← Chapters

အခန်း (၂၉၄+၂၉၅)

Vol. 12 Ch. 294+295

အခန်း (၂၉၄+၂၉၅)

Vol. 12 Ch. 294+295

အခန်း(၂၉၄) ထိုက်တန်တဲ့ အပြစ်ဒဏ်

စူစူလေးကို ချင်းယုဟွိုင်း ဆုံးမတာက ပြဿနာတွေကို စူစူလေး နည်းလမ်းမှန်မှန် ကိုင်တွယ်တတ်စေချင်လို့ ဖြစ်သည်။

သို့သော်လည်း အရွယ်ရောက်ပြီးသားလူတွေရဲ့ ကမ္ဘာက အဖြူအမည်းကာလာ နှစ်ခုတည်းနဲ့ ဆောက်တည်ထားတာ မဟုတ်ပေ။ စာအုပ်အပြင်ဘက်က နည်းလမ်းတွေ သုံးဖို့လိုအပ်သည့် အခြေအနေများစွာ ရှိတတ်သည်။

“မင်း… မင်းဘာလုပ်ဖို့ ကြံနေတာလဲ”။ ချင်းချန်းကျစ် ကြောက်ရွံ့လာပါသည်။

“ဥပမာအားဖြင့် ခင်ဗျားရဲ့ အကြွေးရှင်တွေကို ဆက်သွယ်ပြီး ခင်ဗျားကို လာခေါ်ခိုင်းတာမျိုးပေါ့”

ထိုသို့ပြောပြီးနောက် ချင်းယုဟွိုင်း လှည့်ထွက်သွားလေသည်။

“မလုပ်နဲ့! ငါ့အကြွေးရှင်တွေ ဝင်ပါလို့မရဘူး! ရဲသာတိုင်လိုက်စမ်းပါ! ငါရဲစခန်းပဲသွားမယ်!”

သူ့အကြွေးရှင်တွေနဲ့ တွေ့ရမည့်အစား ချင်းချန်းကျစ် ထောင်ထဲသာ ဝင်လိုက်ပါမည်။

ရဲအဖမ်းခံရလျှင် ထောင်ထဲမှာ နှစ်အနည်းငယ်သာ နေရနိုင်သည်။ သို့သော် သူ့အကြွေးရှင်တွေ လက်ထဲ ရောက်သွားပါက သူ့အသက်ကိုတောင် ဆုံးရှုံးနိုင်ပါသည်။

ချင်းယုဟွိုင်းက ဂရုမစိုက်ဘဲ သူ့လမ်းသူ ဆက်လျှောက်သွားခဲ့သည်။

“ချင်းယုဟွိုင်း! မင်းငါ့ကို ဒီလိုလုပ်လို့ မရဘူးလေ! ငါ မင်းဦးလေးကွ!”

ချင်းချန်းကျစ်က ချင်းယုဟွိုင်းကို အော်ပြောလိုက်သည်။

ချင်းယုဟွိုင်းက မကြားချင်ယောင် ဆောင်လိုက်ပါသည်။ ထို့နောက် စူစူလေးနဲ့ စန်းကျစ်တို့ထံ ပြန်သွားလိုက်သည်။

“ဘာဖြစ်သွားပြီလဲ။ အဲ့ဒီ လူယုတ်မာကို ဘယ်လိုရှင်းလိုက်လဲ။ ရဲခေါ်လိုက်လား”။ စန်းကျစ်က စိုးရိမ်တကြီး မေးလိုက်သည်။

“သူနဲ့တန်တဲ့ အပြစ်ဒဏ် ခံရလိမ့်မယ်”။ ချင်းယုဟွိုင်းက သေချာစွာ ပြောလိုက်သည်။

“အဲ့တာဆို ကောင်းတာပေါ့”။ စန်းကျစ် ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် ကားနောက်ခုံမှာ ထိုင်နေသည့် ချင်းလောင်ယွင်အား လှည့်ကြည့်ကာ စိတ်ပူစွာဖြင့် မေးလိုက်သည်။ “ဒီကလေးကို ဘယ်လိုလုပ်ရမလဲ”

ဒီကောင်မလေးက နည်းနည်းလေး ဝမ်းနည်းစရာရှိရင်တောင် အငိုသန်တတ်သူဖြစ်သည်။ သို့သော် ဒီနေ့ ရင်ထိတ်စရာ ဖြစ်ရပ်တွေ အများကြီး ဖြစ်ပြီးတာတောင် သူမ သိပ်မငိုတော့ပါ။ ထို့ကြောင့် စန်းကျစ် အနည်းငယ် စိုးရိမ်မိသည်။

“အရင်ဆုံး ဆေးရုံခေါ်သွားပြီး သေချာ စစ်ဆေးပေးရမယ်။ ပြီးရင် သူ့အမေကို ငါဆက်သွယ်လိုက်မယ်။ သူ့အမေ ဘာမှ မဖြစ်ဘူးဆိုရင် လောလောဆယ်တော့ သူ့အမေလက်ထဲ အပ်ထားလိုက်မယ်။ သူ့အမေကတော့ သူ့ကို ဂရုစိုက်ပုံပဲ။ သူ့အမေ သေချာ မထိန်းကျောင်းနိုင်ဘူးဆိုရင် ငါတို့အိမ် ခေါ်သွားလိုက်မယ်”။ ချင်းယုဟွိုင်းက ပြောလိုက်ပါသည်။

သူ့ဦးလေး ချင်းကျင်းဖန်တို့ လင်မယားက သူတို့သား ချင်းချန်းကျစ်ကို အလွန်ချစ်မှန်း ချင်းယုဟွိုင်း သိသည်။ ထို့ကြောင့် သူတို့သား ဘာဖြစ်သွားသလဲဆိုတာကိုသာ သိသွားလျှင် ချင်းလောင်ယွင်အပေါ် ဒေါသ ပုံချနိုင်ပါသည်။

သူ့ဒေါ်လေးကလည်း သူ့ဦးလေးလိုပဲ အပျင်းကြီးကာ အလုပ်မလုပ်ဘဲ လောင်းကစားစွဲနေသူဖြစ်သည်။ သို့သော် အနည်းဆုံးတော့ သူ့သမီးကိုသူ ဂရုစိုက်သေးသည့်ပုံစံပင်။

“အင်း… အဲ့လိုပဲ လုပ်ရမှာပဲ။ အခုချိန်မှာ သူအလိုအပ်ဆုံးက သူ့အမေအရင်းရဲ့ နွေးထွေးမှုပဲ”။ စန်းကျစ်က သဘောတူလိုက်ပါသ်ည။

စန်းကျစ်က ချင်းယုဟွိုင်း၏ ခံစားချက်မဲ့သော မျက်နှာကို ငေးကြည့်လိုက်ပြီး အရင်ကလောက် မအေးစက်တော့သလို ခံစားလိုက်ရသည်။

ဒီနေ့ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်တွေအားလုံးကြောင့် ထိုလူ့ရဲ့ အပြင်ပန်း အေးစက်မှုအောက်က နွေးထွေးမှုနဲ့ တရားမျှတမှုစိတ်ဓာတ်တို့ကို သူမ မြင်တွေ့ခဲ့ရပါသည်။

--- --- ---

ဆေးရုံမှာ စစ်ဆေးပြီးသွားသောအခါ ချင်းလောင်ယွင် ကံကောင်းခဲ့ပါသည်။ သူမက လူကောင်သေးသဖြင့် ကားပေါ်မှ ပြုတ်ကျသည့် ဒဏ်ရာများက သိပ်မပြင်းထန်ပါ။ ပွန်းရာပဲ့ရာတချို့သာ ရှိပါသည်။

ဆေးရုံက ဆေးကုသပေးပြီးနောက် ပတ်တီးများနဲ့ သောက်ဆေးတချို့ ပေးလိုက်သည်။

ထို့နောက် ချင်းယုဟွိုင်းက ကျန်းဝမ်ဝမ်အား ဖုန်းဆက်လိုက်ပါသည်။ ကျန်းဝမ်ဝမ်နဲ့ ဆွေးနွေးပြီးနောက် သားအမိ နှစ်ယောက်ကို သူတို့ မိသားစုပိုင်ဟိုတည်တစ်ခုမှာ ယာယီနေထိုင်ခွင့်ပြုဖို့ ချင်းယုဟွိုင်း ဆုံးဖြတ်လိုက်သည်။

ထိုဟိုတည်က ချင်းမိသားစု၏ အရံလုပ်ငန်းတစ်ခုဖြစ်ပြီး ချင်းယုဟွိုင်းကိုယ်တိုင် စီမံနေသော ဟိုတည်တစ်ခုဖြစ်၏။

ဟိုတည်ဝင်ပေါက်တွင် ကားရပ်တန့်သွားပြီး ချင်းယုဟွိုင်းက ကားတံခါးဖွင့်ကာ ချင်းလောင်ယွင်ကို ခေါ်ထုတ်ဖို့ ပြင်လိုက်သည်။

သို့သော် ချင်းလောင်ယွင်က ရုတ်တရက် ကျုံ့သွားပြီး စူစူလေးဘေးမှာ ကပ်နေလိုက်ပါသည်။

ချင်းယုဟွိုင်းက သူမကို အတင်းမထုတ်ဘဲ မေးလိုက်သည်။ “ဟိုတည်မှာ မနေချင်ဘူးလား”

ချင်းလောင်ယွင်က ပြန်မဖြေဘဲ စူစူလေးကို အဓိပ္ပာယ်ပါသော မျက်လုံးများဖြင့် ကြည့်နေပြီး စူစူလေးအား တစ်ခုခု ပြောချင်နေသလို ပြုမူနေပါသည်။

“ဘာဖြစ်လို့လဲ”။ စူစူလေးက ချင်းလောင်ယွင်အား မေးလိုက်သည်။

… … …

အခန်း(၂၉၅) ခိုးကြည့်နေတာလား

“သကြားလုံး…” ချင်းလောင်ယွင် တီးတိုးပြောလိုက်၏။

“ငါမမေ့ပါဘူး! ကတိပေးပြီးပြီလေ။ အဲ့တာကြောင့် သေချာပေါက် ပေးမှာ! ကိုယ့်ကိုယ်ကို ဂရုစိုက်နော်။ တနင်္လာနေ့ကျရင် ကျောင်းလာခဲ့ ငါသကြားလုံး ယူလာခဲ့မယ်!”။ စူစူ‌လေးက ကတိထပ်ပေးလိုက်ပါသည်။

သူမက ကတိတည်တတ်သည်။ ဘယ်တော့မှ ပြောပြီးသားစကား ပြန်မရုတ်သိမ်းတတ်ပါ။

စူစူလေးက လက်သန်းလေး ထုတ်လိုက်ပြီး ချင်းလောင်ယွင်ရဲ့ လက်သန်းလေးနဲ့ ချိတ်လိုက်သည်။ “လက်သန်းချင်း ချိတ်ပြီး ကတိပေးရအောင်။ လက်သန်းချင်းချိတ်လိုက်ရင် ကတိဖျက်လို့မရတော့ဘူး! ကတိဖျက်ရင် နောက်ဘဝ ခွေးပေါက်လေးဖြစ်သွားလိမ့်မယ်”

“အင်း” ချင်းလောင်ယွင် ခေါင်းငြိမ့်လိုက်ပါသည်။

ထို့နောက် သေးသေးသွယ်သွယ် လက်သန်းလေးနှစ်ချောင်း ချိတ်ကာ ကတိတစ်ခု ပြုလိုက်ကြသည်။

ထို့နောက် နှစ်ယောက်တူတူ တစ်ပြိုင်တည်း ရွတ်ဆိုလိုက်ကြသည်။ “ကတိဖျက်ရင် ခွေးပေါက်လေး ဖြစ်ပါစေ”

ကတိပြုပြီးနောက် ချင်းလောင်ယွင် ကားထဲမှ ထွက်ဖို့ အသင့်ဖြစ်သွားပါသည်။

ထိုစဉ် ကျန်းဝမ်ဝမ်လည်း ရောက်လာပြီး ချင်းလောင်ယွင်အား တင်းကျပ်စွာ ပြေးဖက်လိုက်ပါသည်။

ဒီနေ့ မြင်ခဲ့ရသည့် မြင်ကွင်းကြောင့် သူမ သမီးကို ဆုံးရှုံးရမည့် ကြောက်စိတ်ဖြစ်ပေါ်လာခဲ့တာလား မပြောတတ်ပါ။

သို့သော် ချင်းချန်းကျစ်၏ ခံစားချက်မဲ့မှုနဲ့ ယှဉ်လျှင် ဝမ်းနဲ့လွယ်မွေးထားရသည့် ကျန်းဝမ်ဝမ်မှာတော့ ခံစားချက် ရှိပါသေးသည်။

ထို့နောက် ကျန်းဝမ်ဝမ်က ချင်းလောင်ယွင်ကို လွှတ်ပေးလိုက်ပြီး မျက်နှာလေးကို လက်ဖြင့် ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။

ခဏကြာတော့ သူမ သမီးလေးတစ်ခုခု မူမမှန်တာကို ကျန်းဝမ်ဝမ် သတိထားမိသွားပါသည်။

“ယွင်ယွင် ဘာဖြစ်လို့လဲဟင်။ ဘာလို့ မေကြီးလို့ မခေါ်တာလဲ”

သားအမိတွေ မကြာခဏ မတွေ့တတ်ကြသော်လည်း သူတို့ ဆုံလိုက်တိုင်း သူမ သမီးလေးက သူမကို မေကြီးဟု ပျော်ရွှင်စွာ ခေါ်တတ်မှန်း မှတ်မိပါသည်။

သားအမိတွေ အကြည့်ချင်း ဆုံသွားသည်။

ခဏကြာတော့ ချင်းလောင်ယွင် နှုတ်ဟလိုက်သည်။ “မေကြီး…”

ချင်းလောင်ယွင် မျက်ရည်တွေဝဲသွားပြီး စတင်ငိုကြွေးလေတော့သည်။ အငိုသန်လွန်းသဖြင့် တစ်ကိုယ်လုံးပင် တုန်ယင်နေပါသည်။

သူမ ငိုတာကို မြင်ရမှ ချင်းယုဟွိုင်းလည်း စိတ်အေးသွားတော့သည်။

ဟိုတည်မန်နေဂျာကို သေချာ ညွှန်ကြားပြီးနောက် စူစူလေးနဲ့ စန်းကျစ်တို့ကို ခေါ်ပြီး ချင်းယုဟွိုင်း အိမ်ပြန်လာခဲ့သည်။

စူစူလေးက ကားထဲမှာ အိပ်ပျော်သွားသဖြင့် ရှေ့ခုံက လူနှစ်ယောက်သာ နိုးနိုးကြားကြား ကျန်ခဲ့လေသည်။

တစ်လမ်းလုံး စန်းကျစ်က ချင်းယုဟွိုင်းကို မကြာခဏ ခိုးခိုး ကြည့်နေသည်။

“ငါ့ကိုကြည့်နေတာလား”။ ချင်းယုဟွိုင်းမေးလိုက်၏။

“အောင်မယ်လေး!”။ လက်ပူးလက်ကြပ်မိသွားသဖြင့် စန်းကျစ်ခေါင်းငုံ့ကာ ဘူးခံငြင်းလိုက်သည်။ “မကြည့်ပါဘူး… မကြည့်ပါဘူး…”

“မကြည့်ဘူးဟုတ်လား”

သူမ လိမ်နေတာ။ သူ့ကို ကြည့်နေတာ သေချာမြင်လိုက်တယ်။

သို့သော်လည်း ချင်းယုဟွိုင်း စိတ်အနှောင့်အယှက်မဖြစ်ပါ။ ဆန့်ကျင်ဘက် အနေဖြင့် အနည်းငယ်တောင်… ကျေနပ်မိပါသည်။

“ကြည့်-ကြည့်လိုက်မိပါတယ်”။ စန်းကျစ် မလိမ်ရဲတော့ပါ။

“ဘာလို့ ခိုးကြည့်နေတာလဲ”။ ချင်းယုဟွိုင်းက ထပ်မေးသည်။

ဘာကြောင့်မှန်းမသိဘဲ သူမရဲ့ အဖြေကို ချင်းယုဟွိုင်း တကယ်ကြားချင်မိသည်။

“ဘာလို့လဲဆိုတော့… ရှင်က ကျွန်မ ထင်ထားသလို မဟုတ်လို့”

“ဘယ်လို မဟုတ်တာလဲ”

“အရင်တုန်းက… ရှင့်ကို ခံစားချက်မရှိတဲ့ အေးတိအေးစက်လူတစ်ယောက်လို့ ထင်ထားတာ။ လူတိုင်းက ရှင့်လုပ်စာ ထိုင်စားနေရတဲ့ မျက်နှာနဲ့လေ”

ဒါကိုကြားပြီး ချင်းယုဟွိုင်း မျက်လုံးများ လေးနက်သွားသည်။

သူ့ကို အဲ့လိုထင်သွားတာလား။

စန်းကျစ်က ဆက်ပြောလိုက်၏။ “ဒါပေမယ့် ဒီနေ့တော့ ရှင်က အပြင်ပန်းပဲ အေးတိအေးစက်နိုင်ပြီး သိပ်မပြုံးတတ်တာပဲ ရှိမှန်း ကျွန်မ သိခဲ့ရပါတယ်။ စူစူလေး အန္တရာယ်ကြုံရတော့ ရှင်အပြေး သွားကယ်ခဲ့တယ်။ ကျွန်မ အန္တရာယ်ကြုံတော့လည်း အပြေးရောက်လာခဲ့တယ်။ ချင်းလောင်ယွင် အန္တရာယ်ကြုံတော့လည်း ရှင် မတွန့်ဆုတ်ခဲ့ဘူး”

“ဟုတ်လား”။ ချင်းယုဟွိုင်းက ပြန်ပြောလိုက်သည်။ စန်းကျစ်ရဲ့ အဖြေကို လက်ခံသလိုလိုရှိသော်လည်း တခြား ဘာမှ မပြောခဲ့ပါ။

“ဟုတ်တယ်။ အဲ့တာကြောင့် ခုနက ရှင့်မျက်နှာကိုကြည့်ပြီး ဘာလို့ အမြဲတမ်း အေးတိအေးစက်ပုံစံပေါက်နေတာလဲ စဉ်းစားနေတာ”

“ဘာကြောင့်မှ မဟုတ်ဘူး။ မျက်နှာမြင်ရုံနဲ့ ငါ့ကို ပြုံးသွားအောင် လုပ်နိုင်တဲ့ လူမျိုး မတွေ့သေးလို့ နေမှာပေါ့”။ ချင်းယုဟွိုင်းက အေးအေးလူလူ ပြောလိုက်ပါသည်။

“ဪ”။ စန်းကျစ် ခေါင်းငြိမ့်လိုက်ပြီး ဘာမှ ဆက်မမေးရဲတော့ပါ။

All Chapters