← Chapters

အခန်း (၂၉၂+၂၉၃)

Vol. 12 Ch. 292+293

အခန်း (၂၉၂+၂၉၃)

Vol. 12 Ch. 292+293

အခန်း(၂၉၂) ဝဋ်လည်ခြင်း

ထို့နောက် ဝုန်းခနဲ အသံတစ်သံ ထပ်မံထွက်ပေါ်လာခဲ့သည်။

ချင်းချန်းကျစ် နောက်တစ်ဖန် ကားတံခါးနဲ့ ဝင်တိုက်မိသွားပြန်သည်။

အရှိန်ကြောင့် ကားတံခါးတောင် အနည်းငယ် ချိုင့်ဝင်သွားသည်။ ထိုအခါ တံခါး ဖွင့်ပိတ်စနစ်နဲ့ ချိတ်ဆက်ထားသော လေအဆို့မှ လေတွေ စိမ့်ထွက်လာသည်။

လေတွေ စိမ့်ထွက်လာကြောင့် ကားတံခါးလည်း အလိုလို ပွင့်သွားခဲ့ပါသည်။

အနောက်က ကားတံခါးပွင့်သွားတာကို မြင်သောအခါ ချင်းချန်းကျစ် ချောက်ချားသွားပြီး ဘတ်စ်ကားပေါ် ပြန်တက်ဖို့ အမြန်ကြိုးစားသည်။

သို့သော်လည်း သူ့မျက်စိရှေ့မှာ စူစူလေး၏ ခြေထောက်တစ်ဖက် ထပ်မံပေါ်လာပြန်ပါသည်။

ချင်းချန်းကျစ်တစ်ယောက် နှလုံးခုန်ရပ်မတတ်ဖြစ်သွားပြီး ခေါင်းအစ ခြေအဆုံး ကြက်သီးမွေးညှင်းများ ထသွားခဲ့သည်။

ထို့နောက် ထင်ထားသည့်အတိုင်းပဲ ချင်းချန်းကျစ် ဘတ်စ်ကားပေါ်မှ ဒလိမ့်ခေါက်ခွေး ပြုတ်ကျသွားပါသည်။

ဘတ်စ်ကားက ဖြေးညှင်းစွာ မောင်းနှင်နေတာဖြစ်သဖြင့် အရှိန်ကြောင့် ချင်းချန်းကျစ် မြေပေါ်မှာပါ လိမ့်သွားသည်။

ဘတ်စ်ကား၏ အမြန်နှုန်းက သူချင်းလောင်ယွင်ကို ပစ်ချခဲ့တုန်းကထက် အနည်းငယ် ပိုမြန်ဆန်သဖြင့် ချင်းချန်းကျစ် တစ်ယောက် ပိုဝေးဝေးမှာ ကျန်ခဲ့လေသည်။

သူ့ခန္ဓာကိုယ်အစိတ်အပိုင်း တော်တော်များများ ကြမ်းတမ်းသည့် မြေကြီးနဲ့ ပွတ်တိုက်မိပြီး ပွန်းပဲ့ကုန်လေသည်။

သို့သော် အခုချိန်မှာ ချင်းချန်းကျစ် နာကျင်မှုကို ဂရုမစိုက်အားတော့ပါ။

ခုနက နဖူးဖြူကြားကြီးကို မြင်လိုက်ရသသဖြင့် ချင်းချန်းကျစ် ကုန်းကုန်းကွကွ အမြန်ထပြီး ဘတ်စ်ကားနောက် အမြန်ပြေးလိုက်လေသည်။

ချင်းလောင်ယွင်ကို သူလုပ်ခဲ့သလိုပဲ အခုတော့ ချင်းချန်းကျစ် ဝဋ်ပြန်လည်နေပါပြီ။

ကားဒရိုင်ဘာလည်း ဘာတွေဖြစ်နေသလဲ သတိထားမိပြီး ဘရိတ်ကို အမြန်အုပ်လိုက်သည်။

ဒီနေ့အိမ်မှာ ဘုရားမရှိခိုးမိခဲ့လို့လား။ ဘာလို့ ပြဿနာတွေ ဒီလောက်တက်နေတာလဲ။ အထိတ်တလန့် ကြုံရလွန်းသဖြင့် နှလုံးရောဂါပင် ရခါနီးနေပါပြီ။

ကားဒရိုင်ဘာကြီး ငိုချင်စိတ်ပေါက်သွားပြီး တောင်းတောင်းပန်ပန် ပြောလိုက်ပါသည်။ “ကျေးဇူးပြုပြီး အားလုံးကို လုံခြုံတဲ့နေရာ ရောက်အောင် အရင်ပို့ခွင့်ပေးကြပါ။ အဲ့ဒီရောက်မှ လုပ်ချင်တာလုပ်ကြ! ခင်ဗျားတို့ဖာသာ လူသတ်ချင် သတ် ကျုပ်နဲ့မဆိုင်ဘူး။ ဒါပေမယ့် ဒီမှာတစ်ခုခုဖြစ်ရင် ကျုပ်တာဝန်ဖြစ်မှာ!”။

ဒရိုင်ဘာ စိတ်ညစ်နေတာကိုမြင်ပြီး စူစူလေး စဉ်းစားလိုက်သည်။

ကားဒရိုင်ဘာကြီးကို ကြည့်ရတာ စိတ်အနှောင့်အယှက်ဖြစ်နေသလိုပဲ။ သူမ တစ်ခုခု လုပ်လိုက်မိလို့လား။ ကားဒရိုင်ဘာကြီးကို စိတ်ညစ်အောင် မလုပ်သင့်ဘူး။ သူအမှားမှ လုပ်မထားတာ။

ချင်းယုဟွိုင်းက ဆောင့်ကြောင့်ထိုင်လိုက်ပြီး စူစူလေးကို သိမ်မွေ့စွာ ချော့လိုက်ပါသည်။ “အဲ့ဒီလူက အမှိုက်သရိုက် မှန်ပေမယ့် သူ့အသက်ကို ဒီတိုင်း အလွယ်တကူ စွန့်ပစ်လိုက်လို့ မရဘူး။ အပြစ်ရှိတဲ့သူကို တရားဥပဒေအရ ပြစ်ဒဏ် ပေးရတယ်”

တချို့ အခြေအနေတွေမှာ စူစူလေး ခွန်အားသုံးပြီး သူမ မိသားစုကို ကာကွယ်ပေးတာ ချင်းယုဟွိုင်း အားပေးပါသည်။

သို့သော်လည်း ဒီလို တွေ့ရာမြင်ရာ ပြဿနာတိုင်းမှာ ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်လို့တော့ မရပေ။

“ဟုတ်ပါပြီ”။ စူစူလေး သဘောတူလိုက်သည်။ ချင်းယုဟွိုင်း၏ စကားကို နားထောင်ပြီး အမှိုက်သရိုက် ချင်းချန်းကျစ်ကို လောလောဆယ် လွှတ်ပေးလိုက်ဖို့ စူစူလေး ဆုံးဖြတ်လိုက်ပါသည်။

“ဒါပေမယ့် အဲ့ဒီ အမှိုက်ကောင် သူများတွေကို ထပ်မရိုက်ရဘူး၊ မဆဲရဘူးနော်! ကလေးတွေ အတုယူမှားသွားမယ်! ကြည့်ဦး ကလေးတွေ အကုန် ကြောက်နေပြီ”။ စူစူလေးက ခက်ထန်စွာ သတိပေးလိုက်ပါသည်။

အမှန်ပင်။ တခြားကလေးတွေအားလုံး စိတ်အလွန်ဖိစီးနေပုံပေါက်သည်။

ချင်းယောင်ယွင်က အဆိုးရွားဆုံးဖြစ်၏။ အကြောက်လွန်ပြီး ငိုတောင် မငိုနိုင်တော့ဘဲ ကျောက်ရုပ်လို ငြိမ်သက်နေခဲ့ပါသည်။

ချင်းယုဟွိုင်းက ခေါင်းငြိမ့်လိုက်၏။ “သူ ထပ်မသောင်းကျန်းစေရဘူး”

ချင်းယုဟွိုင်း ဘာမှ ပြောစရာမလိုဘဲ လူတချို့က ကားပေါ်ပြန်တက်လာသည့် ချင်းချန်းကျစ်ကို ဝိုင်းဝန်းဖမ်းချုပ်လိုက်ကြသည်။

ဘတ်စ်ကားပေါ်မှ အရေးပေါ် ကယ်ဆယ်ရေးကြိုးကို ထုတ်ကာ ချင်းချန်းကျစ်အား တုပ်နှောင်ထားလိုက်ကြပါသည်

စူစူလေး ကန်တာကို အကြိမ်ပေါင်းများစွာ ခံရပြီး ဘတ်စ်ကားပေါ်မှ ပြုတ်ကျထားသဖြင့် ချင်းချန်းကျစ် ခုခံဖို့ ခွန်အားပင် မရှိတော့ပေ။

သူ့ကို ကြိုးတုပ်မထားရင်တောင် ဘာမှ မလုပ်နိုင်တော့ပါ။

စူစူလေးက ချင်းလောင်ယွင်ဆီ လျှောက်သွားကာ မေးလိုက်သည်။ “သကြားလုံး စားမလား။ အခုတော့ မရှိတော့ဘူး။ အိမ်ပြန်ရောက်ရင် ယူပေးမယ်”

… … …

အခန်း(၂၉၃) စူစူလေး ငါ့ခေါင်းကို လာကိုင်တယ်

ချင်းလောင်ယွင် အချိန်အတော်ကြာအောင် စကား ပြန်မပြောနိုင်ခဲ့ပါ။

စူစူလေးကို ရီဝေစွာသာ စိုက်ကြည့်နေခဲ့သည်။

သူမမေးခွန်းကို ပြန်မဖြေဘူးဟု စူစူလေး ထင်နေစဉ်မှာပင်-

“စားချင်တယ်”။ ချင်းလောင်ယွင်က တိုးညှင်းစွာ ပြောလိုက်ပါသည်။

သကြားလုံးက အလွန်အရသာရှိပါသည်။

“အွန်း လိမ်လိမ်မာမာနေ။ ပြီးကျရင် ဆေးရုံသွားမယ်၊ ဆရာဝန်ဆီသွားမယ်၊ ဆေးထည့်ပြီးရင် နင့်ကို သကြားလုံး ကျွေးမယ်!”။ စူစူလေးက ပြောလိုက်သည်။

ချင်းလောင်ယွင်က စူစူလေးကို စိုက်ကြည့်ပြီး အူတူတူဖြင့် ခေါင်းငြိမ့်လိုက်ပါသည်။

စူစူလေးက ချင်းလောင်ယွင်၏ ခေါင်းကို ပုတ်ပေးလိုက်ပါသည်။ “လိမ္မာတယ် လိမ္မာတယ်~”

ချင်းလောင်ယွင်လည်း ရီဝေစွာဖြင့် စူစူလေး ပုတ်ထားသည့် သူမ ခေါင်းကို လက်ဖြင့် ကိုင်ကြည့်လိုက်မိသည်။

ထို့နောက် သူမ လက်ပေါ်က သွေးခြေဥနေသည့် ဒဏ်ရာများကို ရီဝေစွာ စိုက်ကြည့်နေခဲ့ပါသည်။

ထိုစဉ် စန်းကျစ်ရောက်လာပြီး ချင်လောင်ယွင်၏ လက်ကို ကိုင်လိုက်သည်။ “ခဏလောက် သည်းခံလိုက်ဦး။ ငါ အိုင်အိုဒင်း ဆေးယူလာတယ်။ ဆေးထည့်ဖို့ လွယ်တဲ့အနာတွေကို အရင်ထည့်ပေးထားလိုက်မယ်”

စန်းကျစ်က သူမကျောပိုးအိတ်ထဲ မွှေနှောက်လိုက်ပြီး ဆေးဝါးပစ္စည်းတွေ ထုတ်လိုက်ပါသည်။

ဒီနေ့ စူစူလေး ထိခိုက်ဒဏ်ရာ ရမှာစိုးရိမ်သဖြင့် ဒါတွေအကုန် ယူလာရခြင်းဖြစ်သည်။

စန်းကျစ်က ချင်းလောင်ယွင် နာကျင်မှာစိုးသဖြင့် ညင်ညင်သာသာ ဆေးထည့်ပေးပါသည်။

ချင်းလောင်ယွင်က သူမ မျက်နှာရှေ့က အစ်မကြီး၏ နူးနူးညံ့ညံ့မျက်နှာကို ကြောင်စီစီဖြင့် စိုက်ကြည့်နေခဲ့သည်။

ချင်းလောင်ယွင် သိမ်သိမ်မွေ့မွေ့ ညင်ညင်သာသာ ဆေးထည့်ပေးနေပုံကို ကြည့်ရင်း ချင်းယုဟွိုင်းရင်ထဲ ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သူ့ဘဝ တစ်လျှောက်လုံး ဒါမျိုးတစ်ခါမှ မခံစားခဲ့ရဖူးပါ။ သို့သော် စန်းကျစ်နဲ့ တွေ့ပြီးမှ ဆက်တိုက် ခံစားလာရသော ခံစားချက်တစ်ခုဖြစ်သည်။

ချင်းယုဟွိုင်း အလွန်စိတ်ရှုပ်ထွေးသွားပါသည်။ သူဘာဖြစ်နေတာလဲ။ ဘာလို့ မူမမှန် ဖြစ်နေရတာလဲ။

“ပြီးသွားပြီ! လက်ရယ်၊ လက်မောင်းတွေရယ်၊ ဒူးခေါင်းအောက်ဘက်ရယ် ဆေးထည့်ပေးထားတယ်! ကျန်တဲ့နေရာတွေ အိမ်ပြန်ရောက်မှ လိမ်းပေးမယ်။ ငါတို့က မိန်းကလေးတွေဆိုတော့ ဒီမှာ လိမ်းလို့မရဘူး”။ စန်းကျစ်က အပြုံးဖြင့် ပြောလိုက်ပါသည်။

ထို့နောက် စန်းကျစ်က စူစူလေးဘက်သို့ လှည့်ကာ ပြောလိုက်သည်။ “စူစူလေး ဒီလာပါဦး။ ဘယ်နား နာသွားသေးလဲ”

“မနာဘူး!”

“ခြေဖဝါးလေးကော နာသွားသေးလား။ ခုနက လူဆိုးကောင်ကြီးကို ကန်ထုတ်လိုက်တုန်းက နာသွားသေးလား”

“မနာဘူး!”။ စူစူလေးက ခြေဖဝါးကို မ,လိုက်ပြီး လှုပ်ခါပြလိုက်ပါသည်။

“အင်းပါ အင်းပါ”။ စန်းကျစ်က ခေါင်းငြိမ့်လိုက်ပါသည်။

အသားစားတိရိစ္ဆာန်ရုံထဲမှ ထွက်လာပြီးနောက် ချင်းချန်းကျစ်ကို ဖမ်းချုပ်ဖို့ လုံခြုံရေးအစောင့်တွေကို ချင်းယုဟွိုင်း ခေါ်လိုက်ပါသည်။

နောက်ဆုံးတော့ ချင်းချန်းကျစ် အသိစိတ်ပြန်ကပ်ပြီး ခုခံလေသည်။ “ချင်းယုဟွိုင်း! သူတို့ ငါ့ကို ဖမ်းချုပ်ခွင့်ရှိလို့လား။ ဒါတရားမဝင်ဘူးနော်!”

“ခင်ဗျားလုပ်ရပ်အတွက် ခင်ဗျားပြစ်ဒဏ်ခံရမှာပေါ့”

“ငါဘာလုပ်မိလို့လဲ။ ဒီတိုင်း ငါ့မိန်းမနဲ့ စကားများတာ တရားဥပဒေ ချိုးဖောက်ရာကျတယ်လား”

“ကျုပ်ဘာကိုဆိုလိုလဲ ခင်ဗျားကောင်းကောင်းသိပါတယ်။ ဘတ်စ်ကားပေါ်မှာ ကင်မရာတွေ ရှိတယ်”

ဘတ်စ်ကားပေါ်မှာ ကင်မရာတွေ ရှိတယ်ဟုတ်လား?။

ချင်းချန်းကျစ် အနည်းငယ် ထိတ်လန့်သွားသော်လည်း တစ်ခုခုကို တွေးမိကာ ယုံကြည်ချက် ပြန်ပြည့်ဝသွားသည်။ “မင်းက ရဲတိုင်ရဲလို့လား။ သူတို့ ကင်မရာမှတ်တမ်းတွေကို မြင်သွားရင် ငါတစ်ယောက်တည်း ဒုက္ခရောက်မှာမဟုတ်ဘူး အဲ့ဒီကလေးမလေးလည်း ဒုက္ခရောက်မှာ!”

တစ်စုံတစ်ယောက်ကို ထိခိုက်အောင် သူလုပ်ခဲ့မိသည်ဆိုလျှင် ချင်းစူစူလည်း အတူတူပဲဖြစ်သည်။ ဘယ်သူမှ မလွတ်နိုင်ပါ။

ချင်းယုဟွိုင်းက ချင်းစူစူကို ဒုက္ခရောက်အောင် လုပ်ရက်လိမ့်မည်ဟု ချင်းချန်းကျစ် မထင်ပါ။

ချင်းစူစူက ငယ်သေးသဖြင့် အမှုမကြီးနိုင်ရင်တောင် တခြား အကျိုးဆက်တွေ ရှိလာနိုင်သည်။

“ခင်ဗျားနဲ့ စာရင်းရှင်းဖို့ ရဲခေါ်တာက တစ်ခုတည်းသော နည်းလမ်းလို့ ထင်နေတာလား”။ ချင်းယုဟွိုင်းက အေးစက်စွာ ပြောလိုက်ပါသည်။

“မင်း…”။ ချင်းယုဟွိုင်း၏ အေးစက်နေသော မျက်လုံးများကို ကြည့်ရင်း ချင်းချန်းကျစ် ရင်ထဲ ကြက်သီးမွေးညှင်းများ ထသွားခဲ့သည်။ “အပြစ်ရှိတဲ့သူတွေကို တရားဥပဒေအရ အပြစ်ပေးရမယ်လို့ ချင်းစူစူကို မင်းသင်ပေးခဲ့တာ မဟုတ်ဘူးလား?! ခုနလေးတင် မင်းပြောခဲ့တာလေ!”

“စူစူလေးကို သင်ပေးထားတဲ့အတိုင်း ကျုပ်ကိုယ်တိုင် ကျင့်ကြံမယ်လို့ ခင်ဗျားကို ဘယ်သူပြောလဲ”

All Chapters