← Chapters

တိဟွားကို ရှာတွေ့ခဲ့သော ရွှေရောင်ဆံပင်ပိုင်ရှင်အမျိုးသမီး

Vol. 2 Ch. 16

တိဟွားကို ရှာတွေ့ခဲ့သော ရွှေရောင်ဆံပင်ပိုင်ရှင်အမျိုးသမီး

Vol. 2 Ch. 16

ဒီလိုနှင့် နှစ်ရက်တောင် ကြာသွားခဲ့၏။

ကောင်းကင်ယံထက်မှာ ဖြစ်ခဲ့သော ကြီးမားသည့် တိုက်ပွဲကလည်း တဖြည်းဖြည်းနှင့် ကောလာဟလတစ်ခု ဖြစ်လာပြီး လူအများအပြားအတွက် လက်ဖက်ရည်သောက်ရင်း ထမင်းစားရင်းဖြင့် ပြောစရာ ခေါင်းစဉ်တစ်ခု ဖြစ်လာခဲ့သည်။

သေချာပေါက် ဒီကိစ္စအား သူတို့ မကြာခင် မေ့သွားကြလိမ့်မည်။

မည်သို့ပင်ဆိုစေ မင်ဟောက်မြို့တော်ကဲ့သို့ မြို့ထဲ၌ နဂါးကဲ့သို့ ပုန်းအောင်းကာ ကျားကဲ့သို့ ဝပ်နေသည့် သန့်စင်သောယန်အဆင့် ကျွမ်းကျင်သူများက ရှားပါးလှသည် မဟုတ်ပေ။

သို့သော်ငြား နောက်ထပ်ကိစ္စတစ်ခုက ချင်ချွမ်း နှင့် သူ့သားအား အာရုံစိုက်မှု၏ဗဟိုထဲကို တစ်ဖန် တွန်းပို့ခဲ့ပြန်၏။

"မင်းကြားပြီးပြီလား၊ ပြီးခဲ့တဲ့နှစ်ရက်တုန်းက ကောင်းကင်မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲက ချန်မိသားစုရဲ့ တတိယသခင်ကြီး ချန်ရှန်း နဲ့ ချင်ချွမ်းလို့ခေါ်တဲ့ အင်အားကြီးသူတို့ ကြားမှာ ဖြစ်ခဲ့တာတဲ့!"

"ဘာလို့ သူတို့က တိုက်ခိုက်ကြတာလဲ"

"ဟဲဟဲ နောက်ဆုံးရ သတင်းတွေအရတော့ ချင်ချွမ်း ရဲ့သား ချင်ကျီက ချန်မိသားစုရဲ့မင်းသမီးငယ်လေး ကို သတိလစ်သွားအောင် ရိုက်ပစ်လိုက်တာကြောင့် ဖြစ်ခဲ့တာဆိုပဲ!"

"ဟာ ဒီလောက်တောင် သတ္တိရှိတာလား၊ အဲ့ဒီမင်းသမီးလေးက ချန်မိသားစုရဲ့အသည်းစွဲပဲဆိုတာကို ချင်ကျီဆိုတဲ့ကောင်လေးက မသိဘူးလား၊ မြို့အရှင်ကတောင် သူ့တူမလေးကို အရမ်းချစ်တယ်လို့ ပြောကြတယ်"

"ဒါကတော့ လူငယ်တွေရဲ့သဘောသဘာဝအရ မာန လို့ခေါ်တဲ့အရာကြောင့် ဖြစ်နိုင်တယ်၊ ဘာပဲဖြစ်ဖြစ်...အရည်အချင်းရှိတဲ့လူတွေမှာ မာနကိုယ်စီရှိကြတာပဲလေ"

"အရည်အချင်းလား"

"မင်း မကြားသေးဘူးလား၊ အခု မင်ဟောက်မြို့တစ်ခုလုံးမှာ ချင်ကျီရဲ့ပါရမီက ပြိုင်ဘက်မရှိဘူးလို့ ပြောနေကြတယ်၊ သူက အသက်၁၇နှစ်မှာတောင် စစ်မှန်သောအတွင်းအားအဆင့်ကို ကျော်လွန်သွားခဲ့ပြီ၊ ပါရမီနဲ့ပက်သက်လာရင် မင်ဟောက်မြို့က သခင်လေး လေးဦးထက်တောင် သာလွန်တယ်ဆိုပဲ!"

"ဘာ! ဒီလောက်ထိ အထင်ကြီးစရာကောင်းတာလား"

"ဒါက ကောလာဟလတွေပဲရော မဖြစ်နိုင်ဘူးလား"

"ဟဲဟဲ ဘာကို ကောလာဟလလဲ၊ သတင်းအချက်အလက်တွေက ဒီမှာပဲ ရှိနေတာကို၊ တခြားလူတစ်ယောက်ရဲ့ထူးချွန်မှုကို ဝန်ခံရတာက အရမ်းခက်ခဲနေလို့လား"

"ခင်ဗျားက ထင်းယွီအဆောက်အအုံက လူတစ်ယောက်ဖြစ်လိမ့်မယ်လို့ ကျုပ် ထင်နေတာ...ဘာလို့များလဲ မသိဘူး"

"ပေါက်ကရတွေမပြောနဲ့!"

"ခင်ဗျားက ဟုတ်တယ်လို့ ကျုပ် ထင်နေတုန်းပဲ…"

"အစ်ကိုကြီး ကျုပ် ခင်ဗျားနဲ့ စကားခဏ ပြောလို့ရမလား"

ထိုကဲ့သို့ဆွေးနွေးမှုများက ကူးစက်ရောဂါကဲ့သို့ မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားခဲ့ကာ မင်ဟောက်မြို့၏ ထောင့်တိုင်းမှာပေါ်လာပြီး အရှိန်အဟုန်ရလာခဲ့သည်။

"လူသုံးဦးက ကျားတစ်ကောင်ကို ဖန်တီးနိုင်သည်" ဟုဆိုသော စကားပုံအတိုင်းပင်။

လူအများအပြားက ထိုကဲ့သို့ ပြောနေကြသောအခါ လူအများစုက ဒါကို ယုံကြည်လာကြ၏။ ထို့အပြင် စကားလုံးများက ကပ်ရောဂါထက် ပိုပြီးမြန်မြန်ပျံ့နှံ့နိုင်ပေသည်။

ဒီလိုနှင့် ချင်ကျီသည် တကယ် နာမည်ကြီးလာခဲ့၏။

"လူက ဂုဏ်သတင်းကိုကြောက်ပြီး ဝက်က အဆီကို ကြောက်သည်၊ သေနတ်က ခေါင်းပြူထွက်လာသော ငှက်ကို ထိ၏" ဟူသော စကားပုံအတိုင်းပင်။

ချင်ကျီသည် ထိုကောလာဟလများကို ကြားသောအခါ ချက်ချင်းပင် ဒေါသထွက်၍ ပေါက်ကွဲတော့သည်။

"ဒါက သေအောင် မြှောက်ပင့်နေကြတာပဲ၊ ဒါက သေချာပေါက် သေအောင် မြှောက်ပင့်နေကြတာပဲ!"

သူ ရုတ်ချည်းပင် လက်ဖက်ရည်ခွက်ကို ရိုက်ခွဲလိုက်သည်။ သူ အံတင်းတင်းကြိတ်၍ ပြောမိ၏။

"ကျွန်တော့်ကို မင်ဟောက်မြို့ရဲ့ထိပ်သီးပါရမီရှင် တစ်ယောက်အဖြစ် မြှောက်ပင့်နေကြတာက ကျွန်တော့်အတွက် ရန်သူတွေ ဖန်တီးပေးနေကြတာ မဟုတ်ဘူးလား"

သခင်လေး လေးဦးကို မပြောနှင့်။ မင်ဟောက်မြို့တွင် ပါရမီရှင် များစွာ ရှိနေတာကြောင့် သူတို့က သူ့ကို ဘယ်လိုမြင်ကြမည်နည်း။

သူ၏ဂုဏ်သတင်းက လက်တွေ့အဖြစ်ထက် ကျော်လွန်နေသောအခါ၊ လူတစ်ယောက်ကို မြှင့်တင်ပေးလေလေ ပြုတ်ကျတာက ပိုပြီးပြင်းထန်လေဆိုတာကို သူ ကောင်းကောင်းသိသည်။

သူ့အသက်အရွယ်ကြောင့် သူ၏ လက်ရှိအင်အားသည် မင်ဟောက်မြို့၏ သခင်လေး လေးဦးထက် နှောင့်နှေးနေသေး၏။

သခင်မ တဖြင့်လည်း သူ့ဆရာ၏ အကူအညီဖြင့် သူသည် မကြာသေးခင်တုန်းက အခွင့်အလမ်းများစွာ ရရှိခဲ့ပြီး မြန်မြန်ဆန်ဆန် တိုးတက်လာခဲ့သည်။

သို့သော် အခုထိတော့ သူ အနိုင်ယူလို့မရသေးပေ။

မင်ဟောက်မြို့၏ သခင်လေးများက သူ့ထက် နှစ်နှစ်ကနေ သုံးနှစ်လောက်ထိ ပိုကြီးကြပြီး ကလေးဘဝကတည်းက သူတို့၏ မိသားစုကြီးဆီကနေ မထောက်အပံ့များ အပြည့်အဝရရှိခဲ့ကြ၏။ ထိုကွာခြားမှုက အချိန်တိုအတွင်းမှာ ဖျက်ပစ်လို့မရပေ။

"ဒီသတင်းက ကျွန်တော့်ကို ဒေါသထွက်စေတယ်၊ ဒီကောလာဟလကို ဖြန့်ပြီး ကျွန်တော့်ကို ကျဥ်းထဲကျပ်ထဲ ရောက်အောင် လုပ်ခဲ့တဲ့လူဆီမှာ ဖင်မပါလာတဲ့သားတစ်ယောက်ရပါစေလို့ ကျိန်စာတိုက်ပစ်ဦးမယ်!"

ချင်ကျီက သူ့လက်သီးများကိုဆုပ်၍ ပြောနေသည်။

"အဟမ်း!"

ဘေးမှာ လက်ဖက်ရည်သောက်နေသည့် ချင်ချွမ်းခဗျာ အနည်းငယ် ဆို့နင့်သွားရ၏။

ဒီအပေါစားသားကတော့ ဒေါသထွက်ပြီး သူ့ကိုယ်သူတောင် ကျိန်စာတိုက်နေသေးတယ်!

"တည်တည်ငြိမ်ငြိမ်နေစမ်း"

ချင်ချွမ်းက ပေါ့ပါးစွာရှိနေသလိုမျိုး ဟန်ဆောင်၍ တည်ငြိမ်စွာ ပြောလိုက်သည်။

"ကိစ္စသေးသေးလေးကိုတောင် ဒီလိုမျိုးတုံ့ပြန်နေရင် မင်း ဘယ်လိုလုပ်ပြီး ကိစ္စကြီးကြီးမားမားတွေကို ပြီးမြောက်နိုင်မှာလဲ"

"ကျွန်တော်…"

ချင်ကျီမှာ သဘောပေါက်သွားပြီး ရှက်ရွံ့သော အမူအရာတစ်ခုကို ပြသလိုက်၏။ ထို့နောက် သူ့ခေါင်းကို ငုံ့ကာ ပြောလိုက်သည်။

"အဖေ ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော် စိတ်လှုပ်ရှားသွားတယ်"

ထို့နောက် သူ ခေါင်းကို ပြန်မြှောက်၍ အံကြိတ်ကာ...

"ဒါပေမယ့် ဒါကြီးက..."

"ကောင်းပြီ၊ အခက်အခဲတွေကို မချဲ့ကားမိစေနဲ့"

ချင်ချွမ်းသည် လက်ဖက်ရည်ခွက်ကို ချကာ ဖြည်းဖြည်းချင်း ထရပ်၍ သူ့သားကိုကြည့်ကာ ပြောလိုက်သည်။

"အဖေ မင်းကို ယုံပါတယ်၊ မင်းက လုပ်နိုင်ပါတယ်"

"မင်ဟောက်မြို့ရဲ့နံပါတ်တစ်ပါရမီရှင်ဖြစ်ဖို့က ကြီးကြီးမားမားကိစ္စလား၊ မင်းက ငါ ချင်ချွမ်းရဲ့ သားဖြစ်တဲ့အတွက် မင်ဟောက်မြို့ရဲ့ နံပါတ်တစ်ဆိုတာကို ထားဦး၊ နေကိုးလုံးနယ်မြေရဲ့နံပါတ်တစ်လို့ သူတို့ ပြောကြရင်တောင် ဘာလို့ မဟုတ်နိုင်ရမှာလဲ!"

သူ ထိုစကားကို ပြောလိုက်သောအခါ အားကောင်းသည့် အော်ရာတစ်ခု ထွက်ပေါ်လာခဲ့၏။

"အဖေ.."

ချင်ကျီသည် သူ့အဖေကိုကြည့်ရင်း ကြောင်အမ်းအမ်းဖြစ်နေလေသည်။ သူ့နှလုံးသားထဲမှာတော့ နွေးထွေးသော ရေစီးကြောင်းတစ်ခုက စီးဆင်းနေလေ၏။

သူ အသက်ပြင်းစွာ ရှူသွင်းလိုက်သည်။ ထို့နောက် သူ့လက်သီးများကိုဆုပ်၍ ခေါင်းညိတ်လိုက်ပေ၏။

"အဖေ ကျွန်တော်နားလည်ပါပြီ! အဖေ စိတ်ပျက်ရအောင် ကျွန်တော် မလုပ်ပါဘူး!"

"လူတွေက မင်ဟောက်မြို့ရဲ့နံပါတ်တစ်က ကျွန်တော်လို့ ပြောလာကြရင် ကျွန်တော်က နံပါတ်တစ်ပဲ၊ တစ်ယောက်ယောက်ကများ လက်မခံရင် သူတို့ လက်ခံသဘောတူတဲ့အထိ ကျွန်တော် တိုက်ခိုက်မယ်"

ထိုအချိန်၌ သူ့ခန္ဓာကိုယ်တစ်ခုလုံးက သွေးပူသွားလေပြီ။ သူရဲကောင်းစိတ်ဓာတ်များဖြင့် ပြည့်နေခြင်းပင်။

သူ့ဘဝ၌ ပထမဆုံးအကြိမ်အဖြစ် ဤကဲ့သို့ မရပ်တန့်နိုင်သော စွမ်းရည်မျိုးကို ခံစားလိုက်ရသည်။ သူ့နှလုံးသားထဲရှိ ကြောက်ရွံ့မှုအချို့ကလည်း လုံးဝပျက်စီးသွားခဲ့၏။

ငါ့ခန္ဓာကိုယ်က တစ်သက်တာမှာ တစ်ခါပဲ ရရှိနိုင်တဲ့ နတ်ဘုရားခန္ဓာကိုယ်လို့ ဆရာက ပြောခဲ့တယ်!

ငါ့အဖေကလည်း မရှုံးနိမ့်နိုင်တဲ့ စွမ်းအားကြီးပုဂ္ဂိုလ် တစ်ယောက်ပဲ။

ဒီလိုဆိုမှတော့ ငါက ဘာကိုကြောက်ရမှာလဲ။

မင်ဟောက်မြို့က သခင်လေး လေးဦးရဲ့တန်ဖိုးက ဘာလဲ။ နေကိုးလုံးနယ်မြေက ပါရမီရှင်တွေကရော ဘာလဲ။

ငါ ချင်ကျီက ပြိုင်ဘက်မရှိတဲ့ သူရဲကောင်းတစ်ယောက်ဖြစ်လာဖို့ ရည်ရွယ်ထားတယ်!

"ဝုန်း!"

ထိုအချိန်၌ သူ့ခန္ဓာကိုယ်ထဲကနေ အားကောင်းသော အလင်းတန်းတစ်ခုက ထွက်ပေါ်လာသည်။ ထို့အပြင် သူ၏ ခန္ဓာကိုယ်အတွင်းကနေလည်း အလင်းရောင်များ ထွက်ပေါ်နေလေ၏။

ထိုအရောင်များက လှည့်ပတ်နေပြီး ရင်သပ်ရှုမောဖွယ်ရာကောင်းကာ ထည်ဝါလှသည်။

"ဒါက ဘာလဲ"

ချင်ချွမ်း၏စိတ်ထဲ၌ ထိတ်လန့်သွားရ၏။ အပေါစားသားလေးက ငါ့ရဲ့ *ကြက်စွပ်ပြုတ်ကို သောက်ပြီး ခန္ဓာကိုယ်ပုံစံတစ်ခုခုကို နိုးထစေခဲ့တာလား။

(T/N - ကြက်စွပ်ပြုတ်က အပေါ်မှာ သူ့သားကို ပြောနေတဲ့ "စိတ်ဓာတ်လှုံ့ဆော်ပေးတဲ့စကား" ကို ဟာသအနေနဲ့ ပြောထားတာပါ)

သူ စိတ်ထဲ၌ ထိတ်လန့်နေသော်ငြား အံ့အားသင့်သည့် လက္ခဏာကို အပြင်မှာ ပြသခဲ့ခြင်းမရှိခဲ့ပေ။ ထိုအစား သူ ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး သူ့မျက်နှာပေါ်၌ ကျေနပ်အားရမှု အနည်းငယ် ပေါ်လာသည်။

အရာအားလုံးကို ကြိုတင်မြင်ထားခဲ့သည့်အလားပင်။

သူ့သား၏ နတ်ဘုရားခန္ဓာကိုယ်ကို နိုးထစေခြင်းက သူ့အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး သူတစ်ယောက်တည်းက စီစဉ်ပေးခဲ့သောအရာတစ်ခုကဲ့သို့ပင်။

ဤနည်းဖြင့်...

အနာဂတ်တွင် ထင်းယွီအဆောက်အအုံ၌ သူလုပ်ခဲ့သော ကိစ္စက ပေါ်သွားလျှင်တောင် အရေးမပါတော့ဘူးဟု ထင်ရပေမည်။

သူ့ရည်ရွယ်ချက်က တကယ်ကို ကောင်းမွန်နေသည်ပင်။

ထိုအချိန်၌ လက်စွပ်အတွင်းထဲရှိ ရွှေရောင်ဆံပင်ပိုင်ရှင်အမျိုးသမီးကတော့ ကိုးကွယ်ရန်ပင် အဆင်သင့်ဖြစ်နေလေပြီ။

"ဒါက...ငါ နည်းလမ်းတွေ အများကြီးကြိုးစားခဲ့ရတယ်၊ ငါ့ရဲ့တန်ဖိုးရှိတဲ့ မြင့်မြတ်သောဆေးကိုတောင် သုံးခဲ့တယ်၊ ဒါပေမဲ့ ရှောင်ကျီရဲ့နတ်ဘုရားခန္ဓာကိုယ် ကို မနိုးထစေခဲ့ဘူး၊ ဒါပေမဲ့ ဒီလူက စကားအနည်းငယ်နဲ့တင် လုပ်နိုင်ခဲ့တယ်…"

သူမ၏အသက်ရှူနှုန်းက မြန်ဆန်နေလေသည်။ သူမ၏ စိတ်အစဥ်ကလည်း ရုန်းရင်းဆန်ခတ်ဖြစ်နေ၏။

မြန်မြန်ဆန်ဆန်ပင် အကြောင်းပြချက်တစ်ခုကို သူမ စဉ်းစားမိသွားသည်။

"ငါ နားလည်ပြီ!"

"နတ်ဘုရားခန္ဓာကိုယ်ကို နိုးထစေဖို့ အဓိကသော့ချက်က မြင့်မြတ်သောဆေး မဟုတ်ဘူး၊ ရှောင်ကျီရဲ့ သိုင်းပညာအပေါ် ယုံကြည်ချက်က ပြိုင်ဘက်ကင်းခံစားချက်ဖြစ်ရမှာပဲ"

"အရင်က ရှောင်ကျီမှာ ယုံကြည်မှုတွေ တိုးပွားလာပေမယ့် သူ့ရဲ့အတွင်းစိတ်ထဲမှာတော့ ကြောက်ရွံ့မှုတစ်ခု ကျန်နေသေးတယ်"

"အချိန်အကြာကြီး အထင်အမြင်သေးခံထားရတာကြောင့် သူ့ရဲ့စိတ်ထဲမှာ သူ တိုးတက်လာရင်တောင် ပါရမီရှင်တွေထက် နိမ့်ကျနေတယ်လို့ ခံစားနေရတုန်းပဲ"

"အထူးသဖြင့် သူ့ထက် ယာယီအားဖြင့် အများကြီးပိုအားကောင်းနေတဲ့ လူတွေနဲ့ ယှဥ်လာရင် ဒါမှမဟုတ် သူ့ထက် ပိုပြီးအသက်ကြီးတဲ့လူတွေနဲ့ ရင်ဆိုင်လာရရင် သူက အလိုလိုနေရင်း နောက်ဆုတ်သွားတတ်တယ်"

"သာမန်လူတွေက သူတို့ရဲ့ဆုတ်ခွာခြင်းအတွက် အမြဲတမ်း အကြောင်းပြချက်ရှာကြတယ်၊ ဒါပေမဲ့ နတ်ဘုရားခန္ဓာကိုယ်ကတော့ မယိမ်းယိုင်တဲ့ယုံကြည်ချက်တစ်ခု လိုအပ်တယ်!"

"သူက ရည်ရွယ်ချက်ရှိရှိ အကြောင်းပြချက်တွေကို မရှာဖွေတော့ရင်၊ ပြိုင်ဘက်ရဲ့အင်အားကြောင့် နောက်မဆုတ်တော့ရင်၊ ပြီးတော့ ဘယ်ရန်သူကိုမဆို တိုက်ခိုက်ဖို့ ရဲရင့်လာခဲ့ရင်၊ အဲ့ဒီအခါကျမှသာ သူက နတ်ဘုရားခန္ဓာကိုယ်နဲ့ လိုက်ဖက်တဲ့စိတ်ဓာတ်ကိုပိုင်ဆိုင်နိုင်တယ်"

"အဲ့ဒီအခါမှသာ နတ်ဘုရားခန္ဓာကိုယ်က နိုးထလာနိုင်တာ"

ဒါကို သဘောပေါက်သွားသည့်အခါ သူမကိုယ်သူမ ရယ်မောမိသွား၏။

ဒီတစ်လျှောက်လုံးမှာ သူမသည် ချင်ကျီ၏ နတ်ဘုရားခန္ဓာကိုယ်ကို နိုးထစေရန် အမျိုးမျိုးသောတန်ဖိုးရှိသည့် မြင့်မြတ်သောဆေး ဒါမှမဟုတ် နတ်ဆေးများကို သုံးရန်သာ စဉ်းစားနေခဲ့သည်။

မမျှော်လင့်ထားဘဲ သူမက လမ်းကြောင်းမှားနေခဲ့လေ၏။

သို့သော်ငြား...

ထိုလူကတော့ အရာအားလုံးကို အစကတည်းက မြင်နေလေသည်။

ပြိုင်ဘက်ကင်း အင်အားကြီးပုဂ္ဂိုလ်တစ်ဦး။

တကယ်ကို ကြောက်စရာကောင်း၏။

သူမကိုယ်သူမ မသိလိုက်ခင်မှာပင် တစ်ချိန်က ကြီးမားသောအင်အားရှိခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သောအမျိုးသမီးသည် *တိဟွားလမ်းကြောင်းပေါ်သို့ ဆက်လက်လျှောက်လှမ်းမိတော့သည်။

(T/N - တိဟွား = သဘာဝတရားထဲ ပေါင်းစပ်သွားခြင်း)

ထိုအချိန် မြွေနဂါးဂိုဏ်းခေါင်းဆောင်သည် သူ့ဒဏ်ရာများကို ကုသနေလေ၏။

သူ ဒဏ်နှစ်ခု ခံစားခဲ့ရသည်။

သူ့သားကို ချင်ကျီ သတ်ခဲ့ခြင်းက သူ့နှလုံးသားကိုထိခိုက်ခဲ့ပြီး သူကိုယ်တိုင်လည်း ချင်ချွမ်း၏တိုက်ခိုက်မှုကြောင့် ခန္ဓာကိုယ် ထိခိုက်ခဲ့၏။

သူနှင့် ချင်သားအဖက တစ်သက်တာရန်သူများပင်။

သို့သော်ငြား သူ လက်စားချေရန်တော့ ရည်ရွယ်ချက်မရှိပေ။

အကြောင်းမှာ သူ့အလားအလာက သူ၏ ကန့်သတ်ချက်အား ရောက်နေပြီဆိုတာကို သူသိသည်။ သူ ရင်ဆိုင်နေရသည့် အခက်အခဲက ခိုင်မာနေပြီး မဖြတ်ကျော်နိုင်ပေ။ ဒီတစ်သက်၌ နောက်ထပ်အောင်မြင်ရန် ခက်ခဲလိမ့်မည်။

ထို့အပြင် သူတို့၏ ယခင်တိုက်ခိုက်မှုအပေါ်မှာ အခြေခံကြည့်လျှင် ချင်ချွမ်းက သူ့ထက် အများကြီး ပို၍ အားကောင်း၏။ သူ နောက်ထပ် အဆင့်နှစ်ခုသုံးခုလောက် ဖြတ်ကျော်နိုင်ခဲ့လျှင်တောင် သူနှင့် ယှဉ်ပြိုင်နိုင်မည်မဟုတ်ပေ။

ထို့ကြောင့် လက်စားချေခြင်းက သူ့ကိုယ်သူပန်းကန်ပြားပေါ်သို့ တင်ပေးလိုက်သည်နှင့် အတူတူပင်။

"ဂိုဏ်းခေါင်းဆောင်၊ သတင်းကောင်းပါ!"

ထိုအချိန်၌ မြွေနဂါးဂိုဏ်း၏ တပ်ခေါင်းဆောင်ငယ်တစ်ဦးက စိတ်လှုပ်ရှားစွာ ပြေးဝင်လာသည်။

"အဲ့ဒီ ချင်ကျီကတော့ ချီးကျူးခံရပြီး သေတော့မှာ!"

"မင်း ဘာကိုဆိုလိုတာလဲ"

"ပြီးခဲ့တဲ့နှစ်ရက်အတွင်းမှာ ချင်ကျီက မင်ဟောက်မြို့ ရဲ့ ထိပ်တန်းပါရမီရှင်တစ်ယောက်ဖြစ်ပြီး သခင်လေး လေးဦးထက် သာလွန်တယ်ဆိုပြီး ပြောနေကြတယ်၊ ဟားဟားဟား! လူတွေက ဂုဏ်သတင်းကိုကြောက်ကြသလို ဝက်တွေက အဆီကိုကြောက်တယ်၊ ချင်ကျီကအခု ပျက်စီးသွားတော့မယ် ထင်တယ်၊ ဟားဟားဟား…"

တပ်ခေါင်းဆောင်ငယ်လေးက ရယ်မောနေခဲ့၏။ သို့သော် မကြာခင်မှာပင် ဂိုဏ်းခေါင်းဆောင်က လိုက်မရယ်နေဘဲ သူ့အား တိတ်တဆိတ်ကြည့်နေသည်ကို သတိထားမိသွားသည်။

"အမ်...ဂိုဏ်းခေါင်းဆောင်၊ ဘာလို့မရယ်တာလဲ"

တပ်ခေါင်းဆောင်ငယ်လေးက မေး၏။

"ဖြန်း!"

ဂိုဏ်းခေါင်းဆောင်က သူ့မျက်နှာကို ဖြတ်ရိုက်လာပြီး ဒေါသတကြီးဖြင့် ဆူဆဲလာသည်။

"မင်းရဲ့ဦးနှောက်ကို မြည်း ကန်သွားတာလား၊ ချင်ကျီ က ချီးကျူးခံရပြီး သေသွားမယ်ဆိုရင် သူတို့က ဘယ်သူ့ကို အရင်ဆုံး သံသယရှိမယ်လို့ မင်းထင်လဲ!"

"ဒါက..."

တပ်ခေါင်းဆောင်ငယ်လေးလည်း ချက်ချင်းပင် သဘောပေါက်သွားခဲ့၏။ သူတို့ မြွေနဂါးဂိုဏ်းကို သံသယရှိလာကြမည်။

"သောက်ကျိုးနည်းကွာ ရထားလုံးပြင်စမ်း! အဲ့ဒီရန်သူ မလာခင် ငါ မင်ဟောက်မြို့ကနေ အမြန်ထွက်သွားရမယ်!"

ဂိုဏ်းခေါင်းဆောင်သည် အနည်းငယ် ထိတ်လန့်နေလေသည်။ အကြောင်းမှာ ချင်ချွမ်းက သူ့ကို နောက်ဆုံးတစ်ကြိမ် ပြောခဲ့သောစကားကို သူမှတ်မိနေသောကြောင့်ပင်။

နောက်တစ်ကြိမ်သာရှိခဲ့ရင်…အမြစ်ဖြတ်သုတ်သင်ခံရမည်။

သူ အမြစ်ဖြတ်သုတ်သင်ခြင်းကို မလိုချင်ပေ။

သူက ပြဿနာရှာတတ်သော သားတစ်ယောက်ကို ဆုံးရှုံးခဲ့ရုံပင်။ သို့သော် သူက အရွယ်ကောင်းသေးတာကြောင့် နောက်တစ်ယောက် ရနိုင်သေး၏။

ဒါကြောင့် သူ ပြေးရမည်!

ဒီလိုနှင့် မင်ဟောက်မြို့မှာရှိသော နာမည်ကျော်ဂိုဏ်းငယ်လေးတစ်ခုမှ အဖွဲ့ဝင်အားလုံးသည် အသွင်ပြောင်း၍ မင်ဟောက်မြို့ကနေ ညတွင်းချင်း ထွက်ခွာသွားကြသည်။

ဘယ်ကိုသွားလဲဆိုတာကိုတော့ ဘယ်သူမှမသိခဲ့ပေ။

ရာနှင့်ချီသော အဖွဲ့ဝင်များရှိသည့် ဂိုဏ်းတစ်ခုက ညတွင်းချင်း လုံးဝပျောက်ကွယ်သွားခဲ့ပြီး မင်ဟောက်မြို့တွင် မဖြေရှင်းနိုင်သော လျို့ဝှက်ချက် တစ်ခုအဖြစ် ကျန်ရစ်ခဲ့လေ၏။

All Chapters