မင်းက အရမ်း နာမည်ကျော်တာပဲ... ကောင်းကောင်းဆုံးမပေးဖို့ လိုအပ်နေသေးတယ်
Vol. 2 Ch. 19
ခေတ္တကြာပြီး နောက်တွင်တော့ အန်လင်းက ထိုရက်စက်လွန်းသည့် အမှန်တရားကို လက်ခံ လိုက်ရတော့သည်။
ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် ငါက သေမှာပဲလေ... အဲဒီတော့ မသေခင်လေး နည်းနည်းတော့ ရုန်းကန်လိုက်တာပေါ့ကွယ်...
တောင်ထွတ် တစ်ထောင် တောအုပ်၏ မြင်ကွင်းသည် အလွန် မှုန်မှိုင်းလွန်းသည်။ မြေဝါ မြေသားများနှင့် ကွဲကြေနေသည့် ကျောက်တုံးများက နေရာအနှံ့ ပြည့်နှက်နေပြီး ကောင်းကင်သို့ ထောင်တက်နေသည့် တောင်ထွတ်များစွာနှင့် ထိုနေရာသည် ဗလာကျင်းနေသည်။
"အာ.... တိုက်ခိုက်တာ အပြင် ဒီပွဲမှာ တခြားစိတ်ဝင်စားဖို့ ကောင်းတာလေးများ မရှိဘူးလား မသိဘူး..." အန်လင်းက လက်နောက်ပစ်ကာ ပတ်ဝန်းကျင်တစ်ခွင် ရည်ရွယ်ချက်မရှိ လှည့်ပတ်ကြည့်နေသည်။
စတုရန်းကီလိုမီတာ ရာပေါင်းများစွာရှိ တောင်ထွတ် တစ်ထောင် တောအုပ်အနှံ့ ကျောင်းသား ငါးသောင်းလုံး ပြန့်ကျဲနေသည်။ ကျောင်းသား တစ်ယောက်သည် အခြားတစ်ယောက်နှင့် တွေ့လိုပါက ရှေ့ဆက် လျှောက်ရမည်သာ ဖြစ်သည်။
ခေတ္တမျှ လမ်းလျှောက်ပြီးတဲ့နောက် သူ့ရှေ့နားတွင် တိုက်ပွဲဖြစ်နေသည့် အသံတစ်ခုကို ကြားလိုက်ရသည်။ မရပ်မနား မန္တန် ရွတ်ဆိုသံများနှင့် နာကျင်စွာ အော်ဟစ်သံများက ရံဖန်ရံခါ ထွက်ပေါ်လာသည်။
အန်လင်းက အလျင်အမြန် သွားကြည့်လိုက်သည့် နောက် မြင်လိုက်ရသည်မှာ …
ကျောင်းသား တစ်ယောက်က မြေပြင်တွင် လဲကျနေပြီးနောက် ရွှေရောင် အကာအကွယ်တစ်ခု ပေါ်လာကာ သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်။
ဟမ့်... အဲဒီတော့ ရှုံးနိမ့်ခြင်း သက်သေခံကတ်ပြား အသက်ဝင်လာရင် ဒီလိုမျိုး ဖြစ်တယ်ပေါ့...
အန်လင်းက ကျောက်တုံးနောက်တွင် ပုန်းကွယ်နေကာ တိုက်ပွဲမြေပြင်ကို ချောင်းကြည့်နေသည်။
သောက်ခွေး.... အရမ်းကို လူမဆန်တာပဲဟ...
မြေပြင်မှာ လဲနေတဲ့ လူကို ကြည့်လိုက်ပါဦး... သူက ခဏခဏ ထိခိုက်နေတာ မဟုတ်ဘူးလား...
ရှုံးနိမ့်ခြင်း သက်သေခံ ကတ်ပြားက အခုလို ထပ်ကာထပ်ကာ အရိုက်ခံပြီး ဒဏ်ရာရမှ အသက် ဝင်လာတာလားဟ...
အန်လင်းက ကြည့်မိလေလေ ကြောက်ရွံ့ ထိတ်လန့်လာလေလေ ဖြစ်သည်။ ကြောက်ဖို့ ကောင်းလိုက်တာ... ဒီပြိုင်ပွဲက အရမ်းကို ကြောက်ဖို့ ကောင်းလိုက်တာ... ထိုတစ်ချိန် တည်းမှာပင် အန်လင်းက လွတ်မြောက်ဖို့ရာ ပြင်းပြသည့်ဆန္ဒ ဖြစ်ပေါ်နေပြီ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ထူးဆန်းပြီး ပုံမှန်မဟုတ်သည့် သင်္ကေတများစွာသည် ရွှေရောင် အကာအကွယ်ပေါ်တွင် ပေါ်လာသည်။
ချက်ချင်း ဆိုသလိုပင် ဒဏ်ရာရနေသည်သူ ပျောက်ကွယ် သွားသည်။ တောင်ထွတ်တစ်ထောင် တောအုပ် အပြင်ဘက်သို့ တည်နေရာ ရွှေ့ပြောင်းခြင်း ခံလိုက်ရပုံပင်။
အနိုင်ရရှိသည့် အမျိုးသားသည် အောင်ပွဲခံသည့် အပြုံးကို ပြုံးပြီးနောက် သူ့အနီရောင်ဓားကို အချိန်အတော်ကြာ ဝှေ့ယမ်းပြီးနောက် နေရာတစ်ခုသို့ ဦးတည် လျှောက်လှမ်းနေသည်။
အန်လင်းက ချမ်းစိမ့်စိမ့် ဖြစ်လာကာ သူ့နှလုံးသားထဲမှနေ မကောင်းသည့် ခံစားမှုများ မြင့်တက်လာသည်။
“ကျောက်တုံးနောက်က ကောင်... ပုန်းနေတာ တော်လိုက်တော့... မင့်ကိုငါ အစောကတည်းက တွေ့ပြီးသား...”
ထိုလူက အန်လင်း ပုန်းနေသည့် နေရာကို တည့်တည့် ကြည့်လာသည်။
ထိုသည်ကို ကြားလိုက်သည့်အခါ အန်လင်းက ရွေးချယ်စရာ မရှိတော့သဖြင့် ထိုလူရှေ့ မထွက်ခင် ကိုယ့်ကိုယ်ကိုယ် အားပေးကာ သတ္တိစုလိုက်သည်။
ဓားနီကို ဝှေ့ယမ်းနေသည့် အမျိုးသားသည် သာမန် လူတစ်ယောက်နှင့် တူပြီး ထင်ရှားသည့် အချက်မှာ အတော်လေး အရပ်မြင့်ကာ ကြံ့ခိုင် သန်မာပုံ ပေါ်သည်။ ထိုသည်က သူ့အား ခွန်အားကြီးပြီး စွမ်းအား ပြည့်ဝသည်ဟု ထင်ရစေသည်။
အန်လင်း ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည့် အခါ သူအံ့အားသင့် သွားသည်။ “ဟမ်... ငါမင်းကို တစ်နေရာရာမှာ တွေ့ဖူးသလိုပဲ....”
ဘာ... ငါ့ကို တွေ့ဖူးတယ်...
အန်လင်းက သူ့ရှေ့တွင် ရှိနေသည့် အမျိုးသား၏ မရင်းနှီးသည့် မျက်နှာကို ကြည့်ပြီးနောက် ထိုသူကို မည်သည့်နေရာတွင် တွေ့မြင်ဖူးသည်ကို မမှတ်မိချေ။
“မင်းနာမည် အန်လင်း... ပထမနှစ် ကျောင်းသား... ဟုတ်တယ် မဟုတ်လား...” ထိုလူက မေးသည်။
“ဟုတ်တယ်...” အန်လင်းက စဉ်းစား မရနိုင်အောင် ဖြစ်နေပေမဲ့ ထိုလူမေးသည်ကို ပြန်ဖြေလိုက်သည်။
အန်လင်း အဖြေကို ကြားသည့်နောက်တွင် ထိုအမျိုးသားသည် ချက်ချင်း ဆိုသလို အော်ဟစ်ကာ ရယ်မောတော့သည်။ “ငါထင်တဲ့ အတိုင်းပဲလေ... မင်းပုံစံက “ကျောင်းနာမည်ကြီး လူပုဂ္ဂိုလ်များစာရင်း”မှာ ပါတဲ့ပုံနဲ့ တစ်ထေရာတည်းပဲ... အဲဒီတော့ ငါက ဘယ်လိုလုပ်ပြီး မှားနိုင်မှာလဲ...”
ထိုသို့ ကြားလိုက်ရသည့်အခါ အန်လင်းက လန့်သွားသည်။ “ကျောင်းနာမည်ကြီး လူပုဂ္ဂိုလ်များစာရင်း” ဟုတ်လား... ငါက နာမည်ကြီး တစ်ယောက်တောင် ဖြစ်နေပြီတဲ့လား...
ဘာကို ဆိုလိုသည်ကို မသိပေမဲ့လည်း ထိုလူ၏ မှတ်ချက် စကားကို ကြားလိုက်ရသည့်အခါ သူက ဝမ်းသာသွားသည်။
သို့ပေမဲ့လည်း ထိုလူ နောက်ထပ်ပြောသည့် စကားကို ကြားလိုက်ရသည့် အခါတွင်တော့ အန်လင်းမှာ အံ့ဩလွန်းသဖြင့် ပါးစပ် အဟောင်းသား ဖြစ်မိတော့သည်။
“ငါက လွန်ခဲ့တဲ့ နှစ်တွေကတည်းက မင်းကို သမချင်နေတာ... မိုးကောင်းကင်က အရမ်းကို ကြင်နာ တတ်လွန်းတယ်ဆိုတာ ဘယ်သူက သိမှာတဲ့တုန်း... အလျင်အမြန်ပဲ မင်းကို ငါ့ရှေ့ ပို့လိုက်တယ်လေ... ဘွားဟားဟားဟား...” ထိုလူက အရမ်းကို ကောင်းမွန်သည့် စိတ်ခံစားချက် ဖြစ်ပေါ်နေသည်မှာ သိသာ လွန်းလှသည်။
“ပြောမယ်... ဒီမှာ ညီကိုရေ... ငါမင့်ကို ရန်စ ထားဖူးလို့လားကွာ...” အန်လင်းက စိတ်ထဲမှနေ တသီတတန်းကြီး ကျိန်ဆဲ ပစ်လိုက်သည်။
ဗလတောင့်တောင့်နှင့် ထိုလူသည် ရုတ်တရက်ကြီး ပေါ်လာခဲ့ပြီး သူ့အား အလွန်အမင်း မုန်းတီးနေဟန် ရှိသည်။ ထို့ထက် ပိုအရေးကြီးသည်မှာ ထိုလူအား လုံးဝ မမှတ်မိခြင်းပင်...
“တော်လိုက်တော့... လက်ရှိကိုပဲ ပြောမယ်... ငါက ဒုတိယနှစ်... တန်းခွဲ ၇ က လီကျန်းယန်... အန်လင်း... မင်းအစွမ်းတွေ ပြစမ်းပါ...”
ထိုသို့ ပြောပြီးသည်နှင့် ထိုဗလတောင့်တောင့်နှင့် လူသည် အန်လင်းအား သူ့ဓားနီဖြင့် ချိန်ရွယ် လိုက်ပြီးနောက် ခန္ဓာကိုယ်မှာနေ ကြောက်မက်ဖွယ် အငွေ့အသက် ထွက်ပေါ်လာသည်။
အန်လင်းက ထိုလူအား ကြောင်အစွာ ကြည့်နေမိသည်။
သေလိုက်ပါတော့ဟေ့... ငါက ဒုတိယနှစ်က စီနီယာ တစ်ယောက်နဲ့ ပတ်သက်မှု ရှိနေတယ်ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာတုန်း...
ပြီးတော့ ဒီကြောက်ဖို့ ကောင်းတဲ့ အငွေ့အသက်... အရမ်းကို သတ်ချင် ဖြတ်ချင်နေတာလား... ဟုတ်လား...
အန်လင်းက အသိစိတ် ပြန်မဝင်လာခင်မှာပင် နောက်ထပ် လူတစ်ယောက် ရောက်ရှိ လာပြန်သည်။
“ဟမ်.... မင်းက အန်လင်းလား...” ထိုလူက အန်လင်းအား ကြည့်ကာ ဖြေးညှင်းစွာ လျှောက်လာသည်။
အန်လင်းက နွေးထွေးသည့် အပြုံးနှင့် ထိုလူငယ်အား ကြည့်လိုက်သည်။
ထိုအပြုံးကို မြင်လိုက်သည့်အခါ အန်လင်းက လုံခြုံ စိတ်ချသည်ဟု ခံစားရသည်။
“အင်း... အမှန်ပဲ... ငါက အန်လင်း...”
အန်လင်းက ကယ်တင် ခံလိုက်ရပြီဟု ခံစားရသဖြင့် ထိုလူအား မဆိုင်းမတွ ပြန်ဖြေလိုက်သည်။
သူ့အား လုံခြုံသည့် ခံစားချက်ပေးသည့် ထိုလူသည် သဘောထား ကြီးစွာဖြင့်ပင် လီကျန်းယန်အား ကူညီတိုက်ခိုက် ပေးမည်ဟု စိတ်ကူး ယဉ်လိုက်မိပြီး ဖြစ်သည်။
“ဟိဟိ... တကယ်ပဲ မင်းပေါ့...”
နွေးထွေးသည့် အပြုံးနှင့် ထိုလူမျက်နှာတွင် ရုတ်တရက် ဆိုသလို အရိပ်တစ်ခု ကျဆင်းလာပြီး “တတိယနှစ်... တန်းခွဲ ၂၆... ကျုံးဝမ်... အန်လင်း... မင်းအစွမ်းတွေ ထုတ်ပြစမ်း...” အေးစက်စွာ ဆိုသည်။
ထိုသို့ ပြောပြီးသည်နှင့် ကြယ်ပျံတူ တစ်လက်ကို ထုတ်ယူလိုက်ကာ ခန္ဓာကိုယ်မှနေ ကြောက်မက်ဖွယ် အငွေ့အသက်များ ပေါက်ကွဲ ထွက်လာသည်။ (ကြယ်ပျံတူက သံလုံးနှစ်လုံးကို သံကြိုး တစ်ချောင်းနှင့် ဆက်သွယ်ထားတဲ့ လက်နက် တစ်မျိုးပါ... အနီးစပ်ဆုံးဆို သံချပ်ကူ ပုံစံမျိုးပေါ့... သူကတော့ သံကြိုး ရှည်ပါတယ်...)
အန်လင်းက နောက်ထပ် တစ်ဖန် ကြောင်ငေးပြီး ကြည့်နေမိကာ ယခု တစ်ခါတွင်တော့ ကြက်သေသေလျက် ဆွံ့အ နေမိတော့သည်။
ဘယ်လိုဟာသမျိုးတုန်... ဟမ်... ငါက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတဲ့ ပြစ်မှုတွေ ကျူးလွန် မိထားလို့တုန်း...
ထိုအချိန်မှာပင် နောက်ထပ် ကျောင်းသား တစ်ယောက် ရောက်လာပြန်သည်။
“ဝါး.... ဘာတွေ ဖြစ်နေကြတာတုန်း... အရမ်းကို စည်ကားနေပါ့လား...” ပညာရှိပုံရသည့် နူးနူးညံ့ညံ့ အမျိုးသားက စူးစမ်းလိုသည့် အမူအရာဖြင့် လျှောက်လှမ်းလာသည်။
ရုတ်တရက်ဆိုသလိုပင် သူ့ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ “ဟမ်... မင်းက အန်လင်း မဟုတ်လား...”
အန်လင်း မျက်ဝန်းတွင် မျက်ရည်များ ဝေ့သီလာသည်။ “လူမှားနေပြီဗျ... ကျွန်တော်က အန်လင်း မဟုတ်ပါဘူး...” သူက ငြင်းလိုက်သည်။
“ဟဟ... ငါက စာအများကြီး ဖတ်ထားတာပါကွာ... အရူးလုပ်ဖို့ မကြိုးစားစမ်းပါနဲ့... မင့်ပုံစံက “ကျောင်းနာမည်ကြီး လူပုဂ္ဂိုလ်များစာရင်း” က ပုံနဲ့ တစ်ထေရာတည်းပဲ...” ထိုကျောင်းသားက ရွှင်လန်း ဝမ်းမြောက်နေပုံဖြင့် အန်လင်းအား ပြောသည်။
ပြောပြီးသည့် နောက်တွင် သံယပ်တောင် တစ်ချောင်းကို ထုတ်ကာ အားကောင်းသည့် အငွေ့အသက်များ ထုတ်လွှတ် လိုက်သည်။
“ပဉ္စမနှစ်... တန်းခွဲ ၉၀... ချန်းရှုပေါင်... အန်လင်း... မင်းအစွမ်းတွေ ပြစမ်း...”
အေပေး တစ်သောင်းလောက်က ဝိုင်းအနိုင်ကျင့် ကြသည်ဟု အန်လင်းက ခံစားနေရကာ စကားပြန်ပြောဖို့ပင် စွမ်းအင် မရှိတော့ချေ။
နေပါဦးဗျ.... ကျောင်းနာမည်ကြီး လူပုဂ္ဂိုလ်များ စာရင်း ဆိုတာက ဘာကြီးတုန်း...
ပြီးတော့ ကျွန်တော်နဲ့ ခင်ဗျားတို့ စီနီယာတွေကြား ဘယ်လိုမျိုး မုန်းတီးခြင်းတွေ ရှိနေရတာလဲဗျာ...
ပထမနှစ်ကနေ ပဉ္စမနှစ် အထိ... စတုတ္ထနှစ်ပဲ လိုတော့တယ်ဗျ... မြန်မြန် လာစမ်းပါဗျာ... သေရမှာ ကြောက်မနေတော့ဘူး...
ထိုအချိန်မှာပင် ချိုမြသည့် အမျိုးသမီး အသံတစ်သံသည် အန်လင်း အနောက်ဘက်မှနေ ထွက်ပေါ်လာသည်။
“ဟမ်... အန်လင်းလား...”
အန်လင်းက အနည်းငယ် တွေဝေသွားပြီး နောက်တွင် အနောက်သို့ လှည့်လိုက်သည်။ ထို့နောက် ပန်းရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် ချစ်စဖွယ် မိန်းမပျိုလေး တစ်ယောက်က သူ့အားပြုံးပြီး ကြည့်နေသည်ကို မြင်လိုက်ရသည်။
ယောက်ျားလေး တစ်စု၏ လှောင်ပြောင် ရယ်မောကာ အနိုင်ကျင့် ခံနေရချိန်တွင် လှပသည့် မိန်းမပျိုတစ်ယောက် ရုတ်တရက် ပေါ်ထွက်လာမှုက အန်လင်းအား နှစ်သိမ့်မှု ဖြစ်စေသည်။
သူဘာမှ မပြောနိုင်ခင်မှာပင် ထိုမိန်းကလေးက ခေါင်းညိတ်လိုက်ကာ “နင့်အဝတ်အစားတွေ မြင်တော့ ရင်းနှီးနေပါတယ်လို့ ထင်နေတာ... မျက်နှာလည်း မြင်လိုက်ရကော နင်ဘယ်သူဆိုတာ သေချာ သွားရောပေါ့...”
ထိုသို့ ပြောပြီးသည့် နောက်တွင် ထိုမိန်းကလေးက သူမ ပန်းရောင်ဝတ်စုံမှနေ ဓားမြှောင်တစ်လက် ထုတ်လိုက်ကာ မျက်ဝန်းများက တလက်လက် တောက်ပလာသည်။
“ပထမနှစ်... တန်းခွဲ ၉... ရှစီယောင်... အန်လင်း... နင့်အစွမ်းတွေ ပြစမ်း...”
အန်လင်းက နှာတရှုပ်ရှုပ်ဖြစ်လာကာ စိတ်ဓာတ် ကျလာတော့သည်။
ယောက်ျားလေးတွေကပဲ ဝါးစားချင်နေတယ် မှတ်တာ၊ မိန်းကလေးတွေကပါ တစစီ ဆွဲဖြဲ ချင်နေတာတဲ့လား...
ဘာပဲဖြစ်ဖြစ်လေ... ငါက ဘယ်လို ဆိုးရွားတဲ့ ပြစ်မှုတွေ ကျူးလွန် ထားမိလို့တုန်း... ငါ့မှာ ဘာတစ်ခုမှတောင် အမှတ် မရလာဘူးလေ... အတိတ်မေ့သွားတယ် လို့တော့ လာမပြောနဲ့...
အန်လင်းနှင့် လုံးဝရင်းနှီးခြင်း မရှိသည့် ကျောင်းသား လေးယောက်ကာ သူတို့၏ လက်နက်များကို ချိန်ရွယ်ကာ သတ်ချင်ဖြတ်ချင် စိတ်များ အပြည့်နှင့် ဖြစ်နေကြသည်။
ထိုအချိန်မှာပင် စုရှောင်လန် ပြောခဲ့သည်များကို ပြန်လည် အမှတ်ရမိသည်။
“ဘာမှ စိုးရိမ်မနေနဲ့... ကန့်သတ်မဲ့ တိုက်ပွဲမှာ တစ်နှစ်ကို အများဆုံး လူဆယ်ယောက်လောက်ပဲ သေတတ်တာ...”
သူက ထို “အများဆုံး ဆယ်ယောက်” ထဲ ကံကောင်းစွာ ပါဝင်နေသည်ပဲ ဖြစ်ရမည်။
ထိုသို့ တွေးနေတုန်းမှာပင် နောက်ထပ် အသံတစ်သံ ထွက်ပေါ် လာပြန်သည်။
“ဟာ... အန်လင်းလား ဟေ့...”
အန်လင်း : “…”
***