တမန်တော်ရောက်ရှိလာခြင်း
Vol. 23 Ch. 343
ကြယ်ပြာစံအိမ်သည် လင်းထျန်းဘုံနှင့် ကွာဝေးသည့် ကြယ်ပြာဂြိုလ်တွင် တည်ရှိနေခြင်းပင်။
ထို့အပြင် ဤလောကတွင် ကြယ်ပြာဂြိုလ်ကဲ့သို့ အင်အားကြီးမားသည့် ဂြိုလ်များစွာလည်း ‘ဒုနဲ့ဒေး’ ပင်။
ထိုဂြိုလ်များတွင် ကြယ်ပြာစံအိမ်နှင့် တန်းတူ ရင်ဘောင်တန်းနိုင်သည့် စံအိမ်များ ရှိနေပြီး ၎င်းတို့သည် မည်သူ့လက်အောက်တွင်မျှ ရှိမနေသည့် သီးခြား အဖွဲ့ အစည်းများဖြစ်သည်။
ရှင်းချန်ဖုန်းသည် ကျို့ယင်၏ ကြမ်းတမ်းစွာ ဆုံးမခံရပြီး နောက်တွင် မခြွင်းမချန် ရှင်းပြခဲ့၏။ သူ၏ အသွင်သည် အစောကကဲ့သို့ မောက်မာသည့် ဟန်ပန် အမူအယာ မရှိတော့ချေ။
ထို့အပြင် နတ်ဘုရားချုပ်နှောင်ခြင်းဗိမာန်၏ ကြောက်မက်ဖွယ် ထိန်းချုပ်နိုင်မှုကို သိရှိခဲ့ရပြီ..။
သူ၏ အသွင်သည် ရိုကျိုးလာတော့၏။
ဟွမ်းသည် ရှင်းချန်ဖုန်း၏ ရှင်းပြချက်များကြောင့် လင်းထျန်းဘုံထက် ကျယ်ပြန့်သည့် လောကကို သိရှိလာသည်။ ထို့နောက် ဆက်လက်မေးခွန်းထုတ်လိုက်၏။
“ဒါဆို မင်းက ဒီကို ဘယ်လို ရောက်လာတာလဲ...”
“ကျုပ်တို့က ဒီကို လေဟာနယ်ခွင်းယာဉ်ပျံနဲ့ လာခဲ့တာပါ...”
ရှင်းချန်ဖုန်းသည် မကွယ်ဝှက်ပဲ ဖြေ၏။
‘သိုလှောင်လက်စွပ်ထဲက ယာဉ်ပျံထင်တယ်...’
ဟွမ်းသည် ဟေးယန် ယူဆောင်လာသည့် သိုလှောင်လက်စွပ်ကို သတိရသွားသည်။ ထိုအတွင်းတွင် ထူးဆန်းသည့် ယာဉ်ပျံတစ်စီးရှိနေသည်ကို တွေ့ရှိခဲ့၏။
ဟွမ်းသည် ရှင်းချန်ဖုန်း၏ ရည်ရွယ်ချက်ကို မေးမြန်းလိုက်ရာ သူသည် ဝိညာဉ်နိုးထခြင်း သစ်ပင်ကို လွန်ခဲ့သည် နှစ်သုံးသောင်းကျော်က စိုက်ပျိုးခြင်းဖြစ်ကြောင်းသိရှိခဲ့ရ၏။
ထို့အပြင် ကြယ်ပြာစံအိမ်၏ တပည့်များသည် လောကအတွင်း လွပ်လွပ်လပ်လပ် လှုပ်ရှားသွားလာနိုင်ခွင့်ရှိကြသည်။ သူတို့၏ လွပ်လပ်ခွင့်ကို ဂြိုလ်တစ်ခုတည်းအပေါ်တွင် ကန့်သတ်ထားခြင်းမရှိပေ။
ထို့ကြောင့် ရှင်းချန်ဖုန်းသည် လောကအတွင်းသွားလာနေရင်း သေမင်းတောင်ကြားရှိ သိပ်သည်းလွန်းသည့် ယင်စွမ်းအင်များကို သတိထားမိခဲ့၏။
ထို့ကြောင့် ဝိညာဉ်နိုးထခြင်း သစ်ပင်ကို ထိုနေရာတွင် စိုက်ပျိုးထားခဲ့ကာ သားရဲများကို အစောင့်အဖြစ်ထားရှိခဲ့ခြင်းဖြစ်သည်။
ထိုအပြင် လင်းထျန်းဘုံတွင် အင်အားနိမ့်ကျသောကြောင့် ထိုသားရဲအုပ်နှင့်ပင် မည်သူမျှ အနားကပ်နိုင်စွမ်း မရှိခဲ့ပေ။
သို့သော် ဟွမ်း မရောက်လာခင် အချိန်အထိသာ..။
“ငါ့အတွက် မင်းက ကြီးမားတဲ့ ရန်ငြိုးရှိသူ မဟုတ်ပေမဲ့...နှင်းဓားဂိုဏ်းရဲ့ တပည့်တွေ သေဆုံးမှုကြောင့် မင်းကို ခွင့်လွတ်နိုင်မှာ မဟုတ်ဘူး...”
ဟွမ်းသည် ရှင်းချန်ဖုန်းကို ကြည့်ကာ အေးစက်စက်နှင့် ဆိုလိုက်၏။
တကယ်တမ်းတွင် သူသည် ရှင်းချန်ဖုန်း၏ ပိုင်ဆိုင်မှုကို လုယူမိခဲ့ခြင်း ဖြစ်သည်။
သို့သော် ရှင်းချန်ဖုန်း၏ လုပ်ရပ်သည်လည်း မလျော်ညီပေ။ ထို့ကြောင့် ဤနေရာတွင် ထိန်းသိမ်းထားရန်သာ ဆုံးဖြတ်လိုက်သည်။
ရှင်းချန်ဖုန်းသည် တုန့်ပြန်ပြောဆိုချင်သော်လည်း ကျို့ယင်၏ စိမ်းစိမ်းဝါးဝါး အကြည့်ကြောင့် သူ၏ စကားများကို မြိုသိပ်လိုက်ရ၏။
ဤနေရာတွင် သူ၏ စိတ်အလိုကျ ပြုမှုနိုင်စွမ်း မရှိတော့ပေ။
ဟွမ်းသည် အကျဉ်းထောင်ခန်းမှ ထွက်လာခဲ့ပြီးနောက် ရွှမ်းလင်ထံသို့ ရောက်ရှိလာ၏။
သူမသည် သေခြင်းစွမ်းအင်များကို အတော်များများစုပ်ယူပြီးဟန်ရှိသည်။ သူမ၏ မှိန်လျနေသည့် ဝိညာဉ်သည် တဖြည်းဖြည်းနှင့် ပြည့်စုံလာ၏။
သို့သော် သူမ၏ ဝိညာဉ်သည် အိပ်မောကျနေဆဲပင်။
‘ဝိညာဉ်နိုးထခြင်းသစ်သီးကို သူမအပေါ် အသုံးပြုပေးရမလား...’
ဟွမ်းသည် နောက်ထပ်ကြီး သစ်သီးများကြီးရင့်လာချိန်တွင် သူမအပေါ် စမ်းသပ် အသုံးပြုရန်ဆုံးဖြတ်လိုက်၏။
သို့သော် အလုပ်ဖြစ်၊ မဖြစ်ကို အတိအကျ မသိရှိနိုင်ပေ။ အကြောင်းအရင်းမှာ သူမ၏ ဝိညာဉ်ပင် သေဆုံးပြီး ဖြစ်သောကြောင့်ပင်။
လျှပ်စီးမျိုးနွယ်ခေါင်းဆောင်သည် ရွှမ်းလင်၏ ဝိညာဉ်သန္ဓသားကို သူ၏ စွမ်းအင်များနှင့် ထိမ်းသိမ်းခဲ့ခြင်းကြောင့်သာ ဝိညာဉ် မကြွေလင့်ရသေးခြင်း ဖြစ်သည်။
တော်သေးသည်က နတ်ဘုရားချုပ်နှောင်ခြင်းဗိမာန်သည် ထူးခြားစွာနှင့် မည်သည့် ဝိညာဉ်မျိုးမဆို ထိန်းသိမ်းထားနိုင်ခြင်းပင်။
ဤသို့နှင့် အချိန်များ တဖြည်းဖြည်း ကုန်ဆုံးလာ၏။ ဟွမ်းရှန့်နန်းတော်၏ တည်ရှိလာမှုသည် တစ်စထက်တစ်စ သိရှိသူများပြားလာခဲ့သည်။
ကျောက်စိမ်းပန်းစံအိမ်မှ ထုတ်လွင့်ထားသည့် သတင်းများအပြင် ‘နယ်မြေဘုရင်တစ်ဦးကို သတ်ဖြတ်ခဲ့သည့် နန်းတော်သခင်’ ဟူသည့် ခေါင်းစဉ်နှင့် မြို့အသီးသီးတွင် ရှိသည့် ကျင့်ကြံသူများ၏ ဆွေးနွေးသည့် စကားဝိုင်းများ စတင်လာခဲ့၏။
သို့သော် ဟွမ်းရှန့်နန်းတော်၏ အဖွဲ့ဝင်များသည် တိတ်တဆိတ် ကျင့်ကြံရင်းနှင့်သာ နေ့ရက်များကုန်ဆုံးနေကြသည်။
ထိုသို့ကုန်ဆုံးလာရင်း ရှုးယင်ဂိုဏ်း၏ ဂိုဏ်းတွင်း ပြိုင်ပွဲရက်သို့ ရောက်ရှိလာခဲ့သည်။
ဟွမ်းသည် နယ်မြေသခင်များကို အသိအမှတ်ပြုရမည် ဖြစ်သောကြောင့် ရှုးယင်ဂိုဏ်းသို့ သွားရောက်ရန် ဆုံးဖြတ်လိုက်၏။
ယွဲ့ဝူယောင်နှင့် လုရှင်းယန်တို့၏ ဝိညာဉ်နိုးထခြင်း သစ်သီး၏ စွမ်းအင်များကို ချေဖြတ်ကာ ကျင့်ကြံနေကြခြင်းသည် မပြီးဆုံးသေးချေ။
ထို့ကြောင့် ဟွမ်းသည် သူ၏ အငယ်ဆုံးတပည့်မလေးကို ခေါ်ဆောင်ကာ ရှုးယင်ဂိုဏ်းသို့ ထွက်ခွာလာ၏။
သူသည် ဟွားယီယီထံမှ ဝယ်ယူခဲ့သည့် လျှပ်စီးနယ်မြေ၏ အချက်အလက်များကြောင့် ရှုးယင်ဂိုဏ်း၏ တည်နေရာကို ရှာဖွေရန် မခက်ခဲတော့ချေ။
ထို့နောက် ယာဉ်ပျံ၏ မြန်ဆန်မှုကြောင့် သူသည် တစ်ခဏအတွင်း ရှုးယင်ဂိုဏ်းသို့ ရောက်ရှိလာခဲ့သည်။
“နန်းတော်သခင်...”
ဟွမ်းသည် ရှုးယင်ဂိုဏ်းသို့ ရောက်ရှိလာချိန်တွင် အကြီးအကဲများသည် လာရောက်ကြိုဆိုကြ၏။
ဟွမ်းသည် ထိုသူများ၏ လမ်းညွှန်မှုနောက်မှ အခမ်းအနားကျင်းပရာနေရာသို့ လိုက်ပါသွားသည်။
ထိုအချိန်တွင် ရှုးယင်ဂိုဏ်းချုပ် ယန်ထျယ်ဟုန်သည် အလျှင်အမြန်ရောက်ရှိလာ၏။
“နန်းတော်သခင်...”
သူသည် ဟွမ်းနှင့် ကျောက်ဝမ်အာအတွက် နေရာတစ်ခုပေးလိုက်လေသည်။ ထိုနေရာတွက် နတ်မီးလျှံဂိုဏ်းချုပ် ယန်ကျီးဝေ့နှင့် ကျုံးမန်ဂိုဏ်းချုပ် ကျုံးလုဟယ်လည်း ရှိနေ၏။
“နန်းတော်သခင်ရဲ့အငယ်ဆုံးတပည့်က လအနည်းငယ်အတွင်း စဦးအလွှာကို ရောက်ရှိနေပြီ...”
နတ်မီးလျှံဂိုဏ်းချုပ် ယန်ကျီးဝေ့သည် မျက်လုံးပြူးမျက်ဆံပြူးနှင့် ဆိုလိုက်၏။ လွန်ခဲ့သည့်လက သူမသည် အစစ်အမှန်နတ်ဘုရားအဆင့်သို့ မရောက်ရှိသေးချေ။
သူသည် ဟွမ်းကို နှုတ်ဆက်ရန် လာရောက်ခြင်းဖြစ်သော်လည်း ကျောက်ဝမ်အာ၏ အပြောင်းအလဲကြောင့် မှင်သက်မိသွားသည်။
ကျောက်ဝမ်အာသည် ဝိညာဉ်နိုးထခြင်းသစ်သီးအား အသုံးပြုပြီးခြင်း မရှိသေးချေ။ သို့သော် သူမ၏ နတ်ဝိညာဉ်ကြောင့် ဝိညာဉ်သန္ဓေသားကို ဖော်ဆောင်နိုင်ခဲ့ကာ အစစ်မှန်နတ်ဘုရား အဆင့်သို့ ရောက်ရှိလာခဲ့ခြင်းပင်။
ကျောက်ဝမ်အာသည် ထိုဂိုဏ်းချုပ်များကို ပြန်လည်နှုတ်ခွန်းဆက်သလိုက်၏။
‘နန်းတော်သခင်တင်မဟုတ်ဘူး...၊ သူရဲ့တပည့်တွေကပါ ထူးခြားလွန်းတာပဲ...’
ဂိုဏ်းချုပ်များသည် တိတ်တဆိတ် မှတ်ချက်ပြုလိုက်၏။
ထို့နောက် ရှုးယင်ဂိုဏ်း၏ ဂိုဏ်းတွင်းတပည့်များ၏ ပြိုင်ပွဲသည် စတင်လာသည်။
ရှုးယင်ဂိုဏ်း၏ အပြင်စည်းတပည့်များသည် အလယ်လတ်အလွှာကျင့်ကြံသူများ ဖြစ်နေကြပြီး သူတို့သည် အတွင်းစည်းတပည့်များဖြစ်လာရန် ကြိုးစားနေကြခြင်းပင်။
ဂိုဏ်းချုပ်များသည် ရှုးယင်ဂိုဏ်း၏ တပည့်များကို ချီးမွမ်းပြောဆိုကာ မှတ်ချက်ပေးနေကြသော်လည်း ဟွမ်းသည် တိတ်တဆိတ်နှင့်သာ ကြည့်ရှု့နေ၏။
အချိန်များသည် တဖြည်းဖြည်းကုန်ဆုံးလာပြီး ရှုးယင်ဂိုဏ်း၏ တပည့်များ၏ တိုက်ပွဲသည် အရှိန်အဟုန်မြင့်တက်လာသည်။
ထိုအချိန်တွင် ကောင်းကင်ထက်မှ ပုံရိပ်တစ်ခုသည် ထွက်ပေါ်လာကာ အခမ်းအနားကျင်းပရာ နေရာသို့ရောက်ရှိလာ၏။
“ဘယ်သူလဲကွ...”
ရှုးယင်ဂိုဏ်း၏ အကြီးအကဲများသည် ဒေါသထွက်ကာ ဟစ်အော်လိုက်၏။ ဂိုဏ်း၏ ရင်ပြင်အတွင်း တိုက်ရိုက်ပျံသန်းလာခြင်းသည် ရှုးယင်ဂိုဏ်းကို လေးစားမှု မပြခြင်းနှင့် အတူတူပင်။
“ရပ်လိုက်...”
ယင်ထျယ်ဟုန်သည် ထိုပုံရိပ်ကို ချက်ချင်းသိရှိလိုက်သောကြောင့် တားဆီးလိုက်၏။ ထို့နောက် ယဉ်ကျေးသည့် အမူအယာနှင့် နှုတ်ဆက်လိုက်သည်။
“တမန်တော် ဟူချင်းဝမ်...”
သို့မှသာ အကြီးအကဲများနှင့် ဂိုဏ်းချုပ်များသည် တုန်ယင်သွားပြီး ချက်ချင်းဆိုသလို အရိုအသေပြုလိုက်ကြ၏။
ဟူချင်းဝမ်ဆိုသူသည် ကောင်းကင်ထက်မှ ဆင်းသက်လာ၏။ ထို့နောက် သူသည် ရှုးယင်ဂိုဏ်း၏ အကြီးအကဲများကို ကြည့်ကာ ဆိုလိုက်သည်။
“ရှုးယင်ဂိုဏ်းရဲ့ အကြီးအကဲတွေရဲ့ မျက်လုံးတွေက မှုန်ဝါးနေပြီလား...”
“ကျုပ်တို့ ရုတ်တရက်ဆိုတော့ တမန်တော်ဟူချင်းဝမ်ကို မမှတ်မိလိုက်လို့ပါ...၊ ခွင့်လွှတ်ပေးပါ..”
ယင်ထျယ်ဟုန်သည် အကြီးအကဲများအစား ပြေရာပြေကြောင်း ပြောဆိုပေးလိုက်ရ၏။
သို့သော် တမန်တော် ဟူချင်းဝမ်သည် မျက်မှောင်ကြုတ်သွား၏။ ဤနေရာရှိ ကျင့်ကြံသူများစွာက သူ့အား အရိုအသေပြုနေသော်လည်း ထိုင်ရာပင်မထသည့် ကျင့်ကြံသူတစ်ဦးနှင့် မိန်းကလေးငယ်လေးတစ်ကို တွေ့လိုက်ရသောကြောင့်ပင်။
ထိုနှစ်ဦးသည် နယ်မြေသခင်များ၏ ခန်းမတွင် ထိုင်နေကြသော်လည်း သူ၏ ရောက်ရှိလာမှုကို စိတ်ဝင်စားဟန်ပင် မရချေ။