← Chapters

လူတွေက စိတ်လွတ်သွားရင် ကိုယ့်မျက်နှာကိုယ် ပြန်ရိုက်မိကြတယ်

Vol. 2 Ch. 18

လူတွေက စိတ်လွတ်သွားရင် ကိုယ့်မျက်နှာကိုယ် ပြန်ရိုက်မိကြတယ်

Vol. 2 Ch. 18

ယနေ့ မနက်စောစောအချိန်။

မင်ဟောက်မြို့၊ ဗဟိုရင်ပြင်။

ရင်ပြင်၏အပြင်ဘက်တွင် လူများဖြင့် ပြည့်နှက်နေပြီး အစွန်းပိုင်းထက် ပို၍မြင့်မားသော ဗဟိုရင်ပြင်တွင် ဆေးပြင်းဖိုများနှင့် ပြည့်နေခဲ့၏။

အနည်းဆုံး တစ်ထောင်လောက် ရှိမည်။

ထိုမြင်ကွင်းက အလွန်အမင်းခမ်းနားလှသည်။ ထို့အပြင် မြောက်ဘက်ကို မျက်နှာမူထားသောနေရာ၌ ကြီးမားသော စင်မြင့်ကြီးကိုတည်ဆောက်ထားလေ၏။ ထိုအရာက အကြီးအကဲများ ထိုင်ရန်အတွက်မှန်း သိသာလှသည်။

"ကျုပ် အရမ်းစိတ်လှုပ်ရှားနေပြီ၊ ဆရာဖန်ချီက မကြာခင် ထွက်လာတော့မယ်၊ သူက ကျုပ်တို့ မိသားစုအတွက် ကယ်တင်ရှင်ပဲ"

"ဘာ! မင်းတို့က ဆရာဖန်ချီနဲ့ ကုခဲ့ဖူးတာလား"

"ဒါပေါ့! ကျုပ်ဆိုတာ ကလေးဘဝကတည်းက အများကြီး စားနိုင်တဲ့လူ၊ ဒါပေမယ့် ကျုပ်အမေက အဆင်မပြေခဲ့ဘူးလေ၊ ဆရာဖန်ချီရဲ့သက်စောင့်ဆေးသာ မရှိခဲ့ရင်…"

"မင်းက ဆရာဖန်ချီရဲ့ နာမည်ကြီး ဆေးဖော်စပ်နည်းကိုပြောနေတာလား"

“ဟုတ်တယ်၊ ဒါက နည်းနည်းတော့ ပုံမှန်မဟုတ်သလို ထင်ရပေမယ့် ဆရာဖန်ချီရဲ့ဆေးဖော်စပ်နည်းက ကလေး အများအပြားကို အကျိုးပြုခဲ့တာတော့ အမှန်ပဲ"

"ဟုတ်တယ်၊ ဒါပေမဲ့ ကျုပ် အမြဲတမ်းခံစားရတာက ဘာလဲဆိုရင် သူ့ရဲ့ မူလရည်ရွယ်ချက်က ကလေးတွေကို အကျိုးပြုရုံတင် မကဘူး…"

"အဲ့ဒါကို ဘာကိုဆိုလိုတာလဲ"

"ကျုပ်အဖေလည်း အဲ့ဒီသက်စောင့်ဆေးတစ်လုံးလောက် ဝယ်ဖို့ ပိုက်ဆံအများကြီးသုံးခဲ့တယ်၊ ဒါပေမယ့် ကျုပ်ကလေးဘဝတုန်းက အများကြီးမစားခဲ့ဘူးဆိုတာ အသိသာကြီး၊ ကျုပ်ကို ကလေးထိန်းကပဲ ဂရုစိုက်ပေးခဲ့တာ"

ပတ်ဝန်းကျင်က ခဏတာမျှ တိတ်ဆိတ်သွားလေသည်။

"ဟေး! မင်းတို့အားလုံး ဘာတွေ ပြောနေကြတာလဲ! အခု ငါတို့ စိုးရိမ်ရမှာက ဒီအဂ္ဂိရတ်ပြိုင်ပွဲကို အနိုင်ရဖို့က ဘယ်သူ့ဆီမှာ အကောင်းဆုံးအခွင့်အရေး ရှိနေလဲဆိုတာပဲ!"

"ပါရမီရှင်လူငယ် လေးဦးထဲက ဖြစ်နိုင်မလား"

"အဲ့ဒါက ပြောဖို့ခက်တယ်၊ အဂ္ဂိရတ်ပညာပါရမီနဲ့ သိုင်းပညာပါရမီက တကယ်တမ်းမှာ မတူညီတဲ့ အရာနှစ်ခုဖြစ်ပြီး သူတို့ကြားက ဆက်နွယ်မှုက သိပ်မရှိဘူးလေ"

"ချန်မိသားစုရဲ့ မင်းသမီးလေးဆိုရင် ငယ်ငယ်ကတည်းက စိတ်ဝိညာဉ်စွမ်းအင် အရမ်းအားကောင်းပြီး ထူးခြားတယ်၊ သူမက အဂ္ဂိရတ်ပညာနဲ့ အရမ်းသင့်တော်လိမ့်မယ်၊ ဟုတ်တယ်မလား"

"သဘောတရားအရဆိုရင်တော့ ဟုတ်တယ်၊ ဒါပေမဲ့ ဒါ အလုပ်ဖြစ်မဖြစ်သိရဖို့အတွက် ကြိုးစားကြည့်ရဦးမှာ၊ ပြီးတော့ အရွယ်ရောက်ပြီးသူတိုင်းက ဒီအခြေခံသဘောတရားကို နားလည်တယ်လေ"

"ညီအစ်ကို ဒါကတော့ များလွန်း..."

ဘန်း!

ရုတ်တရက်ပင် ပြင်းထန်ကာ ချစ်ချစ်တောက် ပူပြင်းသော ဖိအားတစ်ခုက ဒီရေလှိုင်းတစ်ခုကဲ့သို့ ရိုက်ခတ်လာပြီး လူတိုင်းနီးပါးအား အသက်ရှူကျပ်စေလာ၏။

လူတိုင်းက တစ်ပြိုင်နက်တည်းပင် ခေါင်းလှည့်ကြည့်လိုက်ကြသည်။

သူတို့မြင်လိုက်ရသည်မှာ စွမ်းအားမြင့်သော ပုဂ္ဂိုလ်နှစ်ဦးက မြို့စောင့်တပ် အများအပြား၏ ဝန်းရံခြင်းကိုခံယူ၍ လျှောက်လာသည့်မြင်ကွင်းကို ဖြစ်၏။

ထိုလူနှစ်ယောက်က မြို့အရှင်ပိုင်ချန် နှင့် ဆရာဖန်ချီပင်။

ပိုင်ချန်သည် ခန့်ညားထည်ဝါသော သက်လတ်ပိုင်းအရွယ်အမျိုးသားဖြစ်ပြီး ဆရာဖန်ချီကတော့ ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူများဖြင့် ခန္ဓာကိုယ်ထွားကြိုင်းသည့် အဘိုးအိုဖြစ်ကာ ကျော့ရှင်းသော အဂ္ဂိရတ်ပညာရှင်ဝတ်စုံကို ဝတ်ဆင်ထားသည်။

သူတို့ ချဉ်းကပ်လာသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ လူအပေါင်းလည်း သူတို့၏ဆွေးနွေးမှုများကို ရပ်လိုက်ကြလေ၏။ မူလက ဆူညံကာ ရှုပ်ထွေးနေသော ရင်ပြင်ကြီးက တိတ်ဆိတ်သွားလေသည်။

လူအုပ်ကြီးက မသိစိတ်မှ အလိုလိုပင် ကျယ်ပြန့်သော လမ်းတစ်ခုကို ဖန်တီးပေးခဲ့၏။ မြို့အရှင် နှင့် ဆရာဖန်ချီသည် အစောင့်များကိုဦးဆောင်လျက် မြင့်မားသောစင်မြင့်ပေါ်သို့ တက်သွားခဲ့ကြသည်။

"ဒီနေ့က ဘာနေ့လဲဆိုတာ လူတိုင်းသိကြပါတယ်၊ ဒါကြောင့် ကျုပ် စကားအများကြီးမပြောတော့ဘူး"

"ဆရာဖန်ချီကိုယ်တိုင် ဒီကိုရောက်တာက မင်းတို့လူငယ်တွေအားလုံးအတွက် အခွင့်အရေးတစ်ခုပဲ၊ မင်းတို့ ကောင်းကောင်းလုပ်ဆောင်နိုင်ကြမယ်လို့ ကျုပ် မျှော်လင့်ပါတယ်"

ပိုင်ချန်က မြင့်မားသော စင်မြင့်ပေါ်မှာရပ်၍ အောက်ကို ကြည့်နေလေ၏။ သူ ခန့်ညားထည်ဝါစွာဖြင့် ပြောလိုက်သည်။

"ဒီနေရာကိုရောက်ရှိလာတဲ့ လူငယ်တွေအားလုံးပဲ ကိုယ့်နေရာကိုယ် နေရာယူကြပါ"

ချက်ချင်းဆိုသလိုပင် လူငယ်အုပ်စုကြီးသည် ပုရွက်ဆိတ်အုံလိုက်ကြီးကဲ့သို့ ဗဟိုရင်ပြင်မှာ ရှိသော ဆေးပြင်းဖို အလုံးတစ်ထောင်ဆီသို့ အမြန်ပြေးသွားကြလေ၏။

"ငါ့လမ်းကနေ ဖယ်ပေးကြ!"

"ဘေးဖယ်!"

"ဒီဆေးပြင်းဖိုက ငါ့ဟာ!"

ဆေးပြင်းဖိုက အရေအတွက်မလုံလောက်သည်မှာ သိသာလှသည်။ ထို့ကြောင့် ထိုလူငယ်များက ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြတော့၏။

ဘန်း! ဘန်း! ဘန်း!

"အား!"

"ဖူး!!"

အချိန်အနည်းငယ်အတွင်းမှာပင် တိုက်ခိုက်မှုများကြောင့် လူအများအပြားက ဒဏ်ရာရခဲ့ကြသည်။

"မြို့အရှင် သူတို့က သူတို့သဘောနဲ့သူတို့ တိုက်ခိုက်ပြီး စည်းကမ်းတွေကို ဖောက်ဖျက်နေကြတယ်"

တစ်စုံတစ်ယောက်က ရိုက်နှက်ခံရပြီးနောက် ဒေါသတကြီးဖြင့် ပြောလေ၏။

မြင့်မားသော စင်မြင့်ပေါ်မှ ပိုင်ချန်က ပေါ့ပါးစွာ ပြောလာသည်။

"ဆရာဖန်ချီက မတိုက်ခိုက်ရဘူးလို့ မပြောခဲ့ဘူး၊ မင်းက ဆေးပြင်းဖိုတစ်ခုကိုတောင် မပိုင်ဆိုင်နိုင်ဘူးဆိုရင် မင်း ဘယ်လိုလုပ်ပြီး သက်စောင့်ဆေးတွေကို ဖော်စပ်နိုင်တော့မှာလဲ"

လောကကြီး၌ လုံးဝဥဿုံတရားမျှတမှုဆိုသည်မှာ အဘယ်မှာ ရှိသနည်း။

တရားမျှတမှုဟု ခေါ်သောအရာအား မင်းကိုယ်တိုင်က ရယူရမှာပင်။

ချက်ချင်းဆိုသလိုပင် ဒဏ်ရာရခဲ့သူများအနေဖြင့် ဘာစကားမှ မပြောနိုင်တော့ဘဲ မကျေနပ်မှုများနှင့်အတူ ဆေးပြင်းဖိုများကို ကြည့်နေကြလေ၏။

သေချာပေါက် တချို့ကလည်း စိတ်ဓာတ်မကျခဲ့ကြပေ။ ဖိုတစ်ခု မရခဲ့လျှင် နောက်ဖိုတစ်မျိုးကိုရအောင် ကြိုးစားခဲ့ကြသည်။

တချို့ကတော့ တကယ်တမ်း အောင်မြင်ခဲ့ကြပြီး အများစုကတော့ ထပ်ခါထပ်ခါရှုံးနိမ့်ခဲ့ကြ၏။ နောက်ဆုံးမှာတော့ ပြင်းထန်သောဒဏ်ရာများနှင့်အတူ စိတ်ပျက်အားငယ်စွာ ထွက်ခွာသွားခဲ့ကြသည်။

ချင်ကျီကလည်း လူအုပ်ထဲ၌ ရှိနေလေ၏။

ဘန်း!

လက်သီးတစ်ချက်နှင့်တင် အဆင့် ၁၃ ပြိုင်ပွဲဝင်အား လွင့်စင်သွားအောင် ရိုက်ပေးလိုက်သည်။ မူလဒန်နယ်ပယ် စတုတ္ထအဆင့်မှာရှိသော လူငယ်တစ်ယောက်ဖြစ်သော်လည်း ချက်ချင်းပင် ရှုံးနိမ့်သွားခဲ့၏။

ဒီလိုနှင့် ဆုများကို မျက်စိကျနေသော ပတ်ဝန်းကျင်မှလူငယ်များလည်း ထိုပစ်မှတ်ကို လက်လျှော့လိုက်ကြသည်။

ထို့ကြောင့် ချင်ကျီလည်း ဆေးပြင်းဖိုတစ်ခုကို အောင်မြင်စွာ ရယူနိုင်ခဲ့၏။

"မင်းက ချင်ကျီ လား"

ထိုအချိန်၌ အနည်းငယ် မာနကြီးသော အသံတစ်သံက ထွက်ပေါ်လာသည်။

ချင်ကျီလည်း ထိုဖက်ကို လှည့်ကာ အဝါရောင်ဝတ်စုံ ဝတ်ထားသော လူငယ်လေးကို ကြည့်လိုက်ပြီး ပေါ့ပါးစွာ ပြန်ဖြေလိုက်၏။

"ဟုတ်တယ် ငါပဲ"

ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိ လူအများအပြားက သူတို့၏အာရုံကို ချင်ကျီဆီ လှည့်လာကြသည်။

ချင်ကျီ!

သူက ချင်ကျီလား။

ကောလာဟလအရ မင်ဟောက်မြို့ရဲ့နံပါတ်တစ် ပါရမီရှင်လား။ သူ့ရဲ့ပါရမီက ပါရမီရှင်လေးဦးကို ကျော်လွန် နိုင်တယ်ဆိုတာလား။

"ဟားဟားဟား! ဒါဆို တကယ်ပဲ မင်းဖြစ်နေတာကို၊ ငါက ကောင်းဖုန်း ၊ ညီအစ်ကိုချင်က မင်ဟောက်မြို့ရဲ့ နံပါတ်တစ်ပါရမီရှင်ဆိုပြီး ကြားဖူးခဲ့တာ ကြာပါပြီ၊ ဒီနေ့ မင်းကိုမြင်လိုက်ရတော့ တကယ်ကို ထူးခြားပါပေတယ်"

အဝါရောင်ဝတ်စုံဝတ်ထားသော လူငယ်လေးက ရည်ရွယ်ချက်ရှိရှိ ပြောလေ၏။

"ကြင်နာလွန်းနေပါပြီ"

ချင်ကျီကလည်း ဂရုမစိုက်စွာ ပြန်ဖြေလိုက်သည်။

"ဟမ်"

ကောင်းဖုန်းမှာ အံ့အားသင့်သွားရသည်။ ချင်ကျီက သူ့ကို ဆက်ပြီး ချီးကျူးစေရန် သူ မဟုတ်ပါကြောင်း အလျင်အမြန် ရှင်းပြလာလိမ့်မည်ဟု သူ မျှော်လင့်ခဲ့လေ၏။

သို့သော် မမျှော်လင့်ထားဘဲ တစ်ဖက်လူက ကြင်နာလွန်းနေပါပြီဟု ပြောလာသည်။

ဒါက ဘာကိုဆိုလိုတာလဲ။

သူက ဝန်ခံနေတာလား။

အစကတော့ သူ့ကို ချီးကျူးပြီးနောက် အရှက်ရစေရန် ရည်ရွယ်ထားခဲ့၏။ သို့သော် တစ်ဖက်လူက ဝန်ခံလာသောအခါ သူ့ခဗျာ ယင်ကောင်တစ်ကောင်အား မျိုချလိုက်ရသကဲ့သို့ ခံစားရပြီး စက်ဆုပ်ဖွယ်ကောင်းလှသည်။

"ဟဲဟဲ ကောင်းပြီလေ...မင်ဟောက်မြို့ရဲ့ နံပါတ်တစ် ပါရမီရှင်ဖြစ်တာနဲ့အညီ ငါတို့ နည်းနည်းလောက် ယှဉ်ပြိုင်ကြရင်ရော...မင်း ဆန္ဒရှိမယ်ဆိုရင်ပေါ့"

ကောင်းဖုန်းက လှောင်ပြုံးတစ်ခုဖြင့် ပြော၏။

"စိတ်မဝင်စားဘူး"

ချင်ကျီက ဂရုမစိုက်စွာ ပြန်ဖြေလာသည်။

"ဟမ်"

ကောင်းဖုန်းတစ်ယောက် မျက်မှောင်ကြုတ်သွားပြီး သူ့အသံက အေးစက်သွားပေ၏။

"မင်းက ငါ့ကို အထင်သေးတာလား"

"ဟုတ်တယ်"

ချင်ကျီ ခေါင်းညိတ်လိုက်ပြီး လှောင်ပြောင်သော အပြုံးတစ်ခုကို ပြသလိုက်သည်။

"မဟုတ်ရင်...မင်းကိုယ်မင်း သိပ်အရေးပါတဲ့လူတစ်ယောက်လို့ ထင်နေတာလား"

ဖြန်း!

ထိုအရာက မျက်နှာအား ဖြတ်ရိုက်လိုက်သည့်အလားပင်။ တစ်ဖက်လူ၏ မာနကြီးသောမျက်နှာကို ရက်ရက်စက်စက် ရိုက်လိုက်ခြင်းဖြစ်၏။

မင်းကို ငါက အထင်သေးနေတာလားဆိုပြီး မင်း မေးလိုက်တာမလား။

ဟုတ်တယ်! ငါအထင်သေးတယ်! ဘာဖြစ်လဲ!

မင်းကိုယ်မင်း ဘယ်သူလို့ထင်နေတာလဲ။

"မင်း! ထောင်လွှားနေတာပဲ!"

ကောင်းဖုန်းသည် ခေတ္တမျှ ထိတ်လန့်သွားပြီးနောက် သူ့အမူအရာက အလွန်အမင်းရုပ်ဆိုးလာကာ လုံးဝပင် အရှက်ရ၍ ဒေါသထွက်သွားခဲ့သည်။

ပုံမှန်အားဖြင့် သူ ထိုစကားကို ပြောသောအခါ တခြားလူများသည် သူ့ကို မျက်နှာသာပေးပြီး မစော်ကားရဲကြပေ။

ဒီနေ့ အများရှေ့၌ *သူ့မျက်နှာကို ရဲရဲရင့်ရင့်ပင် ထုတ်ပြခဲ့သော်လည်း ပြန်အရိုက်ခံလိုက်ရပေ၏။

(T/N - ကိုယ့်အစီအစဥ်မအောင်မြင်ဘဲ ပြန်အချိုးခံလိုက်ရတာကို ဆိုလိုတာဖြစ်ပါတယ်နော်)

ရလဒ်အနေဖြင့် သူက အရူးနှင့် ပိုတူသွားရသည်။ ယခု သူ့မျက်နှာတစ်ခုလုံးက ပူလောင်နေလေ၏။

"ငါက ထောင်လွှားနေတာမဟုတ်ဘဲ မင်းကသာ ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲနေတာ"

ချင်ကျီက ဂရုမစိုက်စွာ ပြောလာသည်။

"ကောင်းမိသားစုကဖြစ်တာနဲ့ပဲ မင်းကိုယ်မင်း တခြားသူတွေထက် သာလွန်တယ်လို့ မထင်နေနဲ့"

"ကောင်းမိသားစုက မင်ဟောက်မြို့ရဲ့ အဓိကမိသားစုကြီးသုံးခုထဲက တစ်ခုဆိုတာကို ငါ သိပါတယ်၊ ဒါပေမဲ့ မင်းကိုတော့… ငါ တကယ်မသိဘူး"

ဖြန်း! ဖြန်း! ဖြန်း!

ရိုးရှင်းသောစကားလုံးများက ရိုက်ချက်အများအပြားပင်။ နောက်ထပ်တစ်ကြိမ် ဤနေရာတွင် အရိုက်ခံရပြီး သူ့မျက်နှာပင် ဖောင်းလာတော့မည်။

"မင်း!"

ကောင်းဖုန်းသည် ပေါက်ကွဲချင်ခဲ့သော်လည်း တစ်ခုခုကို ရုတ်တရက် တွေးလိုက်မိပြီး စိတ်ငြိမ်သွားခဲ့သည်။ သူ လှောင်ပြောင်လိုက်ပေ၏။

"မင်းကရော ကိုယ့်ကိုယ်ကိုယ် မင်ဟောက်မြို့ရဲ့ နံပါတ်တစ် ပါရမီရှင်လို့ တကယ်ကြီး ထင်နေတာမလား၊ ဘာလဲ...ကောလာဟလတွေ အများကြီး ကြားပြီးတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိသွားတာလား"

"ဟားဟား အပင်မြင့်လေ လေတိုက်ခံရလေဆိုတာကိုတောင် မသိဘဲနဲ့ ကျေတောင် ကျေနပ်နေသေးတယ်၊ တကယ်ကို မယုံနိုင်စရာကောင်းအောင် ရူးနေတာပဲ"

သူကလည်း အလွယ်တကူ အရိုက်ခံမည်မဟုတ်ပေ။ အကြောင်းမှာ သူ့အမြင်အရ ငြင်းခုံမှုများ ပျက်ယွင်းသွားပြီးနောက် တိုက်ပွဲတစ်ခုစတင်ခြင်းက အားနည်းသူများ၏ လုပ်ရပ်ဖြစ်ပြီး သူကလည်း ထိုအရာကိုလုပ်ရန် စက်ဆုပ်ပေသည်။

သူ စကားလုံးများကို အသုံးပြုပြီး တစ်ဖက်လူအား စကားမပြောနိုင်အောင်၊ အရှက်ရအောင်လုပ်ချင်ခဲ့လေ၏။ ပြီးမှသာ သူတို့ကို သရုပ်ပြကာ နှိပ်ကွပ်ချင်ခဲ့သည်။

သို့သော်ငြား ချင်ကျီကတော့ သူ့စကားများကို ကြားသော်လည်း ဒေါသအနည်းငယ်မျှ မပြခဲ့ပေ။ ထိုအစား ပျော်ရွှင်နေသည့်အကြည့်မျိုး ရှိနေခဲ့၏။

"အပင်မြင့်လေ လေတိုက်ခံရလေ၊ အင်း...အဂ္ဂိရတ်ပညာပြိုင်ပွဲမှာ ပါဝင်ရုံနဲ့ မင်းလို လေပြင်းတစ်ခုကို ဆွဲဆောင်နိုင်ခဲ့တယ်"

"ဒါပေမယ့် ငါ ထင်တာတော့ အဲ့ဒီလေပြင်းက…အလောင်းရဲ့မျက်လုံးကနေ လာနေတာပဲ"

အလောင်းရဲ့မျက်လုံး။

ကောင်းဖုန်းက အံ့အားသင့်သွားလေသည်။ ထို့နောက် ရုတ်ချည်းပင် ဘာကိုဆိုလိုမှန်း သဘောပေါက်သွားခဲ့ပြီး ဒေါသက သူ့ဦးနှောက်ကို လွှမ်းမိုးသွားကာ ချက်ချင်းပင် ပေါက်ကွဲတော့၏။

"မင်းက သေချင်နေတာပဲ!!!"

သူ ဟိန်းဟောက်လိုက်ရာ ခန္ဓာကိုယ်ထဲကနေ စွမ်းအင် တစ်ခု ပေါ်လာပြီး ညာဘက်လက်သီးဖြင့် ချင်ကျီထံ ထိုးသွင်းလိုက်သည်။

ဘာထက်ရှတဲ့ စကားလုံးတွေလဲ! ဘာနှိပ်ကွပ်မှုတွေလဲ! အားလုံးက အဓိပ္ပာယ်မရှိပေ။

လူတစ်ယောက်က စိတ်လွတ်သွားသည်နှင့် သူတို့၏ မျက်နှာကို ကိုယ်တိုင် ပြန်ရိုက်မိကြမှာပင်။

ဖြန်း! ဖြန်း! ဖြန်း!!

All Chapters