← Chapters

အခန်း (၂၈၄+၂၈၅)

Vol. 12 Ch. 284+285

အခန်း (၂၈၄+၂၈၅)

Vol. 12 Ch. 284+285

အခန်း(၂၈၄) တိရိစ္ဆာန်ဥယျာဉ်ထဲက မိစ္ဆာလေး (၃)

စူစူလေးကို ကယ်ဖို့က အရေးကြီးတယ်ဆိုပေမယ့် သူမ အသက်ကကော တန်ဖိုးမရှိတော့ဘူးလား?!

ချင်းယုဟွိုင်းလည်း စန်းကျစ်ကို တားဖို့ အနောက်က ပြေးလိုက်ပါသည်။

သို့သော်လည်း အချိန်မမှီပေ။ မြင်းညိုကြီးက သူ့ထက် အဆပေါင်းများစွာ လျှင်မြန်သည်။

စန်းကျစ်ရှေ့သို့ မြင်းညိုကြီး ရောက်ရှိသွားလေသည်။

အလွန်အန္တရာယ်များသည့် အချိန်တွင် မြင်းညိုကြီးက ရုတ်တရက် ရပ်တန့်သွားပါသည်။

စန်းကျစ်ရှေ့ ၃၀ စင်တီမီတာခန့်မှာ ရပ်တန့်သွားခြင်းဖြစ်သည်။

စန်းကျစ် ဆံပင်တစ်မွေးတောင် မထိခိုက်ခဲ့ပါ။

ဘာဖြစ်သွားတာလဲ? ဘာလို့ရပ်သွားတာလဲ?!

ချင်းချန်းကျစ် မယုံကြည်နိုင်ပေ။

ခုနလေးတင် မြင်းညိုကြီး စိတ်ရူးပေါက်သလို ပြုမူနေပြီး တကယ့်အချိန်ကျမှ ဘာလို့ ရပ်သွားရတာလဲ?! ဒီ့ထက် နည်းနည်းလေး ပိုသောင်းကျန်းလိုက်ရင် ချင်းစူစူ အသက်ဆုံးရှုံးသွားမှာ!

ချင်းချန်းကျစ် ဒေါသထွက်လွန်းသဖြင့် အံကြိတ်နေမိပါပြီ။ “လခွီဂပဲ!”

ချင်းချန်းကျစ်နဲ့ ကျန်းဝမ်ဝမ်တို့ လင်မယားကလွဲပြီး တခြားဧည့်သည်တွေအားလုံး အခုမှ ရင်ဘတ်ထဲက အလုံးကြီး ကျသွားခဲ့ရပါသည်။

“မမလှလှကော မြင်းစီးချင်လို့လား”။ စူစူလေးက ချိုမြိန်သောအပြုံးဖြင့် စန်းကျစ်ကို မေးလိုက်ပါသည်။

စူစူလေး ပြောလို့မဆုံးခင် စန်းကျစ်က သူမကို မြင်းပေါ်မှ ချီကာ အောက်ချပေးလိုက်ပါပြီ။

“မမလှလှ ဘာဖြစ်လို့လဲ”။ စန်းကျစ် မူမမှန်တာကို စူစူလေး သတိထားမိပြီး ဇဝေဇဝါဖြစ်စွာ မေးလိုက်သည်။

“လူဆိုးမလေး! နင့်ကြောင့် ငါလန့်ပြီး သေတော့မှာပဲ!”။ စန်းကျစ် မျက်လုံးများ နီမြန်းနေပါသည်။

“ဟမ်”။ စူစူလေးက စန်းကျစ်၏ မျက်ရည်များကို သူမရဲ့ လက်ကလေးနဲ့ သုတ်ပေးလိုက်သည်။ “မမလှလှ ဝမ်းမနည်းပါနဲ့။ သမီးကြောင့် ဝမ်းနည်းသွားတာလား။ စိတ်မညစ်ပါနဲ့”

ဘာတွေဖြစ်နေသလဲဆိုတာ စူစူလေး နားမလည်သော်လည်း မမလှလှ ငိုရတာ သေချာပေါက် သူမ အပြစ်ဖြစ်မှန်းတော့ သိပါသည်။

“ငတုံးမလေး! မြင်းပေါ်က ပြုတ်ကျသွားရင် ဘယ်လိုလုပ်မလဲ”။ စန်းကျစ်က ပြောလိုက်သည်။

မြင်းရုတ်တရက် ထပြေးသွားတာကို စူစူလေးအား အပြစ်တင်လို့ မရမှန်း စန်းကျစ် ရင်ထဲမှာ သိပါသည်။ သို့သော်လည်း သူမ စိတ်တွေ ပူထူနေလွန်းသဖြင့် တစ်စုံတစ်ယောက်ကို အပြစ်ပုံချရမှ ဖြစ်ပါမည်။

“စိတ်မပူပါနဲ့။ သူက လိမ္မာပါတယ်။ သမီးကို ပစ်မချပါဘူး”။ စူစူလေးက စန်းကျစ်ကို ရှင်းပြလိုက်ပါသည်။

မမလှလှက သူမအတွက် စိတ်ပူနေတာကိုး! အစကတည်းက ရှင်းပြထားလိုက်ရမှာ။

သူမ ဘယ်လောက်သတ္တိရှိသလဲဆိုတာကို သိပြီးသားဖြစ်သဖြင့် မမလှလှ စိတ်မပူလောက်ဘူးဟု စူစူလေး ထင်ထားခဲ့တာ ဖြစ်သည်။

ချင်းယုဟွိုင်းလည်း မှောင်မိုက်နေသော မျက်နှာဖြင့် ရောက်လာသည်။ “နင်ကများ သူများကို ပြောရတယ် ရှိသေးတယ်။ နင်လည်း သူ့လိုပဲ တုံးတယ်! နှစ်ယောက်စလုံး စဉ်းစားဉာဏ်မရှိကြဘူး!”

ချင်းယုဟွိုင်း မျက်နှာက ဒေါသကြောင့် တင်းမာနေပါသည်။ သူ့မျက်လုံးတွေထဲက သွေးကြောနီတွေတောင် ထင်ရှားနေသည်။ ဒေါသကြောင့်လား ဘာကြောင့်လဲတော့ သေချာ မပြောနိုင်ပေ။

ဒီအဖြစ်အပျက်က သူ့သက်တမ်းတစ်လျှောက်လုံး ကြောက်စရာအကောင်းဆုံးဖြစ်သည်။

အသက်ရှူကြပ်လောက်စရာ ခံစားချက်ကြီးဖြစ်၏။

စူစူလေးကိုတော့ ချင်းယုဟွိုင်းက စိတ်ပူရုံသာဖြစ်သည်။ မြင်းကြီး ရုတ်တရက် ထပြေးသွားတာ စူစူလေးရဲ့ အပြစ် မဟုတ်တာကြောင့်ပင်။

သို့သော် စန်းကျစ်ကိုတော့ သူ ဒေါသဖြစ်မိပါသည်။ သူမရဲ့ လုပ်ရပ်က အလွန်အန္တရာယ်များပြီး စိတ်လိုက်မာန်ပါ လုပ်ရပ် ဖြစ်သည်။ ကိုယ့်အသက်ကိုယ်တောင် ထည့်မစဉ်းစားပါ။

ချင်းယုဟွိုင်း ဆူတာခံလိုက်ရသဖြင့် စန်းကျစ် ရှက်ရွံ့စွာ ခေါင်းငုံ့နေလိုက်ပါသည်။

သူမရဲ့ လုပ်ရပ်က စဉ်းစားဉာဏ်မရှိဘဲ အန္တရာယ်များလွန်းမှန်း စန်းကျစ်သိပါသည်။ သို့သော် ဒီလို အန္တရာယ်များသည့် အခြေအနေမှာ သူမ ရွေးချယ်စရာ မရှိခဲ့ပေ။

သူမ စူစူလေးကို ကယ်တင်ချင်ရုံဖြစ်သည်။ သူမရဲ့ အသက်ကို ပေးရမည်ဆိုရင်တောင် မမှုပါ။

သူနဲ့ အကြည့်ချင်း မဆုံရဲဘဲ ခေါင်းငုံ့နေသည့် စန်းကျစ်အား ကြည့်ရင်း ချင်းယုဟွိုင်း ခံစားချက်များ ရှုပ်ထွေးသွားသည်။

ခုနလေးတင် ကိုယ့်အသက်ကိုယ်မငဲ့ဘဲ သတ္တိအရမ်းရှိနေတဲ့ ဒီမိန်းမက အခုတောာ့ ကြောင်လေးတစ်ကောင်လို ကြောက်တတ်သွားပြီး သူ့ကိုတောင် မကြည့်ရဲတော့ပါလား။

သူမကို သတ္တိရှိသည်ဟု ပြောရမလား သတ္တိကြောင်သည်ဟု ပြောရမလား ချင်းယုဟွိုင်းမသိတော့ပါ။

“တူကြီးကော ဝမ်းနည်းနေတာလား”။ စူစူလေး မေးလိုက်သည်။

ကောင်းရော၊ အခုတော့ လူ ၂ ယောက်ကို စိတ်ညစ်အောင် လုပ်မိပြီ!

သေချာပြန်ချော့မှ ဖြစ်မယ်!

စူစူလေးက အိတ်ကပ်ထဲကို လက်နှိုက်ကာ ရှာဖွေလိုက်ပြီး ပါလာသည့် သကြားလုံး ၂ လုံးကို ထုတ်လိုက်ပါသည်။

… … …

အခန်း(၂၈၅) တိရိစ္ဆာန်ဥယျာဉ်ထဲက မိစ္ဆာလေး (၄)

တစ်လုံးက စန်းကျစ်အတွက်၊ တစ်လုံးက ချင်းယုဟွိုင်းအတွက်။

“သကြားလုံးလေး စားလိုက်။ ဝမ်းမနည်းပါနဲ့။ မငိုနဲ့တော့!”။ စူစူလေးက နှစ်သိမ့်လိုက်ပါသည်။

ထို့နောက် စူစူလေးက စန်းကျစ်နဲ့ ချင်းယုဟွိုင်းတို့၏ ခေါင်းတို့ကို သူမရဲ့ လက်သေးသေးလေးများနဲ့ ပုတ်ပေးလိုက်ပါသည်။

သားမွေးကို သေချာပုတ်ပေးလိုက်ရင် ဝမ်းနည်းတာတွေ ပျောက်သွားလိမ့်မယ်!

စန်းကျစ်က ချော့ရလွယ်ပါသည်။ စူစူလေး ဘာမှ မဖြစ်လျှင် သူမလည်း ဘာမှ မဖြစ်ပါ။ ယခု စူစူလေးထံမှ သကြားလုံးပါ ရလိုက်သဖြင့် ချက်ချင်း အငိုတိတ်ပြီး ပြုံးသွားပါသည်။

“ကျေးဇူးတင်ပါတယ် စူစူလေး။ ငါဝမ်းမနည်းတော့ပါဘူး။ စိတ်မပူနဲ့နော်”။ စန်းကျစ်က ပြန်ပြောလိုက်ပါသည်။ သူမကြောင့် စူစူလေးကို စိတ်မပူစေချင်ပါ။

“အွန်း! လိမ္မာတယ်!”။ စူစူလေးက ခေါင်းငြိမ့်လိုက်ပြီး သူမ တူကြီးဘက်သို့ လှည့်လိုက်ပါသည်။

ချင်းယုဟွိုင်းက သူ့လက်ဖဝါးပေါ်ရှိ သကြားလုံးကို ကြည့်လိုက်ပြီး စူစူလေးရဲ့ အပြစ်ကင်းစင်သော မျက်နှာလေးကိုလည်း ကြည့်လိုက်ပါသည်။ ခုနက ခံစားခဲ့ရသော ထိတ်လန့်မှုတွေ၊ ဒေါသတွေ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

“နင့်ကို ဒေါသမထွက်ပါဘူး။ ငါ့ကိုယ်ငါ ဒေါသထွက်နေတာ”။ ချင်းယုဟွိုင်းက ရှင်းပြလိုက်ပါသည်။

“ကိုယ့်ကိုယ်ကို ဒေါသထွက်တယ် ဟုတ်လား။ တူကြီးက ဘာအမှားလုပ်မိလို့လဲ”။ စူစူလေးက နားမလည်စွာ မေးလိုက်ပါသည်။

“ငါနင့်ကို အချိန်မှီ မကယ်နိုင်ခဲ့ဘူး။ အဲ့တာကြောင့် တခြား မိန်းမတစ်ယောက်က သူ့အသက်ကိုရင်းပြီး နင့်ကို ကယ်ခဲ့ရတယ်”။ ချင်းယုဟွိုင်း ပြန်ဖြေလိုက်ပါသည်။

“အဲ့လိုလား…။ ဒေါသမထွက်ပါနဲ့ ငါ့တူကြီးက အရမ်းတော်တာကို ဘာလို့ ဒေါသထွက်ရတာလဲ”။ စူစူလေးက ချင်းယုဟွိုင်းကို ချော့လိုက်ပါသည်။

“…”

သူတို့ စကားပြောနေစဉ် တိရိစ္ဆာန်ရုံ ဝန်ထမ်းများက မြင်းညိုကြီးကို ပြန်ခေါ်သွားကြပါပြီ။

ထို့နောက် တာဝန်ရှိသူတစ်ယောက်က အပြေးရောက်လာပြီး ချင်းယုဟွိုင်းတို့ကို တောင်းပန်လိုက်ပါသည်။

“အားလုံး ထိတ်လန့်သွားရင် တောင်းပန်ပါတယ်။ ကျွန်တော်တို့ရဲ့ ပေါ့ဆမှုကြောင့်ပါဗျာ။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”

ဝန်ထမ်းများက သူတို့ရဲ့ ပေါ့ဆမှုကြောင့် ဖြစ်ရတာဟု ထင်နေကြသည်။

ထိုမြင်းကို သူတို့မွေးမြူထားတာဖြစ်သဖြင့် သူတို့မှာ တာဝန်ရှိပါသည်။

“ရပါတယ် ရပါတယ်။ သမီးက မြင်းစီးချင်လို့ပါ။ ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့!”။ စူစူလေးက ဝန်ထမ်းကိုပါ နှစ်သိမ့်လိုက်ပါသည်။

စူစူလေးက ခွင့်လွှတ်ပေးသဖြင့် ဝန်ထမ်းတွေလည်း စိတ်အေးလက်အေး သက်ပြင်းချမိကြပါသည်။

သူတို့ကို ဧည့်သည်တွေနဲ့ မိသားစုတွေက အပြစ်တင်မှာ စိတ်ပူနေခဲ့ကြတာဖြစ်သည်။

“ပြီးတော့ အဲ့ဒီ မြင်းညိုကြီးက အရမ်းလိမ္မာတာ။ သူ့ကို စိတ်မဆိုးနဲ့နော်”။ စူစူလေးက ထပ်ပြောလိုက်ပါသည်။

ဝန်ထမ်းက အနေခက်စွာ ရှင်းပြလိုက်သည်။ “အခုချိန်ကစပြီး သေသေချာချာ လေ့ကျင့်ပေးလိုက်ပါ့မယ်။ ဧည့်သည်တွေနဲ့ တွေ့ခွင့်တော့ ခဏလောက် ရပ်ဆိုင်းထားရမယ်”

“ဟုတ်ပြီ ဟုတ်ပြီ! စိတ်မဆိုးရင် ပြီးတာပဲ!” စူစူလေးက ခေါင်းငြိမ့်လိုက်ပါသည်။

“မဆိုးပါဘူး မဆိုးပါဘူး။ သမီးနဲ့ သမီးတို့ မိသားစု စိတ်မဆိုးရင် အားလုံး အဆင်ပြေပါတယ်”။ ဝန်ထမ်းက အမြန် ပြောလိုက်ပါသည်။

ဝန်ထမ်းနဲ့ စကားပြောဆိုပြီးနောက် ချင်းယုဟွိုင်းက စူစူလေးကို ပြန်ချီခေါ်သွားပါသည်။

စူစူလေး ပြန်ရောက်လာသောအခါ ကျိုးဟောက်အပါအဝင် တခြားကလေးတွေ ဝန်းရံလိုက်ကြသည်။

“စူစူလေး နင်အရမ်းတော်တာပဲ!”

“ငါတို့ကိုလည်း သင်ပေးပါလား”

“စူစူလေး ငါတပည့်ခံပါရစေ! နောက်တစ်ခါ မြင်းစီးရင် ငါ့ကိုပါ ခေါ်ပါလား”

“ငါလည်း နင့်တပည့်ဖြစ်ချင်တယ်!”

“စူစူလေး ငါ့အိမ်မှာ မြင်းတစ်ကောင်ရှိတယ်။ ဒါပေမယ့် ငါမစီးတတ်ဘူး။ ငါ့ကို သင်ပေးပါလား”

“…”

ကလေးတွေက စူစူလေးကို လေးစားအားကျစွာဖြင့် တစ်ယောက်တစ်ပေါက် တောင်းဆိုကြလေသည်။

“နင်တို့ အသက်နည်းနည်း ပိုကြီးလာမှ သင်ပေးမယ်!”။ စူစူလေးက ကတိပေးလိုက်ပါသည်။

ဒီလူသားပေါက်စတွေက လူကောင်သေးလွန်းတယ်! သူမလို ခပ်လန်းလန်း အကွက်တွေ ထုတ်သုံးဖို့ မသင့်တော်သေးဘူး! ဒီ့ထက် နည်းနည်း အရွယ်ရောက်လာမှ ဖြစ်မယ်။

“ဟုတ်ပြီ!”။ စူစူလေးပြောစကားအရ သူတို့ အသက်ဘယ်လောက် ပိုကြီးရမလဲဆိုတာ ကလေးတွေ မသိပါ။

သို့သော်လည်း စူစူလေးက ကတိပေးထားသဖြင့် အားလုံး ပျော်ရွှင်သွားကြပါသည်။

All Chapters