← Chapters

ရပ်တည်မှု

Vol. 23 Ch. 344

ရပ်တည်မှု

Vol. 23 Ch. 344

“တမန်တော်ဟူ..၊ အဘယ်အကြောင်းအရာကြောင့် ရောက်ရှိလာပါသလဲ...”

ယင်ထျယ်ဟုန်သည် မေးခွန်းထုတ်လိုက်၏။ ဟူချင်းဝမ်၏ အမူအယာကို ရိပ်စားမိသောကြောင့် အာရုံလွှဲစေရန် ဖြစ်သည်။

တမန်တော်ဟူချင်းဝမ်သည် ကောင်းကင်ကျားမျိုးနွယ်၏ တမန်တော်တစ်ဦးဖြစ်၏။ ကောင်းကင်ကျားမျိုးနွယ်တွင် နယ်မြေဘုရင်တစ်ဦးရှိနေသောကြောင့် သူတို့၏ လွှမ်းမိုးမှုကို ခံထားကြရသည်။

ထို့ကြောင့် ဂိုဏ်းချုပ်များပင် သူ့အားလေးစားမှုပြသနေရခြင်းဖြစ်သည်။

ပုံမှန်အားဖြင့် တမန်တော်များသည် ဂိုဏ်းတွင်း ပြိုင်ပွဲများကို တက်ရောက်ခြင်း မရှိကြပေ။

ဟူချင်းဝမ်သည် ရောက်ရှိလာခြင်းက ထူးဆန်းနေ၏။

ဟူချင်းဝမ်သည် ဟွမ်းတို့ဆရာတပည့်နှစ်ဦး၏ အပြုအမှုကို စိတ်မဝင်စားတော့ဟန်နှင့် လျှောက်လှမ်းသွား၏။ သူသည် ဂိုဏ်းချုပ်ယင်ထျယ်ဟုန်ထိုင်သည့် ထိုင်‌ခုံပေါ်တွင် နေရာယူလိုက်သည်။ ထို့နောက် စတင်ပြောဆိုလိုက်၏။

“ကျုပ်...လျှပ်စီးမျိုးနွယ်က ပြန်လာခဲ့တာ...”

“ပိုင်ရှင်မဲ့ တောင်တန်းကို သိမ်းပိုက်ထားတဲ့ ကျင့်ကြံသူက လျှပ်စီးမျိုးနွယ်ခေါင်းဆောင်နဲ့ သူ့ရဲ့ မြေးမလေးကို သတ်ဖြတ်ခဲ့တဲ့သူဟုတ်သလား...”

“မဖြစ်နိုင်တာ...”

ယန်ကျီးဝေ့သည် အသံထွက်ကာ ရေရွတ်မိသွား၏။ ထို့နောက်သူသည် စိုးရွံ့သည့် လေသံနှင့် ဆိုလိုက်သည်။

“တမန်တော်ဟူ...၊ ခင်ဗျား သိရှိခဲ့တဲ့သတင်းတွေက မှားယွင်း နေပါတယ်...”

“လျှပ်စီးမျိုးနွယ်က လိမ်နေတာလို့ ခင်ဗျားတို့က ပြောချင်တာလား...”

ဟူချင်းဝမ်သည် ပြင်းထန်သည့် လေသံနှင့် ဟိန်းဟောက်လိုက်၏။

သူသည် နယ်မြေဘုရင်ဖြစ်သူက ရွှမ်းလင်အား ပေးထားတဲ့ခဲ့သည့် နှစ်တစ်ရာသည် ပြည့်တော့မည်ဖြစ်ကြောင်း အသိပေးရန်သွားရောက်ခဲ့သည်။ ထို့အပြင် လျှပ်စီးမျိုးနွယ်၏ အခြေအနေကိုလည်း စစ်ဆေးရန် ဖြစ်၏။

သို့သော် မထင်မှတ်ထားသည်မှာ လျှပ်စီးမျိုးနွယ်ခေါင်းဆောင်နှင့် ရွှမ်းလင်သည် သေဆုံးသွားပြီဖြစ်ကြောင်း သိခဲ့ရသည်။

ထို့အပြင် ထိုနှစ်ဦးအား သတ်ဖြတ်သွားသူသည် ပိုင်ရှင်မဲ့ တောင်တန်းကို သိမ်းပိုက်ထားပြီး လျှပ်စီးနယ်မြေကို ခြယ်လှယ်လိုခြင်း ဖြစ်ကြောင်းနှင့် ဂိုဏ်းကြီးများ၏ ထောက်ခံမှုကို ရယူနေပြီ ဖြစ်ကြောင်း စသည့် အကြောင်းအရာမျိုးစုံကို သိရှိခဲ့ရသည်။

သူသည် ထိုစကားများ ကြားခါစတွင် ယုံနိုင်ခြင်း မရှိခဲ့ချေ။

လျှပ်စီးမျိုးနွယ်ခေါင်းဆောင်သည် သတ်ဖြတ်ချင်တိုင်း သတ်ဖြတ်ခံရသည်အထိ ပျော့ညံ့နေခြင်း မရှိသောကြောင့်ပင်။

ထို့အပြင် များပြားသည့် လျှပ်စီးမျှိုးနွယ်၏ နယ်မြေသခင်များကြားမှ ရအောင် သတ်ဖြတ်သွားခြင်းသည် ယုံနိုင်စရာကင်းမဲ့နေ၏။

သို့သော် ထိုအကြီးအကဲများ၏ ရှင်းပြမှုများကို ပြန်လည်ကြားယောင်လာ၏။

ထိုကျင့်ကြံသူသည် ရွှမ်းလင်ကို သတ်ဖြတ်လိုက်ခြင်းကြောင့် မျိုးနွယ်ခေါင်းဆောင်သည် ဒေါသတကြီးတိုက်ခိုက်ခဲ့သည်။

ထိုသို့ တိုက်ခိုက်ချိန်တွင် သူသည် ထူးဆန်းသည့် လက်နက်ရတနာတစ်ခုကို အသုံးပြုကာ မျိုးနွယ်ခေါင်းဆောင်ကို ဆွဲချသွားသည်ဟု အခိုင်အမာ ဆိုကြ၏။

ဟူချင်းဝမ်သည် အလွန်ဒေါသထွက်သွားရသည်။ ရွှမ်းလင်သည် နယ်မြေဘုရင်၏ ကိုယ်လုပ်တော် ဖြစ်လာမည်သူပင်။

သူမကိုပင် သတ်ဖြတ်ရဲကာ လျှပ်စီးနယ်မြေမှ ဂိုဏ်းများကို စည်းရုံးနေခြင်းကို လုံးဝခွင့် မလွတ်နိုင်ချေ။

သို့‌သော် အလျင်စလိုပြုခြင်းမရှိသေးပဲ ကောင်းကင်ကျားမျိုးနွယ်ထံ သတင်းပို့ထားလိုက်သည်။

ထို့အပြင် လျှပ်စီးနယ်မြေမှ ဂိုဏ်းချုပ်များ စုဝေးနေသည့် ရှုးယင်ဂိုဏ်းသို့ လာရောက်၍ သူတို့ထံမှ ဖြေရှင်းချက်တောင်းခံလိုက်ခြင်းဖြစ်၏။

ဟွမ်းသည် ဟူချင်းဝမ်၏ စကားများကြောင့် သူ၏ အာရုံသည် ဟူချင်းဝမ်ပေါ်သို့ ကျရောက်လာသည်။

‘ကြင်နာမှုက လူတိုင်းနဲ့ မထိုက်တန်ဘူး...’

သူသည် တိတ်တဆိတ်တွေးမိလိုက်၏။

လျှပ်စီးမျိုးနွယ်ခေါင်းဆောင်ကြောင့် ထိုသူများကို အဆုံးမသတ်ခဲ့သော်လည်း ယခုတွင် ထိုစဉ်က ပေးအပ်ခဲ့သည့် ကတိကို စောင့်ထိန်းရန် မလိုတော့ချေ။

သူသည် ဝင်ရောက်ပြောဆိုခြင်း မရှိသေးပဲ ဂိုဏ်းချုပ်များ၏ တုန့်ပြန်မှုကို စောင့်ကြည့်နေ၏။

“တမန်ဟူ အထင်လွဲနေပါပြီ...”

ယန်ထျယ်ဟုန်သည် ဖြစ်စဉ်ကို ရှင်းပြလိုက်၏။ ထိုသူများသည် ကိုယ်လုပ်ရပ်ကိုယ်ဝန်မခံသည့်အပြင် သူများအပေါ်သို့ပါ အပြစ်ပုံချခဲ့သည်။

“ဒါက ဖြစ်နိုင်မယ်ထင်နေလား...”

ဟူချင်းဝမ်သည် သံသရ လေသံနှင့် အော်ငေါက်လိုက်၏။ လျှပ်စီးမျိုးနွယ်သည် သူတို့မျိုးနွယ်ချင်း သတ်ဖြတ်ကြသည်မှာ မည်သို့မျှ ယုံနိုင်စရာမရှိချေ။ ထို့ကြောင့် ဂိုဏ်းချုပ်များကိုပင် သံသရ ဝင်လာတော့၏။

“ခင်ဗျားတို့က အဲ့ဒီကျင့်ကြံသူဘက်က ရပ်တည်ချင်နေတာလား...”

“ကျုပ်တို့ ပြောတာအမှန်ပဲ...”

ယန်ကျီးဝေ့တို့သည် တူညီသည့် လေသံနှင့် အခိုင်အမာဆိုလိုက်၏။ သူတို့သည် လိမ်ညာနေခြင်း မဟုတ်ပေ။ ထိုဖြစ်ရပ်ကို ယန်ကျီးဝေ့ကိုယ်တိုင် ကြုံတွေ့ရခြင်းဖြစ်သည်။

“ဒီလိုဆိုရင် ခင်ဗျားတို့ကိုပါ...၊ လျှပ်စီးမျိုးနွယ်ခေါင်းတောင် သတ်ဖြတ်ခံရမှုမှာ ပူးပေါင်းပါဝင်ထားတယ်လို့ သတ်မှတ်ရလိမ့်မယ်...”

ဟူချင်းဝမ်သည် အေးစက်သည့် လေသံနှင့် ဆိုလိုက်၏။

ဂိုဏ်းချုပ်များ၏ နှုတ်ခမ်းများသည် လှုပ်ရှားမှု ကင်းမဲ့ သွားလေသည်။ ထိုစကားကို အတည်ပြုလိုက်ပါက ကောင်းကင်ကျားမျိုးနွယ်ကို ရန်သူဟုသတ်မှတ်လိုက်ခြင်းပင်။

ထို့အပြင် နယ်မြေဘုရင်၏ ကိုယ်လုပ်တော်ဖြစ်လာမည်သူ သေဆုံးရခြင်းဖြစ်သောကြောင့် ဟူချင်းဝမ်သည် မည်သည့်နည်းလမ်းနှင့် မဆို ထိုကျင့်ကြံသူနှင့် ပါဝင်ပတ်သက်သူများကို ရှင်းလင်းပစ်မည်ဖြစ်သည်။

ထိုအရာက နယ်မြေဘုရင်အား မထီမဲ့မြင်ပြုခြင်းဖြစ်၏။ လုံးဝခွင့်လွှတ်၍ မရသောအရာပင်။

သူသည် ကောင်းကင်ကျားမျိုးနွယ်မှ ကျင့်ကြံသူများ မရောက်ရှိခင် လျှပ်စီးနယ်မြေမှ ဂိုဏ်းချုပ်များကို ဦးဆောင်ကာ ထိုကျင့်ကြံသူကို တိုက်ခိုက်စေလိုခြင်း ဖြစ်သည်။

“ကျုပ်တို့က မှားယွင်းတဲ့အရာအတွက် လျှပ်စီးမျိုးနွယ်ဘက်က ရပ်တည်နိုင်မှာမဟုတ်ဘူး...”

တိတ်ဆိတ်မှုကြီးစိုးနေသည့် ခန်းမတွင် ယန်ကျီးဝေ့၏ အသံသည် ပဲ့တင်ထပ်သွားသည့် အလား ပေါ်ထွက်လာ၏။

“ခင်ဗျားက...၊ နယ်မြေဘုရင်ကို ဆန့်ကျင်ဖို့ ဆုံးဖြတ်လိုက်ပြီလား...”

ဟူချင်းဝမ်သည် ဒေါသလွှမ်းလာသည့် လေသံနှင့် မေးခွန်းထုတ်လိုက်သည်။ ယခင်က သူတို့ရှေ့တွေ့ စကားပင်ကျယ်ကျယ် မပြောရဲသည့် ဂိုဏ်းချုပ်များသည် ပုန်ကန်ချင်နေဟန်ပင်။

“ကျုပ်တို့က... အမှန်တရားဘက်ကို ရွေးချယ်ရုံ သက်သက်ပဲ...၊ ကောင်းကင်ကျားမျိုးနွယ်က ဟွမ်းရှန်နန်းတော်ကို တိုက်ခိုက်ဖို့ဆိုရင် ကျုပ်တို့က အကူအညီမပေးနိုင်မှာ စိုးရိမ်တယ်..”

“တကယ်လို့ ကျုပ်တို့က ကောင်းကင်ကျားမျိုးနွယ်ကို ဆန့်ကျင်တယ်လို့ သတ်မှတ်လိုက်ရင်တောင် ကျုပ်တို့ ဆုံးဖြတ်ချက်က မပြောင်းလဲဘူး...”

ကျုံးလုဟယ်သည် ဝင်ရောက်ပြောဆိုလိုက်၏။

ဟွမ်းရှန့်နန်းတော်တွင် အစွမ်းထက် ကျင့်ကြံသူ အများအပြား မရှိသော်လည်း ကောင်းကင်ကျားမျိုးနွယ်နှင့် နှိုင်းယှဉ်လျှင် ပို၍ ကြောက်မက်ဖွယ်ကောင်းသည်။

ဟွမ်းသည် နယ်မြေဘုရင်တစ်ဦးကိုပင် သတ်ဖြတ်ထားသူပင်။

ထို့အကြောင်းအရင်းများ မရှိလျှင်တောင် ကောင်းကင်ကျားမျိုးနွယ်ကို ကူညီပေးမည်မဟုတ်ပေ။

ထိုနယ်မြေသည် သူတို့အား များစွာ ဖိနှိပ်သောကြောင့်ပင်။

ဂိုဏ်းချုပ်များသည် ဟွမ်း၏ အမူအယာကို မသိမသာ စစ်ဆေးလိုက်သည်။

ဟွမ်းသည် သူနှင့် မသက်ဆိုင်သည့် ဟန်နှင့် ပေါ့ပေါ့ပါးပါးပင် အကြမ်းရည်သောက်နေ၏။

မွန်းကြပ်ဖွယ် လေထုသည် သူ့အား မသက်ရောက်သည့် အလားပင်။

‘ခင်ဗျား အကြောင်းပြောနေတာလေ..၊ နည်းနည်းပါးပါး စိတ်ဝင်စားဟန်ပြပါဦး...’

ဂိုဏ်းချုပ်များသည် ငိုချင်လာ၏။ သူတို့သည် ဟွမ်း၏ ရှေ့မှ မားမားမတ်မတ် ရပ်တည်ရန် ကြိုးစားနေသော်လည်း ကာယကံရှင်သည် မဆိုင်သလိုပင် ပြုမူနေ၏။

“ကောင်းတယ်...၊ အရမ်း ကောင်းတယ်...၊ ခင်ဗျားတို့ အတော်ရဲတင်းလာတာပဲ...”

ဟူချင်းဝမ်သည် ဒေါသရယ်သံနှင့် ရောပြွန်းကာဆိုလိုက်၏။ ထို့နောက် သူ၏ ပြင်းထန်သည့် အရှိန်အဝါကို ထုတ်ဖော်လိုက်သည်။

ဂိုဏ်းချုပ်များသည် အလွန်အမင်း ရဲတင်းလာဟန်ရှိသောကြောင့် သူတို့ကို ကြည့်ကာ ကြုံးဝါးလိုက်၏။

“ပိုင်ရှင်မဲ့ တောင်တန်းက ကျင့်ကြံသူကို ရှင်းပြီးတာနဲ့ ခင်ဗျားတို့ဆီကို ထပ်ပြီး အလည်အပတ်လာခဲ့မယ်...”

ယန်ကျီးဝေ့တို့၏ ရင်တွင်း အနည်းငယ်လှုပ်ခတ်သွား၏။ ထိုအရာသည် ကောင်းသောလာခြင်း မဖြစ်နိုင်ပေ။

သို့သော် ဆုံးဖြတ်ပြီးသည်မှတော့ နောက်ဆုတ်၍ မဖြစ်တော့ချေ။ မဟုတ်လျှင် သူတို့၏ စကားများသည် လှောင်ပြောင်စရာဖြစ်သွားပေမည်။

ထို့အပြင် ကောင်းကင်ကျားမျိုးနွယ်၏ ကြီးစိုးမှုကို ဆက်လက်၍ လက်ခံမည် မဟုတ်တော့ပေ။

ဟူချင်းဝမ်သည် ဒေါသအလွန်ထွက်နေ၏။ သို့သော် ဆက်လက်နေရန် အကြောင်းမရှိတော့သောကြောင့် ထွက်ခွာရန်ပြင်လိုက်၏။

ဤနေရာတွင် နယ်မြေသခင်များစွာ ရှိနေသည်။ သူ၏ ဒေါသသာ ထုတ်ဖော်လိုက်ပါက ထိုသူများသည် တိုက်ခိုက်လာနိုင်၏။

ယခင်က နယ်မြေဘုရင်ကို ကြောက်ရွံ့သောကြောင့် သူတို့သည် မျက်နှာသာပေးသော်လည်း ယခုတွင် အခြေအနေများက ပြောင်းလဲသွားပြီဖြစ်သည်။

All Chapters