နာမည်မမေးလိုက်မိဘူး
Vol. 23 Ch. 341
အေးစက်လွန်းသည့် အငွေ့အသက်များနှင့် ပြည့်နှက်နေသည့် တည်နေရာခုတွင် ခန့်မှန်းရခက်သည့် စွမ်းအင်များနှင့် အမျိုးသမီးတစ်ဦးသည် အေးစက်မှုများနှင့် ပြည့်နှက်နေသည့် ပလ္လင်ထက်ရှိနေသည်။
သူမ၏ မျက်ဝန်းများကို မှိတ်ကာ တစ်စုံတစ်ခု တွေးတောနေဟန်ရှိ၏။
တည်နေရာတစ်ခုလုံးသည် သလင်းကျောက်များနှင့် တည်ဆောက်ထားအသည့်အလား လင်းလက်တောက်ပနေသည်။
ထိုစဉ်တွင် ရုတ်ချည်းဆိုသလို သူမ၏ မျက်ဝန်းအစုံသည် ပွင့်ဟလာ၏။ သူမသည် တစ်စုံတစ်ခုကို ခံစားမိသွားသည့်အလား တွေးတောနေသည်။
“နောက်ဆုံးတော့ ပေါ်ထွက်လာပြီလား...”
သူမသည် တီးတိုးရေရွတ်လိုက်ပြီးနောက် ရုတ်ချည်းဆိုသလို မျက်ဝန်းများသည် ငွေရောင်အသွင်ပြောင်းလဲသွား၏။
ခန္ဓာကိုယ်သည် ညင်သာစွာလှုပ်ရှားသွားကာ သူမ၏ ငွေရောင်မျက်ဝန်းများနှင့် လေဟာနယ်ကိုကြည့်ရှု့လိုက်သည်။
သို့သော် တစ်ခဏအတွင်း သူမ၏ မျက်ဝန်းများသည် မူလအတိုင်း ပြန်လည်ဖြစ်တည်သွား၏။ သူမ မျက်နှာသည် စိတ်ရှုပ်ထွေးဟန် ဖြစ်ပေါ်နေသည်။
“ငါ့အထင်ပဲ မှားတာလား...”
သူမသည် တီးတိုးရေရွတ်လိုက်ပြီးနောက် ပလ္လင်ထက်မှ ပျောက်ကွယ်သွား၏။
တိုက်ပွဲပြီးဆုံးသွားပြီဖြစ်သောကြောင့် ဟွမ်းသည် နှင်းဓားဂိုဏ်းသို့ ဦးတည်သွားတော့၏။
သူနှင့် ရှင်းချန်ဖုန်း၏ တိုက်ပွဲသည် ပြင်းထန်ခဲ့ခြင်းကြောင့် နယ်မြေများစွာကို ကျော်လွန်သွားခဲ့သည်။
ထို့နောက် တိုက်ပွဲအနီး ရောက်ရှိနေသည့် နယ်မြေသခင်များကို ဂရုစိုက်ခြင်းမရှိပဲ ဟွမ်းသည် ထွက်ခွာသွားတော့၏။
နယ်မြေသခင်များသည် တွေဝေမိန်းမောနေသည့်အလား ကျန်ရစ်ခဲ့သည်။
“ဟွမ်း...”
ကျန်းချီချီတို့သည် နှင်းဓားဂိုဏ်းမှ ထိုတိုက်ပွဲ၏ အငွေ့အသက်များကို ခံစားမိခဲ့ကြသည်။ တိုက်ပွဲသည် ထိုမျှအထိ ကြမ်းတမ်းမည်ဟု မထင်ထားခဲ့ကြပေ။
ထို့အပြင် နယ်မြေဘုရင်တစ်ဦးသည် ထိုသို့ အဆုံးသတ်ရန် လွယ်ကူသည်ကို ယုံနိုင်စွမ်းပင် မရှိတော့ချေ။
နှင်းဓားဂိုဏ်းသို့ ဟွမ်း ပြန်လည်ရောက်ရှိလာပြီးနောက် လဲကျနေသည့် မာယွမ်ထောင်နှင့် ဟုန်ယန်အနားသို့ ချည်းကပ်သွားသည်။
ထို့နောက် သူတို့၏ ခန္ဓာကိုယ်များကို စစ်ဆေးပေးလိုက်၏။
သူတို့ရရှိထားသည့် ဒဏ်ရာများသည် ပြင်းထန်သော်လည်း အချိန်ယူကုစားလျင် သက်သာသွားနိုင်ပေသည်။
ဟွားရှီးယင် အံ့ဩ၍မဆုံး ဖြစ်နေလေ၏။ နယ်မြေဘုရင်တစ်ဦးကို သာမန်ကျင့်ကြံသူတစ်ဦးအလား တိုက်ခိုက်ခဲ့သည်။
ထို့အပြင် သူ၏ အသွင်သည် တိုက်ပွဲကြောင့် မောပန်းမှုနှင့် အားအင်ကုန်ခမ်း နေဟန်မရချေ။
‘အံ့ဩရတာက ရောဂါတစ်မျိုးဆိုရင် အဲ့ဒီရောဂါနဲ့သေဆုံးသွားနိုင်တယ်..’
ဟွားရှီးယင်၏ စိတ်တွင်း အော်ဟစ်မိလိုက်၏။
“ကျေးဇူးတင်ပါတယ်...”
ချန်တောက်လင်သည် အလျှင်အမြန် ရောက်ရှိလာပြီး ဟွမ်းကို အရိုအသေပြုကာ ကျေးဇူးတင်စကားဆိုလိုက်၏။
ဟွမ်းသည် မလိုအပ်ကြောင်း ခေါင်းခါယမ်းပြလိုက်သည်။ သူသည် တမင်သက်သက် ရောက်ရှိလာခြင်းမဟုတ်ခဲ့ပေ။
မာယွမ်ထောင်နှင့် ဟုန်ယန်၏ အငွေ့အသက်များကို ခံစားမိသောကြောင့်သာ နှင်းဓားဂိုဏ်း၏ အဖြစ်အပျက်ကို သိရှိခဲ့ရ၏။
ဤအဖြစ်အပျက်တွင် သူ၏ ပရောဂ မကင်းပေ။ ကျန်းချီချီသည် လင်းရှန်တောင်ကို ညွှန်ပြလိုက်၍ ရသော်လည်း ခေါင်းမာစွာနှင့် နှုတ်ဆိတ်နေခဲ့သည်။
“တစ်ချို့အရာတွေမှာ ခေါင်းမမာသင့်ဘူး...”
ဟွမ်းသည် သူမကို ကြည့်ကာ ညင်သာစွာပြောဆိုလိုက်၏။
ကျန်းချီချီ၏ အသွင်သည့် ပြန်ဖြေရန်ခက်ခဲနေဟန်ပင်။ သူမသည် အပြစ်ပြုမိထားသည့် ကလေးငယ်တစ်ဦးအလား ခေါင်းငုံ့ထားလေသည်။
ထို့နောက် ဖြစ်စဉ်အတိအကျကို ကျန်းချီချီသည် ရှင်းပြခဲ့လေ၏။
‘လေဟာနယ် အက်ကွဲကြောင်းကနေ စုံစမ်းနိုင်ခဲ့တာလား...’
ဟွမ်းသည် မှတ်သားလိုက်၏။ သူအမူ့မဲ့ အမှတ်မဲ့ ပြုခဲ့သည့် အရာများတွင် ခြေရာ များကျန်နေခဲ့သည်။
ထိုသူများသည် သူ့ထံသို့ တိုက်ရိုက်ရောက်ရှိလာလျင် ပြသနာ မရှိသော်လည်း သူ၏ အသိမိတ်ဆွေများထံ ရောက်ရှိလာလျင် ပြသနာများပေသည်။
“နန်းတော်သခင်...၊ ဒီကိစ္စက ထပ်ပြီးဆိုးရွားလာမှာ စိုးရိမ်မိတယ်...”
ဟွားရှီးယင်သည် ရုတ်ချည်း ပြောဆိုလိုက်၏။
“အဲ့ဒီလူက ဘယ်သူလဲ...”
ဟွမ်းသည် ယခုမှ မေးရန် သတိရ၏။ ထိုသူကို သတ်ဖြတ်ခဲ့သော်လည်း သူ၏ နောက်ခံနေနေသာသာ နာမည်ပင် မသိလိုက်ရချေ။
သို့သော် ဟွမ်း၏ အပြစ်မဟုတ်ပေ။ ရှင်းချန်ဖုန်းသည် ဟွမ်းရောက်ရှိလာသည်နှင့် တပြိုင်နက် စတင်တိုက်ခိုက်ခဲ့ခြင်းပင်။
ပြသနာတော့မရှိချေ။ ထိုသူသည် နတ်ဘုရားချုပ်နှောင်ခြင်းဗိမာန်တွင် ချုပ်နှောင်ထားသောကြောင့် အချိန်မရွေးစစ်ဆေးမေးမြန်၍ ရပေသည်။
“အဲ့ဒီသူက လင်းထျန်းဘုံက မဟုတ်ဘူး...၊ ဒါပေမဲ့ နောက်ခံက မသေးတာတော့ ကျိန်းသေတယ်...”
ဟွားရှီးယင်သည် တွေးတွေးဆဆနှင့် ဆိုလိုက်၏။ သူမကိုယ်တိုင်လည်း ထိုသူကို မသိပေ။ သို့သော် သူမသည် လင်းထျန်းဘုံတွင် ရှိသည့် နယ်မြေဘုရင်များကိုတော့ သိရှိထားသည်။
နယ်မြေဘုရင်များတွင် ထိုသူမပါဝင်ပေ။ ထို့ကြောင့် အခြားဘုံတစ်ခုမှ ရောက်ရှိလာသည်ဟု ယူဆလိုက်၏။
“အခြားဘုံတွေ ထပ်ရှိသေးတာလား...”
ဟွမ်းသည် နားမလည်နိုင်သည့် အသွင်နှင့်မေးလိုက်သည်။
လင်းထျန်းဘုံ၏ လျှပ်စီးနယ်မြေပင် အတော်ကျယ်ပြော နေသည်ဖြစ်ရာ အခြားဘုံများ ထပ်ရှိသေးသည်လော။
“ကျွန်မ အတိအကျတော့ မသိပေမဲ့...၊ လင်းထျန်းဘုံလိုပဲ အခြားဘုံတွေ ရှိတယ်လို့ ကြားဖူးထားတယ်...”
ဟွားရှီးယင်သည် တွေဝေဟန်နှင့် ဆိုလိုက်၏။ သူမကိုယ်တိုင်လည်း မရောက်ဖူးချေ။
‘ထပ်ပြီး ရှိသေးတာလား...’
ဟွမ်းသည် တွေးလို့ပင် မဆုံးနိုင် ဖြစ်သွား၏။ သူသည် လင်းထျန်းဘုံအနှံ့ပင် မရောက်ရှိဖူးသေးသော်လည်း လင်းထျန်ဘုံအပြင် အခြားဘုံများရှိနေသေးပြန်သည်။
သို့သော် ကမ္ဘာငယ်များပင် အများအပြားရှိနေသည်ကို ပြန်လည်တွေးမိသွားသောကြောင့် အထူးတဆန်း မဖြစ်တော့ချေ။
ဟွမ်းနှင့် ဟွားရှီးယင်၏ စကားဝိုင်းတွင် ကျန်းချီချီသည် ဝင်ရောက် ပြောဆိုချင်သည့်အလား သူမ၏ နှုတ်ခမ်းလေးသည် မထင်မရှား လှုပ်ခါသွားသည်။
သို့သော် မည်သည့် စကားမျှ ထုတ်ဖော်ခြင်း မရှိပဲ တိတ်တဆိတ်သာ နေလိုက်၏။
ထိုအချိန်တွင် ဟွားရှီးယင်၏ စိတ်အာရုံသည် ကျန်းချီချီထံသို့ ကျရောက်လာ၏။ သူမ၏ သိချင်စိတ်ကို မထိန်းနိုင်တော့သောကြောင့် ကျန်းချီချီကို မေးမြန်းလိုက်၏။
“ရှောင်ချီချီ...၊ မင်းက နယ်မြေဘုရင်တစ်ဦးလား...”
ထိုအရာအတွက် အလွန်အံ့ဩနေခဲ့ရသည်။ တစ်ခဏတာမျှသာ ထွက်ပေါ်လာခဲ့သော်လည်း သူမ၏ အရှိန်အဝါသည် အလွန်အမင်း သန်မာနေ၏။ ရှင်းချန်ဖုန်း၏ ဖိနှိပ်မှုကိုပင် တွန်းလှန်နိုင်ခဲ့သည်။
ကျန်းချီချီသည် သူမထက် များစွာ ငယ်ရွယ်သူဖြစ်၏။ နယ်မြေဘုရင် တစ်ဦးဆိုသည်နှင့် မည်သို့မျှ ဆက်စပ်၍ မရပေ။
“နယ်မြေဘုရင်အဆင့်ရောက်ဖို့ အဲ့ဒီလောက် ဘယ်လွယ်မှာလဲ...၊ ကျွန်မရဲ့ ကျင့်စဥ်နည်းစနစ်ကြောင့် နယ်မြေဘုရင်စွမ်းအားကို ခဏတာ သုံးခွင့်ရတာပါ...၊ ကျွန်မက နယ်မြေသခင်အဆင့်မှာပဲရှိသေးတာ..”
ကျန်းချီချီသည် ရှင်းပြပြောဆိုလိုက်၏။ သူမသည် အစစ်အမှန် နယ်မြေဘုရင်အဆင် ရောက်ရှိနေခြင်း မဟုတ်သော်လည်း နယ်မြေသခင်ဖြစ်သည်ကို ထုတ်ဖော်ပြောလိုက်သည်။
ဟွားရှီးယင်၏ မျက်ဝန်းများ ပြူးကျယ်သွားရသည်။
ထိုကလေးမသည် နယ်မြေသခင်တစ်ဦးပင် ဖြစ်နေပြီလော..။ မည်သည့်အချိန်ကရောက်ရှိသွားသည်မှန်း သူမ မသိလိုက်...။
ဟွမ်းသည် အနည်းငယ်အံ့အားသင့်မိ၏။ ထိုမိန်းကလေးသည် သူရောက်ရှိစဉ်က ထူးခြားသည့် အေးခဲမှုစွမ်းအင်များကို ထုတ်ဖော်ထားခဲ့ခြင်းဖြစ်သည်။
သူသည် အေးခဲနေသည့် လောင်ကွေ့နှင့် လောင်ဟွေ့ကို အသေးစိတ်စစ်ဆေး ကြည့်လိုက်မိ၏။ ထိုသူနှစ်ဦး၏ စွမ်းအင်သွေးကြောများပင် အေးခဲသွားကာ အသက်ပင် နှုတ်ယူသွားခဲ့ခြင်းဖြစ်သည်။
‘ဒါကြောင့် ယောင်အာကို သင်ကြားပေးချင်တာလား...’
ဟွမ်းသည် နားလည်သွားဟန် တွေးမိလိုက်သည်။ သို့သော် အသေးစိတ် မေးမြန်းခြင်း မရှိပေ။
ကိစ္စများ ပြီးစီးပြီးနောက်တွင် သူသည် နှင်းဓားဂိုဏ်းမှ ထွက်ခွာလာသည်။ သူတက်နိုင်သည့် အရာကို ကူညီပေးခဲ့ပြီး ဖြစ်၏။ ဆက်လက်နေထိုင်ရန်မလိုတော့ပေ။
ဟွမ်း၏ ထွက်ခွာသွားပုံကို ကြည့်ကာ ချန်တောက်လင်သည် တစ်စုံတစ်ခု ပြောဆို နေချင်ဟန်ရသည်။ သို့သော် မပြောဖြစ်လိုက်ချေ။
‘ရှောင်ချီအတွက်... ဟွမ်းရှန့်နန်းတော်မှာ နေရာတစ်ခု တောင်းဆိုထားသင့်လား..’
သူ၏ စိတ်တွင်း အကြံအစည်တစ်ချို့ပေါ်ထွက်လာ၏။ သို့သော် လက်မခံမည်ကို စိုးရိမ်မိသည်။
ကျန်းချီချီသည် ဟွမ်းကို ဆက်လက်နေထိုင်စေလိုသော်လည်း သူမတွင် တားဆီးနိုင်သည့် အကြောင်းပြချက်မရှိချေ။
“ရှောင်ချီချီ...၊ တစ်ခါတစ်လေမှာ တဒင်္ဂ တုန့်ဆိုင်းမိသွားတဲ့ အရာတွေက နောက်ကျသွားတက်တယ်...”
ဟွားရှီးယင်သည် အနည်းငယ်တိုးလျသည့် လေသံနှင့် ဆိုလိုက်၏။
ကျန်းချီချီသည် မည်သည့်တုန့်ပြန်မှုမျှ မပြုတော့ချေ။ ထွက်ခွာသွားသည့် ဟွမ်း၏ ပုံရိပ်ကိုသာ ဆက်လက်ကြည့်ရှု့နေသည်။
ဟွမ်းသည် လင်းရှန်းတောင်သို့ ဦးတည်နေရင်း အတွေးများစွာ ဝင်ရောက်နေ၏။
‘ငါ့ရဲ့ ဝိညာဉ်ပြည်စုံသွားရင် ဘယ်လိုတည်ရှိမှုမျိုး ဖြစ်လာလိမ့်မလဲ...’
ယခုအချိန်ထိ သူ၏ စွမ်းအင်များကို နားမလည်နိုင်သေးချေ။