ကျန်းချီချီ၏စွမ်းအင်များ
Vol. 23 Ch. 338
လောင်ကွေ့သည် ရုတ်ချည်းဆန်သည့် ကြာပန်း၏ တိုက်ခိုက်ခံရမှုကြောင့် နောက်သို့ ခြေလှမ်းများစွာ ဆုတ်ခွာလိုက်ရ၏။
သူသည် မျက်မှောင်ကြုတ်သွားပြီးနောက် ဒေါသလေသံနှင့် အော်ဟစ်လိုက်သည်။
“ဘယ်သူလဲ...”
ထိုအချိန်တွင် အမျိုးသမီးတစ်ဦးသည် ကျန်းချီချီအနား ရောက်ရှိနေသည်ကို တွေ့လိုက်ရ၏။
“အစ်မရှီးယင်...”
ကျန်းချီချီသည် ဟွားရှီးယင်ကို တွေ့လိုက်ရ၏။
“ကျောက်စိမ်းပန်းဂိုဏ်းမှာ လာနေဖို့ ပြောထားရဲ့နဲ့...၊ မင်းသာ တစ်ခုခုဖြစ်သွားရင်...”
ဟွားရှီးယင်သည် ဆူပူလိုက်၏။ သို့သော် သူမ၏ လေသံတွင် ဒေါသများ မပါဝင်ချေ။
“ကျွန်မ...”
ကျန်းချီချီသည် အနည်းငယ် အားတုံ့အားနာ ဖြစ်သွားရလေသည်။
သို့သော် ဟွားရှီးယင်သည် စိတ်မရှိသည့် အသွင်နှင့် ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်၏။ သို့သော် သူမ မျက်မှောင်ကြုတ်သွားရလေသည်။
“နယ်မြေသခင်နှစ်ဦး...၊ ပြီးတော့ ကောင်းကင်ထက်ကသူ...”
ရင်းနှီးခြင်းမရှိသည့် အငွေ့အသက်များနှင့် ကျင့်ကြံသူများပင်။ ထို့အပြင် ကောင်းကင်ထက်ရှိ ကျင့်ကြံသူ၏ ခွန်အားကို မှန်းဆမရနိုင်ချေ။
သူမသည် ထိုသို့ ကျင့်ကြံသူများက သေးငယ်သည့် နှင်းဓားဂိုဏ်းကို အဘယ်ကြောင့် အန္တရာယ်ပြုနေသည်ကို နားမလည်နိုင်ဖြစ်သွား၏။
“ရှင်တို့က ဘယ်သူတွေလဲ...”
ဟွားရှီးယင်သည် လောင်ဟွေ့နှင့် လောင်ကွေ့ကို ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။
“ဒီကိစ္စက မင်းနဲ့ မသက်ဆိုင်ဘူးဆိုရင် ဝင်မပါတာ ကောင်းလိမ့်မယ်...”
လောင်ကွေ့သည့် ဒေါသလွှမ်းခြုံနေသည့် လေသံနှင့် ဆိုလိုက်၏။ ထို့နောက် သူ၏ အရှိန်အဝါကို ပြင်းပြင်းထန်ထန် ထုတ်ဖော်လိုက်သည်။
နောက်မဆုတ်လျှင် တိုက်ခိုက်မည်ဟူသည့် သဘောပင်။
ဟွားရှီးယင် မျက်မှောင်ကြုတ်သွားရ၏။ သို့သော် နောက်ဆုတ်ဟန်မရပဲ သူမ၏ နယ်မြေသခင်အရှိန်အဝါကို ထုတ်ဖော်ကာ မေးခွန်းထုတ်လိုက်သည်။
“ရှင်တို့အဆင့်အတန်းနဲ့ အကြောင်းမဲ့ နှင်းဓားဂိုဏ်းကို ဖျတ်စီးချင်တာလား...”
နှင်းဓားဂိုဏ်းတွင် နယ်မြေသခင် မရှိချေ။ သို့သော် လာရောက်တိုက်ခိုက်သူများသည် နယ်မြေသခင်နှစ်ဦးပင်။
“ဒီအဆင့်နိမ့်ဂိုဏ်းက ငါတို့ပိုင်ဆိုင်တဲ့ ရတနာကို ခိုးယူသွားတယ်...”
လောင်ကွေ့သည် မျက်မှောင်ကြုတ်ကာ ပြောဆိုလိုက်၏။ ထိုအမျိုးသမီးသည် နောက်ဆုတ်ချင်ဟန်မရချေ။
ဟွားရှီးယင်သည် အတော်မှင်သက်သွားသည့် လေသံနှင့် ဆိုလိုက်၏။
“ဘယ်လိုဖြစ်နိုင်မှာလဲ...၊ နှင်းဓားဂိုဏ်းက အဲ့ဒီလို ရတနာမျိုးကို ယူဆောင်သွားနိုင်မယ်ထင်နေတာလား...”
“ဟမ့်...၊ အဲ့ဒီနေရာရဲ့ လေဟာနယ်လမ်းကြောင်းကို စစ်ဆေးလိုက်တဲ့အချိန်မှာ ဒီဂိုဏ်းကို ဦးတည်ထားတာကွ...”
လောင်ကွေ့သည် နှာမှုတ်ကာ ဆိုလိုက်၏။ သူတို့သည် သေမင်းတောင်ကြားနှင့် ပတ်သက်သည့် နေရာအတော်များများကို စစ်ဆေးသည်။
ထိုအချိန်တွင် နှင်းဓားဂိုဏ်းကို ဦးတည်သွားသည့် ပျက်ယွင်းနေသည့် လေဟာနယ် လမ်းကြောင်းကို ရှာတွေ့ခဲ့သည်။
ထို့ကြောင့် နှင်းဓားဂိုဏ်းကို လာရောက်တိုက်ခိုက်ခဲ့ခြင်းပင်။ နှင်းဓားဂိုဏ်းတစ်ခုလုံးပေါင်းလျှင်တောင် ထိုမျှဝေးလံသည် လေဟာနယ်ကို ဖောက်ဖြတ်နိုင်သူ မရှိမှန်း သိလိုက်ရ၏။
သို့သော် လေဟာနယ် ဖောက်ဖြတ်နိုင်သူသည် ထိုဂိုဏ်းနှင့်ပတ်သက်နေမည်မှာကျိန်းသေပင်။
“ဘယ်လို ရတနာကြောင့် ရှင်တို့ ဒီလောက်အထိ သတ်ဖြတ်နေရတာလဲ...”
“ဝိညာဉ်နိုးထခြင်းသစ်စေ့...”
“ဘယ်လို...”
ဟွားရှီးယင်၏ မျက်ဝန်းများသည် မူလထက် နှစ်ဆခန့်ကျယ်သွားရ၏။
‘ဝိညာဉ်နိုးထခြင်းသစ်စေ့လား..’
ဟွမ်းထံမှ သူ၏ ညီမရရှိခဲ့သည့် ဝိညာဉ်နိုးထခြင်း သစ်သီးကို ချက်ချင်းတွေးမိသွားသည်။
‘ဒါဆို ဖြစ်နိုင်တာက...’
ဟွားရှီးယင်သည် နားမလည်နိုင်သည့် အသွင်နှင့် ကျန်းချီချီကို ကြည့်လိုက်၏။
သူမသည် ဒဏ်ရာအချို့ ရရှိထားပြီး အလွန်နွမ်းနယ်နေဟန်ရှိသည်။ သူမ၏ ကျော့ရှင်းသည့် မျက်နှာလေးပင် ကပိုကရို ဖြစ်နေလေ၏။
ဟွားရှီးယင်၏ အကြည့်ကြောင့် သူမ၏ ခေါင်းကို ညင်သာစွာ ယမ်းခါလိုက်သည်။ သူမ ထုတ်ဖော်ပြောမည် မဟုတ်ပေ။
“မိုက်မဲလိုက်တာ...”
ဟွားရှီးယင်သည် ကျန်းချီချီ၏ အကြည့်ကြောင့် အသာခေါင်းယမ်းလိုက်မိ၏။ သူမ အကြောင်းအရာတစ်ချို့ကို နားလည်သဘောပေါက်သွားလေသည်။
ထို့နောက် လောင်ကွေ့ကို ကြည့်ကာ ဆိုလိုက်၏။ သူမ၏ လေသံသည် တည်ငြိမ်နေသည်။
“ရှင်လို့ရဲ့ ရတနာက ဒီမှာ မရှိဘူး...၊ နားလည်မှု လွဲနေမှာစိုးမိတယ်...”
“ဟမ့်...၊ မရှိရင်တောင် ယူသွားတဲ့သူနဲ့ သက်ဆိုင်နေလိမ့်မယ်...၊ ဒီမိန်းကလေးကို စစ်ဆေးလိုက်ရင် သိရမှာပဲ...”
လောင်ကွေ့၏ အရှိန်အဝါသည် ပြင်းထန်လာပြီးနောက် သူ၏ လက်ကို အားနှင့် လွဲယမ်းလိုက်သည်။
ထိုအချိန်တွင် လူတစ်ကိုယ်စာအား ဖမ်းဆုပ်နိုင်သည့် လက်သည်းကြီးပေါ်ထွက်လာပြီး ကျန်းချီချီကို ဆုပ်ကိုင်ရန် ကြိုးစားလိုက်၏။
“သေချင်နေတာ...”
ဟွားရှီးယင်၏ မျက်ဝန်းများ ထက်ရှသွား၏။ ထို့နောက် မြန်ဆန်သည့် လက်အသွင်ပြုလုပ်လိုက်လေသည်။
ထိုအချိန်တွင် သူမ၏ လက်ဖဝါးအတွင်းမှ ကြာပန်းငယ်လေးပေါ်ထွက်လာ၏။
“သွား...”
ဟွားရှီးယင်သည် ညင်သည်သည့် လေသံနှင့် အမိန့်ပေးဟန်ပြုလိုက်သည်။
ထိုအချိန်တွင် ကြာပန်းငယ်သည် တဖြည်းဖြည်းနှင့် ကြီးမားလာပြီးနောက် လောင်ကွေ့၏ လက်သည်းကို တားဆီးလိုက်၏။
“ဝုန်း...”
“ဒီမိန်းမရဲ့ ခွန်အားက မသေးဘူး...”
လောင်ကွေ့၏လက်သည်းက ကြာပန်းနှင့် ရိုက်ခက်မိသွားချိန်တွင် ချက်ချင်းဆိုသလို ဖျတ်ဆီးခံလိုက်ရသည်။
“မိန်းကလေးရဲ့ ခွန်အားက မဆိုးဘူး..၊ ဒါပေမဲ့ လက်ရည်စမ်းတိုက်ပွဲ မဟုတ်တဲ့အတွက်ကြောင့် အခုချိန် နောက်ဆုတ်မယ်ဆို ခွင့်ပြုပေးမယ်...”
လောင်ဟွေ့သည် ချန်တောက်လင်အား ပစ်ချလိုက်ပြီးနောက် ဟွားရှီးယင်ထံ ဦးတည်လာရင်း ဆိုလိုက်၏။
“ရှင်တို့က...၊ အားနည်းသူတွေကို သက်သက်မဲ့ အနိုင်ကျင့်နေတာပဲ...”
ဟွားရှီးယင်၏ အမူအယာသည် လေးနက်သွားကာ သူမ၏ စွမ်းအင်များကို အသင့်ပြင်ထား၏။
“ခေါင်းမာတဲ့သူတွေပေါများတာပဲ...သေလိုက်တော့...”
လောင်ဟွေ့သည် ဒေါသထွက်လာပြီးနောက် လေထုကို ထိုးနှက်သည့် အသွင်ပြုလုပ်လိုက်၏။
လောင်ကွေ့လည်း အလားတူ လေထုအား ပြင်းပြင်းထန်ထန် ရိုက်ချလိုက်လေသည်။
ပြင်းထန်သည့် စွမ်းအင် အလင်းတန်းနှစ်ခုသည် ဟွားရှီးယင်ထံ တရကြမ်း တိုးဝင်လာ၏။
ဟွားရှီးယင်သည် စိုးထိတ်သွားလေသည်။ ၎င်းတွင် ကြမ်းတမ်းလှသည့် စွမ်းအင်များ ပါဝင်နေသောကြောင့်ပင် သူမ၏ လက်သင်္ကေတများကို အလျှင် အမြန် ပြုလုပ်လိုက်၏။
ထိုအချိန်တွင် ကြာပန်းများ ပေါ်ထွက်လာကာ သူမ၏ ခန္ဓာကိုယ်ပတ်လည်တွင် လည်ပတ်နေသည်။
ထို့နောက်သူမသည် အလင်းတန်းနှစ်ခု လာရာလမ်းသို့ စေညွှန်လိုက်၏။
“ဝှီး...”
ကြာပန်းငယ်များသည် အလျှင်အမြန် လေထုကို ထိုးခွင်းသွားကာ အလင်းတန်းနှစ်ခုနှင့် တိုက်ခတ်မိသွားလေသည်။
“ဝုန်း...”
နှင်းဓားဂိုဏ်းတစ်ခုလုံး တုန်လှုပ်သွားစေသည့် ပေါက်ကွဲမှုထွက်ပေါ်လာသည်။
သို့သော် ကြာပန်းငယ်များနှင့် စွမ်းအင်နှစ်ခု၏ ထိပ်တိုက်ရင်ဆိုင်မှုသည် မပြီးဆုံးသေးချေ။
ဟွားရှီးယင်သည် ကြာပန်းငယ်များကို ထိန်းချုပ်ထားရင်း သူမ၏ နှုတ်ခမ်းမှ သွေးများစီးကျလာလေသည်။
နယ်မြေသခင်နှစ်ဦး၏ တိုက်ခိုက်မှုကို ခံယူရခြင်းသည် သူမအတွက် ခက်ခဲစေ၏။
ထို့အပြင် သူမ၏ ကြာပန်းငယ်များသည် တဖြည်းဖြည်းနှင့် လွှင့်ပြယ်လာလေသည်။
လင်းကွေ့နှင့် လင်းဟွေ့သည် ဟွားရှီးယင်ကို ကြမ်းတမ်းစွာ ရိုက်ချလိုက်လေ၏။
“ဝုန်း...”
ကြာပန်းငယ်များသည် ပြိုကွဲသွားပြီး ဟွားရှီးယင်၏ ခန္ဓာကိုယ်သည် အရုပ်ကြိုးပြတ် လွင့်စင်သွားလေတော့သည်။
“သေလိုက်တော့...”
လင်းကွေ့နှင့် လင်းဟွေ့သည် ပြိုင်တူတိုက်ခိုက်မှုနှင့်အတူ ဟွားရှီးယင်ကို အဆုံးသတ်လိုက်တော့၏။
သူတို့၏ ခန္ဓာကိုယ်နှစ်ခုသည် ဟွားရှီးယင်အနား ရောက်လုဆဲဆဲတွင်း ထူးဆန်းသည့် စွမ်းအင်များဖြစ်တည်လာသည့် အသံကို ကြားလိုက်ရသည်။
“ကျစ်...ကျစ်...”
“အေးခဲစမ်း....”
ဒေါသတကြီး အော်ဟစ်သံလေးနှင့် အတူ သူတို့နှစ်ဦး၏ ခန္ဓာကိုယ်များတွင် ရေခဲအလွှာများ ထွက်ပေါ်လာလေသည်။
“ဘုန်း...”
ခန္ဓာကိုယ်အေးခဲမှုနှင့် အတူ ဟွားရှီးယင်ကို အဆုံးသတ်နိုင်ခွင့်မရပဲ သူတို့နှစ်ဦးသည် အေးခဲသွားလေတော့၏။
“ဒါ..ဒါ..”
ဟွားရှီးယင်သည် ထိတ်လန့်သွားလေ၏။ နယ်မြေသခင်နှစ်ဦးကို အချိန်တစ်ခဏအတွင်း ကန့်သတ်နိုင်သူမှာ နယ်မြေဘုရင်များသာ ဖြစ်သည်။
နယ်မြေသခင် အချင်းချင်းပင် ထိုသို့ မလုပ်နိုင်ပေ။ ပို၍ ထူးခြားသည်က ကြမ်းတမ်းလှသည့် လောင်ကွေ့နှင့် လောင်ဟွေ့သည် တစ်ချက်တည်း အေးခဲသွားခြင်းကြောင့်ပင်။
‘ရှောင်ချီချီက နယ်မြေဘုရင်တစ်ဦးလား..’
သူမသည် ကျန်းချီချီနှင့် နှစ်ပေါင်းများစွာ သိကျွမ်းလာခဲ့သော်လည်း သူမ နယ်မြေဘုရင်တစ်ဦးဖြစ်နေသည်မှန်းကို မသိရှိထားချေ။
‘ဘယ်လိုဖြစ်နိုင်မှာလဲ...’
ဟွားရှီးချန်သည် ယုံနိုင်စွမ်းပင် မရှိချေ။ အကြောင်းမှာ ကျန်းချီချီ၏ ကလေးဘဝကတည်းက ရင်းနှီးထားခဲ့ခြင်းဖြစ်သည်။
ထိုအချိန်တွင် ကျန်းချီချီ၏ ခန္ဓာကိုယ် ပတ်လည်တွင် အေးစက်လွန်းသည် အငွေ့အသက်များနှင့် လည်ပတ်နေပြီး သူမ၏ ဆံနွယ်များသည် လေထုတွင် လွင့်မြောနေသည်။
“ရှောင်ချီ...၊ ရပ်လိုက်...”
ချန်တောက်လင်သည် ကျန်းချီချီ၏ အပြုအမူကြောင့် ထိတ်လန့်တကြားနှင့် အော်ဟစ်လိုက်လေသည်။