ရှုတ်ချထိုက်သည့် အန်လင်း
Vol. 2 Ch. 20
ကျွမ်းဝင်နေပြီ ဖြစ်သည့် မှတ်ချက်စကားကို ကြားလိုက်ရသည့်အခါ အန်လင်းမှာ မျှော်လင့်ချက်များကို စွန့်လွှတ်လိုက်ပြီး ဖြစ်သည်။ “မင်းကော ငါ့အစွမ်းတွေကို မြင်ချင် နေပြန်တာလား...” အန်လင်းက အရှုံးပေးသည့် အမူအရာဖြင့် ပြောလိုက်သည်။
“မင်းအစွမ်းတွေကို မြင်ချင်တာ...”
ထိုလူ၏ အမူအရာမှာ ဒယိမ်းဒယိုင် ဖြစ်သွားသည်။ ထို့နောက် ပတ်ပတ်လည်ရှိ ကျောင်းသားများကို ကြည့်လိုက်ပြီးသည့် နောက်တွင် သတ်ချင်ဖြတ်ချင်သည့် အငွေ့အသက်များ ထုတ်လွှတ်နေသည်ကို မြင်လိုက်သည့်အခါ ချက်ချင်း ဆိုသလို နားလည်သွားပြီ ဖြစ်သည်။
အန်လင်းက ရုတ်တရက် ပေါ်လာသည့် လူဆီသို့ သူ့မျက်ဝန်းများကို ရွှေ့ကြည့်လိုက်သည်။
ထိုလူ၏ သွင်ပြင်ကို မြင်လိုက်သည့်အခါ အန်လင်းမျက်နှာတွင် အံ့အားသင့်မှုများ ပေါ်လာတော့သည်။
“ဟဟ... လူမှားသွားတာပါ ခင်ဗျာ... တောင်းပန်ပါတယ်နော်...”
ထိုလူက တခိခိ ရယ်မောပြီးနောက် နောက်ပြန်လှည့် သွားတော့သည်။
ထို့နောက် သူက အလျင်အမြန် ပြေးထွက်သွားပြီး သူ့နောက်တွင် ဖုန်တစ်တန်းသာ ကျန်ရှိတော့သည်။
ထိုလူ့ဘေးတွင်တော့ သူ့ထက် ပိုမြန်စွာ ပြေးနေသည့် အဖြူရောင် ခွေးတစ်ကောင် ရှိနေသည်။
“ကျောက်ဟွိုင်ရင်......... ငါ့ကိုသေဖို့ မထားခဲ့နဲ့လေ...” အန်လင်းက အော်ပြောလိုက်သည်။
ရုတ်တရက် ပေါ်လာခဲ့သည့် ထိုပုဂ္ဂိုလ်သည် ကျောင်းထိန်းသိမ်းရေး ဆောင်တွင် အန်လင်းနှင့် တွေ့ဆုံခဲ့သည့် သူငယ်ချင်း ဖြစ်သည်။
သူက အလွန်လျင်မြန်သည့် နှုန်းဖြင့် ထွက်ပြေး သွားပြီးနောက် မကြာမီမှာပင် အန်လင်း အမြင်အာရုံမှ ပျောက်ကွယ် သွားတော့သည်။
ထိုသည်ကို ကြည့်နေရင်း ကျုံးဝမ်သည် ကြယ်ပျံတူကို ဝှေ့ယမ်းကာ ရယ်မောပြီး “ဂျူနီယာလေး အန်လင်းရေ... မင်းလည်ချောင်းကွဲအောင် အော်နေလည်း ဘယ်သူကမှ လာကယ်မှာ မဟုတ်ပါဘူးကွယ်... ငါနဲ့သာ လာပြီးတော့ တိုက်ခိုက် လိုက်ပါတော့...”
“ငါ အရင်ရောက်တာ... ပထမဆုံး ရောက်တဲ့သူက ပထမဆုံး တိုက်ရမှာပဲ... ငါအရင်သွားမယ်...” ဓားနီကို လက်တွင် ကိုင်ထားသည့် လီကျန်းယန်က အန်လင်းအား ပြဿနာ တစ်ရပ်ကဲ့သို့ ကြည့်ကာ ပြောလာသည်။
“ဘာပြောလိုက်တယ်... မင့်ကို အရင်သွားခိုင်းရမယ် ဟုတ်လား... မင်းအရင် လွှတ်လိုက်ရင် ရှုံးနိမ့်ခြင်း သက်သေခံ ကတ်ပြား အသက်ဝင်လာတဲ့ အထိ ရိုက်လိုက်ပြီး အကာအကွယ်ဒိုင်း ပေါ်လာရင် ဘယ်လိုလုပ်မတုန်း... အဲဒါဆို ငါတို့ ချလို့ မရတော့ဘူးလေ...” ချန်းရှုပေါင်က မကျေနပ်စွာ ပြောသည်။
“ဒါပေမဲ့ ငါတို့က တစ်ပြိုင်တည်း တိုက်လိုက်လို့ရှိရင် အရည်အချင်း မပြည့်မီတဲ့သူ ဖြစ်သွားကြမှာပေါ့... အဲဒါဆို ပြိုင်ပွဲစည်းမျဉ်းကို ချိုးဖောက်တဲ့အတွက် အထိန်းသိမ်း ခံရဦးမှာ...” ရှစီယောင်က စိုးရိမ်တကြီး ပြောသည်။
အန်လင်းက အသတ်ခံရဖို့ရာ စောင့်နေပြီး တခိုက်ခိုက် တုန်နေသည့် ယုန်ဖြူလေးနှင့်ပင် တူနေသေးသည်။
“ဒီလိုဆိုရင်ကော တစ်ယောက်စီက အန်လင်းကို ဘာလို့ ရိုက်နှက်ချင်ရ သလဲဆိုတဲ့ အကြောင်းပြချက် ပေးကြမယ်...”
“အကြောင်းဆုံး အကြောင်းပြချက် ပေးနိုင်တဲ့သူက အခွင့်အရေးရမယ်... ဘယ်လိုလဲ...” စာကြမ်းပိုး တစ်ယောက်၏ အငွေ့အသက် အပြည့်နှင့် ချန်းရှုပေါင်က အကြံပေးသည်။
ချန်းရှုပေါင်၏ အကြံပေးချက်ကို ကြားလိုက် ရသည့်အခါ အန်လင်း မျက်ဝန်းများသည် စိတ်လှုပ်ရှားမှုကြောင့် မျက်ရည်များ ပြည့်လျှံ လာတော့သည်။
နောက်ဆုံးတော့ သူ့အား အဘယ်ကြောင့် ထိုမျှလောက် သတ်ချင်နေရသည့်ကို နားလည်နိုင်ဖို့ အခွင့်အရေး ရှိလာခဲ့ပြီ ဖြစ်သည်။
ကျန်ကျောင်းသားများက ချန်းရှုပေါင် အကြံပေးချက်ကို သဘောတူ လက်ခံကြသည်။
ထို့နောက် သူတို့အားလုံး အန်လင်းဆီသို့ ပြန်လည် အာရုံစိုက် လာကြသည်။ သူတို့ မျက်ဝန်းထဲတွင်တော့ အန်လင်းအား အကောင်လိုက် မျိုချချင်သည့် အမူအရာများနှင့် ဖြစ်ကြသည်။
ချန်းရှုပေါင်က အန်လင်းအား မကျေမနပ် ကြည့်ပြီးနောက် “ငါကျောင်းကို စရောက်တဲ့နှစ်မှာ ကျင့်ကြံခြင်း အခြေခံက တာအိုခန္ဓာ အဆင့် ၅ပဲ ရှိသေးတယ်... အဲဒါကြောင့် ငါ့အဆင့်က မမြင့်ဘဲ တန်းခွဲ ၉၀ မှာ တက်ခဲ့ရတယ်... အထွန့် တက်လို့တောင် မရဘူး...”
“ဒီလေးနှစ်အတွင်း ငါက အများကြီး ကြိုးစား အားထုတ်ခဲ့ပြီး တာအိုခန္ဓာ အဆင့် ၈ကို ရောက်လာခဲ့တယ်... ဒါပေမဲ့ အဆင့်တူ ကျောင်းသားတွေထဲမှာ ငါက သာမန်အဆင့်ပဲ ရှိတယ်...”
“လွန်ခဲ့တဲ့ လအနည်းငယ်က အန်လင်းဆိုတဲ့ ကျောင်းသား တစ်ယောက်က တာအိုခန္ဓာ ဗလာအဆင့်နဲ့ ကျောင်းဝင်ခွင့် ရတယ်လို့ ကြားလိုက်ရတယ်... အဲဒါတောင် သူက တန်းခွဲ ၁မှာ တက်ရောက်ခွင့် ရခဲ့တယ်...”
“တန်းခွဲနံပါတ် သေးလေလေ သင်ကြားရေး အရင်းအမြစ်တွေ များများ ရလေလေပဲ... သူက ဘာအကြောင်းပြချက်နဲ့ တန်းခွဲ ၁မှာ တက်ရပြီး တခြားထူးချွန်တဲ့ ကျောင်းသားတွေ အတွက် သုံးရတဲ့ အရင်းအမြစ်တွေကို သုံးနေရတာလဲ... ဘာလို့လဲ... အစစ်အမှန် နတ်ဘုရား တစ်ပါးရဲ့ ထောက်ခံစာကြောင့်လား...”
“ငါ့လိုမျိုး တန်းခွဲ အနိမ့်တွေမှာ တစိုက်မတ်မတ် ကြိုးစား အားထုတ်နေတဲ့ ကျောင်းသားမျိုးတွေ အတွက် ဒါကြီးက စော်ကား ခံလိုက်ရသလိုပဲ...”
“အဲဒီအကြောင်းကို သိပြီးကတည်းက ဆုံးဖြတ်ချက်တစ်ခု ချထားတယ်... အန်လင်းဆိုတဲ့ ကောင်ကို တွေ့အောင်ရှာပြီး အခွင့်အရေး ရတာနဲ့ သမမယ်လို့... မရိုးမသား ဝင်လာတဲ့ ကောင်တွေက အရမ်းကို ရွံဖို့ ကောင်းလွန်းတယ်...”
ချန်းရှုပေါင်က ပြောပြီးသည့် နောက်တွင် အန်လင်းအား ပြုံးပြလိုက်သည်။ ထိုအပြုံးသည့် အိပ်မက်များ အမှန်တကယ် ပြည့်မြောက်လာသည့် အခါ ဖြစ်ပေါ် လာတတ်သည့် အပြုံးမျိုး ဖြစ်သည်။
ထိုအပြုံးကို မြင်သည်နှင့် အန်လင်းမှာ တစ်ကိုယ်လုံး အေးစက် လာတော့သည်။
“နောက်ခံ အကောင်းဆုံးသော မရိုးဖြောင့်သည့် ကျောင်းသား” ဖြစ်ရသည့်အတွက် ထိုကဲ့သို့သော ရန်ဘက် ရှိလာရခြင်းပင်။
ချက်ချင်း ဆိုသလိုပင် လီကျန်းယန်က ပြောလာသည်။ “အာ... အချိန်တိုင်း အချိန်တိုင်း ဒီအကြောင်းကို ပြောတာနဲ့ ငါ့ရင်ဘက်ထဲက နာတယ်ကွ...”
“ကျောင်းတဲ့ လမ်းကျဉ်းလေး တစ်ခုမှာပေါ့... မိန်းကလေး တစ်ယောက်နဲ့ တွေ့ခဲ့တယ်... မြင်မြင်ခြင်း အချစ်ပဲကွ... သူမက အရမ်းကိုလှပြီး အထက်တန်းကျတယ်... ကောင်းကင်မှာ ပျံဝဲနေတဲ့ ဇာမဏီမလေးပေါ့ကွာ...”
“အဲဒီနေ့မှာပဲ ငါသူ့ကို အချစ်တွေ ဝန်ခံခဲ့ပေမဲ့ ရက်ရက်စက်စက်ကို ငြင်းခံလိုက်ရတယ်...”
“ဒါပေမဲ့ လီကျန်းယန် ဆိုတဲ့ ငါက လွယ်လွယ်လေး အရှုံးပေးတတ်တဲ့ ကောင် မဟုတ်ဘူးကွ... သူမကို အသေအကြေ ပိုးပန်းခဲ့တယ်... ငါ့ရဲ့ ချစ်မီးတောက်တွေနဲ့ သူမနှလုံးသားကို ဖမ်းစားဖို့ ကြိုးစားခဲ့တယ်...”
“ရက်အနည်းငယ် ကြာတော့ အရမ်းကို ရက်စက်တဲ့ အမှန်တရားတစ်ခု သူမက ပြောလာတယ်...”
“သူမမှာ တာအို လက်တွဲဖော် ရှိနှင့်ပြီးသား တဲ့လေ...”
“ရေခဲချိုင့်ထဲ ကျပြီး ငါ့ဘဝကြီးက အမှောင်ထု ဖုံးလွှမ်းသွားသလိုပဲ...”
“ငါက တကယ်ကို မယုံချင်ခဲ့ဘူး... ဒါပေမဲ့ ငါတွေ့ရှိခဲ့တာက သူက အဲဒီကောင်နဲ့ ကျောင်းကို အတူလာတယ်... အတူစားတယ်... သူတို့က အရမ်းကို ပျော်ရွှင်တက်ကြွ နေတဲ့ပုံပဲ... တစ်ယောက်နဲ့ တစ်ယောက် အရမ်းကို နီးကပ်လွန်းတယ်... ငါ့မှာ ရွေးချယ်စရာ မရှိတော့လို့ အဲဒီ အမှန်တရားကို လက်ခံရတော့တယ်...”
“ငါတကယ်ကို လက်မခံချင်ဘူး... အဲကောင်က ဘာတွေ ကောင်းနေလို့လဲ... ဘာတွေများ အထူးအထွေ စွမ်းအားတွေ ရှိပြီး ငါ့နတ်ဘုရားမလေးရဲ့ စိတ်အာရုံကို ဆွဲဆောင် ထားနိုင်ရတာလဲ...”
“အဲဒီ အချိန်ကတည်းက ငါ့နှလုံးသားထဲမှာ အတားအဆီး တစ်ခု ဖြစ်လာတော့တာပဲ... အဲဒါကြောင့် ငါကျိန်ဆိုထားတယ်... အဲဒီကောင်ကို သေချာပေါက်ရှာပြီး အခွင့်အရေး ရတာနဲ့ သေအောင် ရိုက်မယ်လို့...”
“ဟုတ်သားပဲ... ငါသဘောကျရတဲ့ ကောင်မလေး နာမည်က စုရှောင်လန် တဲ့လေ...”
“အန်လင်း... ငါတကယ်ကို နားမလည်နိုင်ဘူး... သူမက မင်းကို ဘာလို့များ တာအိုလက်တွဲဖော် အဖြစ် ရွေးချယ်ရတာတုန်း...”
ထိုသို့ ပြောပြီးသည်နှင့် လီကျန်းယန်၏ ဒေါသအပြည့်နှင့် မျက်နှာတွင် သူ့ဓားနီနှင့် အပြိုင် ဒေါသမီးတောက်များ ပေါက်ကွဲ ထွက်တော့မတတ် ဖြစ်သည်။
ထိုသည်ကို ကြားလိုက်သည်နှင့် အန်လင်းက သွေးအန်ချင်စိတ်ပင် ပေါက်လာသည်။
တာအိုလက်တွဲဖော်... ဟုတ်လား... စုရှောင်လန် တဲ့လား...
ထိုလူသာ မပြောခဲ့ပါက စုရှောင်လန်က သူ့အား ဒိုင်းအဖြစ် အသုံးချ နေသည်ကို အန်လင်းက သိလိမ့်မည် မဟုတ်ပေ။
“ညီကို... နားလည်မှု လွဲနေတယ်ဗျ... အဲဒါတွေ အားလုံးက နားလည်မှု လွဲတာပါဗျာ...” အန်လင်းက အော်လိုက်သည်။
လီကျန်းယန်က စိတ်ခံစားချက်များ ပေါက်ကွဲနေသည့် အတွက် အန်လင်း ရှင်းပြသည်ကို မည်သို့ တည်ငြိမ်စွာ နားထောင်နိုင်မည်နည်း။
အန်လင်း ပြောသည်ကို ကြားလိုက်ရသည့်အခါ အခြားသူများသည် အန်လင်းက တိုက်ပွဲမှ လွတ်မြောက်ရန် လမ်းစ ရှာနေသည်ဟု တွေးထင် သွားကြသည်။
“ဟမ့်... အန်လင်း... မင်းမှာ တာအိုလက်တွဲဖော် ရှိနေလိမ့်မယ်လို့ ဘယ်သူက ထင်မှာတဲ့တုန်း...”
လီကျန်းယန်၏ မှတ်ချက် စကားကို ကြားလိုက်ရသည့်အခါ ကျုံးဝမ်မှာ ဒေါသတကြီး ဖြစ်လာတော့သည်။
“မင်းက တာအိုလက်တွဲဖော် ရှိနေတာတောင် ငါတို့ကျောင်းတော်ရဲ့ နံပါတ်တစ် နတ်ဘုရားမလေး စုချန်းရန်နဲ့ အရှုပ်အရှင်း ရှိနေ သေးတယ်ပေါ့...”
“ကျောင်းနာမည်ကြီးလူပုဂ္ဂိုလ်များ စာရင်းမှာ စုချန်းရန်ရဲ့ ပုံလေးကို မြင်တိုင်း ရင်ဘတ်ထဲက ငါ့နှလုံးသားက ထိန်းချုပ် မရအောင် ခုန်နေတော့တာကွ... ငါက သူမကို အရမ်းကို သဘောကျတာ... သူမရဲ့ အလှအပက ငါ့ကို လုံးဝကို စိုးမိုးထားတာ...”
“ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ အေးစက်စက် ကောင်မလေးက တချို့ရက်တွေမှာ အမျိုးသား တစ်ယောက်နဲ့အတူ ကျောင်းမှာ နောက်ကျတဲ့အထိ ရှိနေတတ်တယ်... အဲဒီအမှန်တရားကို ငါလုံးဝ မခံစားနိုင်ဘူးကွ...”
“အဲဒီအမျိုးသားက အခုတော့ တာအိုလက်တွဲဖော် ရှိနေတဲ့ ကောင်တဲ့လားကွာ....”
“ဖွီ…”
“အန်လင်း... မင်းနဲ့ငါက ကမ္ဘာမကြေ ရန်သူတွေပဲကွ...”
ကျုံးဝမ်၏ ကြယ်ပျံတူကြီးသည် စတင် တုန်ခါလာပြီး တိုက်ခိုက်ဖို့ရာ လိုလား တောင့်တနေသည်။
အန်လင်းမှာ ခြေကုန်လက်ပန်း ကျလာတော့သည်။
အတန်းထဲမှာ စုချန်းရန်နှင့် အတူ နောက်ကျသည်အထိ ရှိနေရခြင်းမှာ သူမအား တရုတ်နှင့် အင်္ဂလိပ်စာ သင်ကြား ပေးနေခြင်းကြောင့်ပင်။
အဲဒါကို ဘာလို့များ မနာလိုဖြစ်ပြီး မုန်းတီးလာတဲ့ထိ ဖြစ်ရတာတုန်း...
ထိုအချိန်မှာပင် ရှစီယောင်က ခါးသက်စွာဖြင့် အပြစ်တင်လာသည်။
“တောက်ပပြီး လှပတဲ့ နွေနေ့လည် တစ်ခုမှာပေါ့... ငါ အကြိုက်ဆုံး စတော်ဘယ်ရီ အချိုပွဲကို သွားယူဖို့ ထမင်းစားဆောင်ကို မြန်မြန် သွားနေခဲ့တာ... အဲဒီ အချိုပွဲက အကန့်အသတ်နဲ့ ရတာလေ... အရင်လာတဲ့သူ အရင်ရမယ် ဆိုပြီး ပေးတာပေါ့... ”
“အဲဒီနောက် ရုတ်တရက် ဆိုသလို ကြားလိုက်ရတာက အဲဒီနေ့ ကျောင်းဆင်းရင် ကျောင်းသား နှစ်ယောက်က သင်ကြားရေးဆောင်ရှေ့ ပန်းခင်းဘေးမှာ ခမ်းနား ကြီးကျယ်တဲ့ မန္တန်တိုက်ပွဲ ဆင်နွှဲမယ် ဆိုပြီးတော့လေ...”
“အဲဒီတိုက်ပွဲက ငါ့ကို စိတ်ဝင်စားသွား စေတာကြောင့် စတော်ဘယ်ရီတွေ ယူဖို့ စွန့်လွှတ်လိုက်ပြီး တိုက်ပွဲကို ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်...”
“တိုက်ပွဲကို ကြည့်ပြီးတဲ့ နောက်မှာတော့ အချိန်အတော်ကြာတဲ့ အထိ မဖျောက်ဖျက်နိုင် တော့ဘူး... အိမ်ပြန်ရောက်တော့ မျက်လုံးတွေကို ခဏခဏ ဆေးခဲ့တယ်... ဒါပေမဲ့ အဲဒီတိုက်ပွဲကို မှတ်မိနေတဲ့ ငါ့မှတ်ဉာဏ်တွေကိုတော့ ဆေးမပစ်နိုင်ခဲ့ဘူး...”
အန်လင်း : “…”
ရှစီယောင်က မျက်ရည် အပြည့်ဖြင့် အန်လင်းအား ဒေါသတကြီး ကြည့်လိုက်သည်။ “နင့်တိုက်ပွဲကို ကြည့်ဖို့ သွားခဲ့မိတာကြောင့် အကန့်အသတ်နဲ့ရတဲ့ စတော်ဘယ်ရီတွေကို လက်လွှတ်လိုက်ရရုံတင် မကဘဲ ငါ့မျက်လုံးတွေကိုပါ ညစ်ညမ်း စေခဲ့မိတယ်...”
“အန်လင်း... အဲဒါကြောင့် နင်ပြန်ပေးဆပ်ရမယ်...”
အန်လင်းက ငိုချင်စိတ်ပင် ပေါက်လာသည်။ လျှိုတပေါင်နှင့် တိုက်ပွဲသည်လည်း ရန်ဘက်ဖွဲ့ခြင်း တစ်မျိုးပါလား...။
“ရှစီယောင်... စတော်ဘယ်ရီတွေကို လက်လွှတ်လိုက်ရတာက ပြောပလောက်တဲ့ အရာ မဟုတ်ဘူး... ငါ့နှလုံးသားလေးကို အလစ်သုတ် သွားတာကမှ တကယ့် ပြဿနာကြီး...” လီကျန်းယန်က ဆိုသည်။
“မဟုတ်ဘူး... နောက်ခံ အကောင်းဆုံးသော မရိုးဖြောင့်တဲ့ ကျောင်းသားကမှ ရွံဖို့ကောင်းတာ...” ချန်းရှုပေါင်က အေးစက်စက် ပြောသည်။
“ငါတို့ကျောင်းတော်ရဲ့ နံပါတ်တစ် နတ်ဘုရားမလေးက ဒီလို အမှိုက်ကောက်နဲ့ မရှင်းမလင်း ဖြစ်နေတာကမှ အကြီးမားဆုံး ပြဿနာကွ...” ကျုံးဝမ်က ချေပသည်။
“စိတ်မဝင်စားဘူး... အန်လင်းကို ဒီနေ့ မရိုက်ရရင် ငါ့ဒေါသတွေကို မျိုသိပ် ထားနိုင်တော့မှာ မဟုတ်ဘူး...” ရှစီယောင်က တစာစာပြောသည်။
ထိုသို့ဖြင့် ထိုလေးယောက်သည် အန်လင်း၏ မရေမတွက်နိုင်သည့် ပြစ်မှုများစွာကို ရှာကြံ ပြောဆိုကြတော့သည်။ အန်လင်းအား မည်သူက ရိုက်သင့်သည် ဆိုသည်ကို ပြောဆိုကြရင်း ထိုသူတို့သည် နောက်တစ်ဖန် အငြင်းပွားကြ ပြန်သည်။
လေထုသည့် လူသတ်ချင်သည့် အငွေ့အသက် အပြည့်နှင့် ဖြစ်သည်။ ယုန်ဖြူလေး အန်လင်း၏ မျက်ဝန်းများသည် “ရက်စက် ယုတ်မာသည့် ပြစ်မှုများစွာ ကျူးလွန်ခဲ့မိခြင်း” ကို သိလိုက်ရသဖြင့် မျက်ရည်များ ဝေ့သီနေသည်။
ငါကျူးလွန် ခဲ့တာတွေကို တောင်းပန်တဲ့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေပစ်လိုက်ရင်ကော...
အန်လင်းက မျှော်လင့်ချက် ရေးရေးလေးတောင် မမြင်နိုင်တော့ပါ။ ထိုလေးယောက်သည် သူ့အား မြန်မြန်ဆန်ဆန်ဖြင့် နာကျင်မှု မရှိဘဲ သေဆုံးခြင်းသို့ ပို့ဆောင် ပေးနိုင်ရန်သာ ဆုတောင်း မိတော့သည်....။
***