← Chapters

အခန်း (၂၉၆+၂၉၇)

Vol. 12 Ch. 296+297

အခန်း (၂၉၆+၂၉၇)

Vol. 12 Ch. 296+297

အခန်း(၂၉၆) သခင်မလေးချင်းကလည်း ကြမ်းကြုတ်တတ်တယ်

သတ္ထုတွင်းကုမ္ပဏီက ရှားပါးကျောက်များကို တူးယူဖို့ စက်ယန္တရားအပိုင်းကော၊ လူအင်အား အပိုင်းကော အသင့်ဖြစ်နေပြီ ဖြစ်သည်။

ထိုသတင်းကို ကြားသောအခါ ရှုထျန်းဖေးက ကျန်းကျန့်မင်ကို ခေါ်ပြီး သတ္ထုတွင်း ကုမ္ပဏီသို့ သွားခဲ့သည်။ သူတို့ စီစဉ်ထားသည့်အတိုင်း သတ္ထုတွင်းကုမ္ပဏီမှ တာဝန်ရှိသူကို ကမ်းလှမ်းညှိနှိုင်းဖို့အတွက် ဖြစ်ပါသည်။

ဗန်ကားကြီးတစ်စီးဖြင့် တောင်တက်လမ်းတစ်လျှောက် မောင်းလာပြီး သတ္ထုတွင်းကြီးရှိရာသို့ ရောက်လာခဲ့ကြသည်။

၁၀ နှစ်ကျော်လောက် စွန့်ပစ်ခံထားရသော သတ္ထုတွင်းကြီး ပတ်ဝန်းကျင်ရှိ အဆောက်အဦးများလည်း ၂ ပတ်အတွင်း ပြန်လည် သက်ဝင်လာခဲ့သည်။

ကားပေါ်မှ ဆင်းလိုက်ကြပြီးနောက် ရုံးအဆောက်အဦးရှိရာထံသို့ ရှုထျန်းဖေးတို့ လျှောက်လာခဲ့ကြပါသည်။

သူတို့ စုံစမ်းစရာရှိတာ စုံစမ်းပြီးပါပြီ။ ခုရက်ပိုင်းအတွင်း သတ္ထုတွင်း ကုမ္ပဏီ တာဝန်ရှိသူက သတ္ထုတွင်းကို အချိန်မရွေး သွားရောက် ကြည့်ရှုနိုင်ဖို့အတွက် ဒီရုံးခွဲမှာ လာရောက်နေထိုင်နေသည်ဟု သတင်းရထားသည်။

ရှုထျန်းဖေးတို့ ခြေလှမ်းအနည်းငယ်သာ လှမ်းလိုက်ရပြီး လူကောင်းသေးသေး ကလေးမလေးတစ်ယောက်ကို သတိပြုမိသွားကြသည်။

အဲ့တာ ချင်းမိသားစုက ကောင်မလေး မဟုတ်လား။

သူဒီမှာ ဘာလုပ်နေတာလဲ။ နေပါဦး…။ ဒီကလေးမလေး တစ်ယောက်တည်းတော့ ဒီကို ရောက်မလာနိုင်ဘူး။ သူဒီမှာ ရှိနေတော့ ချင်းမိသားစုဝင်တွေလည်း ဒီမှာ ရှိနေတယ်ဆိုတဲ့ သဘောပဲ!

ကြည့်ရတာ ချင်းမိသားစုလည်း ဒီတိုင်း ထိုင်မနေနိုင်တော့ဘူးထင်ပါတယ်။ ငါတို့လိုပဲ ဒင်းတို့လည်း သတ္ထုတွင်း ကုမ္ပဏီတာဝန်ရှိသူနဲ့ ညှိနှိုင်းဖို့ ရောက်လာတာဖြစ်မယ်။

“ဘော့စ်ရှု ကြည့်ရတာ ဒီမှာ ကျုပ်တို့ပဲ ရှိနေတာမဟုတ်ဘူးထင်တယ်”။ ကျန်းကျန့်မင်က ရှုထျန်းဖေးအား ပြောလိုက်သည်။

“ခင်ဗျားက ခင်ဗျားရဲ့ ကမ်းလှမ်းချက်ကို ယုံကြည်ချက် မရှိလို့လား”။ ရှုထျန်းဖေးက မေးလိုက်သည်။

“အဲ့လို မဟုတ်ပါဘူး။ ကမ္ဘာကြီးက ကျဉ်းတော့ ရန်သူတွေကို ခဏခဏ တွေ့နေရတာ စိတ်ညစ်စရာ ကောင်းလို့ပါ”။ ကျန်းကျန့်မင်က ပြောလိုက်သည်။

“ဒါဆို ကျုပ်တို့ ရန်သူတွေကို ပိုပြီး စိတ်ညစ်သွားအောင် လုပ်ပေးကြတာပေါ့”။ ရှုထျန်းဖေးက ပြန်ပြောလိုက်သည်။ “ခဏနေကျရင် သူတို့ရှေ့မှာတင် ရှားပါးကျောက်တွေကို အပိုင်သိမ်းပြပြီး သူတို့ရဲ့ နောက်ဆုံးမျှော်လင့်ချက်ကို ဖျက်ဆီး ပေးလိုက်မယ်။ အဲ့တာထက် ပိုပြီး စိတ်ညစ်စရာ ရှိပါဦးမလား”

“ခင်ဗျားပြောတာ မှန်ပါတယ်”။ ရှုထျန်းဖေး၏ စကားကြောင့် ကျန်းကျန့်မင် ပြန်လည် တက်ကြွသွားခဲ့ပါသည်။။

ချင်းမိသားစုရဲ့ စိတ်ပျက်အားလျော့သွားသော မျက်နှာတွေကို သူမြင်ရဖို့ မစောင့်နိုင်တော့ပေ။ နှစ်ပေါင်းများစွာ တိုင်အောင် ကျန်းမိသားစုလုပ်ငန်းတွေက ချင်းမိသားစုရဲ့ ဖိနှိပ်မှုအောက်မှာသာ ရှိခဲ့သည်။ ဒီတစ်ခါတော့ သူတို့တွေ ပြန်ဖိနှိပ်ခံရတာကို မြင်ချင်ပါသည်။

“သွားကြစို့”။ ရှုထျန်းဖေးက ပြုံးလျက် ပြောလိုက်ပါသည်။

စူစူလေးက ဟူကျစ်ကို လိုက်ရှာနေတာဖြစ်သည်။

မနေ့က တိရိစ္ဆာန်ရုံသွားတော့ ဟူကျစ်ကို သူမ ခေါ်မသွားခဲ့ပါ။ ထို့ကြောင့် တစ်ညလုံး သူမကို စိတ်ဆိုးနေသည်။

အစကတော့ သူမကို ဖင်ပေးပြီး မသိချင်ယောင် ဆောင်ရုံသာ ရှိသည်။

နောက်တော့ သူမတူလေးရဲ့ အခန်းထဲထိဝင်ပြီး ကွန်ပျူတာ ကီးဘုတ်တွေကို သေးနဲ့ပန်းသွားသည်။

သူမရဲ့ တူလေးက ဟူကျစ်ကို နာရီဝက်လောက် လိုက်ဖမ်းခဲ့သော်လည်း ဖမ်းမမိခဲ့ပါ။

ဟူကျစ်က မမောပန်းသော်လည်း သူမရဲ့ တူလေးက ခြေကုန်လက်ပမ်းကျသွားခဲ့သည်။

သူမတူလေး လှဲလျောင်း အနားယူသောအခါ ဟူကျစ်က သူ့ခြေထောက်ကို သေးနဲ့ သွားပန်းသေးသည်။ ထို့ကြောင့် သူမ တူလေးက ဒေါ်လေးဖြစ်သည့် သူမကို ငိုယိုပြီး လာတိုင်ခဲ့ပါသည်။

ထို့ကြောင့် ဒီနေ့ အစ်ကိုကြီး၊ တူကြီးတို့နဲ့ အပြင်ထွက်သည့်အခါ ဟူကျစ်ကိုပါ ခေါ်လာခဲ့ရခြင်းဖြစ်သည်။

သို့သော် ဒီငတုံးဟူကျစ်က ဘယ်ပျောက်သွားမှန်းမသိဘဲ ထွက်ပြေးသွားပြန်ပါပြီ။

ဟင်း! တွေ့လို့ရတော့ အစာမကျွေးဘဲထားမယ်!

စူစူလေး ဟူကျစ်ကို ရှာနေစဉ် မြေကြီးပေါ်မှာ လူရိပ်နှစ်ခု ပေါ်လာတာကို မြင်လိုက်ရသည်။

မော့ကြည့်လိုက်သောအခါ ရှုထျန်းဖေးနဲ့ ကျန်းကျန့်မင်တို့အား မြင်လိုက်ရပါသည်။

စူစူလေးက ကျန်းကျန့်မင်ကို မသိပါ။ သို့သော် ရှုထျန်းဖေးကိုတော့ မှတ်မိပါသည်။ သူမကို ပြန်ပေးဆွဲသည့် လူဆိုးကောင်ရဲ့အဖေ… လူဆိုးကောင်ကြီးဖြစ်သည်။

စူစူလေး ချက်ချင်း သတိကြီးသွားပြီး မျက်နှာလည်း စူပုပ် ခက်ထန်သွားသည်။

ကျန်းကျန့်မင်က ထိုမြင်ကွင်းကို မြင်ပြီး ရှုထျန်းဖေးအား လှည့်ပြောလိုက်ပါသည်။ “ကြည့်ပါဦး ချင်းမိသားစုရဲ့ ကလေးလေးကတောင် ကြောက်စရာလေးပါလား!”

ရှုထျန်းဖေးကလည်း လှောင်ပြောင်လိုက်သည်။ “နွားပေါက်က ကျားမကြောက်တတ်ဘူးတဲ့။ ကြားဖူးလား။ ကလေးတွေက အန္တရာယ်တွေ၊ အကြောက်တရားတွေကို ကောင်းကောင်းနားမလည်သေးဘူး”

… … …

အခန်း(၂၉၇) စူစူလေး ဖိနပ်ပေါ် တက်နင်းမိခြင်း

စူစူလေး မကျေနပ်ပါ။ သူမရဲ့ မျက်နှာနဲ့ မျက်လုံးလေးများက အလွန်ရန်လိုနေသည်။ “ငါက ကလေးမဟုတ်ဘူး!”

ထိုစကားကိုကြားပြီး ရှုထျန်းဖေးနဲ့ ကျန်းကျန့်မင်တို့ ပိုမိုကျယ်လောင်စွာ ရယ်မောမိကြလေသည်။

တကယ့် ကလေးစုတ်လေးပဲ။ ကလေးတစ်ယောက်ကပဲ သူတို့ကိုယ်သူတို့ ကလေးမဟုတ်ဘူးလို့ ကလေးအသံလေးနဲ့ ပြောမှာ!

ကျန်းကျန့်မင်က ရှုထျန်းဖေးကို စနောက်ကာ ပြောလိုက်သည်။ “ဒီသတ္ထုတွင်းကြီးက အကျယ်ကြီးဆိုတော့ ကျုပ်တို့ တွင်းတစ်တွင်းလောက်တူးပြီး ဒီကလေးစုတ်ကို မြေမြှုပ်လိုက်ရင် ပြဿနာ ပြေလည်သွားမယ် ထင်တယ်နော်”

ရှုထျန်းဖေးကလည်း ပြန်ပြောလိုက်သည်။ “ခင်ဗျားကတော့ အတွေ့အကြုံနည်းလိုက်တာဗျာ။ အကျယ်ကြီးဆိုပေမယ့် ဒီမှာ လုံခြုံရေးအစောင့်တွေရှိတယ်။ ကင်မရာတွေရှိတယ်။ အဲ့တာကြောင့် သူ့မိသားစုက သူ့ကို ဒီလို တစ်ယောက်တည်း လွှတ်ပေးထားနိုင်တာပေါ့။ သူ့ကို ရှင်းထုတ်ချင်ရင် နေ့ခင်းကြောင်တောင်လုပ်လို့မဖြစ်ဘူး။ ပြီးတော့ ခင်ဗျားကိုယ်တိုင် လုပ်လို့မဖြစ်ဘူး”

ကျန်းကျန့်မင်က စနောက်နေတာဖြစ်သော်လည်း ရှုထျန်းဖေးက အတည်ပေါက် ပြောနေတာဖြစ်သည်။

“အဲ့ဒီနေရာမှာတော့ ဘော့စ်ရှုက အတွေ့အကြုံပိုများတာပေါ့”။ ကျန်းကျန့်မင်က အပြုံးဖြင့် ဝန်ခံလိုက်ပါသည်။

“ဟုတ်ပါပြီ။ ချင်းမိသားစုက လူကြီးတွေကို သွားရှာရအောင်။ ဒီကလေးမ ခုန်ပေါက်နေတာကို ကြည့်မယ့်အစား သူ့မိသားစုဝင်‌တွေ နာကျင်ခံစားသွားရတာကို ပိုမြင်ချင်တယ်”

ထိုသို့ပြောပြီးနောက်် ရှုထျန်းဖေးတို့နှစ်ယောက် ထွက်သွားကြလေသည်။ သို့သော် စူစူလေးဘေးမှ ဖြတ်သွားရင်း ကျန်းကျန့်မင်က စူစူလေး၏ ဖိနပ်ကို တမင်တကာ တက်နင်းလိုက်လေသည်။

အရင်တုန်းက အဘိုးချင်းနဲ့ အဘွားချင်းတို့ရဲ့လက်အောက်မှာ သူအရှုံးတွေ အများကြီး ရင်ဆိုင်ခဲ့ရဖူးသည်။ ထို့ကြောင့် မကျေအေးသေးသည့် အငြှိုးအတေးတွေ အများကြီးရှိနေပါသည်။

အဘိုးချင်းနဲ့ အဘွားချင်းတို့ရဲ့ အဖိုးတန် သမီးလေးကို မြင်လိုက်ရပြီးနောက် သူမကို နည်းနည်းလောက် အနိုင်ကျင့်ပြီး အဘိုးချင်းတို့ထံမှ အတိုးပြန်ယူမည်ဟု ကျန်းကျန့်မင် ဆုံးဖြတ်လိုက်ပါသည်။

စူစူလေး အကြိုက်ဆုံး အဖြူရောင် မီးလင်း စနိကာဖိနပ်ပေါ်မှာ ဖိနပ်ရာကြီး ထင်သွားသည်။

ညစ်ပတ်သွားသော ဖိနပ်ကို ကြည့်ရင်း စူစူလေး ပေါက်ကွဲသွား၏။

“ငါဒေါသထွက်လာပြီ-!!”။ စူစူလေးက ဒေါသတကြီး အော်ဟစ်လိုက်ပါသည်။

ရှုထျန်းဖေးနဲ့ ကျန်းကျန့်မင်တို့ကတော့ ဂရုမစိုက်ဘဲ ရယ်ရယ်မောမော လမ်းဆက်လျှောက်နေကြသည်။

စူစူလေး၏ အော်သံကို နည်းနည်းလေးတောင် အရေးမလုပ်ကြပါ။

ထိုစဉ် ရုတ်တရက် မိုးတိမ်နက်တွေ ပေါ်လာပြီး မိုးချုန်းသံတွေလည်း ထွက်လာခဲ့သည်။

ရှုထျန်းဖေးနဲ့ ကျန်းကျန့်မင်တို့ ခြေလှမ်းများ ရပ်တန့်သွားကြလေသည်။

“မိုးရွာတော့မယ် ထင်တယ်နော်”။ ကျန်းကျန့်မင်က ဆို၏။

ဒီရာသီမှာ မိုးရွာတာ သိပ်မဆန်းတော့ပေမယ့် မိုးချုန်းသံကြီးကတော့ ရုတ်တရက် ဆန်လွန်းတယ်မလား။

သူတို့ ကြောင်စီစီဖြစ်နေကြစဉ် သူတို့ခြေထောက်အောက်က မြေကြီးများ လှုပ်ခါလာပြီး အက်ကွဲကြောင်းတစ်ခု ပေါ်လာခဲ့သည်။

ထို့ကြောင့် နှစ်ယောက်စလုံး ထိတ်လန့်သွားလေသည်။

ဖောင်ဒေးရှင်းတွေ မခိုင်တော့ဘူးလား?!

“ဘော့စ်ရှု။ မြေပြိုတော့မှာလား မသိဘူးနော်”။ ကျန်းကျန့်မင် မေးလိုက်သည်။

သတ္ထုတွင်းတွေရဲ့ အနီးတဝိုက်မှာ မြေပြိုလေ့ရှိသည်။

“မဖြစ်နိုင်ပါဘူး။ ဒီက သတ္ထုတွင်းမှာ အဲ့တာမျိုး မဖြစ်ဖူးဘူး။ အရင်တစ်ခေါက်က မိုးကြိုးပစ်လိုက်လို့သာ ပြိုကျသွားခဲ့တာ။ အဲ့တာကလည်း အပုံတစ်သန်းမှာ တစ်ပုံပဲ ဖြစ်နိုင်ချေရှိတာ”။ ရှုထျန်းဖေးက ယုံကြည်ချက် ပြည့်ဝစွာ ပြောလိုက်သည်။

မိုးကြိုးပစ်တာကော မြေပြိုတာကော အလွန်ဖြစ်ခဲသော သဘာဝဘေးများဖြစ်ကြသည်။

တစ်ခါမှ အမှားအယွင်းမဖြစ်ဖူးသည့် ဒီလို သတ္ထုတွင်းကြီးမှာ သဘာဝဘေးတွေ တစ်ခုပြီးတစ်ခု ဖြစ်နေတာ မထူးဆန်းဘူးလား။

“ခင်ဗျားပြောတာ ဟုတ်ပါတယ်။ အဲ့လောက်ကြီး တိုက်ဆိုင်တာမျိုးတော့ မဖြစ်နိုင်ဘူး”။ ကျန်းကျန့်မင်က ထောက်ခံလိုက်ပါသည်။

သူစကားပြောပြီး သိပ်မကြာလိုက်ဘဲ မြေကြီးအက်ကွဲကြောင်းက ပိုမိုကြီးမားသွားလေသည်။

နှစ်ယောက်စလုံး စိတ်ချောက်ချားကာ မျက်လုံးများ ပြူးကျယ်သွား၏။

သူတို့ ပြေးဖို့ ကြံလိုက်သော်လည်း အားလုံးနောက်ကျသွားပါပြီ။ မြေအက်ကွဲကြောင်းထဲ သူတို့နှစ်ယောက် ပြုတ်ကျသွားလေသည်။ အက်ကွဲကြောင်းက ၃ မီတာကျော်လောက် မြင့်မားပါသည်။

မြေအက်ကွဲကြောင်းထဲ ပြုတ်ကျသွားသည့် လူနှစ်ယောက် တစ်ကိုယ်လုံး နာကျင်ကိုက်ခဲသွားသော်လည်း မြေတွင်းက မနက်သဖြင့် အသက်အန္တရာယ်တော့ မရှိကြပါ။

ခက်ခက်ခဲခဲ မတ်တပ်ပြန်ရပ်လိုက်ကြပြီးနောက် ဘေးပတ်လည်ကို ကြည့်ရင်း နှစ်ယောက်စလုံး အံ့အားသင့်သွားကြရသည်။

All Chapters