လျှော်ကြေး
Vol. 23 Ch. 335
ဟွမ်းသည် သံသရဖြစ်စွာနှင့် ဟွားယီယီနောက်မှ လိုက်ပါလာ၏။ ထိုအချိန်တွင် တင်းမာနေသည့် လေထုကို ခံစားမိသွားသည်။ ထို့အပြင် တည်နေရာတစ်ခုလုံး တိုက်ပွဲဖြစ်ထားဟန်နှင့် ရှုပ်ပွကာ ပျက်စီးမှုများကို မြင်တွေ့လိုက်ရသည်။
ဟွားရှီးယင်သည် သက်လတ်ပိုင်းအရွယ်အမျိုးသားကို တီးတိုးရှင်းပြနေဟန်ရှိပြီး သူ၏ တပည့်များသည် လူငယ်တစ်ဦးအား ဓားနှင့် ထောက်ထားလေ၏။
ထိုအချိန်တွင် ဟွားရှီးယင်သည် ဟွမ်းကို သတိထားမိသွားပြီးနောက် နှုတ်ဆက်စကားဆိုလိုက်လေသည်။
“နန်းတော်သခင်...”
ဟွမ်းသည် လုရှင်းယန်တို့ နားသို့ ရောက်ရှိလာကာ မေးလိုက်လေ၏။
“ဘာတွေ ဖြစ်သွားတာလဲ...”
“ဆရာ..”
သူတို့သည် အရိုအသေပြုလိုက်ပြီးနောက် အဖြစ်အပျက်များကို ရှင်းပြလိုက်၏။
“ဂိုဏ်းချုပ်ပြောတဲ့ သူက အဲ့ဒီလူလား...”
ရှောင်းမျိုးနွယ်ခေါင်းဆောင်သည် ဟွားရှီးယင်ကို တီးတိုးမေးလိုက်၏။
သူသည် ဟွားရှီးယင်၏ စကားများကြောင့် စိတ်ကို အနည်းငယ် ဖြေလျော့ထားသည်။
သို့သော် သူ၏ သားသည် ဓားနှင့် အထောက်ခံထားရသောကြောင့် စိတ်မအေးနိုင်ပေ။
“ဟုတ်တယ်...၊ လျှပ်စီးမျိုးနွယ်မှာ ဖြစ်ပျက်သွားရတဲ့ အရာတွေက သူ့ကြောင့်ပဲ...၊ ပြီးတော့ အမည်မဲ့တောင်တန်းကို သိမ်းပိုက်ထားတဲ့သူလေ...”
ဟွားရှီးယင်သည် အတည်ပြုပေးလိုက်၏။
ရှောင်းမျိုးနွယ်ခေါင်းဆောင်သည် ပင်ပန်းသွားသည့်အလား ခံစားလိုက်ရသည်။ လျှပ်စီးမျိုးနွယ်၏ အကြောင်းကို ကြားသိရပြီး ဖြစ်၏။ သို့သော် လက်သည်က မည်သူဖြစ်သည်ကို မသိရချေ။
ယခုတွင် ထိုသူ၏ တပည့်များကို သူ၏ သားသည် ပြသနာရှာခဲ့ဟန်ရှိ၏။ သူသည် ထိုလူငယ်များကို ဒေါသတကြီး တုန့်ပြန်ရန်ကြိုးစားချင်သော်လည်း ဟွားရှီးယင်၏ တားမြစ်မှုကြောင့် မလုပ်ဖြစ်ခဲ့ပေ။
ထိုအရာက တော်သေးသည်ဟု ဆိုရပေမည်။ သူတို့မျိုးနွယ်သည် လျှပ်စီးမျိုးနွယ်ကဲ့သို့ အားမကောင်းချေ။ ထို့သို့သူမျိုးအား အပြစ်ပြုမိပါက ရှောင်းမျိုးနွယ်သည် နေ့ချင်းညချင်း ပျောက်ကွယ်သွားနိုင်၏။
“ဒီက နန်းတော်သခင်နဲ့ လူငယ်လေးတို့ ...၊ ကျုပ်သားရဲ့ မဆင်မခြင် လုပ်ရပ်ကို ခွင့်လွတ်ပေးနိုင်မလား...”
သူ၏ စိတ်ကို ထိန်းချုပ်ပြီးနောက် ဟွမ်းတို့ကိုကြည့်ကာ တောင်းဆိုလိုက်သည်။
“လူငယ်ချင်း တိုက်ပွဲတွေဆိုရင် ကျုပ်က မစွက်ဖက်ဘူး...၊ ဒါပေမဲ့ မတူညီတဲ့ အဆင့်နဲ့ အနိုင်ကျင့်ဖို့ ကြိုးစားတာဆိုရင် ခွင့် မလွှတ်နိုင်ဘူး...”
ဟွမ်း၏ အသံသည် အိမ်တော်တစ်ခုလုံးသို့ ပျံ့နှံ့သွား၏။
“ဒါက...”
ရှောင်းမျိုးနွယ်ခေါင်းဆောင်သည် ဒေါသထွက်လာသည်ဟု ခံစားမိလိုက်၏။ သူသည် နောက်သို့ တစ်လှမ်းဆုတ်ကာ တောင်းဆို ခဲ့သော်လည်း ကျေနပ်ဟန် မပေါ်ချေ။
“ကျုပ်...”
ရှောင်းမျိုးနွယ်ခေါင်းဆောင်သည် ခွန်းတုန့်ပြန်ရန်ကြိုးစားလိုက်ချိန်တွင် တည်ငြိမ်သည့် အသံတစ်ခုနှင့် နာနာကျင်ကျင် အော်ဟစ်လိုက်သည့် အသံကို ဆက်တိုက်ကြားလိုက်ရသည်။
“နောက်ကျသွားပြီ...”
“အား...”
လုရှင်းယန်တို့ကို တိုက်ခိုက်ခဲ့သည် နောက်လိုက်၏ လက်တစ်ဖက်သည် မြေပြင်ပေါ်သို့ ကျဆင်းသွား၏။
ဟွမ်းသည် စိတ်မရှည်တော့ပေ။ သူ၏ တပည့်များကို အနိုင်ကျင့်သည်ဟု ယူဆကာ တိုက်ခိုက်လိုက်ခြင်းပင်။
ထိုသို့ အရာမျိုး ခွင့်မပြုချေ။
“မင်း...”
ရှောင်းမျိုးနွယ်ခေါင်းဆောင်သည် အလွန်ဒေါသထွက်သွားရ၏။ သူ၏ ရှေ့တွင် ရှောင်းမျိုးနွယ်မှ လူအား တိုက်ခိုက်ခဲ့ခြင်းပင်။
ဟွားရှီးယင်သည် သူ့ကို သတိပေး တားဆီးလိုက်၏။
“မျိုးနွယ်ခေါင်းဆောင်...”
သို့သော် မျိုးနွယ်ခေါင်းဆောင်သည် စိတ်မထိန်းနိုင်တော့ချေ။ သူ၏ သားကို ဓားစာခံလုပ်ထားသည့်အပြင် မျိုးနွယ်ဝင်၏ လက်ကို ဖြတ်တောက်ခဲ့သည်။ သူ၏ ဒေါသသည် တဟုန်ထိုးထွက်ပေါ်လာ၏။
ထို့ကြောင့် ဟွမ်းကို ပြင်းထန်သည့် လက်သီးချက်နှင့် ထိုးနှက်လိုက်လေ၏။ သူ၏ နောက်မှ ကြီးမားသည့် စွမ်းအင် လက်သီးကြီးသည် ဟွမ်းထံသို့ တရကြမ်း ဝင်ရောက်လာလေသည်။
“ဟမ့်...”
ဟွမ်း၏ အမူအယာသည် တည်ငြိမ်နေပြီး သူ့ထံတိုးဝင်လာသည့် လက်သီးကို ပြန်လည် ချေပလိုက်၏။
“ဝုန်း...”
ပြင်းထန်သည့် စွမ်းအင်နှစ်ခု၏ ပွတ်တိုက်မှု့ကြောင့် အိမ်တော်တစ်လုံးခါယမ်းကာ အပျက်အစီးများ များပြားလာသည်။
ရှောင်းမျိုးနွယ်ခေါင်းဆောင်သည် မျက်မှောင်ကြုတ်သွားလေ၏။ ထို့နောက် အံ့ဩသွားသည်။ ထိုနေရာတွင် ဟွမ်းကို မတွေ့ရတော့ပေ။
“မဟုတ်သေးဘူး...”
ဟွမ်းသည် သူ၏ ရှေ့တွင် ရုတ်ချည်း ပေါ်ထွက်လာပြီး ပြင်းပြင်းထန်ထန် ရိုက်ချလိုက်၏။
“ဘုန်း...”
ရှောင်းမျိုးနွယ်ခေါင်းဆောင်၏ ခန္ဓာကိုယ်သည် လွင့်စင်သွားပြီး အိမ်တော်အတွင်းရှိ ခန်းမ များကိုပင် ဖောက်ထွက်သွားလေသည်။
“နန်းတော်သခင်...၊ ရှောင်းမျိုးနွယ်အတွက် ဒီတစ်ကြိမ် ခွင့်လွှတ်ပေးပါ...”
ဟွားရှီးယင်သည် အလျင်အမြန် ဝင်ရောက်လာကာ ဖျန်ဖြေလိုက်၏။ ရှောင်းမျိုးနွယ်ခေါင်းဆောင်တွင် အသက်ဆယ်သက်ရှိလျှင်တောင် ဟွမ်းကို ဆန့်ကျင်နိုင်မည်ပေ။
ရှောင်းမျိုးနွယ်ခေါင်းဆောင်သည် ဆက်လက်၍ တိုက်ခိုက်ပါက သေဆုံးသွားပေလိမ့်မည်။ ထို့ကြောင့် သူမသည် အလျှင် အမြန် တားဆီးလိုက်ရခြင်းဖြစ်သည်။
ဟွမ်း၏ လှုပ်ရှားမှုသည် ရပ်တန့်လိုက်၏။
သူသည် ခွန်အားနည်းသူဖြစ်ပါက သူသာမက သူ၏ တပည့်များပင် ဆိုးဆိုးဝါးဝါးရိုက်နှက်ခံရမည် ဖြစ်သည်။
သူသည် ဒေါသထွက်ခြင်းမဟုတ်ပေ။ ဤနေရာတွင် သူ၏ တပည့်များကို အနိုင်ကျင့်၍ မရကြောင်းသိစေလိုခြင်း ဖြစ်သည်။
ထို့နောက် ပိုင်ကျန့်ယွီကို ကြည့်လိုက်၏။
ထိုအချိန်တွင် ပိုင်ကျန့်ယွီသည် ရှောင်းချန်၏ လည်တိုင်မှဓားကို ရုတ်သိမ်းလိုက်သည်။
“အဖေ..”
ရှောင်းချန်သည် အလျှင် အမြန်နှင့် သူ၏ ဖခင်ထံ ပြေးလွှားသွားကာ ဖေးမလိုက်၏။ သူ၏ ဖခင်သည် နယ်မြေသခင်တစ်ဦးဖြစ်သည်။ သို့သော် တစ်ဖက်သူသည် သူ၏ဖခင်ကို တုန့်ပြန်နိုင်စွမ်း မရှိအောင် ရိုက်နှက်ခဲ့၏။
ရှောင်းမျိုးနွယ်ခေါင်းဆောင်သည် နာကျင်မှုကို အံကြိတ်ရင်း သူ၏ ဒေါသများကို ပြန်လည်မြိုသိပ်လိုက်ရလေသည်။ သူ၏ ဒေါသကြောင့် ရုတ်တရက်ဆိုသလို သတိလွတ်သွားခြင်းပင်။
တစ်ဖက်သူသည် အားနည်းသူဖြစ်ပါက သတ်ဖြတ်မိမှာ ကျိန်းသေပင်။ သို့သော် သူဆန့်ကျင်၍ မရနိုင်သည့် ခွန်အားမျိုး ဖြစ်နေ၏။
“နန်းတော်သခင်...၊ ကျွန်မရဲ့ နယ်မြေမှာ အခုလို ဖြစ်ပျက်သွားရတာတွေအတွက် ခွင့်လွှတ်ပေးပါ...”
ဟွားရှီးယင်သည် ထပ်မံ၍ အလေးအနက်ပြောလိုက်သည်။ သူမသည် ဟွမ်းနှင့် ဆိုးရွားသည့် ဆက်ဆံရေးကို မလိုလားပေ။ ထို့ကြောင့် ဂရုစိုက်နေရခြင်းဖြစ်သည်။
ဟွမ်းသည် မလိုအပ်ကြောင်း ခေါင်းခါယမ်းပြလိုက်၏။ ရှောင်းမျိုးနွယ်နှင့် ဖြစ်ပျက်သည့် ပြသနာသည် သူမနှင့် မသက်ဆိုင်ပေ။
ထို့နောက် တပည့်များနှင့် အတူ ထွက်ခွာသွားတော့မည်ဖြစ်သည်။
“ဂရုစိုက်သွားပါ...နန်းတော်သခင်...”
ဟွားရှီးယင်သည် နှုတ်ဆက်စကားဆိုလိုက်၏။ ပြသနာရပ်သည် မကြီးမားသောကြောင့်သာ ဤမျှနှင့်ပြီးဆုံးသွားခြင်းပင်။
ထိုအချိန်တွင် အလောတကြီး လေသံကို ကြားလိုက်ရ၏။ ထိုစကားဆိုလိုက်သူမှာ ဟွားယီယီ ဖြစ်သည်။
“ဧည့်သည်တော်ရှင့်...၊ အပျက်အစီးတွေအတွက် ကောင်းကင်သလင်းကျောက် နှစ်သန်းပေးချေရဦးမယ်ရှင့်...”
ဟွားရှီးယင် “...”
‘ငါဘယ်လိုတပည့်မျိုး မွေးမိတာပါလိမ့်...၊ နင့်ဆရာတောင် အရိုအသေပြုနေရတဲ့ သူဆီကနေ ငွေတောင်းရဲတယ်လား..’
ဟွားရှီးယင်သည် သူ့တပည့်၏ ခေါင်းကို ဘုသီးထအောင်ပင် ခေါက်ချင်မိသွား၏။ သူမသည် အချက်ပြ သတိပေးလိုက်၏။
“ရှောင်ယီ..”
“မရဘူးဆရာ...၊ တပည့်တို့က အားနည်းတဲ့ မိန်းမသားတွေလေ...၊ ဖျတ်ဆီးခဲ့တာအတွက် လျော်ကြေးတောင်းခံရမှာပဲ...”
ဟွားယီယီသည် ပြတ်သားသည့် လေသံနှင့် ဆိုလိုက်၏။
ဟွားရှီယင် “...”
‘အားနည်းတဲ့ မိန်းမသားက ဘာကြောင့် ဒီလောက် ရဲဝံ့နေတာလဲ...’
ဟွမ်း၏ ခြေလှမ်းများရပ်တန့်သွားလေသည်။ ထိုမိန်းကလေးသည် မှတ်ဉာဏ်ကောင်းလွန်းလှ၏။
သူဤနေရာသို့ မရောက်ခင်က ကောင်းကင်သလင်းကျောက် တစ်သန်းဟုသာ ဆိုခဲ့သော်လည်း အဘယ်ကြောင့် ဈေးတက်သွားရသနည်း...။
“ဒီလိုလေ ဧည့်သည်တော် မရောက်ခင်က အပျက်အစီးက နည်းသေးတယ်...၊ အဲ့ဒါအတွက် တပည့်တွေ တွက်ချက်ထားတာအရ ဆယ့်ခြောက်သန်း လောက်ကျသင့်တယ်...”
“ဒါကြောင့် ရှောင်းမျိုးနွယ်နဲ့ တစ်ယောက်တစ်ဝက် ရှစ်သန်းစီပေးရမယ်...”
ဟွားယီယီ ရှင်းပြနေစဉ် ဟွမ်းသည် ကြားဖြတ်မေးခွန်းထုတ်လိုက်၏။
“မိန်းကလေး ပြောတုန်းက ဆယ်သန်းဆို...”
“နှစ်သန်းက သူတို့သုံးယောက်က အပန်းဖြေခန်း တစ်ခန်းကို ယူခဲ့တယ်လေ...”
ဟွားယီယီသည် ဖြည့်စွက်ကာ ပြောလိုက်၏။
ဟွမ်းသည် အံ့အားသင့်သည့် မျက်ဝန်းများနှင့် သူ၏ တပည့်များကို ကြည့်မိသွားသည်။
‘ဒီကောင်တွေဖြုန်းတီးလိုက်တာ..’
သို့သော် ဟွမ်း၏ အကြည့်ကြောင့် လုရှင်းယန်တို့သည် ပြာနှမ်းသွားရ၏။
“မဟုတ်ဘူး..”
“ဆရာ..”
“အဲ့ဒါ..သူ..သူတို့ ဆွဲခေါ်သွားတာ..”
လုရှင်းယန်တို့သုံးဦးသည် အထိတ်ထိတ်အလန့်လန့်နှင့် ရှင်းပြနေသော်လည်း တိကျသည့် ဖြေရှင်းချက်ကို မထုတ်နိုင်ပေ။
“ထားလိုက်တော့...”
ဟွမ်းသည် ခေါင်းခါယမ်းကာဆိုလိုက်၏။ ထိုအကောင်များသည် သုံးရက်မျှသာ လှေကားတစ်ထောင်ကို ဖြတ်သန်းခဲ့ရသော်လည်း ဤနေရာတွင် အတိုးချ၍ အနားယူခဲ့ဟန်ရှိ၏။
ထိုသုံးကောင်ကို ဟွမ်းရှန့်နန်းတော်သို့ ရောက်ရှိပါက ပို၍ ကြမ်းတမ်းသည့် လေ့ကျင့်မှုများကို ပြုလုပ်ရမည်ဟု ဆုံးဖြတ်ထားလိုက်သည်။