?! ဒါဆို သူလည်း ပင်ပင်ပန်းပန်း အကြံထုတ်စရာ မလိုတော့ပါ။

မူကြိုကလေးတွေကတော့ စူစူလေး၏ လုပ်ရပ်ကို အန္တရာယ်များသည်ဟု မမြင်ကြပါ။ စူစူလေး မြင်းညိုကြီး စီးနေတာကို အလွန်မိုက်သည်ဟုသာ ထင်နေကြသည်။

“စူစူလေးက တော်လိုက်တာ!”

“အား!!! ငါလည်း အဲ့လို မြင်းကြီးစီးချင်တယ်!”

“စူစူလေး ငါတို့ကိုလည်း သင်ပေးပါ!”

“…”

မူကြိုကျောင်းသားလေးတွေရဲ့ အမြင်မှာ စူစူလေးက အလွန်ထူးချွန်သည့် ကောင်မလေးတစ်ယောက်အဖြစ် အမြဲတမ်း ရှိခဲ့သည်။

အခုတော့ သူမကို ပိုလို့တောင် အထင်ကြီးသွားကြပါပြီ။

အထူးသဖြင့် ဒီလို ရူးရူးမိုက်မိုက်၊ ခက်ခက်ခဲခဲ လုပ်ရပ်တွေကို ကြိုက်တတ်သည့် ယောက်ျားလေးတွေက ပိုပြီး အထင်ကြီးကြသည်။

စူစူလေးကို သဘောမကျသည့် ကျိုးဟောက်ကတောင် မြင်းညိုကြီးကို ကျွမ်းကျွမ်းကျင်ကျင် စီးနေသည့် စူစူလေးအား စိတ်ပါဝင်စားစွာ စိုက်ကြည့်နေခဲ့သည်။

အားကျလိုက်တာ…

မြင်းထိန်းတွေကော၊ ချင်းယုဟွိုင်းနဲ့ စန်းကျစ်တို့ကော စူစူလေးကို လိုက်မမှီကြပါ။

သို့သော်လည်း စူစူလေးကတော့ သူတို့ကို မြင်ပါသည်။ လူတွေ အများကြီး သူမ နောက်ကို ပြေးလိုက်နေကြသည်။

သူမရှေ့မှာ လက်ခါရမ်းပြနေသည့် လူတွေလည်း ရှိသည်။ အားလုံးက သူမကို စိုက်ကြည့်နေကြပြီး တစ်ခုခု အော်ပြောနေကြသည်။

သို့သော်လည်း ဆူညံနေသဖြင့် သူတို့ ဘာတွေပြောနေသလဲ စူစူလေး မသဲကွဲပါ။

သူမ အရမ်းမိုက်လို့ ချီးကျူးနေကြတာမလား…။ ဒီလောက်တောင် သဘောကျနေမှတော့ ဒီထက်ပိုလန်းတဲ့ အကွက်တွေ ပြရသေးတာပေါ့!

ထိုအတွေးဖြင့် စူစူလေး ပုံစံအနေအထား ပြောင်းလိုက်သည်။

အစက မြင်းညိုကြီးပေါ်မှာ ထိုင်နေသော်လည်း အခုတော့ သူမ လက်ကလေး နှစ်ဖက်ကို အားပြုပြီး မြင်းညိုကြီးရဲ့ ကျောပေါ်မှာ မတ်တပ်ထရပ်လိုက်ပါသည်။

သာမန် မြင်းစီးတာကိုတောင် သေချာလေ့ကျင့်ထားသည့် ပရော်ဖက်ရှင်နယ်တွေသာ လုပ်နိုင်ကြသည်။

စူစူလေးကတော့ ဒီလို အကွက်မျိုး ထုတ်ပြလိုက်သဖြင့် အားလုံး သေမတတ်ထိတ်လန့်သွားကြလေသည်။

သို့သော် ချင်းချန်းကျစ်ကတော့ အလွန်ဝမ်းသာနေပါသည်။

ဒီသောက်ကလေးမလေး ကိုယ့်သေတွင်းကိုယ် တူးနေတာပဲ! ကောင်းကင်ဘုံက သူ့ကို ကူညီနေပြီထင်တယ်!

မြင်းပေါ်မှ စူစူလေး ပြုတ်ကျသွားမည့် မြင်ကွင်းကို ချင်းချန်းကျစ် မြင်ယောင်ကာ အလွန်စိတ်လှုပ်ရှားနေပါပြီ။

စန်းကျစ်က မတွန့်ဆုတ်တော့ဘဲ ဦးတည်ချက်ပြောင်းကာ မြင်းညိုကြီး ပြေးမည့်နေရာကို ခန့်မှန်းရင်း ထိုနေရာရှေ့သို့ ပြေးသွားလိုက်သည်။

သူမ ဘာလုပ်နေတာလဲ။ သေကြောင်းကြံနေတာလား?! မြင်းရှေ့ကို တန်းတန်းမတ်မတ် ပြေးနေတာပဲ! မြင်းက မရပ်ရင် သူ့ကို ဝင်တိုက်သွားလိမ့်မယ်! တက်နင်းတာတောင် ခံရနိုင်တယ်!

စန်းကျစ်၏ လုပ်ရပ်ကြောင့် အားလုံး တုန်လှုပ်သွားကြသည်။ ချင်းယုဟွိုင်းက ပိုဆိုးပါသည်။

ဒီမိန်းမ! ဘာတွေလုပ်နေတာလဲ?!

All Chapters