လျှပ်စီးမျိုးနွယ်ကိုအဆုံးသတ်စေခြင်း
Vol. 23 Ch. 345
ဟူချင်းဝမ်သည် ဂိုဏ်းချုပ်များ၏ ယုံကြည်ချက်များ မည်သည့်နေရာမှ ရရှိလာသည်ကို မသိပေ။
သို့သော်လည်း ထပ်မံမောက်မာနိုင်စွမ်း မရှိလေအောင် ချိုးနှိမ်ပစ်မည်ဟု တေးမှတ်ထားလိုက်၏။
“တမန်တော်ကို လိုက်မပို့နိုင်တာ ခွင့်လွှတ်ပေးပါ...”
ယန်ထျယ်ဟုန်၏ စကားသံသည် ယဉ်ကျေးဟန်ရသော်လည်း အစောပိုင်းကကဲ့သို့ ရိုးကျိုးမှု မရှိတော့ချေ။
“ဟမ့်...”
ဟူချင်းဝမ်သည် နှာမှုတ်ခါ ထွက်ခွာရန်ပြင်လိုက်၏။
ထိုအချိန်တွင် အေးစက်သည့် အသံလှိုင်းတစ်ခုသည် သူ၏ စိတ်ဝိညာဉ်အတွင်းသို့ ကြမ်းတမ်းသည့် မုန်တိုင်းသဖွယ်ဝင်ရောက်လာသည်။
“ငါ..မင်းကို ထွက်သွားခွင့် ပေးထားပြီလား..”
ဟူချင်းဝမ်၏ ခြေလှမ်းများ ရပ်တန်သွား၏။ သူ၏ စိတ်ဝိညာဉ်တုန်ခါမှုကို ခံစားလိုက်ရသည်။
သူ၏ စိတ်အာရုံကို ပြန်လည် ထိန်းချုပ်လိုက်ပြီးနောက် မီးလျှံများ ဝင်းလက်နေသည့်အလား တောက်လောင်နေသည့် မျက်ဝန်းများနှင့် ဟွမ်းကို ကြည့်လိုက်သည်။
“ကောင်လေး...၊ ငါ့ကို အမိန့်ပေးရအောင် မင်းကိုယ်မင်း နယ်မြေဘုရင်များ ထင်နေလား...”
ဟူချင်းဝမ်သည် ရောက်ရှိစဉ်ကတည်းက ဟွမ်းကို သတိထားမိခဲ့သော်လည်း ဟွမ်းနှင့် ကျောက်ဝမ်အာ၏ အသွင်ကြောင့် ဂိုဏ်းချုပ်များ၏ တပည့်များ ဖြစ်နိုင်သည်ဟု ယူဆခဲ့သည်။
သို့သော် ဤမျှ မောက်မာသည် လေသံနှင့် ဂိုဏ်းချုပ်များပင် သူ့ကို မပြောဆိုရဲချေ။ ထိုသူများသည် ကောင်းကင်ကျားမျိုးနွယ်ကို ဆန့်ကျင်လိုသော်လည်း ပေါ်ပေါ်ထင်ထင် ပြုမူရဲခြင်း မရှိချေ။
“လင်းရှန်တောင်တန်းက ကျင့်ကြံသူကို တွေ့ချင်နေတာ မဟုတ်ဘူးလား...”
ဟွမ်းသည် တည်ငြိမ်သည့် လေသံနှင့် ဆိုလိုက်၏။
ထိုအချင်းအရာကြောင့် ဟူချင်းဝမ်၏ မျက်ဝန်းများ မှေးကျဉ်းသွားသည်။ လူငယ်တစ်ဦး၏ အသွင်သာ ရှိသော်လည်း သူ၏ စိတ်ဝိညာဉ်ကိုပင် လှုပ်ခတ်စေနိုင်စွမ်း ရှိနေ၏။
ထို့အပြင် အမူအယာသည် တည်ငြိမ်နေသည်။ ဂိုဏ်းချုပ်များ သူ၏ ရှေ့တွင် တည်ငြိမ်ဟန် အသွင်ဖမ်းယူထားသော်လည်း ထိုလူငယ်၏ တည်ငြိမ်မှုသည် ဟန်ဆောင်ထားခြင်း မဟုတ်ပေ။
ဟူချင်းဝမ်သည် အတွေးများစုစည်းပြီးချိန်တွင် အတည်ပြုမေးခွန်းထုတ်လိုက်၏။
“အဲ့ဒီသူက မင်းလား...”
“သေချာတာပေါ့...”
ဟွမ်းသည် အကြမ်းရည်ခွက်ကို ချကာ ဖြေလိုက်၏။ ထို့နောက် သူ၏ အကြည့်များသည် ဟူချင်းဝမ်အပေါ် အာရုံစိုက်လိုက်သည်။
ဟူချင်းဝမ်သည် ဒေါသထွက်လာသည့်အလား သူ၏ အရှိန်အဝါသည် ဟွမ်းအပေါ်ဖိနှိပ်ရန် ကြိုးစားလိုက်၏။ ထိုသူသည် ရွှမ်းလင်ကို သတ်ဖြတ်သူ ဖြစ်သည်ဟု ဝန်ခံလိုက်ခြင်းပင်။
“မင်း...နယ်မြေဘုရင်ကို ရန်စရဲတယ်လား...ကောင်းကင်ကျားမျိုးနွယ်ရဲ့ သတ်ဖြတ်မှုအောက်ကနေလွတ်မြောက်မှာ မဟုတ်ဘူးကွ...”
“အဲ့ဒီကိစ္စ မသေချာပေမဲ့...၊ ခင်ဗျားကတော့ ဒီနေရာက မလွတ်မြောက်နိုင်တာ ကျိန်းသေပဲ...”
ဟွမ်းသည် အသာယာဆိုလိုက်၏။ ထို့နောက် သူ၏ လက်ကို အသာယာ ဝှေ့ယမ်းလိုက်သည်။
ရုတ်ချည်းဆိုသလို စွမ်းအင်လှိုင်းတစ်ခုသည် ထက်ရှသည့် ဓါးတစ်စင်းအလား ပေါ်ထွက်လာ၏။
“မင်း..သေချင်နေတာလား...”
ဟူချင်းဝမ်သည် ဟွမ်း၏ ရည်ရွယ်ချက်ကို နားလည်သွားသောကြောင့် တုန့်ပြန်ရန် ပြင်လိုက်၏။
ထိုသူသည် နယ်မြေဘုရင်အား မထီမဲ့မြင်ပြုခဲ့သည့်အပြင် သူ့အား သတ်ဖြတ်ရန်ကြိုးစားနေသည်။
“ဝုန်း...”
သူ၏ ကြမ်းတမ်းသည့် စွမ်းအင်များကို ထုတ်ဖော်လိုက်၏။ ထွက်ပေါ်လာသည့် စွမ်းအင်များကြောင့် ရင်ပြင်ပေါ်ရှိ ခန်းမတစ်ခုလုံး တုန်ခါသွားသည်။
ထို့နောက် သူ့ထံ တိုးဝင်လာသည့် စွမ်းအင်လှိုင်းကို ဖျတ်စီးရန် ကြိုးစားလိုက်၏။
“ဖောက်...”
‘ဘယ်လိုဖြစ်သွားတာလဲ...’
ထိုအတွေးသည် ဟူချင်းဝမ်၏ နောက်ဆုံးအတွေးသာ ဖြစ်ခဲ့လေသည်။
သူသည် ဟွမ်း၏ စွမ်းအင်လှိုင်းကို ချက်ချင်းဆိုသလို တုန့်ပြန်ခဲ့သော်လည်း ထိုလှိုင်းသည် သူ၏ တားဆီးမှုများကို ကျော်ဖြတ်ကာ သူ၏ ဦးခေါင်းကို ဖောက်ထွင်းသွားခဲ့၏။
စွမ်းအင်လှိုင်းသည် သူ၏ ဝိညာဉ်သန္ဓေသားကို ဦးတည်ကာ ဖောက်ထွက်သွားခဲ့ခြင်းပင်။
ဟူချင်းဝမ်၏ ဝိညာဉ်သန္ဓေသားသည် ပျက်စီးသွားရကာ သေဆုံးသွားရလေသည်။
“ဘုန်း...”
သူ၏ ခန္ဓာကိုယ်သည် အထိန်းအကွပ်မဲ့သွားသောကြောင့် ရင်ပြင်ပေါ်သို့ ကျဆင်းသွားခဲ့၏။
ဂိုဏ်းချုပ်များသည် အသက်ပင် မရှုနိုင်တော့ချေ။
နယ်မြေသခင်တစ်ဦးအား ဤမျှအထိ သတ်ဖြတ်၍ လွယ်ကူသည်လော...။
ယန်ကျီးဝေ့သည် ဟွမ်းနှင့် စတင်တွေ့ဆုံချိန်ကို သတိရသွား၏။ ထိုစဉ်က သူသည် နယ်မြေသခင်တစ်ဦးကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ရသော်လည်း ယခုတွင် မည်သည့် အားစိုက်ထုတ်မှုကိုမျှ မပြုလုပ်လိုက်ရသည့် အသွင်ပင်။
ကောင်းကင်ကျားမျိုးနွယ်သည် ဟွမ်းရှန့်နန်းတော်ကို တိုက်ခိုက်မည့်အစီအစဉ်အား ငြင်းပယ်လိုက်ခြင်းက မှန်ကန်သည့် ဆုံးဖြတ်ချက်ဟု တွေးမိသွား၏။
မဟုတ်ပါက သူတို့လည်း ဟူချင်းဝမ်၏ သွားရာလမ်းနောက်လိုက်ပါရပေတော့မည်။
ဂိုဏ်းချုပ်များအတွေးများနေစဉ် ဟွမ်း၏ အသံ ထွက်ပေါ်လာ၏။
“ရှုးယင်ဂိုဏ်းထဲမှာ မဆင်မခြင် လုပ်မိသွားတယ်...”
သူသည် အားနာသည့် စကားမျိုး ပြောဆိုသော်လည်း သူ၏ လေသံသည် သာမန်အတိုင်း တည်ငြိမ်နေ၏။
တကယ်တမ်းတွင် မဆင်မခြင် လုပ်လိုက်ခြင်းမဟုတ်ပေ။ ကောင်းကင်ကျားမျိုးနွယ်က သူအား ပစ်မှတ်ထားနေပြီဖြစ်သောကြောင့် ဟူချင်းဝေ့ကို သက်ညှာရန် မတွေးထားခဲ့ချေ။
ယခင်က တိုက်ပွဲများတွင် သူ၏ တိုးတက်လာသည်ဟု ယူဆ၍ ရသောကြောင့် ခွန်အားစမ်းသပ်ကာ တိုက်ခိုက်ခဲ့သော်လည်း နယ်မြေသခင်များသည် သူ့ထက်လွန်စွာ ခွန်အား နိမ့်ကျနေခဲ့သည်။
ထို့ကြောင့် သူသည် အပင်ပန်းခံ၍ မလှုပ်ရှားတော့ပေ။ ထိုသူများနှင့် မထိုက်တန်သောကြောင့်ပင်။
ထို့အပြင် ရွှမ်းလင်ကို သတ်ဖြတ်သူသည် သူမဟုတ်ကြောင်း အထူးတလည် ရှင်းပြနေမည်မဟုတ်ပေ။
“မဟုတ်တာ...၊ ကျုပ်တို့က အစကတည်းက ကောင်းကင်ကျားမျိုးနွယ်ကို သဘောမတွေ့လှဘူး...၊ ဒီကောင်က ကျုပ်တို့ကို ဖိနှိပ်လာတာကြာပြီ...၊ အဲ့ဒီအတွက် နန်းတော်သခင်ကို ကျေးဇူးတင်ပါတယ်...”
ယင်ထျယ်ဟုန်သည် လိုအပ်သည်ထက် ပိုပိုသာသာ ပြောဆိုလိုက်၏။
အကြောင်းအရာအပြည့်အစုံသည် ဤအတွက်နှင့် ထပ်မံ ရောက်ရှိလာမည့် ကောင်းကင်ကျားမျိုးနွယ်ကို တားဆီးရန် တောင်းဆိုခြင်းလည်း ဖြစ်သည်။
ကောင်းကင်ကျားမျိုးနွယ်သည် ဤအဖြစ်အပျက်ကို သိရှိပါက ကပ်ဘေးသည် ရှုးယင်ဂိုဏ်းထံ ကျရောက်လာမည်ဖြစ်၏။
ထိုအချိန်တွင် ဟွမ်းသည် လျစ်လျုမရှု့စေချင်သည့် သဘောပင်။
ဟွမ်းသည် အသိမှတ်ပြုဟန်နှင့် ခေါင်းညိတ်ပြလိုက်သည်။ သူသည် ခေါင်းရှောင်ခြင်းပြုမည်မဟုတ်ပေ။
ထို့နောက် သူ၏ မျက်ဝန်းများသည် သတ်ဖြတ်လိုစိတ်များ ရစ်သီလာကာ တီးတိုးရေရွတ်လိုက်၏။
“လျှပ်စီးမျိုးနွယ်...”
လျှပ်စီးမြို့တော်တွင် လွန်ခဲ့သည့်လက ဖြစ်ပျက်ခဲ့သည့် တိုက်ပွဲများကြောင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ပြုလုပ်ကာ အလုပ်ရှုပ်နေကြသည်။
“အချိန်ကြာလာရင် ကျုပ်တို့ လျှပ်စီးနယ်မြေမှာ ခေါင်းဖော်နိုင်တော့မယ်မထင်ဘူး...”
လျှပ်စီးမျိုးနွယ်၏ လေလံအိမ်တော်သခင်ဖြစ်သည့် ရွှမ်းဝူကျိသည် ဆိုလိုက်၏။ အဖြစ်အပျက်များသည် များပြားလွန်းခဲ့သည်။
ထိုအချင်းအရာများကြောင့် လျှပ်စီးနယ်မြေရှိ ဂိုဏ်းများ၏ လေးစားမှုသည် လျော့ရဲလာ၏။
“ဘယ်လိုပဲ ဖြစ်ဖြစ် ငါတို့ရဲ့ အင်အားက ချိနဲ့သွားတာမဟုတ်ဘူး...၊ ကောင်းကင်ကျားမျိုးနွယ်က အဲ့ဒီလူကို ရှင်းလိုက်ရင် ဂိုဏ်းကြီးတွေက ငါတို့ လက်အောက်ပြန်ပြီး ခိုလှုံလာရမှာပဲ...”
အကြီးအကဲ ရွှမ်းဝူကျန်းသည် ဂရုမစိုက်သည့် လေသံနှင့် ဆိုလိုက်၏။ ထိုဂိုဏ်းများ၏ ထကြွလာမှုသည် ဟွမ်းနှင့် ပတ်သက်နေသည်။ ထို့ကြောင့် ဟွမ်းကို ရှင်းလိုက်ပါက ထိုဂိုဏ်းများ ပြန်လည်ငြိမ်သက်သွားပေမည်။
ရွှမ်းဝူကျိသည် သဘောတူဟန်နှင့် ခေါင်းညိတ်လိုက်ပြီးနောက် စိတ်ရှုပ်ထွေးစွာ ပြောလိုက်သည်။
“ဒါပေမဲ့ အဲ့ဒီလူက နယ်မြေဘုရင် တစ်ဦးကို သတ်ဖြတ်ခဲ့တာလို့ သတင်းတွေ ထွက်ပေါ်နေတယ်...”
“ဟမ့်...၊ ကျောက်စိမ်းပန်းအိမ်တော်က ငါတို့ကို သက်သက်မဲ့ ခြောက်လှန့်ဖို့ ထုတ်ထားတဲ့ သတင်းတွေပဲ...၊ ဖြစ်နိုင်မယ်ထင်နေလား...”
ရွှမ်းဝူကျန်းသည် တစ်စိုးတစ်စိမျှ မယုံကြည်သည့် လေသံနှင့် ဆိုလိုက်၏။
ဟုတ်နိုင်ပေသည်။ ထိုဂိုဏ်းများသည် သူတို့အား ဖြုတ်ချနေချင်ကြ၏။ ထို့အတွက်ကြောင့် မမှန်ကန်သည့် သတင်းများထုတ်ဖော်နေခြင်းပင်။
ထိုအချိန်တွင် သူတို့နှစ်ဦးသာ ရှိသည့် အခန်း အတွင်းတွင် တတိယမြောက် အသံတစ်ခု ဝင်ရောက်လာ၏။
“ဖြစ်ကောင်းဖြစ်နိုင်ပါတယ်...”
ရွှမ်းဝူကျန်းနှင့် ရွှမ်းဝူကျိသည် လိပ်ပြာလွင့် လုမတက် ကြောင်လန့်သွားသည်။ ထိုအသံကို ရင်းနှီးနေသောကြောင့်ပင်။
“မင်း...မင်း...၊ ဘယ်လို ဝင်ရောက်လာတာလဲ...”
ရွှမ်းဝူကျန်းသည် ထိတ်လန့်သည့် လေသံနှင့် မေးလိုက်၏။
“ဘုန်း....”
ထိုအချိန်တွင် ဝိညာဉ်သန္ဓေသားပျက်စီးကာ အသက်မဲ့နေသည့် ခန္ဓာကိုယ်တစ်ခုသည် သူတို့ရှေ့တွင်ပြုတ်ကျလာသည်။
“တမန်တော်ဟူ...”
၎င်းသည် ဟူချင်းဝမ်ဖြစ်သောကြောင့် သူတို့သည် သေလုမတက် ထိတ်လန့်သွားရ၏။
“မင်း...ငါတို့ကို မသတ်ပါဘူးလို့ မျိုးနွယ်ခေါင်းဆောင်ကို ကတိပေးထားတယ်မလား...”