← Chapters

ဟွမ်း၏ ဖိအားပေးတိုက်ခိုက်မှု

Vol. 23 Ch. 339

ဟွမ်း၏ ဖိအားပေးတိုက်ခိုက်မှု

Vol. 23 Ch. 339

ချန်တောက်လင်သည် သတိပေးချက်ကို မကြားသည့်အလား ကျန်းချီချီသည် ရပ်တန့်လိုခြင်း မရှိပေ။

သူမ၏ ဆံနွယ်များသည် တဖြည်းဖြည်းနှင့် နှင်းကဲ့သို့ ဖြူစွတ်လာလေသည်။

သူမသည် ကောင်းကင်ထက်မှ ကျင့်ကြံသူကို အေးစက်လာသည့် မျက်ဝန်းအစုံနှင့် ကြည့်ရှု့လိုက်၏။

သူနှင့် မသက်ဆိုင်သည့်အလား တိတ်ဆိတ်စွာ ကြည့်ရှု့နေသည့် ကျင့်ကြံသူသည် ကျန်းချီချီထံမှ ပေါ်ထွက်လာသည့် စွမ်းအင်များကြောင့် စတင်လှုပ်ရှားလာလေသည်။

သူသည် ကောင်းကင်ထက်မှ တစ်လှမ်းချင်းလှမ်း၍ ဆင်းသက်လာ၏။

ကောင်းကင်ထက်မှ ကျင့်ကြံသူ၏ ဆင်းသက်လာသည့် ခြေလှမ်းများကြောင့် အထွတ်ထိပ်အလွှာနှင့် အောက်အဆင့်ကျင့်ကြံသူများသည် သွေးများအန်ထုတ်လိုက်ရ၏။

သူ၏ အရှိန်အဝါသည် နှင်းဓားဂိုဏ်းပေါ်သို့ ရောက်ရှိလာချိန်တွင် မာယွမ်ထောင်နှင့် ဟုန်ယန်အပါအဝင် တပည့်များအားလုံး၏ စိတ်ဝိညာဉ်များသည် ကြမ်းတမ်းသည့် လှိုင်းလုံးများနှင့် ရိုက်ခတ် ခံလိုက်ရသည့်အလားပင်။

သူတို့၏ စိတ်ဝိညာဉ်များသည် နာကျင်မှုများနှင့် ပြည့်နှက်လာ၏။

ထိုမျှ မကသေး။ ထိုသူသည် မြေလွှာနှင့် နီးကပ်လာလေလေ သူတို့၏ ဝိညာဉ်များသည် သမုဒ္ဒရာအောက် ဖိနှိပ်ခံလိုက်ရသည်အလားပင်။

ထိုသူ၏ အရှိန်အဝါကြောင့် သေလုမြောပါး ဖြစ်လာရလေသည်။

ထိုအချိန်တွင် ကျန်းချီချီသည် သူမ၏ လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်၏။

နှင်းဓားဂိုဏ်း၏ တပည့်များသည် လေအေးတစ်ချက်တိုက်ခတ် သွားသည်ကို ခံစားမိသွားပြီး သူတို့အပေါ် ကျရောက်နေသည့် စွမ်းအင်များသည် ဖယ်ရှားခံလိုက်ရသည်။

သို့မှသာ အသက်ရှုချောင်သွား၏။ သို့သော် နာကျင်မှုများသည် ကျန်ရှိနေဆဲပင်။

“မင်းက နှင်းလစံအိမ်တော်ရဲ့ တပည့်တစ်ဦးလား...”

ထိုကျင့်ကြံသူသည် ကျန်းချီချီနှင့် အကွာ အဝေးတစ်ခုတွင် ရပ်တန့်ကာ မေးလိုက်၏။ သူ၏ မျက်ဝန်းသည် အနည်းငယ် ရှုပ်ထွေးနေဟန်ပင်။

“မဟုတ်ဘူး...၊ နှင်းဓားဂိုဏ်းက ထွက်သွား..”

ကျန်းချီချီ၏ နူးညံ့မှုများသည် ကွယ်ပျောက်သွားပြီး အေးစက်စက်လေသံနှင့် ဖြေလိုက်သည်။

“မင်းရဲ့ လက်ရှိစွမ်းအင်က အတော်လေးအားကောင်းနေတယ်...၊ ဒါပေမဲ့ ငါ့ကို ထွက်သွားစေဖို့ မလုံလောက်သေးဘူး...”

ထိုသူ၏ မျက်ဝန်းများသည် ဒေါသရိပ်ယောင်များ ပေါ်ထွက်လာ၏။

“ပြီးတော့ ဝိညာဉ်နိုးထခြင်း သစ်စေ့ယူဆောင်တာ မင်းဖြစ်နိုင်တယ်လို့ သံသရ ရှိလာပြီ..”

ကျန်းချီချီ၏ အရှိန်အဝါသည် နယ်မြေဘုရင်တစ်ဦးနှင့်ပင် တန်းတူရှိနေသောကြောင့် ဝိညာဉ်နိုးထခြင်းသစ်စေ့ ယူဆောင်သွားသူဟု ထင်မှတ်သွားသည်။

ကျန်းချီချီသည် တုန့်ပြန်မှု မပြုပေ။ သူမ၏ စွမ်းအင်များကိုသာ ဆက်လက်စုဆောင်းနေ၏။

ထိုသူသည် ပို၍ ဒေါသထွက်လာဟန်ရကာ ထပ်မံပြောဆိုလိုက်၏။

“နှင်းလစံအိမ်တော်က မဟုတ်ရင် ငါ့အတွက် အလုပ်အရှုပ်သက်သာသွားရပြီ...”

သူသည် ပြောပြောဆိုဆိုနှင့် လက်ကို ဆန့်တန်းလိုက်သည်။ ထိုအချိန်တွင် ကြယ်တာယာများ လင်းလက်တောက်ပလာသည့်အလား ကောင်းကင်ထက်တွင် အလင်းစက်ဝန်းများထွက်ပေါ်လာ၏။

“မင်းကို နောက်ဆုံးအခွင့် အရေးပေးမယ်...၊ ဝိညာဉ်နိုးထခြင်း သစ်သီးကို ထုတ်ပေးလိုက်...”

သို့သော်ကျန်းချီချီသည် ဂရုစိုက်ဟန်မရပဲ သူမ၏ နောက်တွင် နှင်းပွင့်ချပ်ငယ်လေးများ စုဝေးလာစေသည်။

“ရှောင်ချီ...”

ချန်တောက်လင်သည် မည်သို့ ဆက်လုပ်ရမည်မှန်းမသိတော့ချေ။ သူမကို ရပ်တန့်ခိုင်းပါက ထိုသူ၏ လက်ချက်နှင့် အပြင်းအထန် ဒဏ်ရာရသွားပေနိုင်မည်။

သို့သော် ဆက်လက် အသုံးပြုမည်ဆိုပါက သူမ၏ စွမ်းအင်များသည် လင်းထျန်းဘုံ၏ အပြင်ဘက်မှ ကျင့်ကြံသူများ ခံစားမိသွားနိုင်ပေမည်။

သူဝေခွဲရခက်သွား၏။

“ခေါင်းမာလိုက်တာ...”

ထိုသူသည် ကြယ်တာယာများနှင့် ပစ်ပေါက်တော့မည့် အချိန်တွင် ရုတ်ချည်း ရပ်တန့်သွားသည်။

အကြောင်းမှာ ကျန်းချီချီ၏ ရှေ့တွင် လေဟာနယ်အက်ကွဲကြောင်းတစ်ခု ဖြစ်တည်လာသောကြောင့်ပင်။ ထို့အတူ အဖြူရောင်ဝတ်ရုံနှင့် ပုံရိပ်တစ်ခု ထွက်ပေါ်လာလေသည်။

ကောင်းကင်ထက်မှ ကျင့်ကြံသူသည် မျက်မှောင်ကြုတ်သွားမိ၏။

‘နောက်ထပ် နယ်မြေဘုရင် တစ်ဦးလား...’

သူသိသလောက်ဆိုလျှင် လင်းထျန်းဘုံတွင် နယ်မြေဘုရင်သည် လက်ဆယ်ချောင်းပင် မပြည့်ချေ။ ထိုသူများထဲတွင်လည်း ဝတ်ရုံဖြူနှင့် လူငယ် မပါရှိချေ။

“ဟွမ်း...”

ကျန်းချီချီသည် တုန်ယင်နေသည့် လေသံနှင့် ခေါ်လိုက်မိ၏။

သူမ၏ အရှိန်အဝါသည် ရုတ်ချည်းဆိုသလို ကျဆင်းသွားကာ ပတ်ဝန်းကျင်မှ နှင်းပွင့်ချပ်များသည် ပျောက်ကွယ်သွားလေသည်။ ပြောင်းလဲမှု မြန်ဆန်စွာနှင့် သူမ၏ ဆံနွယ်များလည်း မူလအသွင် ပြန်လည်ဖြစ်တည်သွား၏။

တစ်ဖက်တွင် ဒဏ်ရာရရှိသွားသည့် ဟွားရှီးချန်နှင့် ချန်တောက်လင်သည် မည်သည့် အကြောင်းအရင်း ကြောင့်မှန်း မသိရှိသော်လည်း စိတ်အေးသွားမိသည်။

ဟွမ်းသည် နှင်းဓားဂိုဏ်း၏ အခြေအနေကြောင့် မျက်မှောင်ကြုတ်မိသွား၏။

အတော်ပင်ပျက်စီးကြေမွနေပြီး သေဆုံးနေသည့် တပည့်များသည် မနည်းမနောပင်။ ထို့အပြင် ဟွားရှီးယင်ပင် ဒဏ်ရာရရှိနေဟန်ရှိသည်။

“မင်း...၊ ဝိညာဉ်နိုးထခြင်း သစ်စေ့ကို သိမ်းယူသွားတဲ့ကောင်လား...”

ဟွမ်းသည် နှင်းဓားဂိုဏ်း၏ အခြေအနေကို စစ်ဆေးကြည့်ရှု့နေစဉ် ဒေါသတကြီးလေသံကို ကြားလိုက်ရ၏။

ထိုသူသည် ဒေါသများနှင့် ဖုံးလွှမ်းနေပြီး ကြယ်တာယာများနှင့် ပစ်လွှတ်တော့မည့် အသွင်ပင်။

“ဟုတ်တယ်...”

ဟွမ်းအနေနှင့် ဖုံးကွယ်စရာမလိုချေ။ သို့သော် ထိုသူ၏ လုပ်ရပ်ကြောင့် မေးခွန်းထုတ်လိုက်သည်။

“အဲ့ဒီအတွက်နဲ့ နှင်းဓားဂိုဏ်းကို တိုက်ခိုက်တာလား...”

“ငါ...ရှင်းချန်ဖုန်း ပိုင်ဆိုင်တဲ့ပစ္စည်းကို ယူဆောင်တဲ့အပြင် ငါ့ရဲ့ သားရဲတွေပါ သတ်ဖြတ်ခဲ့တဲ့ အတွက် သေသင့်တယ်...”

ရှင်းချန်ဖုန်းသည် တရားခံကို တွေ့ရှိလိုက်ပြီ ဖြစ်သောကြောင့် အချိန်မဆွဲတော့ပဲ စတင်တိုက်ခိုက်လိုက်သည်။

“ဟွမ်း...”

ကျန်းချီချီသည် စိုးရိမ်စွာ ရေရွတ်မိ၏။ သို့သော် ဟွမ်းသည် အဆင်ပြေကြောင်း ခေါင်းညိတ်ပြလိုက်သည်။

တစ်ဖက်က စတင်တိုက်ခိုက်နေပြီမို့ ရှည်ရှည်ဝေးဝေး ဖြေရှင်းချက်ထုတ်ရန် မလိုတော့ချေ။ ထို့အပြင် ထိုသူသည် သူယူဆောင်ခဲ့သည့် ဝိညာဉ်နိုးထခြင်း သစ်စေ့ကြောင့် ရောက်ရှိလာခြင်းပင်။

ဟွမ်းသည် ရုတ်ချည်း လှုပ်ရှားလိုက်ပြီး ရှင်းချန်ဖုန်း၏ တိုက်ခိုက်မှုကို တုန့်ပြန်လိုက်သည်။

“ဝိညာဉ်နိုးထခြင်း သစ်စေ့ကို ပြန်ပေးစမ်း...”

ရှင်းဖုန်းချန်သည် ကြယ်တာယာများကို ဆွဲငင်ယူဆောင်ကာ ဟွမ်းကို တိုက်ခိုက်လိုက်၏။

ဟွမ်းသည် ချက်ချင်းဆိုသလို တည်နေရာမှ ပျောက်ကွယ်သွားသည်။

ထို့နောက် သူ့ထံ တိုးဝင်လာသည့် ကြယ်တာယာများကို ထိုးခွဲ ဖျတ်စီးလိုက်၏။

“ဝုန်း...”

ဟွမ်းသည် အနည်းငယ်လေးနက်သွားသည်။ ကြယ်တာယာများတွင် ပါဝင်သည့် စွမ်းအင်များသည် တောင်တန်းများကိုပင် အစိတ်စိတ်အမွှာမွှာ ခြေမွပစ်နိုင်သည်ဟု ခံစားမိသွား၏။

‘ဒါနယ်မြေဘုရင်တစ်ဦးရဲ့ ခွန်အားလား...’

ဟွမ်းသည် ရှင်းချန်ဖုန်း၏ ခွန်အားကို အသိမှတ်ပြုလိုက်သည်။ သူနှင့် တိုက်ခိုက် ခဲ့ဖူးသည့် ကျင့်ကြံသူများတွင် ထိုသူသည် အားကောင်းနေ၏။

သို့သော် များစွာ တွေးတောနေချိန်မရပေ။ များပြားလှသည့် ကြယ်တာယာများသည် သူ့ထံတိုးဝင်လာသည်။

ထိုအရာများကို သူသည် အရှိန်ဟုန်မြင့်တင်ကာ ဖျတ်ဆီးပစ်လိုက်၏။

ရှင်းချန်ဖုန်းသည် မျက်မှောင်ကြုတ်သွားမိသည်။ ထိုသူသည် ခွန်အားသက်သက်နှင့် သူ၏ တိုက်ခိုက်မှုကို တားဆီးနေနိုင်၏။

သူ အတွေးများနေစဉ် ရုတ်ချည်း ထိတ်လန့်သွားရသည်။

အကြောင်းမှာ ဟွမ်းသည် သူ၏ ရှေ့တွင် ရောက်ရှိနေပြီ ဖြစ်သောကြောင့်ပေ။

ဟွမ်းသည် ကြမ်းတမ်းစွာ ထိုးနှက်လိုက်၏။

သို့သော် ရှင်းချန်ဖုန်း၏ တုန့်ပြန်မှုသည် သာမန်ထက် လွန်ကဲကာ ချက်ချင်းဆိုသလို တားဆီးလိုက်နိုင်သည်။

သူသည် ဟွမ်း၏ အသွင်အတိုင်း ပြန်လည် ထိုးနှက် လိုက်လေ၏။

“ဘုန်း...”

ပြင်းထန်သည့် စွမ်းအင်များပါဝင်သည့် လက်သီးနှစ်ခုသည် ထိပ်တိုက်တွေ့ဆုံသွားလေသည်။

ထိုအခိုက်အတန့်တွင် ရှင်းချန်ဖုန်း၏ မျက်နှာ ပျက်ယွင်းသွား၏။

အကြောင်းမှာ သူ၏ လက်သီးမှတဆင့် ကိုယ်တွင်း သွေးကြောများ၏ နာကျင်မှုကို ခံစားလိုက်ရသောကြောင့်ပင်။

ထို့အပြင် သူသည် နောက်သို့ အနည်းငယ် ဆုတ်လိုက်ရသည်။

သို့သော် ဟွမ်း၏ စွမ်းအင်များကို သုံးသပ်ချိန်မရပေ။ ဟွမ်းသည် ထပ်မံတိုးဝင်လာကာ တိုက်ခိုက်လိုက်သောကြောင့်ပင်။

ရှင်းချန်ဖုန်းသည် အတော်ပင် ဒေါသထွက်သွားရ၏။ ထိုသူသည် သူ့အား ဖိအားပေးတိုက်ခိုက် ရန်ကြိုးစားနေခြင်းပင်။

ထို့ကြောင့် သူ၏ အရှိန်အဝါကို အဆုံး အစွန်ထိ မြင့်တင်လိုက်ကာ ပြန်လည်တိုက်ခိုက်လေတော့သည်။

သူတို့နှစ်ဦး၏ တိုက်ပွဲသည် တဖြည်းဖြည်း အရှိန်အဟုန်မြင့်လာလေ၏။

ဟွမ်းသည် ရွှမ်းလုံပေတံကို အသုံးမပြုသေးချေ။ နယ်မြေဘုရင်တစ်ဦးကို မည်မျှ တိုက်ခိုက်နိုင်သည်ကို သိရှိသောကြောင့်ပင်။

တစ်ဖက်ရှိ ရှင်းချန်ဖုန်းသည်လည်း ဟွမ်း၏ တရစပ်တိုက်ခိုက်မှုများကို ပြန်လည် တုန့်ပြန်နိုင်သော်လည်း ထိုသို့ အဆက်မပြတ် တိုက်ခိုက်မှုကြောင့် ဖိအားအချို့ သက်ရောက်လာ၏။

All Chapters