← Chapters

ယုန်ဖြူလေးရဲ့ ပြန်လည်တိုက်ခိုက်မှု

Vol. 2 Ch. 21

ယုန်ဖြူလေးရဲ့ ပြန်လည်တိုက်ခိုက်မှု

Vol. 2 Ch. 21

ပြာဖျော့ဖျော့ အကာအကွယ် တဖက်ခြား အန်လင်းရှိနေသည့် နေရာ၏ အပေါ်ဘက်တွင် လေပေါ်မှာ ရပ်တန့်နေသည့် စာအုပ်ကြီးတစ်အုပ် ရှိနေသည်။

ထိုစာအုပ်ကြီး အပေါ်တွင် လှိုင်းတွန့် ဆံနွယ်နှင့် အနီရောင်မျက်မှန် တပ်ဆင်ထားသည့် ပိန်ပါးပါး အမျိုးသမီး တစ်ယောက် လဲလျောင်းနေသည်။

သူမ၏ အချိုးအစား လှပကာ ရှည်လျားသည့် ခြေထောက်များကို ပိုးနက်အသားကပ် ဘောင်းဘီများဖြင့် ဖုံးအုပ်ထားကာ အပေါ်သို့ ကွေးဆန့်ထားသည်။ သူမမျက်နှာတွင် အပြုံးတစ်ခု ချိတ်ဆွဲထားပြီး မြေပြင်ပေါ်ရှိ အနေအထားကို ကြည့်နေလေသည်။

“ကျွတ် ကျွတ်... ဒီအောက်က ကလေးတွေက အရမ်းကို စိတ်ဝင်စားဖို့ ကောင်းတာပဲ... သေမျိုးဘာသာရပ်ရဲ့ ဘာသာရပ် ကိုယ်စားလှယ် အန်လင်းအနေနဲ့ ငါ့ဘာသာရပ်နဲ့ ပတ်သက်ပြီး အရှက်ရစရာ မဖြစ်ရဘူးနော်... အနည်းဆုံးတော့ ဂုဏ်သိက္ခာရှိရှိ ရှုံးနိမ့်ခြင်းပဲ ဖြစ်ရမယ်...” သူမနှုတ်ခမ်းများက တွန့်ကွေးကာ အပြုံးတစ်ခု ဖြစ်လာပြီး မြေပြင်တွင် ရှိနေသည့် ကျောင်းသားများအား စူးရှ ထက်မြက်လှသည့် မျက်ဝန်းများဖြင့် ကြည့်နေသည်။

ထိုအမျိုးသမီးသည် အန်လင်းတို့၏ သေမျိုးဘာသာရပ် ဆရာမ မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင်မှလွဲ အခြား မရှိပေ။ အန်လင်း ရောက်ရှိနေသည့် နေရာသည် သူမစောင့်ကြပ် ကြည့်ရှုရမည့် အပိုင်းဒေသလည်း ဖြစ်နေသည်။

အန်လင်းအား ရန်လိုတတ်ပြီး နိုင်လိုမင်းထက် ပြုကျင့်တတ်သည့် ကျောင်းသားများ  ဝန်းရံနေမှုသည် သူမအား အလွန်အမင်း စိတ်ဝင်စားစေသည်။

ထို့နောက်တွင် ပိုစိတ်ဝင်စားဖို့ ကောင်းသည့်အရာ ဖြစ်ပေါ်လာသည်။

အန်လင်းအား ရိုက်နှက်ခွင့် ရမည့် အခွင့်အရေး ရရှိရန်အတွက် ကျောင်းသား လေးယောက်သည် တစ်ဦးနှင့်တစ်ဦး အတော မသတ်နိုင်အောင် ငြင်းခုန်လျက် ရှိကြသည်။

ထိုအချိန်မှာပင် ယုန်ဖြူလေး အန်လင်းသည် မနေနိုင်တော့သဖြင့် စကားပြောရန် ပါးစပ်ဖွင့်လိုက်သည်။

“အမ်... ငါထင်တာကတော့ ဘယ်သူက ငါ့ရန်ဘက်ဖြစ်ဖို့ အတွက် အသင့်တော်ဆုံး ဆိုတာကို သိရဖို့ မင်းတို့ တိုက်ခိုက် သင့်သလားလို့လေ...”

အန်လင်း၏ အကြုံပြုချက်ကို ကြားလိုက်သည့်အခါ လူတိုင်း တိတ်ဆိတ် သွားကြသည်။

“ဟုတ်တယ်ဟ... မင်းပြောတာ မှန်တယ်... ငါဘာလို့များ အဲလို မစဉ်းစားမိတာလဲပဲ...” ကျုံးဝမ်က နားလည် လက်ခံစွာ ပြောလိုက်သည်။

“ဒါက အကြံကောင်းပဲဟေ့... ဆွေးနွေးတာက ပြဿနာကို မဖြေရှင်းနိုင်ရင် အင်အားသုံးပြီး ဖြေရှင်းဖို့ပဲ ရှိတော့တာပေါ့...” ထိုအကြံပြုချက်ကြောင့် လီကျန်းယန်၏ မျက်ဝန်းများသည် လင်းလက်လာသည်။

“ဘေးကနေ ကြည့်တဲ့သူက ရှင်းရှင်းလင်းလင်း မြင်ရတယ် ဆိုတဲ့အတိုင်းပဲ အန်လင်းက နောက်ဆုံးတော့ အကောင်းဆုံး ဖြေရှင်းနည်းကို တွေ့သွားတာပေါ့လေ...” ချန်းရှုပေါင်က ထောက်ခံသည့် အနေဖြင့် ခေါင်းကို ညိတ်လာသည်။

“အဲဒီတော့ ငါတို့ရဲ့ ပြိုင်ဘက်ကို ဆုံးဖြတ်ဖို့ မဲနှိုက်ကြတာပေါ့...” ရှစီယောင်က စိတ်အားထက်သန်စွာ ပြောသည်။

ထိုသို့အားဖြင့် ထိုလေးယောက်သည် ပျော်ရွှင်စွာ မဲနှိုက် နေကြတော့သည်။

အန်လင်းက နံဘေးတွင် ပုန်းကွယ် နေလျက်နှင့်ပင် ရှိနေပြီး သူဘယ်တော့မှ ထုတ်ပြောရဲမှာ မဟုတ်သည့် အရာတစ်ခုလည်း ရှိနေသေးသည်။ မင်းတို့ကောင်တွေက မဲနှိုက်ပြီး ငါ့ကို ဘယ်သူ တိုက်ခိုက်ရမယ်လို့ ဆုံးဖြတ်နိုင်တယ် ဆိုတာကိုကော သိကြရဲ့လား...

သေချာတာပေါ့...။ သူက နေကောင်း ကျန်းမာနေပြီး အသက်ရှင်ရတာ မပင်ပန်းသေးသဖြင့် ထိုအကြောင်းကို ဘယ်သောအခါတွင်မှ ထုတ်ဖော်ပြောမည် မဟုတ်။

ထိုသို့ဖြင့် တိုက်ပွဲ စတင်တော့သည်။

ပထမပွဲသည် ပထမနှစ် တန်းခွဲ ၉မှ ရှစီယောင်နှင့် တတိယနှစ် တန်းခွဲ ၂၆မှ ကျုံးဝမ်တို့ ဖြစ်ကြသည်။

တိုက်ပွဲစတင်ပြီး မကြာမီမှာပင် နှစ်ဦးစလုံးသည် အလွန်အမင်း ကြောက်မက်ဖွယ် အငွေ့အသက်များကို ထုတ်လွှတ်ကြတော့သည်။

နှစ်ဦးစလုံးမှာ တာအိုခန္ဓာ အဆင့် ၈တွင် ရှိနေသဖြင့် အနိုင်ရဖို့အတွက် အခွင့်အရေး ရှိနေကြသည်။ သူတို့၏ ခွန်အားအကုန် ထုတ်သုံးဖို့ရာသာ လိုအပ်သည်။

ထို့ကြောင့် တိုက်ပွဲ စကတည်းက အလွန် ပြင်းထန်လေသည်။

ကျုံးဝမ်၏ ကြယ်ပျံတူကြီးသည် ရူးသွပ်လောက်သည့် ခွန်အားရှိပြီး မြေပေါ်သို့ ရိုက်ချသည့် အခါတိုင်း ချိုင့်နက်နက်များ ဖြစ်ပေါ်စေသည်။

ရှစီယောင်အား ထိုကြယ်ပျံတူဖြင့် တစ်ခါလောက် ရိုက်ခတ်မိရုံနှင့်ပင် တိုက်ပွဲက အဆုံးသတ်သွားနိုင်မှာ ဖြစ်သည့်အတွက် သူက ယုံကြည်မှု ပြင်းထန်လျက် ရှိသည်။

သို့ပေမဲ့လည်း ရှစီယောင်မှာ လျင်မြန်မှုကို အသားပေး ကျင့်ကြံသူ ဖြစ်သည့်အတွက် သေးသွယ်လှပသည့် သူမပုံရိပ်လေးသည် လျင်လျင်မြန်မြန် ရွေ့လျားနေပြီး ပန်းရောင် ပုံရိပ်ယောင်များသာ မြေပေါ်တွင် ကျန်နေရစ်သည်။ ထို့ကြောင့် ကျုံးဝမ်သည် သူမ၏ တည်နေရာ အမှန်ကို သိရှိဖို့ရာ အလွန် ခက်ခဲနေလေသည်။

ကြယ်ပျံတူ ဝဲပျံလာသည့် အသံကို ကြားသည်နှင့် ရှစီယောင်မှာ လျင်လျင်မြန်မြန် ရှောင်တိမ်းပြီး ကျုံးဝမ်ထံသို့ မြန်ဆန်သည့် အလျင်ဖြင့် ပြေးလွှားလျက် ရှိသည်။

“ဟီး ဟီး... နင်က အရမ်းနှေးတာပဲ...”

ရှစီယောင်က မျက်ဝန်းလေးများကို စွေကြည့်ပြီး ပြုံးလိုက်သည့်အခါ သူမ၏ ချစ်စဖွယ် သွားစွယ်လေးများက ထွက်ပေါ်လာသည်။ သူမလက်ထဲမှ ဓားမြှောင်သည် ကျုံးဝမ်ထံသို့ အညှာအတာမရှိ ထိုးဝင် သွားတော့သည်။

ချွန်ထက်သည့် ဓားမြှောင်သည် တစ်ချက်လက်ကာ ကျုံးဝမ် ရင်ဘတ်ကို လွယ်လွယ်ကူကူပင် ထိုးဖောက်သွားသည်။

“အား...” ကျုံးဝမ်က နာကျင်မှုကြောင့် အော်ဟစ်ကာ နောက်သို့ ဒယိမ်းဒယိုင်ဖြင့် ဆုတ်လိုက်သည်။

ရှစီယောင်က ဓားမြှောင်ကို အလျင်အမြန် ဆွဲထုတ်လိုက်သဖြင့် ကျုံးဝမ်၏ သွေးများက ပက်ဖြန်းလိုက်သလို ထွက်လာသည်။ ထိုချွန်မြိနေသည့် ဓားမြှောင်သည် နောက်ထပ် တစ်ဖန် ကျုံးဝမ်၏ ခန္ဓာကိုယ် အတွင်းသို့ ထိုးစိုက် လိုက်ပြန်သည်။

သွေးများ ဒလဟော ထွက်လာသဖြင့် ကျုံးဝမ်မှာ နာကျင်မှုကြောင့် အော်ဟစ် နေတော့သည်။ အချိန်ခဏ ကြာပြီးနောက် သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာများ အပြည့်နှင့် ဖြစ်လာပြီး အပေါ်ရုံ တစ်ခုလုံး သွေးများ ရွှဲစိုနေတော့သည်။

သူ့အရှေ့တွင် ရှိနေသည့် မိန်းကလေး၏ အမြန်နှုန်းသည် ကျုံးဝမ်အား စိတ်ဓာတ် ကျစေသည်။ သူဘယ်လိုပင် တိုက်ခိုက်စေကာမူ သူမအား မြေသို့လဲကျအောင် မလုပ်နိုင်ပေ။ သူက ခြေလှမ်းများကို နောက်သို့ ဆုတ်ကာ ဘာမှ မလုပ်နိုင်ခင်မှာပင် ဓားဖြင့် အချက်ပေါင်းများစွာ ထိုးသွင်းခံနေရသည်။

အန်လင်းက သူမြင်လိုက်ရသည့် အရာများကြောင့် ကြောက်ရွံ့ ထိတ်လန့်နေပြီ ဖြစ်သည်။

သူသေတော့မယ်... ကျောင်းသူ ရှစီယောင်က လူတစ်ယောက်ကို သတ်လိုက်တယ်...

သေးသေး သွယ်သွယ်နှင့် ချစ်စဖွယ် မိန်းမပျိုလေးမှသည် သွေးဆာနေသည့် လူသတ်သမားအဖြစ်သို့ ပြောင်းလဲသွားပြီး သူမ၏ စီနီယာကို ရက်စက်စွာ ထိုးနှက်နေသည့် မြင်ကွင်းသည် အန်လင်း စိတ်ထဲတွင် နက်ရှိုင်းစွာ ထင်ဟပ်နေလေပြီ။

အဆုံးတွင်တော့ ရှုံးနိမ့်ကြောင်း အချက်ပြမှု ဖြစ်သည့် ရွှေရောင် အကာအကွယ်သည် ကျုံးဝမ် ခန္ဓာကိုယ် ပတ်လည်တွင် ပေါ်လာတော့သည်။

“ကျွန်မကို အနိုင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ...” ရှစီယောင်က ရွှင်လန်းစွာ ပြောသည်။

သူမက ဓားမြှောင်ကို ဓားအိမ်အတွင်း ပြန်ထည့် လိုက်ပြီးနောက် လက်နှစ်ဖက်ကို ခါကာ အနောက်သို့ ဆုတ်လိုက်သည်။ ချစ်စဖွယ် မိန်းမပျိုလေး တစ်ဖန် ပြန်ရောက်ရှိလာပြီ ဖြစ်သည်။

ကျုံးဝမ်က သွေးများ ယိုစီးကျနေသည့် ခန္ဓာကိုယ်ကို ထိန်းကာ သူ့အား နာကျင်စေခဲ့သည့် မိန်းကလေးကို ကြည့်လိုက်သည်။

သက်ပြင်း အသာချကာ တိတ်တိတ် နေလိုက်ပြီးနောက်တွင် တိုက်ပွဲမြေပြင် အပြင်ဘက်သို့ တည်နေရာ ရွှေ့ပြောင်းခြင်း ခံလိုက်ရသည်။

ရှစီယောင်က သူမခေါင်းကို အနောက်သို့ လှည့်ကာ အန်လင်းအား ကြည့်လိုက်သည်။ အခြားတိုက်ပွဲကို အာရုံမစိုက်ခင် မျက်ခုံးပင့်ကာ ရန်စ လိုက်သေးသည်။

ရှစီယောင်၏ အကြည့်မှာ အန်လင်းအား ကြက်သီးမွေးညင်းများပင် ထသွားစသည်။

ကျေးဇူးပြုပြီး သူမကို အနိုင် မပေးကြပါနဲ့ဗျာ... အန်လင်းက စိတ်ထဲမှနေ အော်ဟစ်နေမိသည်။

အန်လင်းသည် ဓားသေး တစ်ချောင်းဖြင့် ထပ်ကာထပ်ကာ ထိုးစိုက်ခံမည့်အစား ကြယ်ပျံတူဖြင့်သာ သတိလစ်သွားအောင် အရိုက်ခံပစ် လိုက်ချင်သည်။ ထိုကဲ့သို့ ထပ်ကာထပ်ကာ ဓားထိုးခံရခြင်းသည် အလွန်အမင်း ကြောက်ဖို့ ကောင်းလွန်းသည်။

ထိုအချိန်မှာပင် ချန်းရှုပေါင်နှင့် လီကျန်းယန်တို့၏ တိုက်ပွဲသည်လည်း ပြီးဆုံးတော့မည် ဖြစ်သည်။

လီကျန်းယန် အနေဖြင့် ပြိုင်ဘက်အား အနိုင်ယူရန် အတော်လေး အားထုတ်လိုက်ရသည်။ သူ့အဝတ်အစားများသည် သွေးများပေပွကာ စုတ်ပြဲနေပြီး ကြွက်သားများကိုပင် မြင်နေရသည်။ အလွန်အမင်း မောပန်းနွမ်းနယ်ကာ ဒေါသတကြီး ဖြစ်နေလေသည်။

လီကျန်းယန်အား ထိုသို့ပုံစံဖြင့် မြင်လိုက်ရသည့်အခါ အန်လင်းမှာ တုန်လှုပ်ချောက်ချား လာတော့သည်။

ရှစီယောင်က ကျုံးဝမ်ကို အသာလေး ချေမှုန်း ပစ်လိုက်တာ... အခုတော့ ဒဏ်ရာရနေတဲ့ လီကျန်းယန်နဲ့ တိုက်ခိုက်ရမှာ ဆိုတော့ ဒီတစ်ခါလည်း အလွယ်လေး အနိုင်ရမှာပဲလား...

လီကျန်းယန် သည်လည်း ပြိုင်ဘက်က ရှစီယောင် ဖြစ်သည်ကို သိလိုက်ရသည့်အခါ အနည်းငယ် အံ့ဩသွားဟန် ရှိသည်။ သူမအနိုင် ရလိမ့်မည်ဟု မထင်ထားသည်မှာ အသိအသာပင် ဖြစ်သည်။

များမကြာမီမှာပင် ရှစီယောင်နှင့် လီကျန်းယန်တို့၏ တိုက်ပွဲ စတင်တော့သည်။

အန်လင်း မျှော်လင့် ထားသည့်ထက် လီကျန်းယန်က ပိုတိုက်ခိုက်နိုင်ပြီး တိုက်ပွဲက တစ်ဖက်သတ် မဖြစ်ခဲ့ပေ။

လီကျန်းယန်က ကောင်းမွန်သည့် အနေအထားတွင် ရှိမနေသော်လည်းပဲ သူ့အဆင့်မှာ တာအိုခန္ဓာ အဆင့် ၉တွင် ရောက်ရှိနေသည် ဖြစ်သည်။ ကျွမ်းကျင် ထက်မြက်သည့် ဓားသမားဆိုသည့် အချက်ကိုပါ ထပ်ပေါင်းထည့်မည် ဆိုပါက သူက ယာယီအားဖြင့်တော့ ရှစီယောင်နှင့် လက်ရည်တူ တိုက်ခိုက် နိုင်နေသည်။

ရှစီယောင်သည်လည်း အနည်းငယ် စိတ်လှုပ်ရှားလာသည်။ သူမ၏ ဓားမြှောင်ဖြင့် တိုက်ခိုက်မှုသည် မမျှော်လင့်ဘဲနှင့် လီကျန်းယန် ခံစစ်ကို မထိုးဖောက်နိုင်ပေ။

အရိပ်ပမာ တရှိန်တိုး ထိုးဖောက်ခြင်း...။

ဓားမြှောင်တွင် အနက်ရောင် ဓားသွားရိပ် ပေါ်လာခဲ့ပြီး လီကျန်းယန်ထံသို့ ပြေးသွားကာ ရုတ်တရက် ဆိုသလို ရှည်ထွက်လာပြီး လီကျန်းယန်အား ထိုးသွင်းလိုက်သည်၊၊

ထိုသည်က ရှစီယောင် ဖုံးကွယ်ထားသည့် အားအပြင်းဆုံးသော တိုက်ကွက်ဖြစ်သည်။ ဓားအရိပ်သည် ဓားတစ်လက် အဖြစ်သို့ ပြောင်းလဲသွားပြီး ယခင် တိုက်ခိုက်မှုများထက် သုံးဆမျှ ပိုမြန်ကာ စွမ်းအားပြင်းသည်။

ထိုတိုက်ကွက်သည် သူမ၏ စိတ်ဝိညာဉ် စွမ်းအင်ပမာဏ အများအပြား ကုန်ဆုံးစေသည်ကြောင့် ထိုလှုပ်ရှားမှုကို သုံးကာ တိုက်ပွဲအား အလျင်အမြန် အဆုံးသတ်ရခြင်း ဖြစ်သည်။

လီကျန်းယန်မှာ ရှောင်တိမ်းချိန်ပင် မရလိုက်ဘဲနှင့် ဓားအရိပ်က သူ့ခန္ဓာကိုယ်အား ထိုးဖောက် ဝင်ရောက်သွားသည်။

လီကျန်းယန်မှာ ဓားဖြင့် ထိုးစိုက် ခံရသော်လည်း နောက်ဆုတ်သွားခြင်း မရှိချေ။ ထို့အစား ရှေ့သို့လှမ်းကာ ရှစီယောင်အား ဒေါသမီးလျှံများ တောက်လောင်နေသည့် ဓားနီဖြင့် ခုတ်ပိုင်း တော့သည်။

မီးတောက်ပေါက်ကွဲ ခုတ်ချက်...

ဘုန်း…

မီးတောက်များ ပေါက်ကွဲကာ မြေပြင် သုံးမီတာ ပတ်လည်ရှိ အရာအားလုံး မှုန့်မှုန့်ညက်ညက် ကြေသွားသည်။

သေးသေးသွယ်သွယ် ပုံရိပ်ကလေးသည် ကြောက်မက်ဖွယ် ပုံရိပ်အဖြစ်သို့ ပြောင်းလဲသွားပြီး မီးခိုးများ အကြားမှ ထွက်ပေါ်လာသည်။ သူမ၏ ပန်းရောင် ဝတ်စုံမှာ ပေါက်ကွဲမှုကြောင့် အနည်းငယ် ပြဲစုတ်သွားပြီး ခန္ဓာကိုယ်တွင် မီးကျွမ်းရာများ ဖြစ်ပေါ်နေသည်။

“နင်က ငါ့ရဲ့ လှပတဲ့ ဝတ်စုံကို ပျက်စီးအောင် လုပ်ရဲတယ်ပေါ့လေ... အရမ်းကောင်းတယ်....”

ရှစီယောင်က ပါးစပ်အပြည့် သွေးတစ်လုပ် အန်လိုက်ပြီးနောက် သူမမျက်ဝန်းထဲတွင် အေးစက်စက် အကြည့်များ ပေါ်လာသည်။ သူမ ဓားမြှောင်ကို ပင့်တင်လိုက်ပြီးနောက် မီးခိုးနှင့် ဖုန်များအကြား ရပ်နေသည့် လူဆီသို့ ပြေးဝင်သွားသည်။

ချက်ချင်း ဆိုသလို ပေါက်ကွဲမှုများ ဖြစ်ပေါ်လာပြန်သည်။

“အရိပ်ပမာ တရှိန်တိုး ထိုးဖောက်ခြင်း...”

“မီးတောက်ပေါက်ကွဲ ခုတ်ချက်...”

ဘုန်း... ဘုန်း... ဘုန်း...

ထိုနှစ်ယောက်သည် အသက်ကိုပင် ပဓာနမထားဘဲနှင့် တိုက်ခိုက် နေကြသည်ကို အန်လင်းက သိလိုက်ရသည်။

လီကျန်းယန် ဓားဖြင့် ထိုးခံရလျှင်တောင်မှ လီကျန်းယန်အား ဓားဖြင့် ထိုးစိုက်နိုင်ရမည်ဟု ရှစီယောင်မှာ အခိုင်အမာ ဆုံးဖြတ်ထားသည်။

လီကျန်းယန် သည်လည်းပဲ ရူးသွပ်နေပြီဖြစ်ကာ မီးတောက်ပေါက်ကွဲ ခုတ်ချက်အား ဆက်တိုက် ဆိုသလို အသုံးပြု နေတော့သည်။

အန်လင်းမှာ အံ့ဩတကြီးသာ ငေးကြည့် နေမိတော့သည်။ “ကောင်းလိုက်တာ... နှစ်ယောက်စလုံးက ရူးသွားကြပြီ...” အန်လင်းက ရေရွတ်လိုက်သည်။

နောက်ဆုံးတွင် ပြင်းထန်သည့် ပေါက်ကွဲမှုအကြား ရှစီယောင်မှာ သွေးအန်ထွက်ပြီး အနောက်သို့ လွင့်ပျံသွားသည်။ မြေပြင်ပေါ်တွင် လဲကျနေပြီး ရွှေရောင် အကာအကွယ်က သူမပတ်လည်တွင် ပေါ်လာခဲ့သည်။

ရှစီယောင်က မတ်တတ်ရပ်ကာ တိုက်ခိုက် ချင်နေဆဲဖြစ်ပြီး သူမ အမူအရာသည် ရှုံးနိမ့်ခြင်းကို လက်မခံနိုင်ကြောင်း သိသာ လွန်းလှသည်။

သို့ပေမဲ့လည်း မန္တန်ဝင်္ဂဘာ၏ တည်နေရာ ရွှေ့ပြောင်း ပို့ဆောင်သည့် လုပ်ဆောင်ချက်သည် အသက်ဝင်လာပြီး သူမခန္ဓာကိုယ်သည် ရုတ်တရက် ဆိုသလို ပျောက်ကွယ်သွားသည်။

“ဟဟ... ငါက နောက်ဆုံး အနိုင်ရတဲ့သူပဲကွ...”

သွေးများ စိုရွှဲနေသည့် ဗလတောင့်တောင့်လူသည် အောင်နိုင်သူ တစ်ယောက် အမူအရာဖြင့် တိုက်ပွဲမှ ထွက်လာကာ အားရဝမ်းသာ ရယ်မောနေလေသည်။

လီကျန်းယန်သည် အန်လင်း အရှေ့တွင် ရပ်လိုက်ပြီး သူ့ခန္ဓာကိုယ်မှာ ယိမ်းထိုးနေလေသည်။ ချောင်းဆိုးသည့်အခါ သွေးများပင် ပါလာသေးသည်။

“အို... စီနီယာ... ဆက်တိုက်နိုင် သေးတာလားဗျ...”

သူ့ရှေ့ရှိ အချိန်မရွေး သေဆုံးသွားနိုင်ပုံ ရှိနေသည့် စီနီယာအား ကြည့်ကာ အန်လင်းသည် စိတ်ထဲမှနေ တသီတတန်းကြီး ကျိန်ဆဲလေတော့သည်။

ခင်ဗျားက သွေးထွက်သံယို ဖြစ်နေတာလေ... ဒါတောင်မှ ရှုံးနိမ့်ခြင်း သက်သေခံ ကတ်ပြားက ဘာလို့များ အသက်မဝင် သေးတာတုန်း...

“ယောက်ျားတွေက သူတို့ ဆက်မလုပ်နိုင်တော့ဘူးလို့ ဘယ်တော့မှ မပြောဘူးကွ...” သူက အင်္ကျီလက်ကို လှုပ်ယမ်း လိုက်ပြီးနောက် ဓားနီဖြင့် အန်လင်းအား ချိန်ရွယ်လိုက်သည်။

“လာစမ်းပါ... ငါ့ရဲ့ အချစ်ရန်ဘက်လေး... ငါက အရမ်းကို အခြေအနေ ဆိုးရွားနေတယ်... အဲဒါကြောင့် မင်းကို ဖြည်းဖြည်းချင်း ညှင်းသတ်နိုင်မှာ မဟုတ်ဘူး...”

“ငါ့ရဲ့ အားအပြင်းဆုံး ဓားချက်နဲ့ တစ်ခါတည်း အဆုံးသတ် ပေးလိုက်မယ်...”

အန်လင်း : “…”

“မီးတောက်ပေါက်ကွဲ ပျံသန်းခုတ်ချက်...”

လီကျန်းယန်က အန်လင်းအား ဓားဖြင့် ခုတ်ဟန်ဆောင်ကာ ရဲရဲ တောက်လောင်နေသည့် ဓား၏ အငွေ့အသက်သည် သူ့ထံသို့ ဒေါသတကြီး ပြေးဝင်လာတော့သည်။

လီကျန်းယန်မှာ အလွန်အမင်း မောပန်းနေပြီ ဖြစ်သည့်အတွက် သူ့တိုက်ခိုက်အားသည် ယခင်ကထက် ပိုမို အားနည်းလာခဲ့သည်။

သို့ပေမဲ့လည်း အန်လင်းကဲ့သို့သော အမှိုက်တစ်စအား လီကျန်းယန်သည် လိုအပ်သည်ထက် ပိုမို ကဲလွန်သည့် ယုံကြည်မှု အပြည့်ဖြင့် တိုက်ခိုက်နိုင်သည်သာ။

အန်လင်းက မည်သည့်စကားမျှ မဆိုဘဲ သူ့တောင်ခွင်း လက်သီးဖြင့်သာ တုံ့ပြန်လိုက်သည်။

အကန့်အသတ်မဲ့ စွမ်းအားကို ပိုင်ဆိုင်ထားသည့် ရွေရောင် လက်သီးပုံရိပ်သည် ရဲရဲတောက် ဓားအငွေ့အသက်ဖြင့် တစ်ဖက်နှင့်တစ်ဖက် ကျယ်လောင် ပြင်းထန်စွာ တိုက်မိသည်။

ရဲရဲတောင်ဓားသည် ရွေရောင် လက်သီးကြောင့် အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားသဖြင့် လီကျန်းယန်မှာ မယုံကြည်နိုင်ဘဲ ရှိနေစဉ် ထိုလက်သီးချက်သည် သူ့ခန္ဓာကိုယ်ကိုပါ ရိုက်ခတ်လာသည်။

“ဖူး....” အန်လင်း၏ ရိုက်ခတ်မှုကြောင့် လီကျန်းယန်မှာ လေထဲသို့ လွင့်သွားပြီး လက်သီးချက်၏ ပြင်းထန်သည့် အားကြောင့် အရိုးများ ကျိုးကြေသွားသည်ဟုပင် ခံစားရသည်။ ပါးစပ်နှင့်အပြည့် သွေးတစ်လုပ် အန်ပြီးသည့် နောက်တွင် မြေပေါ်၌ တုန်ရီစွာ လဲကျနေသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ... မင်းက ဒီလောက်တောင် သန်မာနေတယ် ဆိုတာ ဘယ်လို ဖြစ်နိုင်မှာတဲ့တုန်း....”

လီကျန်းယန်သည် အဖြစ်မှန်ကို လက်မခံနိုင်မှန်း သိသာလွန်းလှစွာ အန်လင်းအား ထိတ်လန့်သည့် မျက်ဝန်းများဖြင့် စိုက်ကြည့်နေသည်။

အန်လင်းသည်လည်း သူ့လက်သီးအားကြောင့် အနည်းငယ် အံ့အားသင့်မိ လေသည်။

သူ့လက်သီးသည် ပိုလို့ စွမ်းအားကြီးလာသည်ဟု သူကိုယ်တိုင်ပင် ခံစားရသည်။

သို့ပေမဲ့လည်း အန်လင်းက အလျင်အမြန်ပင် အသိဝင်လာပြီး ထိုအခိုက်အတန့်တွင် သူလုပ်သင့်သည့် အရာတစ်ခုကို အမှတ်ရလိုက်သည်။

သူ့လက်နှစ်ဖက်ကို နောက်ပစ်ကာ လီကျန်းယန်အား တည်ငြိမ်စွာ ကြည့်လိုက်သည်။

“အဲဒီတော့... ဒါက မင်းအစွမ်းရှိသမျှ အကုန်ပေါ့...” အန်လင်းက ဖြည်းညှင်းစွာ ပြောလိုက်သည်။

“ဘယ်လိုတောင် စိတ်ပျက်စရာ ကောင်းလိုက်သလဲ... ပျင်းဖို့ ကောင်းလိုက်တဲ့ တိုက်ပွဲကွာ...”

အန်လင်းက လီကျန်းယန်အား အထင်သေးစွာ ကြည့်လိုက်ပြီး ခေါင်းကို စိတ်ပျက်လက်ပျက်နှင့် ခါလိုက်သည်။ သူ့မျက်ဝန်းထဲတွင် ထီမထင်သည့် အကြည့်များ ပေါ်လာသည်။

“မင်း....” လီကျန်းယန်မှာ သွေးပွက်ပွက်ဆူလာပြီး နောက်ထပ် ပါးစပ်အပြည့် သွေးတစ်လုပ် အန်လိုက်သည်။

အရမ်းကို နှေးကွေးလွန်းသည့် ရွှေရောင် အကာအကွယ်သည် အဆုံးတွင်တော့ လီကျန်းယန် ခန္ဓာကိုယ်ကို လွှမ်းခြုံ သွားတော့သည်။

“မဟုတ်ဘူး... ငါလက်မခံနိုင်ဘူး...” ထိုကဲ့သို့သော အဆုံးသတ်မျိုးကို လီကျန်းယန်က လက်မခံနိုင်ပေ။

ဘာလို့လဲ... အန်လင်းကို သမဖို့ ငါက အများကြီး ရုန်းကန်ခဲ့ရတာ... အဆုံးကျတော့ ငါကပဲ အရိုက်ခံ လိုက်ရတယ်တဲ့လား...

အန်လင်းနှင့် မျှတစွာ ယှဉ်ပြိုင်ခွင့် ရခဲ့မည် ဆိုပါက ရလဒ်က တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားမည်မှာ အသေအချာ ဖြစ်သည်။

အန်လင်းက ထိုကဲ့သို့ အဆုံးသတ်ကို ကြိုမြင်ပြီး ဖြစ်သဖြင့် သူတို့အတွက် တိုက်ပွဲကို အကြံပြုခဲ့ခြင်း ဖြစ်သည့် အကြောင်းကိုတော့ လီကျန်းယန်က မည်သည့် အခါတွင်မှ သဘောပေါက်လာလိမ့်မည် မဟုတ်ပေ။

လီကျန်းယန် ပျောက်ကွယ် သွားသည်ကို ကြည့်နေရင်း အန်လင်း နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားပြီး အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

“ဟီး ဟီး... တိုက်ပွဲကြီးကြီး ဖြစ်တော့မယ်လို့ ထင်နေတာ... ဘယ်သူက သိမှာတဲ့တုန်း... စိတ်ကူးထားတာထက် ပိုပြီးတော့တောင် ကောင်းသွား သေးတယ်...”

“ငါ့ကို သေဖို့စောင့်နေတဲ့ ယုန်ဖြူလေးလို့များ မင်းတို့ တကယ်ကြီး ထင်နေကြတာလားကွာ... ဟာသပဲ... ဟက်...”

“ငါက ခုခံနိုင်စွမ်း မရှိဘူးဆိုရင် မင့်တို့ကောင်တွေ အချင်းချင်း ချနေကြကတည်းက ထွက်ပြေး သွားမှာပေါ့ကွ...”

“မင်းတို့ကောင်တွေ သိထားဖို့က ငါက တာအိုခန္ဓာ အဆင့် ၇ ကို ရောက်နေပြီ ဆိုတာပဲ... မင်းကို မနိုင်ဘူး ဆိုရင်တောင် အနည်းဆုံးတော့ ထွက်ပြေး နိုင်သေးတယ်နော်... သိဖို့...”

အန်လင်း၏ အတွေ့အကြုံသည် ဝက်တစ်ကောင်ကဲ့သို့ ဝတ်ဆင်ပြီး ကျားကို စားသောက်ရန် ချောင်းနေသလိုပင် ဖြစ်သည်။ ဒဏ်ရာရနေသည့် ရန်ဘက်ကို အဆုံးသတ်လိုက် နိုင်ခြင်း...

ထိုအချိန်မှာပင် အသံတစ်သံက သူ့နောက်မှ ပေါ်ထွက်လာပြန်သည်။

“ဟမ်... ဟေ့... ဟေ့... အဲဒါ အန်လင်းလား...”

အန်လင်း : “…”

**

All Chapters