ကြွယ်ဝလာခြင်း
Vol. 23 Ch. 332
ဟွားကျစ်ယင်သည် ဟွမ်း၏ စိတ်သဘောထားကြောင့် အထင်ကြီးမိသွားသည်။ ထိုသူသည် လောဘကြီးဟန်မရချေ။
သူမသည် ထိုသူ၏ အသွင်ကို စိတ်တွင် စွဲစွဲမြဲမြဲမှတ်သားထားလိုက်ကာ လေးနက်သည့် လေသံနှင့် ကျေးဇူးတင်ကြောင်း ပြောဆိုလိုက်သည်။
“ကျေးဇူးတင်ပါတယ်...”
“ကိုယ်လိုအပ်တာအချင်းချင်းလဲလှယ်မှုပဲ ကျေးဇူးတင်ဖို့မလိုဘူး..”
ဟွမ်းသည် ခေါင်းခါယမ်းကာ ဆိုလိုက်၏။ သူသည် ထိုသစ်သီးကြောင့် ယာဉ်ပျံကို ရရှိခဲ့ခြင်းဖြစ်သည်။ ထို့အတွက်နှင့် ကျေးဇူးတင်ရန်မလိုအပ်ချေ။
ထို့အပြင် ဝိညာဉ်နိုးထခြင်းသစ်သီးသည် သူ့တွင် လေးလုံးကျန်ရှိသေးသည်။
ဟွားကျစ်ယင်၏ စကားကြောင့် ဝိညာဉ်နိုးထခြင်းသစ်သီးများကို တပည့်များကို အသုံးပြုစေရန် အကြံရရှိသွား၏။
သူသည် ယခင်က ဝိညာဉ်များအတွက်သာ အသုံးပြုရမည်ကို တွေးထင်မိခဲ့သည်။ ဤသို့ စွမ်းရည်မျိုး ရှိသည်ကို သိရှိပါက တပည့်များကို ဦးစွာ အသုံးပြုစေလိမ့်မည်
သို့သော် သစ်သီးတစ်ခါသီးရန် တစ်လမျှ စောင့်ဆိုင်းရသောကြောင့် စိတ်ပျက်သွားသည်။
သူ၏ စိတ်ပျက်မှုကို လင်းထျန်းဘုံမှ ကျင့်ကြံသူများသိရှိပါက လည်ပင်းကို လာညှစ်ကြပေလိမ့်မည်။
ဟွမ်းသည် ယာဉ်ပျံနှင့် အတူ သလင်းကျောက်သန်းတစ်ရာကို ရရှိလိုက်သောကြောင့် ကျေနပ်သွားသည်။
သူသည် ကြွယ်ဝမှုကို ခံစားခွင့်ရတော့မည်ဖြစ်၏။
သို့သော် အပျော်ရွင်ရဆုံးသူမှာ ဟွားကျစ်ယင်ပင်။ သူမသည် တန်ဖိုးမဖြတ်နိုင်သည့် အရာတစ်ခုကို ရရှိခဲ့ခြင်းဖြစ်သည်။
ထို့နောက် သူမသည် ရတနာအိမ်တော်၏ စတုတ္ထအလွှာကို ကိုယ်တိုင်ကိုယ်ကျ ခေါ်ဆောင်သွားကာ ရတနာများ ရွေးချယ်ခွင့်ပေးလိုက်၏။
ထို့အတွက်နှင့် ဆုံးရှုံးသည်ဟု မခံစားရပေ။
သို့သော် ဟွမ်းသည် သူ၏ စိတ်ကြိုက် ရတများမျိုး မတွေ့ရှိချေ။ သို့သော် ထူးဆန်းသည် ကျောက်တုံးတစ်ခုက သူ၏ စိတ်အာရုံကို ဖမ်းစားသွား၏။
“ဒီကျောက်တုံးက...”
ဟွမ်းသည် ငွေရောင်ကျောက်တုံးတစ်ခုကို ကောက်ယူလိုက်သည်။ ၎င်းတွင် ကြည်လင်နေသည့် လှိုင်းကြပ်ခွပ်လေးများက ပြေးလွှားနေ၏။ ပထမ အမြင်နှင့်ပင် တန်ဖိုးကြီးအရာတစ်ခုဖြစ်မှန်း သိရှိနိုင်သည်။
“ဒါက...၊ ပုံရိပ်ယောင်သလင်းကျောက် လို့ခေါ်တယ်...၊ ဒီထဲမှာ ပုံရိပ်ယောင်နဲ့ ပတ်သတ်တဲ့ ကျင့်စဉ်တစ်ခုပါရှိတယ်...၊ အစွမ်းထက် ကျင့်စဉ်တစ်ခုဆိုပေမဲ့...၊ တိုက်ခိုက်ရေးမှာ အားနည်းလို့ ကျင့်ကြံသူတွေက မနှစ်သက်ကြဘူး...”
ဟွားကျစ်ယင်သည် အကျိုးအပြစ်များကိုပါ ထည့်သွင်းရှင်းပြလိုက်၏။ သူမသည် ဟွမ်းနှင့် ပတ်သတ်၍ အမြင်သည် အလွန်ကောင်းမွန်နေခဲ့ပြီ။
ထို့ကြောင့် ဤပုံရိပ်ယောင်သလင်းကျောက်သည် မလိုက်ဖက်ကြောင်း ပြောဆိုခြင်းပင်။
“ကျုပ်...၊ ယူမယ်...”
ဟွမ်းသည် ဆုံးဖြတ်ပြီးသွား၏။ ထိုအရာသည် ဝမ်မုန့်ယွင်နှင့် လိုက်ဖက်မည်မှာ ကျိန်းသေပင်။
ဝမ်မုန့်ယွင်သည် ဟွမ်းရှန့်နန်းတော်အတွက် များစွာ အထောက်အကူပြုပေးခဲ့သော်လည်း သူမအတွက် ထူးခြားသည့် ခံစားခွင့်များ မရရှိသေးချေ။
သူမသည် တိုက်ခိုက်ရေးတွင် အလွန်အားနည်းသော်လည်း သူမ၏ အခြေခံအုတ်မြစ်ကျင့်စဉ်သည် ပုံရိပ်ယောင်နည်းစနစ်ဖြစ်သည်။ ထို့ကြောင့် သူမနှင့် လိုက်ဖက်ပေလိမ့်မည်။
လုရှင်းယန်နှင့် ပိုင်ကျန့်ယွီသည် သူတို့ထံတွင် လက်နက်များ ရှိနေပြီးဖြစ်သောကြောင့် ရတနာအိမ်တော်မှ လက်နက်များကို စိတ်မဝင်စားတော့ချေ။
သို့သော် လျှိုမင်ယွမ်သည်တော့ ထူးဆန်းသည့် ချပ်ဝတ်တစ်စုံထံ အာရုံကျရောက်သွားသည်။
“ဒီရတနာက...”
သူသည် ထိုချပ်ဝတ်ကို ကိုင်ယူကြည့်လိုက်ချိန်တွင် အေးစက်စက် အငွေ့အသက်များ ပေါ်ထွက်နေသည်ကို ခံစားမိသွား၏။
ထို့အပြင် ချပ်ဝတ်ဆိုသည်နှင့် မလိုက်ဖက်အောင် ပေါ့ပါးလွန်းနေသည်။
“ဒါက...၊ ရွှမ်းချပ်ဝတ်လို့ခေါ်တယ်...”
ဟွားကျစ်ယင်သည် ရှင်းပြလိုက်၏။
“သူ့ရဲ့ ဇာစ်မြစ်ကိုတော့ အတိအကျ မသိပေမဲ့...၊ နယ်မြေသခင်အဆင့်တွေရဲ့ တိုက်ခိုက်မှုကို အသာအယာချေဖြတ်နိုင်စွမ်းရှိတယ်...”
“အဲ့ဒီလောက် ခံနိုင်ရည်ရှိတာလား..”
လျှိုမင်ယွမ်သည် သဘောကျသွား၏။ သူ၏ တိုက်ခိုက်မှုများသည် အဝေးမှ ထိန်းချုပ်ရခြင်းကြောင့် အနီးကပ် တိုက်ခိုက်မှုများတွင် အားနည်းလှသည်။
ထို့ကြောင့် ခိုင်မာသည့် ချပ်ဝတ်တစ်စုံကို လိုအပ်နေသည်မှာ အမှန်ပင်။
ရွှမ်းချပ်ဝတ်နှင့်ဆိုလျှင် သူ၏ အနီးအနားသို့ ချည်းကပ်တိုက်ခိုက်သူများကို စိတ်ပူရန်မလိုအပ်တော့ချေ။
“အဲ့ဒီချပ်ဝတ်ကို ကျုပ်ယူမယ်...”
ထိုစကားပြောလိုက်သူသည် ဟွမ်းတို့ ဆရာတပည့်များ မဟုတ်ကြပေ။
စတုတ္ထအလွှာသို့ ရုတ်ချည်းရောက်ရှိလာသည့် လူငယ်တစ်ဦးပင်။
လျှိုမင်ယွမ်သည် မျက်မှောင်ကြုတ်သွား၏။
ထိုလူငယ်၏ ဝတ်ပုံစားပုံနှင့်ပင် အထက်တန်းအလွှာမှ ဖြစ်မည်မှာ ကျိန်းသေပင်။
“သခင်လေးရှောင်း...၊ ရွှမ်းချပ်ဝတ်ကို ဒီဧည့်သည်က ယူပြီးသွားပါပြီ...”
ဟွားကျစ်ယင်သည် ဝင်ရောက်ပြောဆိုလိုက်၏။
“အိမ်တော်သခင်ဟွား...၊ ကျုပ်တို့ ရှောင်းအိမ်တော်ကို မျက်နှာသာ မပေးတာလား...”
ထိုလူငယ်သည် ယွီလျန်မြို့၏ ရှောင်းအိမ်တော်မှ ရှောင်းချန်ပင်။ ရှောင်းအိမ်တော်သခင်သည်လည်း နယ်မြေသခင်တစ်ဦးဖြစ်သည်။
ထို့ကြောင့် သူသည် မကြောက်မရွံ့နှင့် ဟွားကျစ်ယင်ကို မေးခွန်း ထုတ်လိုက်ခြင်းပင်။
ဟွားကျစ်ယင်သည် မျက်မှောင်ကြုတ်သွားရ၏။ ရှောင်းချန်သည် အလိုလိုက်ခံထားရသည့် သခင်လေးတစ်ဦးပင်။
ထို့အပြင် ရှောင်းအိမ်တော်သခင်၏ ခွန်အားကြောင့် ယွီလျန်မြို့တွင် သူကြောက်ရွံ့ရသူ မရှိသလောက် ဖြစ်နေ၏။
“သခင်လေးရှောင်း...”
ဟွားကျစ်ယင်သည် ထံမံပြောဆိုတော့မည့် အချိန်တွင် လျှိုမင်ယွမ်သည် တားဆီးလိုက်၏။
“ရတနာအိမ်တော်သခင်...၊ ဒီအမှိုက်ကို ကျုပ်ပဲ ရှင်းလိုက်ပါ့မယ်...”
ဟွားကျစ်ယင်သည် အံ့ဩသွား၏။ ထို့နောက် သူမသည် ဟွမ်း၏ အမူအယာကို တချက်ကြည့်လိုက်ချိန်တွင် အဖြစ်အပျက်များကိုပင် စိတ်ဝင်စားဟန်မရချေ။
သူသည် ထူးဆန်းသည့် ရတနာများကို အကြည့်မလွှဲပေ။
‘သူ့တပည့်တွေရဲ့ ကိစ္စကို စိတ်တောင်မဝင်စားဘူးလား..’
ထို့အပြင် အခြားနှစ်ဦးသည် သူတို့နှင့် မဆိုင်သည့်လား စတုတ္ထအလွှာ၏ ပြတင်းတံခါးကို သွားရောက် ဖွင့်ကာ ရှု့ခင်းများ ကြည့်ရှု့နေသည့်အလားပင်။
ဟွားကျစ်ယင်သည် တွေးမတက်အောင်ပင် ဖြစ်သွားရ၏။
“မင်း...”
ထိုအချိန်တွင် ရှောင်းချန်သည် အမှိုက်ဟု ခေါ်ခံလိုက်ရသောကြောင့် ဒေါသမီးများ တဟုန်းဟုန်း တောက်လောင်လာသည်။
ယွီလျန်မြို့တွင် သူ့အား မည်သူမျှ မစော်ကားရဲချေ။ သို့သော် ယနေ့တွင် အမှိုက်ဟုပင် အခေါ်ခံလိုက်ရ၏။
သူ၏ ဒေါသများကို မထိန်းနိုင်တော့ချေ။ သူ၏ စွမ်းအင်များကို ထုတ်ဖော်လိုက်၏။ ထို့နောက် လျှင်မြန်သည့် အရှိန်နှင့် လျှိုမင်ယွမ်ကို တိုက်ခိုက်လိုက်သည်။
“သေစမ်း...”
သူသည် လျှိုမင်ယွမ်အနားသို့ ရောက်ရှိချိန်တွင် လျှိုမင်ယွမ်၏ အာကာသတွင်းနက်များသဖွယ် နက်ရှိုင်းသည် မျက်ဝန်းများနှင့် အကြည့်ချင်း စုံသွား၏။
“ဘုန်း...”
ရှောင်းချန်သည် သူ၏ ခန္ဓာကိုယ် လွင့်မြောနေသည့် ခံစားချက်ကို ရရှိလိုက်၏။ သူ၏ လည်တိုင်မှလည်း တစ်ခုခု ဆောင့်တက်လာသည့် ခံစားချက်ကို ရရှိလိုက်သည်။
ထိုအချိန်တွင် ပြတင်းတံခါးပေါက်တွင် ပျင်းတိပျင်းရွဲနှင့် မှီနေကြသည့် လူငယ်နှစ်ဦးကို တွေ့လိုက်ရပြန်သည်။
ထို့အပြင် သူ၏ ခန္ဓာကိုယ်သည် ရပ်တန့်ဟန် မရချေ။ ပြတင်းတံခါးပေါက်ကိုပင် ကျော်ဖြတ်သွားပြန်၏။
သူ၏ စိတ်ထဲတွင် ‘ဘာတွေ ဖြစ်သွားတာလဲ’ ဆိုသည့် မေးခွန်းသာ ဆက်တိုက်ပေါ်ထွက်နေ၏။
“ဝုန်း...”
ရတနာအိမ်တော်အနားတွင် သွားလာနေသည့် ကျင့်ကြံသူများသည် လန့်ဖြန့်သွားကြသည်။
အကြောင်းမှာ သူတို့၏ ရှေ့တွင် လူငယ်တစ်ဦး ကို့ရို့ကားယားနှင့် ကျဆင်းလာသောကြောင့်ပင်။
“သခင်လေးရှောင်းဟ...”
ရှောင်းချန်အား သိရှိနေသည့် ကျင့်ကြံသူများသည် အလျှင်အမြန်နှင့် ဖေးမလိုက်ကြ၏။
သို့သော် ရှောင်းချန်၏ ပါးစပ်မှ အမြှုပ်များ ထွက်နေကာ အနက်ရောင် မျက်စံပင် ပျောက်ကွယ်နေသည်။
သူသည် လျှိုမင်ယွမ်၏ အကြည့်နှင့် ဆုံတွေ့သွားချိန်တွင် တွင်းနက်များမှ စုပ်ယူခြင်း ခံလိုက်ရသည့်အလား မိန်းမောသွားခဲ့၏။
ထိုအချိန်တွင် လျှိုမင်ယွမ်သည် သူ၏ ဝမ်းဗိုက်ကို ထိုးနှက်လိုက်ခြင်းဖြစ်သည်။ လျှိုမင်ယွမ်သည် စဦးအလွှာတင်သာရှိသေးသော်လည်း အလွန်သန်မာလာခဲ့ချေပြီ။
သူ၏ သန်မာသည့် ခွန်အားကြောင့် ရှောင်းချန်၏ ခန္ဓာကိုယ်သည် အရှိန်ပြင်းပြင်းနှင့် ရတနာအိမ်တော်၏ စတုတ္ထအလွှာမှ ပြုတ်ကျသွားခဲ့ရ၏။
ထို့နောက် လျှိုမင်ယွမ်သည် သူ၏ လက်နှစ်ဖက်ကို ခါလိုက်သည်။ လုရှင်းယန်တို့သည် ပြတင်းပေါက်တံခါးကို ပြန်လည်ပိတ်လိုက်ပြီးနောက် ရတနာများကို ဆက်လက်ကြည့်ရှုလိုက်ကြ၏။
ဟွားကျစ်ယင်သည် အံ့ဩလွန်း၍ ပါးစပ်အဟောင်းသားနှင့် ဖြစ်နေရသည်။
ထိုလူငယ်များသည် သခင်လေးရှောင်းအား ပုရွတ်ဆိတ်တစ်ကောင်ကို ခါထုတ်လိုက်သည့်အလား သာမန်ကိစ္စတစ်ခုလိုသာပြုမူနေ၏။
သူမ မှင်သက်နေချိန်တွင် ဟွမ်း၏ အသံ ထွက်ပေါ်လာသည်။
“ရတနာအိမ်တော်သခင်...၊ ဒီပစ္စည်းတွေရဲ့ တန်ဖိုးကို တွက်ချက်ပေးပါ...”