← Chapters

ထူးခြားသည့်အဖွင့်မိန့်ခွန်း

Vol. 2 Ch. 18

ထူးခြားသည့်အဖွင့်မိန့်ခွန်း

Vol. 2 Ch. 18

မနက်အစောသာ ရှိသေးသော်လည်း သောင်းနှင့်ချီသည့် ကျောင်းသားများသည် ကျောက်စိမ်းဖြူ ရင်ပြင်တွင် စုဝေးနေကြပြီး ဖြစ်သည်။

အများစုသည် ကိုးပြည်ထောင်နိုင်ငံ တစ်ဝန်းရှိ ဂိုဏ်းများမှ ပါရမီရှင်များ ဖြစ်ကြပြီး ကျောင်းတော်မှနေ နှစ်စဉ် ကျင်းပမြဲဖြစ်သည့် ကန့်သတ်မဲ့ တိုက်ပွဲနှင့် ရင်ဆိုင်ရာတွင် သူတို့၏ အမူအရာများသည် ငြိမ်းအေးသည့်ဟန် ရှိမနေပါ။

ကျောင်းသား အများစုက သူတို့ မျက်စိရှေ့ရှိ ပဋိပက္ခ ဖြစ်ဖူးသူများကို တိတ်တဆိတ် အကဲဖြတ်နေကြသည်။

အချင်းချင်း အငြင်းအခုံ ဖြစ်ကာ ရန်စရှိခဲ့ဖူးသူများသည် များသောအားဖြင့် ပွဲအတွင်း၌ ရန်ဖက် ဖြစ်သွားတတ်ကြသည်။

ထိုပွဲသည် မျှမျှတတ လက်သီးဖြင့် စာရင်းရှင်းနိုင်သော ကြုံခေါင့်ကြုံခဲ အခွင့်အရေးတစ်ခု ဖြစ်သည်။ ထိုအခွင့်အရေးကို သူတို့က လက်လွှတ်ခံကြလိမ့်မည် မဟုတ်။

အတန်းတိုင်း၏ အတန်းပိုင်ဆရာ များသည် သူတို့၏ကျောင်းသားများကို စည်းကန့်နေကြပြီး အန်လင်း၏ အတန်းပိုင်ဆရာမှာ ဓားအင်မော်တယ် လင်းရှောင်သည်လည်း ရောက်ရှိနေပြီ ဖြစ်သည်။

ယခင်အတိုင်းပင် သူတို့ အတန်းပိုင်ဆရာ၏ ခါးတွင် ဓားတစ်လက် ချိတ်ဆွဲထားပြီး အဖြူရောင် ဝတ်စုံမှာလည်း လေတွင် တလှပ်လှပ် လွင့်နေသည်။

တင့်တယ်ဖျတ်လတ်သည့် သူ့ပုံရိပ်သည် အခြားအတန်းများမှ ကျောင်းသူများ အပါအဝင် အမျိုးသမီး များစွာ၏ အကြည့်များကို ဆွဲဆောင် ထားနိုင်သည်။

သူတို့၏ အတန်းပိုင်ဆရာ အပြင် ဆွဲဆောင်အား ပြင်းထန်ကြသူများမှာ တန်းခွဲ ၁ မှ အလွန်အကျွံ ပါရမီမြင့်ကာ နာမည် ကျော်ကြားလှသည့် ရွှမ်ယွမ်ချန်နှင့် စုချန်းရန် တို့ ဖြစ်ကြသည်။

သူတို့သည် ကောင်းကင်ဘုံမှ ကောင်းချီး ပေးခံထားရသူများသာ ဖြစ်ပေမည်။ တစ်ယောက်သည် အလွန်တရာ ခန့်ညားချောမောပြီး အခြားတစ်ယောက်မှာ အလွန်တရာ လှပလွန်းသည်။

သူတို့၏ ရုပ်ရည်သွင်ပြင်ကို ဘေးဖယ်ထားလျှင် တောင်မှ သူတို့၏ ပါရမီများသည် အလွန်အကျူးပင် ဖြစ်သည့်အပြင် အသက်ငယ်ငယ်နှင့်ပင် စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ ထိုသည်က မရေမတွက် နိုင်သည့် ပါရမီရှင်များကို တစ်ချိန်တည်းမှာပင် မနာလို ဝန်တိုမှု ဖြစ်စေသည်။

အန်လင်းသည်လည်း ကျောက်စိမ်းဖြူ ရင်ပြင်သို့ မနက် အစောကတည်းမှ ရောက်ရှိနေခြင်း ဖြစ်ကာ ကျောင်းသား ပင်လယ်ကြီးနှင့် မရေမတွက် နိုင်သည့် မျက်နှာသစ်တို့က သူ့အား ကြိုဆိုလျက် ရှိသည်။

ကျောင်းတော်၏ ကျယ်ဝန်းလှသည့် ဧရိယာကြောင့် ကျောင်းသား ငါးသောင်း ဆိုသည်ကို သူ မတွေးကြည့်မိဖူးပေ။ ယခုတော့ ကျောင်းသား ငါးသောင်းလုံးသည် တစ်နေရာတည်းတွင် စုစည်းနေကြပြီ ဖြစ်သည်။ ထိုမြင်ကွင်းသည် မည်မျှလောက် ရင်သပ်ရှုမောဖွယ် ဆိုသည်ကို သူနားလည် သဘောပေါက်နိုင်ပြီ ဖြစ်သည်။

ထို ငါးသောင်းရှိသည့် ကျောင်းသားများမှ ထုတ်လွှတ်နေသည့် အငွေ့အသက်သည် သူ့အား အကာအကွယ်မဲ့သည့် ပင်လယ်ပြင်ထဲတွင် ရွက်လွှင့် နေရသကဲ့သို့ ခံစားမိစေသည်။

အချိန် ခေတ္တကြာပြီးနောက် ကြည်လင်ပြတ်သားပြီး သာယာဖွယ်ရှိသည့် အသံတစ်သံသည် ကျောက်စိမ်းဖြူ ရင်ပြင်၏ အလယ်ဗဟိုမှ ထွက်ရှိလာသည်။

"ကျောင်းသားတွေ အားလုံးကို နှစ်အလိုက် ပိုင်းကန့်ထားပြီးသား ဖြစ်ပါသည် ... ယခုတစ်ဖန် ဒု-ကျောင်းအုပ် ယူဟွာအား ကန့်သတ်မဲ့ပြိုင်ပွဲ အတွက် အဖွင့်မိန့်ခွန်း ပြောကြားပေးပါရန် စင်မြင့်ပေါ်သို့ ဖိတ်ခေါ်ပါသည် ..."

ဒု-ကျောင်းအုပ် ယူဟွာသည် ပျက်ပြယ်ခြင်း အဆင့်သို့ ရောက်ရှိနေသည့် ကောင်းကင် အင်မော်တယ် တစ်ဦးဟု အန်လင်း သိထားပြီး စုစည်းညီညွတ် ကျင့်ကြံခြင်းကျောင်းတော်၏ အာဏာကို ချုပ်ကိုင်ထားသည် ဟုလည်း ကြားသိရသည်။ သူက ကျောင်းအုပ်ကဲ့သို့ ပြုမူနေပြီး ကျောင်းအုပ်တစ်ဦး လုပ်ဆောင်ရမည့် အရာအားလုံးကို ပြုလုပ်နေသည် ဟုလည်း ပြောကြသည်။

စုစည်းညီညွတ် ကျင့်ကြံခြင်း ကျောင်းတော်၏ ကျောင်းအုပ်ကိုမူ အန်လင်း ကျောင်းတော်သို့ ရောက်ရှိနေသည့် လအနည်းငယ်အတွင်း ရိပ်ခနဲတောင် မမြင်ဖူးပေ။

ကျောင်းအုပ်သည် ကျောင်းတော်တွင် မရှိဘဲ ခရီးသွားနေသည်ဟု ကြားသိရသည်။ ကံဆိုးလွန်းသည့် တချို့ ကျောင်းသားများသည် ကျောင်းတော်တွင် ရှိနေသည့် ကာလတစ်လျှောက် ကြီးမြတ်လှသည့် ကျောင်းအုပ်ကို တစ်ခါလေးမျှ မြင်ဖူးခဲ့ကြခြင်း မရှိဘဲ ကျောင်းအုပ်၏ ပုံတူပန်းချီကားကိုသာ ကြည့်မြင်ဖူးသည်ဟု ဆိုကြသည်။

မည်းနက် ထူထဲလှသည့် မျက်ခုံးနှင့် မုတ်ဆိတ်တို့ဖြင့် ဒု-ကျောင်းအုပ် ယူဟွာ၏ သွင်ပြင်မှာ ရယ်စရာ အလွန်ကောင်းသည်။

အန်လင်းက ဒု-ကျောင်းအုပ် ယူဟွာကို မြင်မြင်ချင်းမှာပင် တစ်ကိုယ်လုံး အနီနှင့် အပြာ ကိုသာ ဝတ်ဆင်ထားသည်ကို မြင်ယောင် ကြည့်မိလိုက်သည်။ တကယ်ကို မာရီယိုနှင့် တထေရာတည်းပင်။

ဒု-ကျောင်းအုပ် ယူဟွာ၏ အသွင်အပြင်မှာသာ ရယ်စရာ ကောင်းနေသော်လည်း သူပြောကြားသည့် အဖွင့်မိန့်ခွန်းမှာ အလွန်တရာ စိတ်လှုပ်ရှားဖွယ် ဖြစ်သည်။

သူက ကောင်းကင်ပေါ်တွင် ပျံဝဲနေလျက်နှင့်ပင် လက်များကို နောက်ပစ်ထားသည်။ ထိုသည်က ကောင်းကင် အင်မော်တယ်များသာ ပြုလုပ်နိုင်သည့် အရာဖြစ်သည်။

ကောင်းကင် အင်မော်တယ် ဖြစ်လာသည့်အခါတွင် လေဟာပြင်ကို လိုအပ်သလို အသုံးပြုနိုင်သည့် စွမ်းအား ရရှိလာမည် ဖြစ်သည်။ ကောင်းကင်တွင် ပျံဝဲနေခြင်းသည်လည်း ထိုစွမ်းအား၏ အသုံးဝင်မှု တစ်ခုသာ ဖြစ်သည်။

ဒု-ကျောင်းအုပ် ယူဟွာ အသံမှာ ကျယ်လောင်ခြင်း မရှိပေမဲ့လည်း ကျောင်းသားငါးသောင်း ထံသို့ သူ့စကားလုံး တစ်လုံးချင်းစီက လေကိုခွင်းကာ တိုက်ရိုက် ရောက်ရှိသည့်အပြင် နားစည်များကို ဖြတ်သန်းပြီး စိတ်ဝိညာဉ် အထိပါ ရောက်ရှိစေသည်။

ထိုသည်က တစ်ဦးအသံ တစ်ဦးကြားသည်ဆိုသော ရိုးရှင်းသည့် အသံ ထုတ်လွှင့်မှုကို ကျော်လွန်နေပြီး ထိုစွမ်းရည်တွင် 'သွန်သင်ခြင်းနှင့် ကောင်းကင်ဘုံ အပ်နှင်းခြင်း' တို့ကို အသုံးပြုထားသည်။ သူ့စကားလုံးတိုင်းတွင် 'သဘာဝနိယာမ' နှင့် 'တာအို' သဘောတရားတို့ ပါဝင်နေသည်။

ဒု-ကျောင်းအုပ် ယူဟွာ ပြောကြားသည့် အကြောင်းအရာများသည် အတော်လေး စိတ်ဝင်စားဖို့ မကောင်းပါ။ သာမန် လူတစ်ယောက်သာ ထိုကဲ့သို့ ပြောကြားလာမည် ဆိုပါက မရေမတွက် နိုင်သည့် ကျောင်းသားများ အိပ်ပျော်သွားမည်သာ။

သို့ပေမဲ့လည်း ဒု-ကျောင်းအုပ် ယူဟွာ ပြောကြားလာသည့် အခါတွင်တော့ သူပြောကြားသမျှသည် လွန်စွာ စိတ်လှုပ်ရှားစေကာ လေးနက်သည့်အသွင် ဖြစ်သွားတော့သည်။ လူတစ်ဦးတစ်ယောက် ကမျှ အိပ်ငိုက်ခြင်း အလျဉ်းမရှိ။ သူပြောသမျှ အရာအားလုံးသည် အလွန်ကို ကျိုးကြောင်း ညီညွတ်သည်သာ။

သာမန် လူတစ်ယောက်က သင့်အား 'ဟဲ့ ရေပူတွေ မသောက်နဲ့လေ ... လျှာကျက်သွားလိမ့်မယ် ...' ဟု ပြောလာသည်ဟု တွေးကြည့်ပါ။

ထိုသို့ ကြားသည်နှင့် သင်က မဆိုင်းမတွကို ဖြတ်ရိုက်ပြီး 'မင့်သောက်ပူ မဟုတ်ဘူး ...' ဟု ပြောမည်မှာ အသေအချာပင်။

ထိုအကြောင်းကိုပင် ဒု-ကျောင်းအုပ် ယူဟွာ ပြောသည် ဆိုပါစို့။ 'မင်းရေပူတွေ မသောက်နဲ့ ... လျှာအပူလောင်သွားမယ် ...' ဆိုလျှင် ရုတ်တရက်ကြီးကို အခြား အသိအမြင်များ နားလည် သဘောပေါက်လာမည် ဖြစ်သည်။

ပွက်ပွက် ဆူနေသည့် ရေ၏ အပူချိန်သည် ခံတွင်း အပူချိန်ထက် ၆၀ ဒီဂရီ ပိုများသည်။ ထိုရေနွေးပူပူကို တိုက်ရိုက် သောက်လိုက်မည် ဆိုပါက မြင့်မားလှသည့် အပူချိန်ကြောင့် လျှာပေါ်ရှိ အသားစလေးများ ပျက်စီးသွားမည် ဖြစ်သည်။

ထို့နောက် လျှာပေါ်ရှိ အာရုံခံအင်္ဂါများ ထိခိုက်ကာ နာကျင်မှုသည် အာရုံခံအင်္ဂါ အဖွဲ့အစည်းသို့ တိုက်ရိုက် ရောက်ပေလိမ့်မည်။ ထို့နောက်တွင်တော့ အာရုံခံအင်္ဂါ အဖွဲ့အစည်းသည် နာကျင်မှု အချက်ပြကို လက်ခံရရှိကာ လျှာအပူလောင်သည့် ခံစားမှုကို ဖြစ်ပေါ်စေမည်။

ထို့နောက်တွင်တော့ သင်တို့အားလုံးက အံ့အားတကြီးဖြင့် "ဒါမှ ဒု-ကျောင်းအုပ် ယူဟွာ ကွ ..."

"အရာအားလုံးတွင် ခံစားတတ်သည့်စိတ် ရှိပြီး ထိုအရာအားလုံးသည် နိယာမ ဖြစ်သည် ..."

***

ထိုနည်းတူစွာပင် ငါးသောင်းသော ကျောင်းသားတို့သည် ဒု-ကျောင်းအုပ် ယူဟွာ ပြောသမျှကို နှစ်နာရီကြာအောင် နားထောင် နေသော်လည်း ထိုစကားများထဲတွင် ယစ်မူး ပျော်ဝင်နေကြသည်။

အန်လင်းက အသိပြန်ဝင်လာသည့် အခါတွင်တော့ နှစ်နာရီကြာ မိန့်ခွင်းကို အကျဉ်းချုပ်လိုက်သည်။

ကန့်သတ်မဲ့ ပြိုင်ပွဲသည် သုံးရက်ကြာမြင့်မှာ ဖြစ်ပြီး စတုရန်း ကီလိုမီတာ တစ်ရာခန့်ရှိသော တောင်ထွတ်တစ်ထောင်၏ တောအုပ်ထဲတွင် ကျင်းပမည်ဖြစ်သည်။

ပွဲအတွင်း ပါဝင်ယှဉ်ပြိုင်မည့် သူများက တစ်ဦးတည်းသာလျှင် ယှဉ်ပြိုင်ရမည် ဖြစ်ပြီး ဆေးရည်များ တံဆိပ်တော်များ အသုံးမပြုရပါ။

တစ်ရာ့ရှစ်ယောက်သော ဆရာဆရာမများက တာဝန်ရှိသူများ အဖြစ် ပတ်ပတ်လည်တွင် စောင့်ကြည့်နေမည် ဖြစ်သည်။ ကျောင်းသား တစ်ယောက်ယောက်က စည်းမျဉ်းများကို ချိုးဖောက်ပါက အရည်အချင်း မပြည့်မီသူအဖြစ် သတ်မှတ်မည်ဖြစ်ကာ ကျောင်းထိန်းသိမ်းရေးဆောင်တွင် အလုပ်နှင့် တစ်လ ထိန်းသိမ်းခံရမည် ဖြစ်သည်။

ပြိုင်ပွဲ ရည်ရွယ်ချက်မှာ "ကျောင်းသားတစ်ဦးနှင့် တစ်ဦး အပြန်အလှန် သတ်ပုတ်စေခြင်းဖြင့် ကျင့်ကြံခြင်း ကမ္ဘာ၏ ကြမ်းကြုတ်ရက်စက်သည့် သဘာဝကို စောစီးစွာ သိရှိနိုင်စေရန်၊ 'နောက်ဆုံး ကျန်ခဲ့သူက ဘုရင်' ဆိုသည့် လောကကြီး၏ နိယာမတရားကို သိရှိနိုင်စေရန်၊ ကျောင်းသားများအား ကျင့်ကြံခြင်းအဆင့် တိုးမြင့်လာရန် အတွက် ကြိုးကြိုးစားစားနှင့် စိတ်အားထက်သန်မှု ရှိလာအောင် လှုံ့ဆောင်ပေးနိုင်ရန်"

အဓိက အချက်များကို အနှစ်ချုပ်ပြီးသည့်နောက် အန်လင်းမျက်နှာတွင် နှစ်လိုသည့် အမူအရာများ ဖုံးလွှမ်းလာသည်။

ထိုအကြောင်းအရာ နည်းနည်းလေးကို ရှင်းပြရန်အတွက် ဒု-ကျောင်းအုပ် ယူဟွာအနေဖြင့် အချိန် နှစ်နာရီကြာ မိန့်ခွန်း ပြောကြားသည်ကို အန်လင်းမှာ မယုံကြည်နိုင်ပေ။

ပို၍ ထိတ်လန့်ရသည်မှာ ဒု-ကျောင်းအုပ်သည် မိန့်ခွန်း ပြောကြားနေစဉ် တစ်လျှောက် အလွန်အမင်း တက်ကြွပြီး စိတ်အား ထက်သန်နေခြင်းပင်။

"ဒု-ကျောင်းအုပ်ရဲ့ အကျွမ်းကျင်ဆုံးက မိန့်ခွန်းပြောကြားတာ ဖြစ်မယ် ..." အန်လင်းက တီးတိုး ရေရွတ်လိုက်သည်။

စုရှောင်လန်သည်လည်း အန်လင်း၏ မှတ်ချက်စကားကို အပြတ်အသတ် ထောက်ခံသည့် အနေဖြင့် ခေါင်းညိတ်လာသည်။

ဒု-ကျောင်းအုပ် မိန့်ခွန်း ပြောကြားပြီးသည့် နောက်တွင်တော့ ဓားအင်မော်တယ်  လင်းရှောင်သည် သူ့အတန်းရှိ ကျောင်းသားတိုင်းကို ရွှေရောင်ကတ်ပြား တစ်ခုစီ ပေးဝေပြီး ထိုကတ်ပြားများကို ခန္ဓာကိုယ်တွင် သေချာစွာ ချည်နှောင်ထားရှိရန် မှာကြားသည်။

ထိုကတ်ပြားသည် ဒဏ္ဍာရီလာ ရှုံးနိမ့်ခြင်း သက်သေခံကတ်ပြား ဖြစ်သည်။ ပြိုင်ပွဲ မပြီးဆုံးခင် ကျောင်းသားများ အနေဖြင့် တိုက်ပွဲကွင်းပြင်မှ ထွက်ခွာလိုလျှင် ထိုကတ်ပြားကို အသက်သွင်းရမည် ဖြစ်သည်။

ကျောင်းသားအားလုံး ရှုံးနိမ့်ခြင်း သက်သေခံကတ်ပြား ရရှိပြီးသည်နှင့် ဒု-ကျောင်းအုပ် ယူဟွာက နောက်ထပ်တစ်ဖန် စကားပြောလာပြီး သူ့စကားလုံးများသည် လူတိုင်း နားထဲသို့ ရောက်ရှိလာပြန်သည်။

"အခုအချိန်မှစပြီး စုစည်းညီညွတ် ကျင့်ကြံခြင်းကျောင်းတော်ရဲ့ ကန့်သတ်မဲ့တိုက်ပွဲ စတင်ပြီဖြစ်ကြောင်း ကြေညာလိုက်သည် ..."

"မန္တန်ဝင်္ကပါကိုလည်း အသက်သွင်းမှာ ဖြစ်တယ် ... မကြာမီမှာ ကျောင်းသားအားလုံးက တည်နေရာ ရွှေ့ပြောင်းခံရမှာ ဖြစ်ပြီး ကျောင်းတော်ရဲ့ အမှတ် ၃ တားမြစ်နယ်မြေ ဖြစ်တဲ့ တောင်ထွတ်တစ်ထောင်ရဲ့ တောအုပ်ကို ပို့ဆောင်ခြင်းခံရမှာ ဖြစ်တယ် ... မင်းတို့ ရောက်ရှိမယ့် နေရာကို ကျပန်း ရွေးချယ်လိမ့်မယ် ... အခုကစပြီး ကြီးကျယ်ခမ်းနားတဲ့ ဒီပြိုင်ပွဲကြီးကို ပျော်ရွှင်စွာ ပါဝင် ဆင်နွှဲကြရအောင် ..."

ထိုသို့ ပြောပြီးသည်နှင့် ကျောက်စိမ်းဖြူ ရင်ပြင်တစ်ခုလုံးကို အဖြူရောင် အလင်းတန်းများက ဝါးမျိုသွားသည်။ ထို့နောက် မြေပြင်မှနေ ကြီးမားရှုပ်ထွေးသည့် မန္တန်ဝင်္ကပါတစ်ခု ပေါ်လာပြီး စတင် လည်ပတ်တော့သည်။

သူ့အမြင်အာရုံတွေ အမှောင်ကျလာပြီး သတိလစ် မသွားခင် အန်လင်းက မူးဝေလာသည်ဟု ခံစားလိုက်ရသည်။

***

သူမည်မျှကြာအောင် သတိလစ်သွားသည် မသိဘဲ ဖြည်းညင်းစွာ အသိပြန်ဝင် လာခဲ့သည်။

သူ့မျက်ဝန်းများ ဖွင့်လိုက်သည့်အခါ တိမ်တိုက်များကြား ဓားများကဲ့သို့ ထိုးဖောက်နေသည့် မရေမတွက် နိုင်သော တောင်ထွတ်ပေါင်း များစွာက ဆီးကြိုနှုတ်ဆက် နေသည်။

တောင်ထွတ်များ ပတ်ပတ်လည် ဝန်းရံနေသည့် နေရာတွင် အဝါရောင် ကုန်းမြေတစ်ခု ရှိသည်။

ထိုကုန်းမြေတွင် အစိမ်းရောင် အနည်းငယ်မျှသာ ရှိပြီး အများစုကို ကွဲအက်နေသည့် ကျောက်တုံးများဖြင့် ဖုံးလွှမ်းထားသည်။ ညှို့မှိုင်းကာ စိတ်ဓာတ်ကျစရာ ခံစားမှုကို ပေးစွမ်းနေသည်။

အန်လင်းက မြေပြင် တစ်နေရာတွင် မတ်တတ်ရပ်နေပြီး ကောင်းကင်သို့ မော့ကြည့်လိုက်သည့်နောက် ပြာဖျော့ဖျော့ အကာအကွယ် တစ်ခုရှိနေသည်ကို တွေ့လိုက်ရသည်။

အဲဒါက ပြိုင်ပွဲနယ်နမိတ်စည်း ဖြစ်ရမယ်။ အဲဒီစည်းထဲမှာပဲ ယှဉ်ပြိုင်ရဖို့ ခွင့်ပြုထားတာ နေမယ်။

ထိုအချိန်တွင်ပင် အန်လင်းစိတ်ထဲတွင် တချွင်ချွင် မြည်သံ ထွက်ပေါ်လာသည်။

အရမ်းကို ရင်းနှီးနေတဲ့ အသံပါလား ... အဲ ... စနစ်က လာတာဟ ...

အန်လင်းက စစ်နတ်ဘုရား စနစ်ကို အလျင်အမြန် ဖွင့်ကာ စနစ်သွင်ပြင်ကို တက်ကြွစွာ ကြည့်လိုက်သည်။

ဟမ် ... အထူးစစ်ဆင်ရေး ကဏ္ဍက မီးလင်းနေပါပေါ့လား။

ယခင်က စစ်နတ်ဘုရား စနစ်သို့ ကြည့်သည့်ခါတိုင်း ထို 'အထူးစစ်ဆင်ရေး' ကဏ္ဍသည် မီးခိုးရောင်သာ ရှိနေသေးသည်။ အခုလို ရုတ်တရက်ကြီး မီးလင်းလာမည်ဟု မည်သူက ထင်မှာတဲ့လား။

အထူးစစ်ဆင်ရေးကို ဖွင့်လိုက်သည်နှင့် ချက်ချင်းဆိုသလို စာကြောင်းတစ်ကြောင်းသည် မျက်စိရှေ့တွင် ပေါ်လာခဲ့သည်။

"လက်ခံသူသည် တောင်ထွတ်တစ်ထောင်တောအုပ်ထဲသို့ ဝင်ရောက်ပြီးစီးကြောင်း ထောက်လှမ်းမိပါသည်။ စစ်ဆင်ရေး တာဝန်မှာ …"

"ယခုပြိုင်ပွဲတွင် လက်ခံသူသည် အသစ်ရေးဆွဲမည့် အင်မော်တယ် အဆင့်ဇယားတွင် နံပါတ်စဉ်အဖြစ် ပါဝင်ရမည် ဖြစ်သည် ..."

"စစ်ဆင်ရေး အောင်မြင်ပါက - မှော်ရတနာတစ်ခု ကံစမ်းခွင့် ရရှိမည် ဖြစ်သည် ..."

"စစ်ဆင်ရေး ကျရှုံးပါက - ဆယ်ရက်ကြာ ဝမ်းလျှောခြင်းကို ခံစားရမည် ဖြစ်သည် ... (တောင်စိတ်အဆီအနှစ် မျိုချသည်ထက် ပြင်းထန်လိမ့်မည် ဖြစ်သည် ...)"

"မှတ်ချက် - စစ်ဆင်ရေးကို ငြင်းပယ်ခွင့် မရှိပါ ..."

အန်လင်းက သူ့ရှေ့ရှိ အထူးစစ်ဆင်ရေးကို ငေးငိုင်ကာ ကြည့်နေမိသည်။ သူ့မျက်ဝန်းတွင်လည်း မျက်ရည်များ ဝဲတက်လာသည်။

ဘာ ... အသစ်ရေးဆွဲမယ့် အင်မော်တယ် အဆင့်ဇယားမှာ နံပါတ်စဉ် ချိတ်ရမယ် ဟုတ်လား ...

ပါရမီရှင် ကျောင်းသား ငါးသောင်းလောက်နဲ့ တိုက်ခိုက်ပြီး ထိပ်ဆုံး တစ်ရာထဲက တစ်ယောက် ဖြစ်စေချင်နေတယ်ပေါ့ ... အေး ... တိုက်ခိုက်ရင်း သေသွားရင်တောင် ဖြစ်လာမှာ မဟုတ်ဘူးဟေ့ ...

ဆယ်ရက်ဆက်တိုက် ဝမ်းလျောမယ် …

ဒါက ပိုတောင် ကြောက်ဖို့ကောင်းပါသေးတယ်ဗျာ ...

သုံးရက်ဆက်တိုက် ဝမ်းလျောခြင်း အတွေ့အကြုံကြောင့် အန်လင်းက ထိုဝမ်းလျှောခြင်းသည် မည်မျှလောက် ကြောက်ဖို့ ကောင်းသည်ကို သိရှိခဲ့ပြီး ဖြစ်သည်။

အဲဒါကို ဆယ်ရက်ဆက်တိုက် ဝမ်းလျောဖို့ ပြောနေသေးတယ်တဲ့လား။

သေခိုင်းတာကမှ ကောင်းပါဦးမယ် ခင်ဗျာ ...

***

All Chapters