← Chapters

ဒီပါရမီရှင်က သိပ်တော့မချောမောဘူး

Vol. 2 Ch. 19

ဒီပါရမီရှင်က သိပ်တော့မချောမောဘူး

Vol. 2 Ch. 19

"တောင်ဖြိုခွဲလက်သီး!"

ကောင်းဖုန်းက ဟိန်းဟောက်၍ လက်သီးတစ်လုံး ထိုးသွင်းလာသည်။ အားကောင်းသောစွမ်းအင်များက တောင်တစ်လုံး၏ ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွားကာ ပြင်းထန်သောအားဖြင့် ပြိုကျလာ၏။

"ဒီလောက်ပညာလေးကို ကြွားဝါရဲသေးတာလား"

ချင်ကျီ နှာမှုတ်၍ အော်လိုက်သည်။

"ကြီးမြတ်သော စွမ်းအားကြီးနတ်နဂါး၊ လောကဂုဏ်ကျက်သရေ မဟာယနဘုရား၊ ဉာဏ်ပညာအား ကိုယ်စားပြုသော ဗုဒ္ဓများ၊ *ပရပ်ချ်နာပဒ္မေဟုံ! ကောင်းကင်၌ ပျံသန်းနေသော နဂါး!"

( *ရှည်လို့ အောက်ဆုံးမှာ ထည့်ပြီး ရှင်းပြထားပါတယ်)

ဝေါင်း!!!

လက်ဖဝါးရိုက်ချက်တစ်ခုနှင့်အတူ သူ့ခန္ဓာကိုယ်ထဲကနေ ရွှေရောင်နဂါးပုံရိပ်တစ်ခုက ထွက်ပေါ်လာခဲ့သည်။ ထိုနဂါးက အသက်ဝင်နေသည့်အလား သူ့လက်မောင်းတစ်လျှောက် ရစ်ပတ်၍ ထွက်လာခဲ့လေ၏။

"ဘုန်း!!"

ကြီးမားသော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ရွှေရောင်နဂါးက ပုံရိပ်ယောင်တောင်ကြီးကို ထိုးဖောက်သွားကာ မရပ်တန့်နိုင်သော စွမ်းအင်တစ်ခုကဲ့သို့ လှည့်ပတ်လျက် ကောင်းဖုန်းကို အရှိန်ပြင်းစွာ ထိမိသွားသည်။

"ဂလောင်!!"

သတ္တုချင်း ပွတ်တိုက်သံက ပဲ့တင်ထပ်လာပြီး မီးပွားများ ပျံထွက်လာလေ၏။ ကောင်းဖုန်း၏ ခြေထောက်များက မြေပြင်နှင့် ပွတ်တိုက်ကာ နောက်ပြန်လျှောထွက်သွားသည်။

"မင်း ငါ့ရဲ့သံချပ်ကာကို မဖျက်စီးနိုင်ဘူး!"

ပြန်အရိုက်ခံလိုက်ရပြီးနောက် ကောင်းဖုန်းသည် ထိတ်လန့်တုန်လှုပ်သွားကာ ဒေါသလည်းထွက်သွားရ၏။ သူ အနည်းငယ်ရှက်ရွံ့စွာဖြင့် ဟောက်လိုက်သည်။

"ငါက ဘာလို့ မင်းရဲ့ သံချပ်ကာကို ဖျက်ဆီးဖို့ လိုတာလဲ"

ချင်ကျီ လှောင်ပြောင်မိ၏။ နောက်တစ်ခဏအတွင်းမှာပင် သူ့ပုံရိပ်က ပျောက်ကွယ်သွားလေသည်။

"ဘာ!"

ကောင်းဖုန်း၏ မျက်လုံးသူငယ်အိမ်များက ရုတ်တရက် ကျုံ့သွားလေ၏။ ထို့နောက် ဖြန့်ထားသော လက်ဖဝါးတစ်ခုက မြန်မြန်ဆန်ဆန် ကြီးထွားလာသည်ကို သူ မြင်လိုက်ရသည်။

ရှောင်တိမ်းရန် နောက်ကျသွားလေပြီ။ သူ့မျက်နှာမှာ ဖမ်းဆွဲခံလိုက်ရပြီး ခန္ဓာကိုယ်ကလည်း နောက်ပြန်ရိုက်ချခံလိုက်ရ၏။ ထို့နောက် သူ့ခေါင်းက မြေပြင်နှင့် ပြင်းပြင်းထန်ထန် ရိုက်မိသွားလေသည်။

"ဘုန်း!!!"

ရင်ပြင်က အနည်းငယ် တုန်ခါသွားခဲ့ပြီး အုတ်ခဲ ခင်းထားသော မြေပြင်ပေါ်တွင် တွင်းတစ်ခု ဖြစ်သွားကာ အနီရောင်သွေးများ ပန်းထွက်လာလေ၏။

"မင်း! မင်း…"

ကောင်းဖုန်း၏ခေါင်းက မြေပြင်ထဲ၌ နစ်ဝင်နေသည်။ သူက ချင်ကျီအား ထိတ်လန့်စွာ လက်ညှိုးထိုး၍ စကားပြောချင်ခဲ့သော်လည်း တစ်ခါတည်းမေ့မျောသွားခဲ့၏။

"သူ… သူက ကောင်းမိသားစုက လူကို ရိုက်လိုက်တာလား"

"သူက ကောင်းမိသားစုရဲ့ တိုက်ရိုက်မျိုးနွယ်စုဝင်ထဲက ကောင်းဖုန်း ဖြစ်လောက်တယ်၊ အခု ကိစ္စတွေက ပိုပြီး ပြင်းထန်လာပြီ"

"ဟုတ်တယ်၊ အရင်က ကောင်းမိသားစုရဲ့သခင်လေးမှာ ချင်ကျီကို တစ်ခုခုလုပ်ဖို့ အကြောင်းပြချက်မရှိခဲ့ရင်တောင် အခုတော့ သူမှာ တရားဝင်အကြောင်းပြချက်တစ်ခုက သေချာပေါက် ရှိသွားပြီ"

ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးက တိုးတိုးလေး ပြောနေကြသည်။

တချို့က သက်ပြင်းချနေကြပြီး တချို့က တခြားသူ၏ ကံဆိုးမှုကို ဝမ်းမြောက်နေကြ၏။ သို့သော် အများစုကတော့ လေးစားသောပုံစံကို ပြသနေကြသည်။

ကောင်းမိသားစု၏ တိုက်ရိုက်မျိုးနွယ်စုဝင် တစ်ယောက်ကို ရိုက်ရဲခဲ့သည့်အပြင် အနိုင်လည်း ရခဲ့ခြင်းမှာ ချင်ကျီက အင်အားကြီးကြောင်း သိသာလှ၏။

တစ်ချိန်တည်းမှာပင် စင်မြင့်ပေါ်ရှိ မြို့အရှင်ပိုင်ချန် နှင့် ဆရာဖန်ချီတို့ နှစ်ဦးစလုံးလည်း အံ့အားသင့်သွားကြသည်။

ထိုချင်ကျီက အသက်၁၇ နှစ်သာ ရှိသေးသော်လည်း ထိုကဲ့သို့ အင်အားမျိုးကို ပိုင်ဆိုင်ထားလေ၏။

နောက်ထပ်နှစ်အနည်းငယ်ကြာလျှင် သူသည် မင်ဟောက်မြို့မှ လူငယ်မျိုးဆက် ပါရမီရှင်လေးဦး၏ အဆင့်ထိ ရောက်နိုင်ဖွယ်ရှိသည်။ ဖြစ်နိုင်လျှင် သူတို့ကိုတောင် ကျော်လွန်သွားနိုင်၏။

သို့သော်လည်း…

အလွန်ထက်မြက်ခြင်းက ကောင်းသောအရာမဟုတ်ပေ။

သစ်တောထဲတွင် ထင်ပေါ်နေသော သစ်ပင်က လေတိုက်ခံရကာ လဲကျသွားလိမ့်မည်။

လူငယ်လေးက ထိုအချိန်အထိ အသက်ရှင်နိုင်မလားဆိုသည့်အချက်မှာ မသေချာပေ။

"ချင်ကျီ မင်းက ငါတို့ ကောင်းမိသားစုဝင် တစ်ယောက်ကို လူသိရှင်ကြား ဒဏ်ရာရအောင် လုပ်နိုင်လောက်တဲ့အထိ တော်တော်လေး သတ္တိရှိနေတာပဲ၊ ငါတို့ ကောင်းမိသားစု မှာ လူမရှိတော့ဘူးလို့ မင်း ထင်နေတာလား"

ထိုအချိန်၌ လူငယ်တစ်ယောက်က ပြင်းပြင်းထန်ထန် ဆူငေါက်လာလေသည်။ ထို့နောက် ပတ်ပတ်လည်ကို အော်ကာ...

"ကောင်းမိသားစုဝင်တွေ၊ ရှေ့ထွက်ခဲ့ကြ!"

ဆေးပြင်းဖို၏ပတ်ပတ်လည်မှ လူငယ်ဒါဇင်များစွာသည် သူတို့၏ အပေါ်ထပ်များကို တစ်ပြိုင်နက်တည်းချွတ်၍ အောက်မှာရှိသော ကောင်းမိသားစုဝတ်စုံကိုပြသလာကြ၏။

သူတို့အဝတ်အစား၏ နောက်ကျော၌ "ကောင်း" ဟူ၍ ရေးထားသည်။

"ဘာဖြစ်နေကြတာလဲ၊ မင်းတို့တွေ မနိုင်ရင် အုပ်စုလိုက် တိုက်ခိုက်ကြတာက အခု ရေပန်းစားနေတာလား"

ချင်ကျီသည် သူတို့ကို မထီမဲ့မြင်ပြုစွာ ကြည့်လျက် ရယ်မောလိုက်၏။

"ဒါပေမယ့် အရေးမကြီးပါဘူး၊ မင်းတို့ဘယ်လောက်များများ လာကြပါစေ ငါ လက်တစ်ဖက်တည်းနဲ့ ကိုင်တွယ်ပေးမယ်"

"ကောင်းပြီလေ! မင်းက ဒီလောက်တောင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေတာဆိုတော့ မင်းမှာ အဲ့ဒီလို အရည်အချင်း ရှိမရှိ ကြည့်ကြရအောင်!"

ကောင်းမိသားစုမှ လူငယ်လေးက လှောင်ပြောင် လိုက်လေသည်။ ထို့နောက် ကောင်းမိသားစု၏ မိသားစုဝင် လူငယ်အားလုံးသည် ချင်ကျီအား ဖြည်းဖြည်းချင်း ဝိုင်းရံလာကြ၏။

ချင်ကျီသည် အပေါ်ယံမှာတော့ ပေါ့ပေါ့ပါးပါး ရှိနေလေသည်။ သို့သော်ငြား သူ့နှလုံးသားကတော့ လေးလံ နေ၏။ သူ့လက်သီးများကို ဆုပ်ထားကာ သူ့မျက်လုံးများကလည်း ပြင်းထန်သော တိုက်ခိုက်လိုစိတ်ကို ပြသနေသည်။

တိုက်ပွဲက စတင်တော့မည်။

"မင်းတို့အားလုံး ဘာလုပ်နေကြတာလဲ"

ထိုအချိန်၌ လူငယ်တစ်ယောက်၏ တည်ငြိမ်သောအသံတစ်သံက ထွက်ပေါ်လာလေ၏။

လူတိုင်း လှည့်ကြည့်လိုက်ကြသည်။ အဖြူရောင်ဝတ်စုံ ဝတ်ထားကာ သိပ်မချောမောသော လူငယ်တစ်ယောက်က လူအုပ်ထဲကနေ ထွက်လာသည်ကို သူတို့ မြင်လိုက်ရ၏။

လူအုပ်ကြီးကြားထဲ၌ ရပ်နေစဥ်တွင် သူသည် မထင်ရှားခဲ့ပေ။ သို့သော်ငြား သူ ထွက်လာသောအခါ မျက်လုံးအားလုံးက သူ့အပေါ်မှာသာ ရှိနေလေသည်။

"သခင်လေး!"

ကောင်းမိသားစုဝင်များက အော်လာကြ၏။

ကျောက်တုံးတစ်ခုက လှိုင်းတစ်ထောင်အား ဖန်တီးလိုက်သကဲ့သို့ လူအများအပြားမှာ အံ့အားသင့်သွားကြပြီး ချင်ကျီတောင်မှ အံ့အားသင့်သွားလေသည်။

ကောင်းမိသားစု၏ သခင်လေးသည် အတော်လေးကို သာမန်ရုပ်ရည်မျိုး ရှိ၏။ ရိုးရိုးသာမန်ရုပ်တောင် မဟုတ်ဘဲ တကယ်ကို အလွန်သာမန်ဆန်လွန်းသည်။

"သခင်လေး ဒီလူက ချင်ကျီ ပါ၊ ဘာမဟုတ်တဲ့ ဂုဏ်သတင်းလေး တချို့အပေါ်မှာ မှီခိုပြီးတော့ ကျွန်တော်တို့ရဲ့ကောင်းမိသားစုကို ပွင့်ပွင့်လင်းလင်း ရန်ရှာရဲတယ်! သိသိသာသာကို သူက သေခြင်းတရားကို လိုက်ရှာနေတာပဲ!"

ကောင်းမိသားစုမှ ယခင်လူငယ်လေးက ဒေါသတကြီးဖြင့် ပြော၏။

"ဆိုတော့..."

ကောင်းကျန့်လီက တည်ငြိမ်စွာ ပြောလာသည်။

"ဆိုတော့ ကျွန်တော်တို့…"

လူငယ်သည် ထိုလူအား အုပ်စုလိုက် တိုက်ခိုက်တော့မည်ဖြစ်ကြောင်း ပြောရန် ပြင်လိုက်သော်ငြား သူ၏ စကားလုံးများက သူ့လည်ချောင်းထဲ၌ ပိတ်ဆို့သွားလေ၏။

အချို့အရာများကို လုပ်ဆောင်လို့ရသော်ငြားအပြင်မှာ ကျယ်ကျယ်လောင်လောင် ထုတ်ပြောခြင်းက ဂုဏ်သိက္ခာကျစေသည်။ အထူးသဖြင့် တင်းကျပ်လှသော သခင်လေး၏ အရှေ့၌ ဤကဲ့သို့ စကားလုံးများ ပြောရန်မှာ ပို၍ခက်ခဲ၏။

"မင်း နားလည်ပြီဆိုရင် ပြန်ဆုတ်ပြီး ပြိုင်ပွဲမှာ သေချာပါဝင်၊ ဒီမှာ ကိုယ့်ကိုယ်ကိုယ် အရှက်မခွဲမိစေနဲ့"

ကောင်းကျန့်လီက တည်ငြိမ်စွာ ပြောသည်။

"ဟုတ်ကဲ့"

လူငယ်၏မျက်နှာက အနည်းငယ်တော့ စိတ်မသက်သာ ဖြစ်သွားရ၏။ သို့သော် နောက်ဆုံးမှာတော့ သူ ခေါင်းငုံ့ကာ ဆေးပြင်းဖိုဆီသို့ နာခံစွာ ပြန်သွားလိုက်သည်။

ကောင်းမိသားစု၏ တခြားမိသားစုဝင်များကလည်း သူတို့၏ ခေါင်းများကို ငုံ့ကာ သူတို့နေရာများဆီသို့ တိတ်တဆိတ် ပြန်သွားကြ၏။

သူရဲကောင်းက စွမ်းအား မရှိတော့သည့်အလားပင်။

"ဆရာဖန်ချီ၊ မြို့အရှင်၊ ကျွန်တော်တို့ ကောင်းမိသားစု ဝင်တွေရဲ့ စည်းကမ်းမရှိတဲ့ အပြုအမူတွေအတွက် ကျွန်တော် တောင်းပန်ပါတယ်"

ကောင်းကျန့်လီက စင်မြင့်ကို ဦးညွှတ်၍ တောင်းပန် စကားပြောလာသည်။

"ကောင်းမိသားစုမှာ သူတို့ရဲ့နေရာကို သိတဲ့လူ တစ်ယောက်တော့ ရှိနေသေးတာပဲ"

မြို့အရှင်ပိုင်ချန်က ခံစားချက်ကင်းမဲ့စွာ ပြောလေ၏။

ကောင်းမိသားစု၏ မိသားစုဝင်များသာ တကယ် ပြဿနာရှာခဲ့လျှင် ထိုဖြစ်ရပ်က သံသယဖြစ်စရာမလိုအောင် ဆရာဖန်ချီ၏ အရှေ့၌ သူ့ကို အရှက်ရစေလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ ဒီနေရာက သူ၏ နယ်မြေပင်။

ကောင်းမိသားစုက ထွက်လာပြီး သူတို့ဘာသာသူတို့ ရပ်တန့်ခြင်းက အကောင်းဆုံးပင်။ သူသာ ဝင်ရောက်စွက်ဖက်ရမည်ဆိုလျှင် လူတိုင်းအတွက် အရှက်ရစရာ ဖြစ်သွားလိမ့်မည်။

"မင်းနာမည်က ကောင်းကျန့်လီ ဟုတ်တယ်မလား၊ မင်း အသက်၂၀ မပြည့်သေးဘူးဆိုတာ ငါသိတယ်၊ မင်း ဘာလို့ အဂ္ဂိရတ်ပညာပြိုင်ပွဲမှာ မပြိုင်တာလဲ"

ဆရာဖန်ချီက မေးလာသည်။

"ဆရာဖန်ချီ ကျွန်တော်က သိုင်းပညာမှာ လုံးလုံးလျားလျား မြှုပ်နှံထားပါတယ်၊ အဂ္ဂိရတ်ပညာရှင်တွေက ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်တွေ ဖြစ်ပေမယ့် လူတိုင်းက အဲ့ဒီဂုဏ်ကို မရရှိနိုင်ဘူး"

ကောင်းကျန့်လီက လေးစားစွာ ပြော၏။

"ဒါ့အပြင် ကျွန်တော် အသက်၂၀ ပြည့်သွားတာ ရက်အနည်းငယ် ရှိပါပြီ၊ ရက်နည်းနည်းလောက်ပဲ ကျော်လွန်ထားတယ်ဆိုပေမယ့် ကျွန်တော့်အနေနဲ့ ဆရာဖန်ချီကို မလှည့်ဖြားရဲပါဘူး"

"အင်း"

ဆရာဖန်ချီက တည်ငြိမ်စွာ ခေါင်းညိတ်ပြီးနောက် ဘာမှ ဆက်မပြောတော့ပေ။

"နားလည်ပေးတဲ့အတွက် ဆရာဖန်ချီကို ကျေးဇူးတင်ပါတယ်"

ကောင်းကျန့်လီသည် ဦးညွှတ်၍ သူ၏ ကျေးဇူးတင်မှုကို ဖော်ပြလိုက်သည်။

ထို့နောက် သူ ချင်ကျီကို ကြည့်လိုက်၏။

"မင်းက ငါ့ရဲ့ကောင်းမိသားစုဝင်တစ်ယောက်ကို ဒဏ်ရာရစေခဲ့တယ်၊ ရှင်းပြချက်တစ်ခုတော့ ရှိသင့်တယ်မလား၊ အဂ္ဂိရတ်ပညာပြိုင်ပွဲပြီးသွားရင် မင်းကိုယ်မင်း ရှင်းပြပါ"

"ဘာလို့ ခင်ဗျားကို ရှင်းပြရမှာလဲ"

ချင်ကျီသည် မာနကြီးစွာ နှာမှုတ်လိုက်သည်။

"သူက ကျုပ်ကို အရင် ရန်စခဲ့လို့ ကျုပ် သူ့ကို ရိုက်လိုက်တယ်၊ ဒါပဲလေ...ဘာရှင်းပြချက်များ ပိုလိုချင်သေးလို့လဲ"

ဘဝအတွက် ဘာမှစဥ်းစားမနေနဲ့၊ မင်းအနေနဲ့ လက်မခံနိုင်ရင် တိုက်သာတိုက်ခိုက်။

သူသည် ထိုကဲ့သို့ လှည့်ကွက်များကို မကြိုက်ပေ။ ဒီလူများက လှည့်ကွက်များ ဖန်တီးရခြင်းနှင့် လှည့်စားခြင်းများကို ကြိုက်ကောင်းကြိုက်ကြလိမ့်မည်။ သို့သော် သူကတော့ စိတ်မဝင်စားပေ။

"အိုး...ငါက မင်း ရှင်းပြနိုင်ဖို့အတွက် အခွင့်အရေး ပေးခဲ့တာ၊ ပြီးတော့ မင်းက ဒါကို ငြင်းဆန်တာလား"

ကောင်းကျန့်လီ၏ မျက်ခုံးများက အနည်းငယ် တွန့်သွားလေ၏။

"ဟက်! ခင်ဗျားက ဒါကို အခွင့်အရေးပေးနေတယ်လို့ ထင်တယ်လား၊ ဒါဆို ခင်ဗျား ဆိုလိုချင်တဲ့သဘောအရ ခင်ဗျားက ကျုပ်ထက် သာလွန်တယ်ဆိုပါတော့"

ချင်ကျီသည် မျက်လုံးကျဥ်းမြောင်းကာ မေးလိုက်သည်။

"ဟုတ်တယ်"

ကောင်းကျန့်လီက သူ့ကိုကြည့်၍ ပြော၏။

"ငါက မောက်မာနေတယ်လို့ မင်း ထင်ကောင်းထင်လိမ့်မယ်၊ ဒါပေမဲ့ ဒီလောကကြီးမှာ ကွာခြားမှုတွေ ရှိတယ်၊ အခုအချိန်မှာတော့ မင်ဟောက်မြို့မှာရှိတဲ့ ကောင်းမိသားစုက လူအများစုကို အထင်သေးနိုင်ခွင့်ရှိတယ်"

သူက အလွန်ကို ပွင့်ပွင့်လင်းလင်း ရှိသည်။ အကြောင်းမှာ ထိုအရာကလည်း အမှန်တရား ဖြစ်သောကြောင့်ပင်။

တစ်စုံတစ်ယောက်၌ မာနကြီးနိုင်သည့် နောက်ခံရှိသောအခါ သူသည် သဘာဝအားဖြင့် မာနကြီးလာလိမ့်မည်။ တစ်စုံတစ်ယောက်က လုံလောက်စွာ မြင့်မားသောနေရာ၌ ရပ်နေရသောအခါ သူသည် သဘာဝကျစွာပင် တခြားလူများအား အထင်သေးလာလိမ့်မည်။

ကောင်းမိသားစု၏ သခင်လေးအနေဖြင့် သူသည် မိသားစု၏ဂုဏ်သိက္ခာကို သဘာဝကျစွာ ကာကွယ်လိမ့်မည်ဖြစ်ပြီး တစ်ခြားကိစ္စများက သူ့အတွက် အရေးမပါပေ။

"ခင်ဗျား ပြောတဲ့စကားလုံးတစ်ချို့က အဓိပ္ပာယ်တော့ ရှိပါတယ်၊ ဒါပေမဲ့ ကျုပ်က လူတွေကို ရှင်းပြရတာ မကြိုက်ဘူး၊ ခင်ဗျားက တကယ်ပဲ ကြားချင်နေတယ်ဆိုရင် ကျုပ်ရဲ့ လက်သီးနဲ့ ရှင်းပြပါ့မယ်"

ချင်ကျီသည် သူ့ကိုစိုက်ကြည့်၍ ပြောလိုက်သည်။

"ဒီလိုဆို..."

ကောင်းကျန့်လီ၏ မျက်လုံးထဲ၌ ထက်ရှသောအလင်းရောင်တစ်ခုက လက်ခနဲ ဖြစ်သွားခဲ့၏။ သူ၏ သိပ်မချောမောသော မျက်နှာထက်တွင်လည်း ပေါ်လွင်သော အပြုံးတစ်ခု ပေါ်လာသည်။

"ဒါဆို… ကောင်းပြီလေ!"

ထိုစကားလုံးများ ထွက်ကျသွားသည်နှင့်အမျှ သူ့ခန္ဓာကိုယ်ထဲကနေ ထိတ်လန့်တုန်လှုပ်ဖွယ်ရာကောင်းသော ဓားအသိစိတ်တစ်ခု ထွက်ပေါ်လာလေ၏။ ထိုအရာက ကြည့်ရှုသူများ၏ နှလုံးသားထဲ၌ ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေသည်။

"တစ်လကြာရင် ငါ မင်းကို လာရှာမယ်၊ မင်းက လက်သီးနဲ့ ရှင်းပြတာပဲဖြစ်ဖြစ် ဓားနဲ့ ရှင်းပြတာပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး၊ မင်းက ငါ လက်ခံနိုင်အောင် မစွမ်းဆောင်နိုင်ခဲ့ရင်တော့ သေရမယ်"

"မင်းနဲ့ငါ့ကြားမှာ အသက်ကွာခြားမှုရှိတယ်၊ ငါ မင်းကို အနိုင်မကျင့်သင့်ဘူး၊ ဒါပေမယ့် အားနည်းနေတဲ့အချိန်မှာ ခေါင်းမငုံ့နိုင်တဲ့ မင်းရဲ့ နဂိုအပြစ်ကြောင့်ပဲ"

( T/N - ခက်ခက်ခဲခဲရှာဖွေထားရတာမလို့ မကျော်ဘဲ ဖတ်သွားပေးကြနော်^_^

"ပရပ်ချ်နာ" = ဉာဏ်အလင်းရရန်လိုအပ်သည့်ပညာ၊ တစ်နည်းအားဖြင့် မြတ်စွာဘုရားဟောကြားထားသော သစ္စာတရားကို ထိုးထွင်းသိမြင်းခြင်း။

"ပဒ္ဓေ" = စိတ္တသန့်ရှင်း / သန့်စင်ပြီး ဉာဏ်အလင်းရခြင်း။

"ဟုံ" = နတ်ဆိုးတားခြင်း ဒါမှမဟုတ် ရှန်းရှတွေမှာ စွမ်းအားထုတ်တဲ့အခါကျ အဆုံးသတ် အသုံးပြုတဲ့ အမိန့်သံဖြစ်ပါတယ်

"ပရပ်ချ်နာပဒ္ဓေဟုံ" ဆိုတာက မန္တရာတစ်ခုဖြစ်ပြီး မန္တရာရဲ့သဘောက စာသားတွေကို တိတိကျကျ နားလည်စရာမလိုဘဲ အသံထွက်ကို အဓိကထားပါတယ်။ မန္တရာတွေကို ဘယ်နေရာတွေမှာအသုံးပြုလဲဆိုရင် စိတ်တည်ငြိမ်စေဖို့၊ မကောင်းဆိုးဝါးဖယ်ရှားဖို့နဲ့ အခုလို ရှန်းရှတွေမှာဆို စွမ်းအား/ခွန်အားတွေ စုဆောင်းတဲ့နေရာမှာ စကားသံ ဒါမှမဟုတ် အမိန့်သံအနေနဲ့ အသုံးပြုပါတယ် )

All Chapters