နှင်းဓားဂိုဏ်းတွင် ကျရောက်လာသည့်ကပ်ဘေး
Vol. 23 Ch. 337
“အစ်မ နင်ဘာလုပ်တာလဲ...”
ဟွားကျစ်ယင်သည် အထိတ်ထိတ်အလန့်လန့်နှင့် မေးခွန်းထုတ်လိုက်၏။ သူမသည် အလစ်အငိုက်မိသွားသောကြောင့် မတုန့်ပြန်နိုင်ခဲ့ချေ။
ဟွားရှီးယင်သည် မည်သည့် ဖြေရှင်းချက်မျှ မပေးချေ။ သူမသည် ထိုသစ်သီးကို လက်နှင့် ခြေမွှလိုက်ရာ ပြင်းထန်သည့် စွမ်းအင် စီးကြောင်းငယ်များ ထွက်ပေါ်လာ၏။
စွမ်းအင်စီးကြောင်းများသည် သေးငယ်သော်လည်း လျော့တွက်၍ မရချေ။ ၎င်းတွင် သိပ်သည်းလွန်းသည့် စွမ်းအင် အရင်းအမြစ်များပါဝင်နေသည်။
သူမ၏ လက်အတွင်းရှိ စွမ်းအင်များကို ဟွားကျစ်ယင်၏ နှုတ်ခမ်းမှ အတင်းအကြပ် ထိုးသွင်းလိုက်သည်။
ဟွားကျစ်ယင်သည် ရုန်းကန်နေသော်လည်း ဟွားရှီးယင်၏ ဖိနှိပ်မှုကို တွန်းလှန်နိုင်စွမ်း မရှိချေ။
ထိုအချိန်တွင် ဝိညာဉ်နိုးထခြင်း သစ်သီး၏ စွမ်းအင်များသည် ဟွားကျစ်ယင်၏ ခန္ဓာကိုယ်အတွင်းသို့ အားလုံးဝင်ရောက်သွား၏။
သို့မှသာ ဟွားရှီးယင်သည် သူမ၏ ချုပ်နှောင်မှုကို ဖြေလျော့ပေးလိုက်တော့သည်။
“အစ်မ...နင်...”
ဟွားကျစ်ယင်သည် ဒေါသတကြီး ပြောဆိုချင်သော်လည်း ဟွားရှီးယင်သည် အခွင့် အရေးမပေးချေ။
“အဲ့ဒီသစ်သီးစွမ်းအင်တွေကို ခြေဖျတ်လိုက်...”
ဟွားကျစ်ယင်သည် ရုတ်ချည်းထိုးတက်လာသည့် စွမ်းအင်များကြောင့် ခွန်းတုန့်မပြန်နိုင်တော့ပဲ သူမသည် တင်ပလ္လင်ချိတ်ထိုင်ကာ ထိန်းချုပ်လိုက်ရတော့သည်။
ဟွားရှီးယင်သည် သက်ပြင်းယဲ့ယဲ့ချလိုက်မိသည်။ သူမအတွက် လဲလှယ်ခဲ့သည်မှန်းသိရှိသော်လည်း အသုံးမပြုရက်ချေ။ ထို့ကြောင့် သူမ၏ ညီမဖြစ်သူကိုသာ အသုံးပြုစေခဲ့သည်။
နယ်မြေဘုရင်ကဲ့သို့ စွမ်းအင်မျိုး သူမလည်း လိုအပ်သည်မှာ အမှန်ပင်။ သို့သော် နယ်မြေဘုရင်ဟုသည့် အဆင့်အတန်းသည် သူမ၏ ညီမနှင့် ယှဉ်လျင် အရေးမပါတော့ပေ။
သူမတို့တွင် မသေမချင်းမပြီးဆုံးနိုင်မည့် ရန်သူများရှိနေပြီး ထိုသူများ လက်မှ တိမ်းရှောင်နေရခြင်းဖြစ်သည်။
သို့သော် သူမတို့ထံမှ နယ်မြေဘုရင် တစ်ဦးထွက်ပေါ်လာပါက ထိုရန်စွယ်များကို ပုန်းရှောင်နေရန် မလိုအပ်တော့ချေ။
ထိုအချိန်တွင် ဟွားရှီးယင်၏ အဆောင်တစ်ခုမှ ထူးဆန်းသည့် အလင်းတစ်ချက်ထွက်ပေါ်လာ၏။
စစ်ဆေးကြည့်လိုက်ချိန်တွင် မျက်မှောင်ကြုတ်ကာ ရေရွတ်မိသွားသည်။
“ရှောင်ချီချီ အန္တရာယ်ကျရောက်နေတာလား..”
ထို့နောက်သူမသည် ဟွားကျစ်ယင်၏ တည်နေရာကို အစီအရင်နှင့် ကာကွယ်ပေးထားခဲ့ကာ နှင်းဓားဂိုဏ်းသို့ အလောတကြီးနှင့် ဦးတည်ထွက်ခွာသွားတော့၏။
“ဆရာ...၊ အစ်မကြီးနဲ့..အစ်ကိုတွေကို အရင် အသုံးပြုစေတာပိုပြီးသင့်လျှော်တယ်...”
ဟွမ်းရှန့်နန်းတော်တွင် ကျောက်ဝမ်အာသည် ပြသနာမရှိကြောင်းပြောဆိုလိုက်သည်။
အကြောင်းမှာ ဟွမ်းတွင် ဝိညာဉ်နိုးထခြင်းသစ်သီး လေးလုံးသာကျန်ရှိတော့သောကြောင့်ပင်။
ကျောက်ဝမ်အာသည် တစ်ခြားအချိန်များတွင် စီနီယာများအပေါ် အနိင်ကျင့်နှိပ်စက်တက် သော်လည်း အရေးကြီးသည့် အရာများတွင်တော့ နားလည်မှု ရှိလေသည်။
ထို့ကြောင့်ပင် သူမသည် အားလုံး၏ ချစ်ခင်ကြင်နာမှုများကို သိမ်းပိုက်ထားနိုင်ခြင်းပင်။
ဟွမ်းသည် ကျောက်ဝမ်အာ၏ တွေးခေါ်တတ်မှုကြောင့် ခေါင်းညိတ်အသိမှတ်ပြုလိုက်၏။ ပြီးနောက် ယွဲ့ဝူယောင်တို့ကို ဝိညာဉ်နိုးထခြင်းသစ်သီးများ အသုံးပြုရန် ပေးအပ်လိုက်သည်။
နောက်လတွင် ငါးလုံးထပ်မံ ရရှိလျှင် ကျောက်ဝမ်အာ အသုံးပြု၍ ရမည်ဖြစ်၏။ ထို့ကြောင် ပူပန်စရာတော့မရှိချေ။
ထိုအချိန်တွင် ဟွမ်းသည် ရုတ်ချည်းမျက်မှောင်ကြုတ်သွားရလေသည်။
“ယွမ်ထောင်နဲ့ ဟုန်ယန်ရဲ့ ဝိညာဉ်က အားနည်းနေတယ်...”
သူသည် နှင်းဓားဂိုဏ်းမှ မထွက်ခွာခင် မာယွမ်ထောင်နှင့် ဟုန်ယန်တို့၏ စိတ်ဝိညာဉ်တွင် သူ၏ စိတ်စွမ်းအင်အချို့ ထည့်သွင်း ထားခဲ့၏။
သူထွက်ခွာသွားပြီးနောက်တွင် ထိုနှစ်ဦး အနိုင်ကျင့်ခံရမည်ကို စိုးရိမ်သောကြောင့်ပင်။
သို့သော် ၎င်းတို့၏ စိတ်ဝိညာဉ်များသည် ရုတ်တရက်အာနည်းသွားသည်ကို ခံစားမိလိုက်၏။
ထို့ကြောင့် သူသည် မတုန့်မဆိုင်းနှင့် လင်းရှန်းတောင်ပေါ်မှ ဆင်းသက်လာသည်။
သို့သော် သူသည် အချိန်မှီ မရောက်နိုင်မည်ကို စိုးရိမ်သောကြောင့် လင်းထျန်းဘုံ၏ သိပ်သည်းလှပါသည်ဟူသည့် လေဟာနယ်ကို ထိုးခွဲလိုက်၏။
ထို့နောက် ကြီးမားသည့် အက်ကွဲကြောင်းပေါ်ထွက်လာချိန်တွင် အလျှင်အမြန် ဝင်ရောက်သွားသည်။
တစ်ဖက်ရှိ အေးချမ်းစွာ တည်ရှိနေခဲ့သည့် နှင်းဓားဂိုဏ်း၏ တောင်ထွတ်များတွင် သွေးများစွာ လွှမ်းခြုံနေ၏။
များပြားလှသည့် နှင်းဓားဂိုဏ်း တပည့်များ၏ အသက်မဲ့ ခန္ဓာကိုယ်များသည် နေရာအနှံ့ပြန့်ကျဲနေပြီး တောင်ထွတ်များကို သွေးနီရောင်များနှင့် ချယ်သထားသည့်အလားပင်။
ထို့အပြင် ဒဏ်ရာအပြင်းအထန်ရကာ လဲကျနေသည့် တပည့်များအပြင် အကြီးအကဲများပင်ပါဝင်နေ၏။
ထိုသို့ ဖြစ်သည်အထိပြုလုပ်ခဲ့သူများမှာ ကျင့်ကြံသူနှစ်ဦးတည်းပင်။ သို့သော် သူတို့သည် နယ်မြေသခင်များ ဖြစ်နေကြ၏။
ထိုအဖြစ်အပျက်များကို ဝတ်ရုံရည်နှင့်ကျင့်ကြံသူသည် ကောင်းကင်ထက်မှ လက်အောက်ပစ်ကာ ကြည့်ရှု့နေသည်။ သူ၏ ခန္ဓာကိုယ်တွင် သန်မာလွန်းသည့် အငွေ့အသက်များ ရစ်သီနေ၏။
နှင်းဓားဂိုဏ်း၏ အဖြစ်အပျက်ကို အေးဆေးစွာနှင့် စောင့်ကြည့်နေသည်။
နှင်းဓားဂိုဏ်းကို တိုက်ခိုက်နေသူများမှာ သူ၏ လက်အောက် ငယ်သားများ ဖြစ်ဟန်ရှိ၏။ နယ်မြေသခင်များကို လက်အောက်ငယ်သားအဖြစ် ထားရှိနိုင်ခြင်းသည် တော်ရုံအဆင့်အတန်းနှင့် မဖြစ်နိုင်ချေ။
ထိုအချိန်တွင် လောင်ဟွေ့ဆိုသည့် နောက်လိုက် တစ်ဦးသည် နှင်းဓားဂိုဏ်းချုပ်၏ လည်တိုင်ကို ဖမ်းဆုပ်လိုက်သည်။
ထို့နောက် ရုတ်ရင်းကြမ်းတမ်းသည့် လေသံနှင့် မေးလိုက်လေ၏။
“ငါ့ရဲ့ စိတ်ရှည်မှုက အကန့်အသတ်ရှိတယ်...၊ ဝိညာဉ်နိုးထခြင်းသစ်စေ့နဲ့ အပင်ဘယ်မှာလဲ...”
“မင်းတို့ပြောနေတာတွေ တစ်ခုမှ ငါနားမလည်ဘူး...”
နှင်းဓားဂိုဏ်းချုပ် ချန်တောက်လင်သည် အတင်းအကန် ရုန်းကန်နေရသည့် လေသံနှင့် ဆိုလိုက်၏။ သူသည် ကောင်းကင်အလွှာကျင့်ကြံသူတစ်ဦးသာ ဖြစ်လေသည်။ နယ်မြေသခင်၏ တိုက်ခိုက်မှုများကို အံတုနိုင်စွမ်းမရှိပေ။
ထို့အပြင် ဝိညာဉ်နိုးထခြင်းသစ်စေ့ဆိုသည်ကို သူတကယ်မသိချေ။ သို့သော် ထိုသူများသည် နှင်းဓားဂိုဏ်းကို ထိုအကြောင်းပြချက်နှင့် တိုက်ခိုက်ဖျတ်ဆီးနေသည်။
“ဝုန်း...”
အခြားတစ်ဖက်ရှိ လောင်ကွေ့ဆိုသည့် နောက်လိုက်၏ တိုက်ခိုက်မှုကြောင့် ကျန်းချီချီသည် လွင့်စင်သွားရသည်။
“ရှောင်ချီ...”
ချန်တောက်လင်သည် စိုးရိမ်တကြီး အော်ဟစ်လိုက်၏။ သို့သော် လောင်ဟွေ့သည် သူ၏လက်ပိုမို အားစိုက်လိုက်ရာ ချန်တောက်လင်သည် အသက်ရှုရခက်ခဲသွားလေ၏။
“သေစမ်း...”
မာယွမ်ထောင်နှင့် ဟုန်ယန်တို့ အပါအဝင် အတွင်းတပည့်များအားလုံးသည် လောင်ကွေ့ကို တိုက်ခိုက်လိုက်ကြသည်။
“ဟမ့်...၊ ပုရွက်စိတ်တွေ...”
လောင်ကွေ့သည် မြေလွှာကို ခြေတစ်ဖက်နှင့် နင်းဆောင့်လိုက်၏။ သူ၏အသွင်သည် သေးငယ်သည့် ပုရွက်စိတ်များကို အသာနင်းချေလိုက်သည့် အလားပင်။
“ဝုန်း..”
မြေလွှာ၏ တုန်ခါမှုနှင့်အတူ ကြမ်းတမ်းသည့် စွမ်းအင်လှိုင်းများ ပေါ်ထွက်လာသည်။ ၎င်းတို့သည် ပြေးဝင်လာသည့် တပည့်များကို ရိုက်ခက်သွားလေ၏။
စဦးအလွှာနှင့် အလယ်လတ်အလွှာကျင့်ကြံသူများသည် နယ်မြေသခင်တစ်ဦးအတွက် ကြီးမားသည့် ချိန်းခြောက်မှု မဟုတ်ခဲ့ချေ။
“ဘုန်း...”
တပည့်များသည် ဆိုးဆိုးရွားရွား ထိခိုက်ကုန်ကြ၏။ နိမ့်ကျသည့် စွမ်းအင်များကြောင့် သွေးများပင် အန်ကုန်ကြသည်။
“လောင်ကွေ့...၊ ဒီကောင်တွေ ခေါင်းမာတယ်..၊ အဲ့ဒီမိန်းကလေးကို နည်းမျိုးစုံနဲ့ နှိပ်စက်လိုက်စမ်း...”
ချန်တောက်လင်၏ လည်တိုင်ကို ဖမ်းဆုပ်ထားသည့် လောင်ဟွေ့သည် ရက်စက်သည့် လေသံနှင့် ပြောလိုက်၏။ ချန်တောက်လင်သည် ထိုမိန်းကလေးကို ဂရုစိုက်ဟန်ရသောကြောင့်ပင်။
လောင်ကွေ့သည် နားလည်သည့် အသွင်နှင့် ကျန်းချီချီအနားသို့ ချည်းကပ်လိုက်၏။
ကျန်းချီချီသည် သူမ၏ ဓားနှင့် လောင်ကွေ့ကို ဦးတည်ကာ ဝှေ့ယမ်းလိုက်သည်။
သူမ၏ ဓားထံမှ အလင်းတန်းများသည် လောင်ကွေ့ထံ တိုးဝင်သွား၏။
“ဘုန်း..”
သို့သော် လောင်ကွေ့သည် ဓားအလင်းတန်းများကို ဂရုမစိုက်သည့် အသွင်နှင့် ချေမွပစ်လိုက်လေသည်။
“ဟမ့်...”
သူသည် နှာမှုတ်သံ တစ်ချက် ပြုလိုက်ပြီးနောက် ကျန်းချီချီကို ဖမ်းချုပ်ရန် ပြင်လိုက်၏။
ကျန်းချီချီ ထိတ်လန့်သွားလေသည်။ သူမ၏ လက်ရှိခွန်အားနှင့် လောင်ကွေ့ကို တွန်းလှန်နိုင်ခြင်း မရှိပေ။
“အညံ့ခံလိုက်စမ်း..”
မြန်ဆန်သည့် အလျင်နှင့် လောင်ကွေ့သည် တိုးဝင်လာလေ၏။
“ဝုန်း...”
လောင်ကွေ့သည် ကျန်းချီချီအနီးရောက်လုဆဲဆဲတွင် ဆန်းကြယ်သည့် ကြာပန်းသဏ္ဌာန်စွမ်းအင်အလွှာသည် ကျန်းချီချီ၏ ခန္ဓာကိုယ်ကို ဖုံးကွယ်လိုက်လေသည်။
ထို့အပြင် လောင်ကွေ့ ခန္ဓာကိုယ်ကို သေးငယ်သည့် ကြာပန်းတစ်ပွင့်က ထိမှန်သွားလေ၏။
လောင်ကွေ့ အလျှင်အမြန်တုန့်ပြန်လိုက်ရသည်။ ထို့နောက် မျက်မှောင်ကြုတ်သွားကာ ရေရွတ်လိုက်၏။
“နယ်မြေသခင်...”