နိုးထလာခြင်း
Vol. 159 Ch. 2264
ရီဖူရှင်းသည် နက်ရှိုင်းစွာ အိပ်မောကျခြင်း အခြေအနေသို့ ရောက်ရှိနေခဲ့သည်ါ သူသည် ကိုယ်တိုင်၏ အခြေအနေကို မေ့လျော့နေပြီး ကြယ်ကောင်းကင်၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာပုံရလေသည်။ အခြားစကားနှင့်ဆိုရလျှင် သူက ကြယ်ကောင်းကင်ပင် ဖြစ်၏။
သူက စီဝေ့မဟာအင်ပါယာ၏ စွမ်းအားကို ဆက်ခံသည့်အခါ သူ့စိတ်ဝိညာဥ်က ကြယ်ကောင်းကင်နှင့် ပေါင်းစပ်သွားပြီး ၎င်းနှင့် တသားတည်းဖြစ်လာပေသည်။ ထို့ကြောင့် အင်ပါယာရှီနှင့် အခြားလူများသည် ကြယ်ရောင်များက ရီဖူရှင်း၏ စိတ်ဝိညာဥ် ထိခိုက်သွားသည်ကို ကုစားပေးနေသည်အား ခံစားမိနိုင်ပေသည်။ သူတို့သည် သူ ယခင်က မည်သည်တို့ကို တွေ့ကြုံခဲ့ရကြောင်း မသိကြပေ။ ထို့ကြောင့် ယခုအဖြစ်ကြောင့် သူတို့က အံ့အားသင့်နေကြသည်။
သို့ဆိုလျှင်ပင် ရီဖူရှင်းသည် နက်ရှိုင်းသည့် အိပ်စက်ခြင်းအခြေအနေသို့ ကျရောက်နေခဲ့သည်။ သူ ဤတစ်ကြိမ်ရရှိခဲ့သည့် ဒဏ်ရာများမှာ အလွန် များပြားလှပြီး သူက အချိန်တိုအတွင်း ပြန်လည်ကောင်းမွန်ရန် မဖြစ်နိုင်ပေ။
အင်ပါယာရှီနှင့် အခြားလူများက ကြယ်ကောင်းကင်၌ ကျင့်ကြံနေခဲ့ကြသည်။ တစ်ချိန်တည်းတွင် စီဝေ့အင်ပါယာနန်းတော်၏ ကျင့်ကြံသူများက နန်းတော်နှင့် ကောင်းကင်အာဏာစက်ဘုံကို ဆက်သွယ်ရန် အာကာသခရီးသွားဝင်္ကပါကို တည်ဆောက်ရန် အလုပ်များနေခဲ့သည်။
ချိပ်စည်းက ကျိုးပျက်သွားပြီး ယခု စီဝေ့အင်ပါယာနန်းတော်က အပြင်လောကနှင့် အဆက်အသွယ် ပြုလာပြီဖြစ်သည့်အတွက် စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် အပြင်လောကသို့ သွားရောက် စူးစမ်းလေ့လာလိုကြပေသည်။ ရီဖူရှင်းက စီဝေ့အင်ပါယာနန်းတော်၏ နန်းတော်သခင်ဖြစ်ပြီး ကောင်းကင်အာဏာစက်ဘုံ၏ အဓိကပုဂ္ဂိုလ်လည်း ဖြစ်သည်။ ထို့ကြောင့် ထိုနေရာနှစ်ခုက ဆက်သွယ်ကာ အားကောင်းသည့် မဟာမိတ်ဖြစ်လာမည်မှာ သေချာပေါက်ပင် ဖြစ်သည်။
အနာဂတ်တွင် ရီဖူရှင်းသည် အရှင်ဒွန်ဟောင်ကို အစားထိုး၍ မူလဘုံကို အုပ်စိုးနိုင်ပေလိမ့်မည်။
သို့သော် ယခုတွင် သူတို့၏ တာဝန်မှာ အပြင်ဘက်လောကမှ ရောက်လာသော ကျင့်ကြံသူများကို အရင် ရင်ဆိုင်ကြရမည် ဖြစ်သည်။
အချိန်က ကုန်ဆုံးသွားသည်။ ဘုံနှစ်ခုကို ဆက်သွယ်ပေးထားသည့် ဖြတ်လမ်းကြောင်းက မည်သည့်အချိန်၌ ပြီးစီးသွားမည်ကို မသိပေ။
ယနေ့တွင် ကောင်းကင်အာဏာစက်ကျောင်းတော်၌ အစွမ်းထက် ကြယ်ကောင်းကင် အာကာသခရီးသွားဝင်္ကပါပေါ်တွင် ကျင့်ကြံသူများစွာ ရပ်နေကြသည်။ အလင်းရောင်က လင်းလက်လာသောအခါ နတ်အလင်းတန်းတစ်ခုက ကောင်းကင်သို့ ထိုးထွက်လာပြီး လေဟာနယ်ဖြတ်လမ်းတစ်ခု ဖြစ်တည်လာသည်။
နောက်တခဏတွင် ကြယ်ကောင်းကင် အာကာသခရီးသွားဝင်္ကပါ၌ ရပ်နေသော လူများအားလုံး ပျောက်ကွယ်သွားလေသည်။ ကောင်းကင်အာဏာစက်ကျောင်းတော်အပြင်ဘက်ရှိ ကျင့်ကြံသူများအားလုံးသည် ထိုမြင်ကွင်းကို မြင်လိုက်ပြီးနောက် ကျင့်ကြံသူများ အားလုံး၏ နှလုံးသားများက တုန်ယင်လာသည်ကို ခံစားမိကြပေသည်။ ကောင်းကင်အာဏာစက်မြို့အတွင်းမှ လူများသည် ထိုဖြစ်ရပ်ကြောင့် ပို၍ပင် ထိတ်လန့်အံ့အားသင့်နေကြသည်။ ထိုကျင့်ကြံသူများက စီဝေ့ကြယ်ကမ္ဘာသို့ သွားခဲ့ကြသည်လား။
သူတို့သည် စီဝေ့မဟာအင်ပါယာ တည်ထောင်ခဲ့သော ဒဏ္ဍာရီဆန်သည့် စီဝေ့ကြယ်ကမ္ဘာက မည်သည်နှင့်တူသည်ကို သိချင်နေကြပေသည်။ အနာဂတ်တွင် သူတို့က ထိုနေရာသို့ သွားရောက်ရန် အခွင့်အရေး ရလာနိုင်လိမ့်မည်လား။
ကောင်းကင်အာဏာစက်ကျောင်းတော်၏ ကျင့်ကြံသူများ ပြန်လည်ထွက်ပေါ်လာသည့်အခါ သူတို့က စီဝေ့အင်ပါယာနန်းတော်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
အရှင်ထိုက်ရွှမ်နှင့် အခြားလူများ၏ ပုံရိပ်တို့က စီဝေ့အင်ပါယာနန်းတော်၌ ပေါ်ပေါက်လာသောအခါ အရှင်ထိုက်ရွှမ်သည် သူ့ရှေ့၌ တည်ဆောက်ထားသော ခမ်းနားထည်ဝါသည့် အဆောက်အဦးကို ကြည့်လိုက်ကာ အနည်းငယ် စိတ်လှုပ်ရှားသည်ကို ခံစားလိုက်ရသည်။ သူသည် နောက်ဆုံးအကြိမ်က အခြားသူများနှင့် ဤနေရာကို မလာခဲ့ပေ။ ထို့ကြောင့် ၎င်းသည် စီဝေ့ကြယ်ကမ္ဘာကို အုပ်စိုးသည့် အင်အားစုဆီသို့ လာရောက် လည်ပတ်သည့် ပထမဆုံးအကြိမ် ဖြစ်သည်။ ယခု ရီဖူရှင်းသည် စီဝေ့အင်ပါယာနန်းတော်သခင် ဖြစ်နေပေသည်။
"နှုတ်ဆက်ပါတယ် ရန်ဟောင်ချန်း။" ရန်ဟောင်ချန်းက သူတို့ဘက်သို့ လျှောက်လာသည်ကို မြင်သည့်အခါ အရှင်ထိုက်ရွှမ်နှင့် ကျန်သည့်သူများက ခေါင်းညိတ်ရင်း အရိုအသေပေးကာ နှုတ်ဆက်လိုက်သည်။ သူတို့သည် ကျင့်ကြံခဲ့သည့်နှစ်များဖြစ်စေ ရောက်ရှိနေသည့် ကျင့်ကြံဆင့်၌ဖြစ်စေ နှိုင်းယှဥ်ရန် မှေးမှိန်နေပေသည်။ အရှင်ထိုက်ရွှမ်သည်ပင် ရန်ဟောင်ချန်းကို လေးစားမှုပြရန် လိုအပ်သည်။
"အားလုံးကို ကြိုဆိုပါတယ်။" ရန်ဟောင်ချန်းက အပြုံးနှင့် ခေါင်းညိတ်လိုက်သည်။ "စီဝေ့အင်ပါယာနန်းတော်မှာ စိတ်ကြိုက်လျှောက်ကြည့်လို့ရပါတယ်။"
သူက ပြောပြီးသည်နှင့် ပြန်လှည့်ကာ လမ်းပြပေးလိုက်သည်။ အရှင်ထိုက်ရွှမ်နှင့် အခြားလူများက သူ့နောက်သို့ လိုက်ပါကာ စီဝေ့အင်ပါယာနန်းတော် တစ်ဝိုက် လျှောက်ကြည့်လိုက်ကြသည်။ ထို့နောက် အရှင်ထိုက်ရွှမ်က မေးလိုက်သည်။ "ဖူရှင်း ပြန်မကောင်းလာသေးဘူးလား။"
ရန်ဟောင်ချန်းက ပြန်ဖြေလိုက်သည်။ "သူက ကြယ်ကောင်းကင်နယ်မြေမှာ ကျင့်ကြံနေဆဲပဲ။ ဒါပေမယ့် ခင်ဗျားတို့ စိတ်ပူဖို့မလိုပါဘူး။ သူက တဖြေးဖြေး သက်သာလာနေပါပြီ။ သူ့ရဲ့ ထိခိုက်သွားတဲ့ စိတ်ဝိညာဥ်ကလည်း ပြန်သက်လာနေပြီ။ ဘာပြဿနာမှ မရှိလောက်တော့ဘူး။"
အရှင်ထိုက်ရွှမ်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ "သူ့ဆီ သွားလည်ကြရအောင်။ ကျုပ်လည်း ကြယ်ကောင်းကင်ကျင့်ကြံရေးနယ်မြေကို သွားကြည့်ချင်သေးတယ်။ ကျုပ် အဲဒီနေရာကို သွားမလည်ရသေးဘူး။ မဟာအင်ပါယာရဲ့ စွမ်းအားကို အတွေ့အကြုံယူရအောင် ခွင့်ပြုပေးပါလား။"
"ကောင်းပါပြီ။" ရန်ဟောင်ချန်းက အပြုံးနှင့် ပြောလိုက်သည်။ "သွားကြစို့။"
သူတို့က ပြောပြီးသည်နှင့် ကြယ်ကောင်းကင်ကျင့်ကြံရေးနယ်မြေကို သွားရန် စီဝေ့နတ်နန်းတော်သို့ ဝင်ရောက်သွားခဲ့ကြသည်။
သူတို့ ရောက်လာသည့်အခါ အင်ပါယာရှီ၊ ဆေးအင်ပါယာနှင့် မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်တို့လည်း ရှိနေသည်ကို သတိပြုမိလိုက်ကြသည်။ ရီဖူရှင်း၏ ခန္ဓာကိုယ်က ကြယ်ကောင်းကင်၌ မျောလွင့်နေပြီး ကြယ်အလင်းများနှင့် လွှမ်းခြုံခံထားရသည်။ သူသည် နတ်အလင်းရောင်တို့ဖြင့် ကောင်းချီးပေးခံထားရသလို ထင်မှတ်ရပေသည်။
အင်ပါယာရှီနှင့် သူ့လူများကဲ့သို့ပင် အရှင်ထိုက်ရွှမ်နှင့် ကျန်သည့်လူများသည်လည်း ထိုမြင်ကွင်းကြောင့် အံ့အားသင့်ထိတ်လန့်သွားကြသည်။ ရီဖူရှင်းသည် အမှန်တကယ်ပင် ကြယ်အလင်းရောင်များဖြင့် သူ၏ စိတ်ဝိညာဥ်ကို ပြန်လည်ပြုပြင်နေသည်လား။
ထိုအခိုက်အတန့်တွင် ရီဖူရှင်း၏ ခန္ဓာကိုယ်က ဖြေးညင်းစွာ လှုပ်ရှားလာသည်။ သူ့မျက်လုံးများက ပွင့်ဟလာပြီး ၎င်းတို့မှ တောက်ပသည့် အလင်းတို့ ဖြာထွက်လာပေသည်။ ကြယ်ရောင်ကမ္ဘာက သူ၏ မျက်လုံးများထဲတွင် ရှိနေသလို ထင်မှတ်ရသည်။ သူက အစပိုင်း လဲလျောင်းနေသည့် အနေအထားမှ ထရပ်လာပြီး အလွန် လန်းဆန်းနေသလို ခံစားရသည်။ သူ၏ စိတ်ဝိညာဥ်က ထိုတိုက်ပွဲကြီးပြီးသည့်နောက် ပို၍ အားကောင်းသန်မာလာပုံရသည်။ သူ၏ စိတ်ဝိညာဥ်က ယခု ပိုမို ကောင်းမွန်လာရုံသာမက ထိုတိုက်ပွဲက သူ့အတွက် ကောင်းချီးတစ်ခုကဲ့သို့ ထင်မှတ်ရပေသည်။
"သူ နိုးလာပြီ။" တစ်စုံတစ်ယောက်က မှတ်ချက်ချလိုက်သည်။ ကောင်းကင်အောက်မှ လူများက သူ နိုးထလာသည်ကို မြင်သောအခါ သူတို့၏ မျက်နှာထက်တွင် အပြုံးများ ပေါ်ပေါက်လာသည်။ သူက သူတို့ မျှော်လင့်ထားသည်ထက် စောစီးစွာ နိုးထလာခဲ့ပေသည်။ ဤသို့ ပြင်းထန်သော တိုက်ပွဲကို တွေ့ကြုံပြီးနောက်၌ပင် သူက ထိုမျှ အချိန်တိုအတွင်း နိုးထလာနိုင်ပေသည်။ မျှော်လင့်ထားသည့်အတိုင်းပင် ဤကြယ်ကမ္ဘာက အမှန်တကယ် အံ့အားသင့်ဖွယ် ကောင်းလှသည်။
ရီဖူရှင်းက လူအုပ်ကြီးထံ မျောလွင့်သွားသည်။ သူက အင်ပါယာရှီနှင့် အခြားလူများကို မြင်သည့်အခါ အရိုအသေပေးလိုက်သည်။ ထို့နောက် သူက အရှင်ထိုက်ရွှမ်က ပြောလိုက်သည်။ "အရှင်ထိုက်ရွှမ်လည်း ရောက်နေတာပဲ။"
"အင်း။" အရှင်ထိုက်ရွှမ်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ရန်ဟောင်ချန်းက စီဝေ့အင်ပါယာနန်းတော်နဲ့ ကောင်းကင်အာဏာစက်ကျောင်းတော်ကို ဆက်သွယ်ဖို့ ကြယ်ကောင်းကင် အာကာသခရီးသွားဝင်္ကပါကို တည်ဆောက်ဖို့ သူ့လူတွေကို အမိန့်ပေးခဲ့တယ်။ ကျုပ်လည်း မကြာသေးခင်ကမှ ရောက်လာတာ။ မင်း အခု နိုးလာမယ်လို့ ထင်မထားမိဘူး။"
ရီဖူရှင်းက အရှင်ထိုက်ရွှမ်၏ စကားများကို ကြားသောအခါ ကျေနပ်အံ့အားသင့်သွားပေသည်။ ဤသည်မှာ သူ ဆန္ဒရှိခဲ့သော အရာပင် ဖြစ်သည်။ သူက ခေါင်းညိတ်ကာ ရန်ဟောင်ချန်းကို ပြောလိုက်သည်။ "ကြိုးစားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ။"
"နန်းတော်သခင်က ယဥ်ကျေးလွန်းနေပါပြီ။ ကျုပ် လုပ်ရမယ့် အလုပ်ကို လုပ်ခဲ့တာပါ။" ရန်ဟောင်ချန်းက တုံ့ပြန်လိုက်သည်။
"ကျွန်တော် သတိလစ်မသွားခင် ဆရာသခင် ရောက်လာခဲ့တာလား။" ရီဖူရှင်းက မေးလိုက်သည်။ တိုက်ပွဲအတွင်း သူက ဆရာသခင် ရောက်လာသည့်အခါမှ သတိလစ်သွားခြင်း ဖြစ်သည်။ သူက သူ့ကိုယ်သူ အလွန်အကျွံ ပင်ပန်းသွားအောင် လုပ်ဆောင်ခဲ့မိပေသည်။ ထို့ပြင် သူသည် ထိုက်ချူသူတော်စင်အင်ပါယာထံမှ ပြက်းထန်လှသည့် တိုက်ခိုက်မှုကို ခံယူခဲ့ရပေသည်။ သူ၏ ခန္ဓာကိုယ်က ၎င်းကို ခံနိုင်ရည်မရှိခဲ့ဘဲ သတိလွတ်သွားခဲ့ခြင်း ဖြစ်သည်။
"အင်း" လီချန်ရှန်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ဖူရှင်း မင်းက တကယ်ကို ကံကောင်းတဲ့သူပဲ။ မင်း ရှန်ချင်းနယ်မြေကို ရောက်သွားပြီးတော့ လေးမျက်နှာကျေးရွာကို ဝင်ရောက်နိုင်ခဲ့တယ်။ ပြီးတော့ ဆရာသခင်နဲ့ ရင်းနှီးမှုလည်း တည်ဆောက်နိုင်ခဲ့တယ်။ ကျုပ်တို့ ခန့်မှန်းချက်အရတော့ ဆရာသခင် အရင်တုန်းက မဟာအင်ပါယာအဆင့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့လိမ့်မယ် ထင်တယ်။"
"မဟာအင်ပါယာအဆင့်လား။" ရီဖူရှင်း၏ နှလုံးသားက အနည်းငယ် တုန်ယင်သွားခဲ့သည်။ ဆရာသခင်က ယခင်အချိန်များတွင် မဟာအင်ပါယာ ဖြစ်ခဲ့သည်လား။
သို့သော် ဆရာသခင်က ထိန်းချုပ်ကန့်သတ်မှုအောက်၌ ရှိနေကြောင်း ပြောခဲ့သည်။ အတိအကျ မည်သည်တို့ ဖြစ်ခဲ့သနည်း။
သူက လေးမျက်နှာကျေးရွာ၏ ဘိုးဘေးပေလား။ လေးမျက်နှာမဟာအင်ပါယာ ဖြစ်နိုင်သလား။
"အရင်တုန်းက ကျုပ်ကို လေးမျက်နှာကျေးရွာဆီ သွားစေချင်တာ စီနီယာအစ်ကိုပါ။ ဒါကြောင့် စီနီယာအစ်ကိုကို ကျေးဇူးတင်ရမှာပါ။" ရီဖူရှင်းက လီချန်ရှန်းကို ပြောလိုက်သည်။ "ဆရာသခင်က လောကရဲ့ အရေးကိစ္စတွေနဲ့ မပတ်သတ်တဲ့ ဒဏ္ဍာရီပုဂ္ဂိုလ်တစ်ယောက်ပဲ။ ကျွန်တော်လည်း သူ့ရဲ့ အဆင့်အတန်း အစစ်အမှန်နဲ့ ပတ်သတ်ပြီး မသေချာဘူး။ ဒါပေမယ့် ဆရာသခင်က ကျွန်တော့်အပေါ် အရမ်းကောင်းခဲ့တယ်။"
ဤနှစ်များတလျှောက်အတွင်း လေးမျက်နှာကျေးရွာမှ ကျင့်ကြံသူပေါင်းများစွာ ထွက်ခွာသွားခဲ့ပြီး အန္တရာယ်ရှိသော အခြေအနေများနှင့် ရင်ဆိုင်တွေ့ကြုံခဲ့ရသည်။ အများစုက သတ်ဖြတ်ခြင်းကိုပင် ခံခဲ့ကြရ၏။ သို့သော် ဆရာသခင်သည် တစ်ကြိမ်တစ်ခါမှ ဝင်မပါခဲ့ဖူးပေ။ ဤတစ်ကြိမ်၌ သူက မူလဘုံတွင် အန္တရာယ်ကြုံတွေ့ရသောအခါ ဆရာသခင်က အမှန်တကယ် ဘုံနှစ်ခုကို ကူးသန်း၍ သူ့အား ကယ်တင်ခဲ့ပေသည်။ ဆရာသခင်သည် ကောင်းကင်ဒေသ၏ ရှန်ချင်းနယ်မြေမှ မူလဘုံသို့ တိုက်ရိုက်ရောက်လာခဲ့သည်။
လူတိုင်းက ခေါင်းညိတ်ကာ သဘောတူလိုက်သည်။ ဆရာသခင်သည်လည်း ရီဖူရှင်းက ထူးခြားသည်ဟု သိရှိခဲ့ခြင်း ဖြစ်နိုင်ပေသည်။
"မူလဘုံက အခု ဘယ်လိုလဲ။" ရီဖူရှင်းက မေးလိုက်သည်။ အရှင်ထိုက်ရွှမ်နှင့် အခြားလူများ ဤနေရာသို့ ရောက်နေသည်အား ကြည့်လျှင် သူတို့က အခက်အခဲများကို ဖြေရှင်းခဲ့ပြီး ဖြစ်ပေလိမ့်မည်။ သို့သော် သူက ယခု မည်သည့်အခြေအနေ ဖြစ်နေကြောင်း မသိပေ။
အရှင်ထိုက်ရွှမ်က ရှင်းပြလိုက်သည်။ "တိုက်ပွဲပြီးတဲ့နောက် ဆရာသခင်က လူတိုင်းကို ထိတ်လန့်သွားစေခဲ့တယ်။ မင်းသမီးဒွန်ဟောင်လည်း ရောက်လာပြီးတော့ သူမရဲ့ ရောက်ရှိလာမှုက ကောင်းကင်ဒေသရဲ့ ကျင့်ကြံသူတွေကို ထိန်းထိန်းသိမ်းသိမ်း ဖြစ်သွားစေတယ်။ ပြီးတော့ ဘယ်သူမှ ပြဿနာမလုပ်ရဲကြတော့ဘူး။ မူလဘုံက အင်အားစုတွေ တစ်စုပြီးတစ်စု ကျောင်းတော်ကို ရောက်လာပြီး တောင်းပန်ကြတယ်။ အခု ကျုပ်တို့က မင်းပြန်လာပြီး သူတို့ကို ဘာလုပ်မလဲ ဆုံးဖြတ်လို့ရအောင် စောင့်နေတာ။" အရာအားလုံးက ရီဖူရှင်းကြောင့် ဖြစ်ပွားခဲ့ရသည့်အတွက် သူတို့က ရီဖူရှင်း၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်ပေသည်။
ရန်သူအင်အားစုများသည် အမြဲတစေ ရီဖူရှင်းကို သတ်ဖြတ်ရန် ပစ်မှတ်ထားခဲ့ကြသည်။ ထို့ကြောင့် အရှင်ထိုက်ရွှမ်နှင့်အခြားလူများက သူ့အတွက် ဤပြဿနာကို အဆုံးအဖြတ်ပေးရန် အရည်အချင်း မပြည့်မီပေ။ အရာအားလုံးက သူ့အပေါ်တွင် မူတည်နေခဲ့ပေသည်။ သူ၏ ဆုံးဖြတ်ချက်အား သူတို့က ထောက်ခံအားပေး ပေလိမ့်မည်။
"သူတို့က လာတောင်းပန်တာလား။" ရီဖူရှင်း၏ မျက်လုံးများထဲ၌ အေးစက်မှုများ ပေါ်ပေါက်လာသည်။ သူတို့ကို မည်သို့ ဖြစ်၍ ထိုမျှ အလွယ်တကူ လွှတ်ပေးနိုင်ပါမည်နည်း။
***