← Chapters

အနံ့ခံနိုင်စွမ်း

Vol. 23 Ch. 342

အနံ့ခံနိုင်စွမ်း

Vol. 23 Ch. 342

လင်းရှု့၏ စကားအရ ဟွမ်း၏ ဝိညာဉ်သည် ပြီးပြည့်စုံခြင်း မရှိသေးချေ။ သို့သော် ထိုအခြေအနေနှင့်ပင် စွမ်းအားမြင့် တည်ရှိမှုများကို ခက်ခက်ခဲခဲ မတိုက်ခိုက်ခဲ့ရပေ။

‘အခြားဝိညာဉ်က ဘယ်နေရာမှာ တည်ရှိနေလောက်မလဲ...’

သူသည် ယခင်က ဝိညာဉ်မပြည့်စုံသည်ကို မသိရှိခဲ့သောကြောင့် စိတ်ဝင်စားမှု နည်းပါးခဲ့သည်။

သို့သော် ထိုအကြောင်းသိရှိသွားပြီးချိန်တွင် စူးစမ်းလိုစိတ်များ ဝင်ရောက်လာခြင်းဖြစ်၏။

သူအတွေးများနေစဉ် လင်းရှန်တောင်နှင့် နီးကပ်လာခဲ့သည်။

ထိုအချိန်တွင် လှေကားတစ်ထောင်ပေါ်သို့ အပြေးအလွှားတက်နေသည့် ပုံရိပ်နှစ်ခုကို တွေ့လိုက်ရ၏။

‘ငါ့တပည့်တွေ ကြိုးစားနေပါ့လား...’

လုရှင်းယန်နှင့် လျှိုမင်ယွမ်သည် ချွေးများရွှဲရွှဲစိုသည် အထိ လှေခါးတစ်ထောင်ကို ဖြတ်ကျော်နေခြင်းပင်။

သို့သော်လည်း ပိုင်ကျန့်ယွီသည် တောင်ပေါ်တွင် သက်တောင့်သက်သာနှင့်ထိုင်နေ၏။ သူ၏ ညီအစ်ကိုများကို စောင့်ဆိုင်းနေဟန်ရသည်။

ထို့ကြောင့် ဟွမ်းသည် အဘယ်သို့ ဖြစ်ပျက်နေသည်ကို သိလိုသောကြောင့် ‌လင်းရှန်တောင်ပေါ်သို့ အလျင်အမြန် ဆင်းသက်လိုက်၏။

“ဆရာ...”

ပိုင်ကျန့်ယွီသည် ဟွမ်းရောက်ရှိလာသောကြောင့် နှုတ်ဆက်လိုက်သည်။

“မင်းတို့ ဝိညာဉ်နိုးထခြင်း သစ်သီးရဲ့ စွမ်းအင်တွေ စုပ်ယူနေရမှာ မဟုတ်ဘူးလား...”

ဟွမ်းသည် ပိုင်ကျန့်ယွီကို မေးခွန်းထုတ်လိုက်၏။ သူသည် ဝိညာဉ်နိုးထခြင်း သစ်သီးများကို စုပ်ယူရန်စေခိုင်းထားခဲ့ခြင်းဖြစ်သည်။

“တပည့်က...၊ ဒုတိယအစ်ကိုနဲ့ စတုထ္တညီလေးကို စောင့်နေတာ...”

ပိုင်ကျန့်ယွီသည် ပြန်ဖြေလိုက်၏။ ဟွမ်း၏ မေးခွန်းထုတ်လိုသည့် မျက်နှာကြောင့် သူသည် ထပ်မံရှင်းပြလိုက်သည်။

“သူတို့နှစ်ယောက်ရဲ့ မိုက်ပြစ်တွေပေါ့ဆရာရယ်...”

“ဘယ်လိုဖြစ်တာတုန်း...”

ဟွမ်းသည် ပိုင်ကျန့်ယွီ၏ ထူးဆန်းသည် စကားကြောင့် မေးလိုက်မိ၏။

ထို့ကြောင့် ပိုင်ကျန့်ယွီသည် ဖြစ်စဉ်အကြောင်းစုံကို အာပေါင်အာရင်း သန်သန်နှင့် ရှင်းပြလိုက်လေသည်။

ဖြစ်စဉ်၏ အစသည် သစ်သီးမှစွမ်းအင်များကို စုပ်ယူခြင်းမှစတင်လေ၏။

ထိုနှစ်ဦးသည် ဝိညာဉ်နိုးထခြင်း သစ်သီးကို စုပ်ယူရမည်ဖြစ်ကြောင်း လော့ရွှယ်နင်နှင့် လင်းယိုဟန်ကို အသီးအသီး ရှင်းပြရန် သွားခဲ့ကြသည်။

သို့သော် လုရှင်းယန်သည် လော့ရွှယ်နင်ထံ ရောက်ရှိသွားပြီး တစ်ခဏအတွင်းတွင် ဖြစ်ပျက်သွားခဲ့လေသည်။

အကြောင်းမှာ လော့ရွှယ်နင်သည် လုရှင်းယန်ထံမှ အခြားမိန်းကလေးများ၏ ရနံ့ထွက်ပေါ်နေသည်ကို ခံစားမိသွား၏။

ထိုအချင်းအရာကြောင့် လုရှင်းယန် အတော်လေးမှင်သက်သွားရသည်။

အမျိုးသမီးများ၏ အနံ့ခံနိုင်စွမ်းသည် ကြောက်မက်ဖွယ်ရာအတိပင်။

သူမ တင်မကပဲ လင်းယိုဟန်လည်းနည်းတူ လျှိုမင်ယွမ်ထံမှ ထိုသို့ ရနံ့များ ထွက်ပေါ်နေကြောင်းကို သိရှိသွားခဲ့၏။

ထိုအချင်းအရာက သူမတို့အား ဒေါသူပုန် ထသွားစေခဲ့သည်။

လုရှင်းယန်နှင့် လျှိုမင်ယွမ်သည် အထိတ်ထိတ်အပြာပြာ ဖြစ်သွားခဲ့ရ၏။ သူတို့သည် ကျောက်စိမ်းပန်းဂိုဏ်းတွင် မိန်းကလေးများ၏ ဆွဲခေါ်မှုကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။

သို့သော် ထိုအရာက လော့ရွှယ်နင်တို့အား သံသရဝင်စေခဲ့ကာ အိမ်တွင်းအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့၏။

လုရှင်းယန်သည် လော့ရွှယ်နင်ကို သူဘာမျှ မလုပ်ခဲ့ကြောင်း ရှင်းပြရန် ကြိုးစားခဲ့သည်။

သူတို့သည် ထိုသို့ အဖော်အချွတ်များနှင့် တွေ့ဆုံခဲ့ရသော်လည်း မည်သည့် အကြောင်းတရားမှ မဖြစ်ပွားခဲ့ကြောင်းနှင့် ထိုအရာများ၏ လက်မှ လွတ်ကင်းအောင် ရုန်းထွက်ခဲ့ရပုံများကို အသေးစိတ်ရှင်းပြပေးလိုက်သည်။

သို့သော်လည်း သူရှင်းပြမှ ပို၍ ရှုပ်ထွေးသွားခဲ့၏။

လော့ရွှယ်နင်သည် အလွန်တရာမှ စိတ်ဆိုးသွားခဲ့ရပြီး လှေကားတစ်ထောင်တွင် တစ်နေကုန် အတက်အဆင်းပြုစေခဲ့သည်။

လျှိုမင်ယွမ်လည်း အလားတူပင်။

လင်းယိုဟန်သည် အနေအေးလှသော်လည်း ဤအကြိမ်တွင် သူမသည် မည်သို့မျှ စိတ်မထိန်းနိုင်တော့ချေ။

ထိုသို့ ရလာဒ်သည်တော့ သူတို့နှစ်ဦးသည် လှေကားတစ်ထောင်တွင် အတက်အဆင်းပြုနေရခြင်းပင်။

“အဖြစ်အပျက်ကတော့ အဲ့ဒါပါပဲ...”

ပိုင်ကျန့်ယွီသည် ရှင်းပြနေရင်း ထိုင်ခုံတစ်ခုလုံးထုတ်ကာ သူ၏ ဆရာကို ထိုင်စေခဲ့သည်။

ထို့နောက် တစ်ကိုယ်တော်ဖြစ်နေရသည့် သူ့ကိုသူပင် ဂုဏ်ယူမိသွားဟန်နှင့် ပြုံးလိုက်မိ၏။

‘လွပ်လပ်တဲ့ ဘဝလေးက အေးချမ်းလိုက်တာ...’

ဟွမ်းသည် စွံ့အသွား၏။ ထိုသို့အကြောင်းအရာနှင့် ရန်ဖြစ်ခဲ့ကြသည်လော..။

‘ဒါလဲ တစ်မျိုးကောင်းတာပဲ..’

လုရှင်းယန်တို့၏ ကြိုးစားအားနေခြင်းကို ကြည့်ကာ အတွေးတစ်ချို့ ဝင်ရောက်လာ၏။

‘ကျန်ယွီကို တစ်ယောက်ယောက်ရှာခိုင်းလိုက်ရမလား...’

လုရှင်းယန်တို့သည် သူတို့၏ နောက်တွင် တွန်းအားရှိနေပြီး ပိုင်ကျန့်ယွီသည် လစ်လပ်နေဟန်ရသည်။

ပိုင်ကျန့်ယွီသည် ဟွမ်း၏ အကြည့်ကြောင့် ကြပ်သီးမွှေးညင်းများ ထောင်ထလာသည်ကို ခံစားမိသွား၏။

ဟောဟဲ လိုက်နေသည့် လေသံနှင့် လုရှင်းယန်နှင့် လျှိုမင်ယွမ်သည် တောင်ပေါ်သို့ ရောက်လာ၏။

“ဆရာ...”

ဟွမ်းရောက်ရှိနေသည်ကို သိရှိလိုက်သောကြောင့် နှုတ်ဆက်လိုက်သည်။ သို့သော် သူတို့၏ ခြေထောက်များသည် ခန္ဓာကိုယ်နှင့် မသက်ဆိုင်တော့သည့်အလား ခံစားလိုက်ကြရကာ လဲကျကုန်၏။

သူတို့သည် အမောတကော အသက်လုရှုနေရလေသည်။

လေကားတစ်ထောင်သည် ကျင့်ကြံသူများအတွက် တစ်နေ့တစ်ခေါက် အတက်အဆင်းပြုလုပ်ရခြင်းသည် ပင်ပန်းသည့် အရာမဟုတ်ချေ။

သို့သော် အခေါက်အရေအတွက်များပြားလာချိန်တွင် သူတို့ကဲ့သို့ စဦးအလွှာ ကျင့်ကြံသူများ ခံနိုင်ရည်ရှိသည့် အရာမဟုတ်တော့ချေ။ ထို့အပြင် တောင်ပေါ်သို့ မရောက်မချင်း စွမ်းအင်များ ဖိနှိပ်ခံထားရသေးသည်။

လုရှင်းယန်နှင့် လျှိုမင်ယွမ်သည် ယွီလျန်မြို့တော်သို့ ‘နောက် ဘယ်တော့မှ မသွား’ ဟု ဆုံးဖြတ်ချက်ချလိုက်လေသည်။

ဟွမ်းသည် ထိုနှစ်ဦး၏ အဖြစ်အပျက်ကို ကြည့်ရင်း ခေါင်းခါယမ်းလိုက်မိ၏။

ထို့နောက် ပိုင်ကျန့်ယွီသည် ထိုနှစ်ဦးကို သယ်ဆောင်ကာ နန်းတော်အတွင်း ဝင်ရောက်သွားကြသည်။

နောက်နေ့တွင် လုရှင်းယန်တို့သည် ခွန်အားများ ပြန်လည်ပြန်ဝလာပြီးနောက် ဝိညာဉ်နိုးထခြင်းသစ်သီးကို စုပ်ယူနေကြတော့၏။

ဟွမ်းသည် ရှင်းချန်ဖုန်းမည်သူဖြစ်သည်ကို သိရှိလိုသောကြောင့် နတ်ဘုရားချုပ်နှောင်ခြင်း ဗိမာန်အတွင်းသို့ ရောက်ရှိနေသည်။

“အရှင်...၊ ကျုပ်...ဒီကောင်ကို လိမ္မာအောင် သင်ပြပေးထားတယ်...”

ကျို့ယင်သည် ဟွမ်းဝင်ရောက်လာချိန်တွင် မျက်နှာလို မျက်နှာရနှင့် ပြောဆိုလိုက်၏။

နှစ်ပေါင်းများစွာ ကြာလွန်လာပြီးနောက်တွင် ဟွမ်းသည် ကျို့ယင်အပေါ် ဖိနှိပ်ထားမှုများကို ဖြေလျော့ပေးခဲ့သည်။ သို့သော် လွှတ်ပေးမည့် အရိပ်အယောင်တော့ မရှိချေ။

“မင်း...၊ ငါ့ကို မလွှတ်ပေးဘူးဆိုရင် ကြယ်ပြာစံအိမ်တော်က ခွင့်လွှတ်မှာ မဟုတ်ဘူး...”

ရှင်းချန်ဖုန်းသည် ဒေါသလေသံနှင့် ဆိုလိုက်၏။ ဤနေရာသို့ရောက်ရှိလာချိန်တွင် အိမ်မြောင်လောက်သာ ရှိသည့် တိရိစ္ဆာန်သည် သူ့အား ဖိနှိပ်အနိုင်ကျင့်ခဲ့သည်။

သူသည် အလွန်စော်ကားခံခဲ့ရ၏။ ထိုသို့ အရာမျိုး သည်းခံနိုင်စွမ်း မရှိတော့ချေ။ သို့သော် အေးစက်ပြီး ထူးဆန်းသည့် အငွေ့အသက်များနှင့် ပြည့်နှင်နေသည့် ဤနေရာတွင် ကျို့ယင်ကို တုန့်ပြန်နိုင်စွမ်းကင်းမဲ့နေသည်။

သို့သော် သူသည် ခေါင်းမာလှ၏။ သူ၏ မာန်မာနကို ယခုအချိန်မလျော့ချနိုင်သေးပေ။

“ကြယ်ပြာစံအိမ်က ဘယ်လိုအင်အားမျိုးလဲ...”

ဟွမ်းသည် ရှင်းချန်ဖုန်း၏ ချိန်းခြောက်မှုနောက် အလိုက်သင့် မေးခွန်းထုတ်လိုက်၏။

“ကြယ်ပြာစံအိမ်တော်ရဲ့ အကြီးအကဲတစ်ယောက်နဲ့တင် လင်းထျန်းဘုံတစ်ခုလုံးက ကျင့်ကြံသူတွေကို ချေမွပစ်လို့ရတယ်...”

ရှင်းချန်ဖုန်းသည် မာနကြီးသည့်အသွင်နှင့် ဖြေလိုက်သည်။

ဟွမ်းသည် ထိုအရာများကို မှတ်သားကာ ဆက်လက်မေးခွန်းထုတ်လိုက်၏။

“ကြယ်ပြာစံအိမ်က ဘယ်နေရာမှာ တည်ရှိတာလဲ...”

“ငါ့ပြောပြရင်တောင် မင်းတို့နားလည်နိုင်မှာမဟုတ်ဘူး...”

ရှင်းချန်ဖုန်းသည် မောက်မာသည့် အသွင်နှင့် ဆိုလိုက်၏။

“ဘုန်း...”

ရှင်းချန်ဖုန်းသည် သူ၏ ဝိညာဉ်ခန္ဓာအား ရိုက်နှက်ခံလိုက်ရသည်။ ထိုအရှိန်ကြောင့်ပင် အခန်း၏ နံရံနှင့် ရိုက်ခတ်မိသွား၏။

“အမှိုက်ကောင်...၊ အရှင်က မေးတဲ့ မေးခွန်းကိုပဲဖြေကွ...၊ သောက်ပိုတွေ မပြောနဲ့...”

ကျို့ယင်သည် ဒေါသတကြီးလေသံနှင့် ပြောဆိုလိုက်၏။ သူ၏ အမြှီးနှင့် ရှင်းချန်ဖုန်းကို ရိုက်ချလိုက်ခြင်းပင်။

“သောက်...တိရိစ္ဆာန်...”

ရှင်းချန်ဖုန်း သွားကြားထဲမှလေသံနှင့် အံကြိတ်ကာ ရေရွတ်လိုက်၏။ သူသည် အတော်ပင် နာကျင်သွားရကာ သတ်ဖြတ်လိုသည့် မျက်ဝန်းများနှင့် ကျို့ယင်ကို ကြည့်လိုက်သည်။

“ဘုန်း...”

သို့သော် ကျို့ယင်သည် အလျှင်အမြန်နှင့် ရှင်းချန်းဖုန်း၏ မျက်နှာကို ထပ်မံရိုက်နှက်လိုက်ပြန်၏။

“မင်းရဲ့ လေသံနဲ့ အကြည့်ကို မကြိုက်ဘူး..”

ကျို့ယင်သည် ဆက်တိုက်ဆိုသလို ရိုက်နှက်လိုက်ပြန်သည်။

ရှင်းချန်ဖုန်းသည် ကျို့ယင်ပြုသမျှ နုနေရသည့် မိန်းမငယ်လေးသဖွယ် အလူးအလဲ ခံစားနေရ၏။

All Chapters