← Chapters

ဟွားမျိုးရိုးများ

Vol. 23 Ch. 333

ဟွားမျိုးရိုးများ

Vol. 23 Ch. 333

ဟွမ်းသည် ရတနာအိမ်တော်တွင် စိတ်ဝင်စားသည့် အရာမရှိတော့သောကြောင့် ထွက်ခွာရန်ပြင်လိုက်၏။ သူသည် ဖြစ်ပျက်သွားသည်များကို ဂရုစိုက်ဟန်မရချေ။

“ကျွန်မ...ဒီရတနာတွေကို လက်ဆောင် အဖြစ်ပေးအပ်ပါတယ်...”

ဟွားကျစ်ယင်သည် ချိုသာစွာပြောလိုက်၏။

သို့သော် ဟွမ်းသည် လက်မခံချေ။ ဝိညာဉ်နိုးထခြင်းသစ်သီးအတွက် ထိုက်သင့်သည့် တန်ကြေးနှင့် လဲလှယ်ပြီးဖြစ်သည်။

ရွှမ်းချပ်ဝတ်နှင့် ပုံရိပ်ယောင်သလင်းကျောက်အတွက် တန်ကြေးကို ပေးချရမည်ဖြစ်၏။

ဟွားကျစ်ယင်သည် ဟွမ်း၏ ခိုင်မာသည့် အဆိုကြောင့် မငြင်းသာတော့ပဲ လက်ခံလိုက်ရသည်။

သူမသည် ၎င်းရတနာနှစ်ခုအတွက် ကောင်းကင်သလင်းကျောက် ငါးသန်းသာတောင်းရမ်းခဲ့၏။ ထိုပစ္စည်းများ၏ တန်ကြေးသည် ထို့ထက်ပင်များပြားလှသည်။

“ဧည်သည်တော်တို့...၊ ယွီလျန်မြို့တော်မှာ တည်းဦးမှာလား...”

ဟွားကျစ်ယင်သည် ဟွမ်းတို့ ထွက်ခွာချိန်တွင် ထပ်မံမေးမြန်းလိုက်သည်။

“ဒီမြို့တော်မှာ...၊ ဂိုဏ်းတပည့်ဝင်ရောက်ချင်တဲ့ လူငယ်တွေ များပြားသလား...”

ဟွမ်းသည် ဟွမ်းရှန့်နန်းတော်တွင် တပည့်များ လက်ခံကာ နန်းတော်ဖွင့်ပွဲလုပ်ရန် ရည်ရွယ်ထားသည်။

ဟွားကျစ်ယင်သည် ဟွမ်း၏ မေးခွန်းကြောင့် ဂိုဏ်းတစ်ခုခု၏ ခေါင်းဆောင်ဟု မှတ်ယူလိုက်၏။

ထို့နောက် အနည်းငယ် ပြောဆိုပြီးချိန်တွင် ဟွမ်းရှန့်နန်းတော်သခင်ဆိုသည်ကို သိလိုက်ရသည်။

သို့သော် သူမသည် ဟွမ်းရှန့်နန်းတော်ကို မကြားဖူးချေ။ အဖွဲ့အစည်းသစ်ဟု မှတ်ယူကာ လမ်းညွှန်ချက်ပေးလိုက်သည်။

“ဒါဆိုရင်တော့...၊ ကျောက်စိမ်းပန်းအိမ်တော်ကို သွားရလိမ့်မယ်ရှင့်...”

“ကျောက်စိမ်းပန်းအိမ်တော်မှာ သတင်း အချက်အလက်တွေ ရှာဖွေ၊ ဖြန်ဖြူးတာတွေ လုပ်ပေးနိုင်တယ်...”

“ကျောက်စိမ်းပန်ဂိုဏ်းနဲ့ ဆက်နွယ်မှုရှိတာလား...”

ဟွမ်းသည် နာမည်များထပ်တူညီနေသောကြောင့် မေးမိလိုက်၏။

“နန်းတော်သခင်က... ကျောက်စိမ်းပန်းဂိုဏ်းအကြောင်းကို မသိရှိသေးဘူးထင်တယ်...”

ဟွားကျစ်ယင် အံ့ဩသွား၏။ ဤနယ်မြေမှ ဟုတ်ရဲ့လားဟုပင် တွေးမိသွားသည်။ ထို့နောက် ကျောက်စိမ်းပန်းဂိုဏ်းအကြောင်းကို ရှင်းပြလိုက်၏။

ကျောက်စိမ်းပန်းဂိုဏ်းသည် လျှပ်စီးနယ်မြေတစ်ခုလုံး၏ သတင်းအချက်အလက်များ စုဆောင်းနိုင်သည့် ဂိုဏ်းတစ်ခုဖြစ်သည်။ ရှုပ်ထွေးမှုများကြောင့် ဖုံးကွယ်ထားသည့် အချက်အလက်များပင် မလွတ်မြောက်ချေ။

ထိုဂိုဏ်း၏ သတင်းကွန်ရက်ကြောင့် လျှပ်စီးနယ်မြေ၏ သတင်းအချက်အလက်များကို မြန်ဆန်စွာ ထုတ်ဖော်နိုင်၏။

ထို့ကြောင့် ကျောက်စိမ်းပန်းဂိုဏ်းသည် ထိပ်သီးဂိုဏ်းတစ်ခုအဖြစ် ရပ်တည်နေနိုင်ခြင်းဖြစ်သည်။

ယွီလျန်မြို့တော်တစ်ခုလုံးသည် ကျောက်စိမ်းပန်းဂိုဏ်း၏ လွှမ်းမိုးမှုအောက်မှ မလွတ်မြောက်ချေ။ ထို့အပြင် လျှပ်စီးနယ်မြေရှိ မြို့များတွင်လည်း ဂိုဏ်း၏ အခက်အလက်များ ရှိနေလေသည်။

ဆရာတပည့်လေးဦးသည် သဘောပေါက်သွားပြီးနောက် ကျောက်စိမ်းပန်းအိမ်တော်သို့ ဦးတည်သွားကြ၏။

သူတို့ ထွက်ခွာသွားပြီးနောက်တွင် ဟွားကျစ်ယင်သည် သူမ၏ လက်တွင်းရှိ ဝိညာဉ်နိုးထခြင်းသစ်သီးကို ကြည့်ရှု့မိသွားသည်။

ထို့နောက် သူမသည် ရုတ်ချည်းဆိုသလို တည်နေရာမှ ပျောက်ကွယ်သွားတော့၏။

ဆရာတပည့် လေးဦးသည် မယောင်မလည်နှင့် ကျောက်စိမ်းပန်းအိမ်တော်သို့ ရောက်ရှိလာသည်။ ၎င်းအိမ်တော်သည် အလွှာခုနှစ်လွှာနှင့် တည်ဆောက်ထားသည့် အိမ်တော်ကြီးတစ်ခုဖြစ်နေ၏။

အိမ်တော်အတွင်း ရောက်ရှိသွားချိန်တွင် သူတို့သည် မှင်သက်သွားကြပြန်သည်။

“သခင်လေးတို့...”

ကြွေရုပ်သွင်ကဲ့သို့ ပြေပြစ်လွန်းလှသည့် အမျိုးသမီးငယ်များသည် အပြေးအလွှားနှင့် လာရောက်ဆီးကြိုလိုက်ကြ၏။

“အနားယူဖို့ လာကြတာလားရှင့်...”

သူမတို့သည် စတင်မေးမြန်းလိုက်သည်။ သူမတို့၏ လေသံသည် ချိုသာလွန်းနေပြီး ကြားရသူများအဖို့ ထပ်မံတောင်းတစေနိုင်စွမ်းရှိ၏။

လုရှင်းယန်တို့ကဲ့သို့ လူငယ်လေးများအဖို့ ထိုအသံကြောင့် အာခေါင်များခြောက်ကပ်လာသည်ဟု ခံစားမိသွားသည်။

“ဒုတိယအစ်ကို...၊ ကျောက်စိမ်းပန်းဂိုဏ်းက သတင်းကွန်ရက်ကို ပိုင်ဆိုင်ထားတာဆိုပြီး တပည့်တွေကို အဝတ်အစားလောက်လောက်ငှငှ ဆင်ပေးပုံမပေါ်ဘူး...”

ပိုင်ကျန်ယွီသည် တံတွေးကို အတင်းမြိုချရင်း တီးတိုးပြောဆိုလိုက်သည်။

“ဒါပေမဲ့ အဝတ်အစားတွေက အဖိုးတန်မဲ့ပုံပဲကွ...”

ညီအစ်ကို သုံးဦးသည် ထိုမိန်းကလေးများ၏ မလုံခြုံသည့် အဝတ်အစားများဝတ်ဆင်ထားပြီး ပေါ်ထွက်နေသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများ နေရခက်သွား၏။ သူတို့သည် အကြည့်ချင်းဆုံအောင် မကြည့်ရဲတော့ချေ။

သို့သော် ဆရာဖြစ်သူသည် တော့ ထိုအရာများအား သူ၏ မျက်လုံးတွင်း မဝင်ရောက်သည့်အလား တည်ငြိမ်သည့် လေသံနှင့် ဆိုလိုက်၏။

“ကျုပ်လျှပ်စီးနယ်မြေရဲ့ သတင်းအချက်အလက်နဲ့...၊ မြို့တွေအကြောင်း သိချင်တယ်...”

“သခင်လေးက သတင်းလိုချင်တာလား...ဒါဆို ကျွန်မရဲ့ နောက်လိုက်ခဲ့ပါ...”

မိန်းကလေးတစ်ဦးသည် ဝင်ရောက်ပြောဆိုလိုက်ပြီးနောက် ဟွမ်းကို ခေါ်ဆောင်သွား၏။

လုရှင်းယန်တို့သည် သူတို့၏ ဆရာရောက်လိုက်ရန် ပြင်လိုက်ချိန်တွင် အခြား အမျိုးသမီးငယ်လေးများသည် တားဆီးလိုက်သည်။

“သခင်လေးတို့...၊ သတင်းအချက်အလက်ယူဖို့ဆို တစ်ယောက်ဆိုလုံလောက်ပါတယ်...”

“သခင်လေးတို့သုံးဦး အေးအေးဆေးဆေး နားနေလို့ရအောင် စီစဉ်ပေးပါ့မယ်...”

“ကျုပ်တို့...”

လုရှင်းယန်တို့သည် ငြင်းဆန်ရန်ပြင်လိုက်၏။ သို့သော် မိန်းကလေးများသည် စကားပြောခွင့်မပေးတော့ပဲ ထပ်မံပြောဆိုလိုက်သည်။

“သခင်လေးတို့က ခုမှ ကျောက်စိမ်းပန်းအိမ်တော်ကို ရောက်ဖူးတာမလား...၊ လှပတဲ့ ရှု့ခင်းတွေကို လိုက်လံပြသပေးပါ့မယ်...”

လုရှင်းယန်တို့သည် အံ့ဩသွား၏။ ဤမြို့၏ ရှု့ခင်းများပင် အတော်လေးလှပနေပြီ ဖြစ်ရာ ထို့ထက်လှပသည့် ရှု့ခင်းများဟု ဆိုလိုက်ချိန်တွင် သိချင်စိတ်ပြင်းပြသွားသည်။

ထို့နောက် သူတို့တွင် လုပ်စရာမယ်မယ်ရရမရှိသောကြောင့် မိန်းကလေးများ ခေါ်ဆောင်ရာသို့ သဘောတူလိုက်၏။

သူတို့သည် ရောက်တုန်းရောက်ခိုက် ကြည့်ရှု့မသွားပါက နောင်တရမည်ဟု တွေးမိသွားသည်။

တစ်ဖက်တွင်တော့ ဟွမ်းသည် အမျိုးသမီးငယ်လေး၏ ခေါ်ဆောင်သွားမှုကြောင့် ဒုတိယအလွှာသို့ ရောက်ရှိလာခဲ့၏။

ထိုအချိန်တွင် သူမသည် ခန်းမတစ်ခုကို ညွှန်ပြပေးခဲ့သည်။

“ကျွန်မက ဟွားယီယီပါ...၊ ဧည့်သည်တော် လိုချင်တဲ့ သတင်း အချက်အလက်တွေပေးနိုင်ပါတယ်...”

ဟွားယီယီဆိုသည့် အမျိုးသမီးသည် ဟွမ်းကိုနှုတ်ဆက်လိုက်၏။

ကျောက်စိမ်းမြို့တော်ရှိ အမျိုးသမီးများ၏ မျိုးရိုနာမည်သည် ‘ဟွား’ ဖြစ်နေသောကြောင့် အနည်းငယ်အံ့ဩသွားသည်။

သို့သော် သူသည် လျှပ်စီးနယ်မြေ၏ အသေးစိတ်အကြောင်း လိုရင်းကိုသာဆိုလိုက်၏။

ဟွားယီယီသည် လျှပ်စီးနယ်မြေတစ်ခုလုံးရှိ အကြောင်းအရာများကို မှတ်သားထားသည့် ကျောက်စိမ်းပြားတစ်ခု ထုတ်ပေးလိုက်သည်။ ထိုကျောက်စိမ်းပြားတွင် ထူးခြားစွာနှင့် ပန်းတစ်ပွင့်၏ အသွင်ကို ရေးဆွဲထားသည့် အမှတ်အသားတစ်ခုပါရှိ၏။

“ကောင်းကင်သလင်းကျောက် တစ်သိန်းကျသင့်ပါတယ်...”

ဟွားယီယီသည် ဈေးနှုန်းကို ပြောဆိုလိုက်၏။

“အဲ့လောက်ဈေးကြီးတာလား...”

ဟွမ်းသည် မယုံနိုင်သည့် လေသံနှင့် မေးမိသွား၏။

ထိုအရာကို နားလည်သည့်အလားဟွားယီယီသည် ရှင်းပြလိုက်သည်။

၎င်းကျောက်စိမ်းပြားတွင် လျှပ်စီးနယ်မြေရှိ ဂိုဏ်းများ၊ မြို့များ၏ တည်နေရာများနှင့် လျှပ်စီးနယ်မြေတစ်ခုလုံး၏ ဖွဲ့စည်းပုံကို အသေးစိတ်ထည့်သွင်းထားကြောင်း ပြောဆိုလိုက်၏။

ဟွမ်းသည် ခေါင်းညိတ်ကာ လက်ခံလိုက်ပြီးနောက် ကောင်းကင်သလင်းကျောက်တစ်သိန်းကို ပေးအပ်လိုက်သည်။

၎င်းသည် မဆိုးလှချေ။ မြို့များတွင် ကိုယ်တိုင်ကိုယ်ကျသွားရောက်ကာ နန်းတော်အတွက် တပည့်များ ရှာဖွေနိုင်မည်ဖြစ်သည်။ ကမ္ဘာငယ်တွင် နန်းတော်ကို တည်ထောင်ခဲ့ပြီးနောက်တွင် တပည့်အများအပြားလိုအပ်သည်ကို သိရှိလာခဲ့၏။

ထို့နောက် သူသည် ထွက်ခွာရန်ပြင်လိုက်၏။ ထိုအချိန်တွင် ဟွားယီယီ ရုတ်ချည်း မေးလိုက်သည်။

“ဧည့်သည်တော်..ရှင့်...ကျောက်စိမ်းပန်းအိမ်တော်မှာ တည်းခိုသွားဦးမှာလား...”

“မတည်းတော့ဘူး...”

ဟွမ်းသည် လိုအပ်သည့်အရာရပြီဖြစ်သောကြောင့် ဆက်လက်နေထိုင်ရန် မလိုအပ်တော့ချေ။

ဟွားယီယီသည် နားလည်သည့်အသွင်နှင့် ခေါင်းညိတ်လိုက်ပြီးနောက် ထပ်မံပြောဆိုလိုက်၏။

“ဒါဆိုရင်...၊ ဧည့်သည်တော်တွေနဲ့ လိုက်ပါတဲ့ လူငယ်တွေအတွက် ကျသင့်ငွေက ကောင်းကင်သလင်းကျောက် တစ်သန်းပါ...”

“ဘယ်လို...”

ဟွမ်း၏ တည်ငြိမ်မှုပင် ပျက်ပြားသွားရ၏။ သူတို့ ကျောက်စိမ်းပန်းဂိုဏ်းသို့ ရောက်ရှိသည်မှာ နာရီဝက်ပင် မပြည့်သေးချေ။ အဘယ်ကြောင့် ကောင်းကင်သလင်းကျောက် တစ်သန်းကုန်ဆုံးသွားရသနည်း...။

‘ဒီကောင်တွေ ဘာတွေများ လုပ်လိုက်တာတုန်း...’

“ဒီလိုပါ...”

ဟွားယီယီသည် ရှင်းပြပြောဆိုပြီးနောက် ဟွမ်း၏ တပည့် သုံးဦး ရှိသည့် နေရာသို့ ခေါ်ဆောင်သွားလေသည်။

All Chapters