အခန်း (၂၈၈+၂၈၉)
Vol. 12 Ch. 288+289
အခန်း(၂၈၈) စူစူလေးက သူမရဲ့ သူရဲကောင်း (၃)
ဘတ်စ်ကားပေါ်က လူတွေအားလုံး ဘေးကင်းစေဖို့ အပြင် သူ့အပြစ် ဖြစ်သွားမှာလည်း ကြောက်ပါသည်။
တခြား အုပ်ထိန်းသူတွေလည်း တွန့်ဆုတ်ကုန်ကြသည်။
ပြုတ်ကျသွားသည့် ကလေးကို ကယ်တင်ချင်သော်လည်း ကားတံခါးဖွင့်လိုက်ပါက သူတို့ သားသမီးတွေပါ ဒုက္ခ ရောက်သွားနိုင်သည်။
“တံခါးကိုဖွင့်! ကျွန်မ ထွက်မယ်! ကျွန်မ အပြင်ရောက်ရင် ပြန်ပိတ်လိုက်!”။ စန်းကျစ်က ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး ဒရိုင်ဘာကို ပြောလိုက်ပါသည်။
ချင်းယုဟွိုင်း မျက်မှောင်ကြုတ်သွားပြီး စန်းကျစ်ကို ၂ စက္ကန့်လောက် စိုက်ကြည့်လိုက်သည်။ သို့သော် သူမကို မတားဘဲ ပြောလိုက်ပါသည်။ “ငါလည်း လိုက်ခဲ့မယ်”
ဘာပဲဖြစ်ဖြစ် သူမလို မိန်းကလေးကို တစ်ယောက်တည်း သွားခွင့်မပေးနိုင်ပါ။
မူကြိုဆရာမကျူးကလည်း ဝင်ပြောလိုက်သည်။ “ကျွန်မသွားမယ်! သူက ကျွန်မကျောင်းသူပဲ! ကျွန်မ တာဝန်ယူမှ ဖြစ်မယ်!”။
ထို့နောက် ခပ်ထွားထွားလူတစ်ယောက်ကလည်း မတ်တပ်ရပ်ကာ ပြောလိုက်သည်။ “ငြင်းခုန်မနေကြနဲ့။ ကျုပ်သွားမယ်! ကျုပ်က အပြေးချန်ပီယံဖြစ်ဖူးတယ်! အဲ့တာကြောင့် အမြန်ပြေးနိုင်လိမ့်မယ်! တံခါးဖွင့်လိုက် အချိန်ဆက်ဆွဲမနေနဲ့! စက္ကန့်တိုင်းက အရေးကြီးတယ်!”
ဒီတာဝန်က အလွန်အန္တရာယ်များမှန်း အားလုံးသိသော်လည်း တစ်ယောက်ပြီးတစ်ယောက် ရဲဝံ့စွာ မတ်တပ်ရပ်ခဲ့ကြသည်။
ဒရိုင်ဘာ ဘာလုပ်ရမှန်း မသိတော့ပါ။
ထိုစဉ် ကားပြူတင်းပေါက် နောက်တစ်ချပ် ပွင့်သွားပြီး လူကောင်သေးသေး ကလေးတစ်ယောက် ကားပေါ်မှ ထပ်ခုန်ချသွားလေသည်။
ထိုအခါမှ ချင်းလောင်ယွင်ကို သွားကယ်ဖို့ ပြင်နေသည့် ချင်းယုဟွိုင်းနဲ့ စန်းကျစ်တို့နှစ်ယောက် ပြူတင်းပေါက်မှ ခုန်ချသွားတာ စူစူလေးဖြစ်မှန်း သတိထားမိသွားလေသည်။
“စူစူလေး!”။ စန်းကျစ်က စူစူလေးနောက်ကို လိုက်ဖို့ ပြူတင်းပေါက်ဆီ အမြန်ပြေးသွားပါသည်။
သို့သော်လည်း ပြူတင်းပေါက်က အလွန်သေးငယ်သဖြင့် စန်းကျစ်ထွက်ဖို့ မဖြစ်နိုင်ပါ။
ပြူတင်းပေါက်မှ ခေါင်းသာ ပြူထွက်နိုင်ပြီး စူစူလေးကို ပြန်လာဖို့ အော်ခေါ်ရသည်။
“စူစူလေး ပြန်လာခဲ့စမ်း! ငါလုပ်လိုက်မယ်! အန္တရာယ်များတယ်!”
ချင်းယုဟွိုင်းက ဒရိုင်ဘာဆီ ပြေးသွားသည်။ “တံခါး အခုချက်ချင်း ဖွင့်စမ်း! ကျုပ်အပြင်ရောက်မှ ပြန်ပိတ်လိုက်! ကျုပ်ကြောင့် ဘယ်သူမှ မထိခိုက်စေရဘူး။ မြန်မြန်ဖွင့်!”
“နောက်ကျသွားပြီ… ဟို- ဟိုမှာကြည့်”။ ကားဒရိုင်ဘာက စိတ်ချောက်ချားနေသော မျက်လုံးများဖြင့် ဘတ်စ်ကားပေါ်မှ ပြုတ်ကျသွားသော ကလေးမလေးနှစ်ယောက် ကျားတစ်ကောင်၏ တိုက်ခိုက်မှုကို ခံရတော့မည့် မြင်ကွင်းအား ကြည့်နေပါသည်။
ချင်းလောင်ယွင်က မြေကြီးပေါ်မှာ အချိန်အကြာကြီး ရီဝေစွာ ထိုင်နေပါသည်။
အသက် ၄ နှစ်အရွယ် ကလေးမလေးက ဘာမှ နားမလည်ပါ။ သို့သော် သူမကို သူမ အဖေ ကားပေါ်မှ ပစ်ချလိုက်မှန်းတော့ သေချာသိပါသည်။
ဘာကြောင့်လဲ သူမ နားမလည်ပါ။
သူမ ဖေကြီး မဟုတ်ဘူးလား။
အဖေတွေက နွေးထွေးပြီး ရဲရင့်ရမှာ မဟုတ်ဘူးလား။
တခြားကလေးတွေရဲ့ အဖေတွေက သဘောအရမ်းကောင်းတာ မဟုတ်ဘူးလား။
သူမ ဖေကြီးက ဘာလို့ သူမကို ထားခဲ့ရတာလဲ။
ထိုအချိန်တွင် အဝေးမှ ပြေးလာသော စူစူလေးအား ချင်းလောင်ယွင် မြင်လိုက်ရသည်။
စူစူလေးက သူမထံ ပြေးလာတာဖြစ်သည်။
ချင်းလောင်ယွင်က စူစူလေးကို ခံစားချက်မဲ့စွာ ကြည့်နေသည်။
“နင်ဘာဖြစ်သွားသေးလဲ”။ စူစူလေးက ခါးကိုင်းကာ ချင်းလောင်ယွင့်ကို ကြည့်ပြီး မေးလိုက်သည်။
“နင်… ဘယ်လိုဖြစ်ပြီး…”။ ချင်းလောင်ယွင် နားမလည်နိုင်ပါ။
သူမ ဖေကြီးက သူမကို ထားခဲ့သည်။ သို့သော်လည်း သူမ မုန်းတီးသည့် ချင်းစူစူက သူမဆီ အပြေးရောက်လာပြီး သူမကို ဘာဖြစ်သွားသေးလဲဟု မေးနေသည်.
ချင်းလောင်ယွင်၏ ကမ္ဘာငယ်လေး ပြိုလဲနေပါပြီ။
စူစူလေးကို ဘာလို့ ရောက်လာတာလဲဟု ချင်းလောင်ယွင် မေးဖို့ ကြံလိုက်စဉ် ကျားကြီးတစ်ကောင်က သူမ မြင်ကွင်းထဲ ရောက်လာသည်။
ရုတ်ခြည်းဆိုသလို သူမ အာရုံထဲ အကြောက်တရား လွှမ်းမိုးသွားခဲ့၏။ “မြန်မြန် ပြေးတော့… ကျား… ကျားကြီး…”
စူစူလေး နောက်လှည့်ကာ နဖူးဖြူဖြူနဲ့ မျက်ခွံတွေ တွဲကျနေသော ကျားကြီးကို ကြည့်လိုက်ပြီး ပြုံးလိုက်ပါသည်။ “စိတ်မပူပါနဲ့။ သူ မကိုက်ပါဘူး”
“မ… မကိုက်ဘူး ဟုတ်လား”။ ချင်းလောင်ယွင် မယုံကြည်နိုင်စွာ မေးလိုက်သည်။
“ဟုတ်တယ် မကိုက်ဘူး”
စူစူလေး စကားပြောပြီးသွားသောအခါ မျက်ခွံတွဲလောင်းနဲ့ ကျားကြီးက သူမဆီလျှောက်လာပြီး ခေါင်းကို တိုးဝှေ့လိုက်ပါသည်။
ထိုမြင်ကွင်းကို မြင်သောအခါ ဘတ်စ်ကားပေါ်က လူတွေအားလုံး သတိလစ်မတတ် ကြောက်လန့်သွားကြသည်။
တချို့မိဘတွေဆို စိတ်ဒဏ်ရာ ရမည်စိုးရိမ်သဖြင့် သူတို့ သားသမီးများရဲ့ မျက်လုံးကို အုပ်ထားပေးလိုက်ကြသည်။ အ
… … …
အခန်း(၂၈၉) စူစူလေးက သူမရဲ့ သူရဲကောင်း (၄)
ထို့နောက် ကျားကြီးက လျှာထုတ်ကာ စူစူလေး၏ ပါးကို နူးနူးညံ့ညံ့ လျက်လိုက်ပါသည်။
“မလုပ်နဲ့ ယားတယ်!”။ စူစူလေးက ရယ်မောလိုက်ပါသည်။
ကျားကြီးက စူစူလေးကို မကိုက်ဘဲ ဒီတိုင်း နူးနူးညံ့ညံ့ လျက်နေတာဖြစ်သည်။
ဒါကိုမြင်တော့ ကားပေါ်က လူတွေ တုန်လည်းတုန်လှုပ်သွားသလို စိတ်လည်း အေးသွားရပါသည်။
ချင်းယုဟွိုင်းနဲ့ စန်းကျစ်တို့လည်း နှလုံးခုန်နှုန်းများ ပြန်လည် ငြိမ်သက်သွားရသည်။
သို့သော် နှစ်ယောက်စလုံး စိတ်မအေးနိုင်သေးပါ။ ဒရိုင်ဘာကို ကားတံခါး ထပ်ဖွင့်ခိုင်းလိုက်ကြသည်။ စူစူလေးကို ကားပေါ် ပြန်ခေါ်နိုင်မှ စိတ်အေးနိုင်ပါမည်။
ချင်းချန်းကျစ်တစ်ယောက်တည်းသာ အံ့အားသင့်မှု၊ စိတ်ပျက်အားလျော့မှု၊ ဒေါသဖြစ်မှုတွေ အားလုံးကို တစ်ပြိုင်နက်တည်း ခံစားလိုက်ရသည်။
ဒီတိရိစ္ဆာန်ရုံထဲက ကျားတွေက အသုံးမကျလိုက်တာ! မျက်စိရှေ့ သားကောင်ရှိနေတာတောင် ကိုက်မစားနိုင်ဘူးလား?!
ချင်းချန်းကျစ်က အလွန် အမျက်ဒေါသထွက်နေချိန် ဘေးမှ ကျန်းဝမ်ဝမ်က သူ့ကို ကြည့်ရင်း ခေါင်းအစ ခြေအဆုံး အေးစိမ့်သွားပါသည်။
ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် သူမ ဘေးကလူကို သံသယများ၊ ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာသည်။
ကျားကြီးက ထွက်မသွားသေးသော်လည်း ရန်လိုမှု အရိပ်အယောင်ပင် မရှိပါ။
ချင်းလောင်ယွင်က ကျားကြီးနဲ့ စူစူလေးတို့ကို အံ့အားသင့် တုန်လှုပ်စွာ ကြည့်နေသည်။
စူစူလေး မလိမ်ခဲ့ပါ။
ကျားကြီးက တကယ် မကိုက်တတ်ပေ။
စူစူလေးက လက်ရမ်းပြလိုက်ရာ ကျားကြီးလည်း ဖြေးညှင်းစွာ ထွက်ခွာသွားခဲ့တော့သည်။
ကျားကြီးမရှိတော့မှ ချင်းလောင်ယွင် စိတ်အေးနိုင်တော့သည်။
“ပြုတ်ကျတာ နာသွားသေးလား။ မတ်တပ်ရပ်နိုင်လား”။ စူစူလေး ထပ်မေးလိုက်သည်။
ထိုမေးခွန်းကြောင့် ချင်းလောင်ယွင် ထပ်ပြီး ကြက်သေသေသွားသည်။
သူမကို ဘာလို့ ဂရုစိုက်နေတာလဲ။
သူက လူဆိုးမဟုတ်ဘူးလား။ သူမနဲ့ သူမမိဘတွေ၊ အဘိုးအဘွားတွေကို အမြဲတမ်း အနိုင်ကျင့်နေတဲ့သူ မဟုတ်ဘူးလား။
ဘာလို့လဲ။
ချင်းလောင်ယွင် စိတ်များ အလွန်ရှုပ်ထွေးနေသည်။
“နင်ဘာဖြစ်နေတာလဲ”။ စူစူလေးက ကြောင်စီစီဖြင့် ကြည့်ကာ မေးလိုက်သည်။
မျက်ရည်တွေဝဲနေတဲ့ ဒီလူသားပေါက်စလေး ဘာဖြစ်နေတာလဲ။
“ငါ…”။ ထိုအခါမှ သူမ တင်ပါး ပူထူလာသည့် ခံစားချက်ကို ခံစားမိသည်။ လက်နှစ်ဖက်စလုံးလည်း ပွန်းရာပဲ့ရာများဖြင့် သွေးခြေဥနေပါသည်။
သူမ မတ်တပ်ရပ်ဖို့ ကြိုးစားသော်လည်း နာကျင်မှုကြောင့် အော်ငိုမိသွားသည်။
ခုနက မကျခဲ့သောမျက်ရည်များလည်း စူစူလေးရှေ့မှာ ထိန်းမနိုင် သိမ်းမရဖြစ်စွာ ကျဆင်းလာပါသည်။
“အီးဟီးဟီး နာတယ်… ငါ့တင်ပါး နာတယ်… အရမ်းနာတယ်… အီးဟီးဟီး…”
“မငိုနဲ့!”။ စူစူလေးက ခက်ထန်စွာ ပြောလိုက်သည်။ “ငိုရင် ငါထားခဲ့မှာနော်!”
စူစူလေး၏ စကားကြောင့် ချင်းလောင်ယွင် လန့်သွားသည်။ နှုတ်ခမ်းကို ချက်ချင်း ကိုက်လိုက်ကာ ငိုချင်စိတ် ထိန်းထားလိုက်ပါသည်။
သူမ မငိုရဲတော့ပါ။ စူစူလေး ထားခဲ့မှာကို ကြောက်တာကြောင့်ဖြစ်သည်။
သူမ မိသားစုကို ချင်းစူစူ အရင်က အနိုင်ကျင့်ခဲ့ပြီး အခုမှ သူမကို ဘာကြောင့် ကယ်တင်နေရတာလဲဆိုတာ ချင်းလောင်ယွင် နားမလည်ပါ။
သို့သော်လည်း အခုချိန်မှာ သူမကို ကယ်တင်နိုင်သည့်လူဆိုလို့ စူစူလေး တစ်ယောက်တည်းသာရှိသည်။ ထို့ကြောင့် စူစူလေးစကားကို နားထောင်ရမည်။
ချင်းလောင်ယွင်က နှုတ်ခမ်းကိုက်လျက် ငိုချင်စိတ်ကိုထိန်းထားရပြီး အလွန်သနားစရာကောင်းနေပါသည်။
စူစူလေးတောင် မကြည့်ရက်တော့ပါ။ “အေးပါ အေးပါ။ ငိုလို့ရတယ်။ ဒီတစ်ခါပဲ ငိုခွင့်ပေးလိုက်မယ်”
လူသားပေါက်စလေးတွေက တကယ် ပျော့ပြီး သတ္တိနည်းလိုက်တာ!
ထိုသို့တွေးလိုက်သော်လည်း ချင်းလောင်ယွင်ကို မထားခဲ့ဘဲ စူစူလေး ချင်းလောင်ယွင်ကို ပွေ့ချီလိုက်ပါသည်။
ချင်းလောင်ယွင် အံ့အားသင့်လွန်းသဖြင့် မျက်လုံးများ ပြူးကျယ်သွားသည်။
စူစူလေးက… သူမကို ပွေ့ချီလိုက်တယ်…
မင်းသားလေးက မင်းသမီးလေးကို ပွေ့ချီသလိုမျိုး…
“မရုန်းနဲ့နော်။ ငါ့လက်တွေက အကြီးကြီးမဟုတ်ဘူး။ နင်လှုပ်ရင် ငါချီနိုင်မှာ မဟုတ်ဘူး”။ စူစူလေးက သတိပေးလိုက်ပါသည်။
သူမက သန်မာသော်လည်း သူများတွေကို မနာကျင်စေအောင် အားအများကြီးထုတ်သုံးလို့ မဖြစ်ပါ။
သို့သော် ချင်းလောင်ယွင် ဂနာမငြိမ်ဖြစ်နေလျှင် သူမရဲ့ လက်သေးသေးလေးများနဲ့ မထိန်းနိုင်ဘဲ ပစ်ချမိလိမ့်မည်။
ထိုအခါ သူမ တင်ပါးလေး ထပ်ပြီး နာသွားရလိမ့်မည်။
“အင်းပါ… ငါ… ငါမလှုပ်ပါဘူး”။ ချင်းလောင်ယွင်က ရှိုက်ကြီးတငင် ငိုကြွေးရင်း ပြောလိုက်သည်။
မျက်ရည်တွေ ကျနေသော်လည်း စူစူလေးကို ကတိပေးလိုက်ပါသည်။ စူစူလေး စိတ်ဆိုးပြီး သူမကို ထားခဲ့မှာ ကြောက်တာကြောင့်ဖြစ်သည်။