ချန်ပိလင်
Vol. 2 Ch. 20
ကောင်းကျန့်လီက ထိုစကားကို ပြောပြီးနောက် အဝေးသို့ လျှောက်ထွက်သွားလေသည်။
ထိုအချိန် ချင်ကျီကတော့ ထွက်ခွာသွားသောပုံရိပ်ကိုကြည့်နေရင်း သူ့မျက်နှာပေါ်၌ ပျော်ရွှင်သည့် အပြုံးတစ်ခုက တဖြည်းဖြည်း ပေါ်လာလေ၏။
"အားနည်းနေတဲ့အချိန်မှာ ခေါင်းမငုံ့နိုင်တဲ့ မင်းရဲ့ နဂိုအပြစ်ကြောင့်ပဲ"
ထိုကဲ့သို့ မှန်ကန်သော နိယာမတစ်ခု။ သို့သော်...တကယ်တမ်း အားနည်းသူက မည်သူနည်း။
ကောင်းမိသားစုက တကယ်ကို အဲ့ဒီလောက် အားကောင်းလို့လား။
ဟဲဟဲ…
သူ့နှလုံးသားထဲတွင် သူတို့ကို ပြန်ရိုက်ချရန် အခွင့်အရေးတစ်ခုအား ကြိုတင်ပြင်ဆင်ထားခဲ့ပြီးသားပင်။ ထိုကဲ့သို့ အခွင့်အရေးတစ်ခုကို ရလာခဲ့လျှင် ဘောက်မဲ့ကြောင့် မယူဘဲနေရမည်နည်း။
အတိုချုပ်ပြောရလျှင် အချက်တစ်ချက်က ရှင်းနေလေပြီ။
ပြိုင်ဘက်ကင်းဖခင်တစ်ယောက်ရှိနေသည့်အတွက် သူ ဘာကို ကြောက်ရမည်နည်း။
"ဟေး! လူ့အမှိုက်လေး! နင်က ပိုပြီးသတ္တိရှိလာပြီပဲ၊ အခုဆို ကောင်းကျန့်လီကိုတောင် ပြန်ပြောရဲနေပြီ"
ထိုအချိန်၌ မိန်းကလေး တစ်ယောက်၏ အနည်းငယ် မာနကြီးနေသော အသံက ထွက်ပေါ်လာသည်။ ချင်ကျီသည် သူ့ခေါင်းကိုလှည့်၍ ကြည့်လိုက်၏။
သူ မြင်လိုက်ရသည်မှာ အပြာရောင်ဝတ်စုံဝတ်ဆင်ထားသော ချစ်စရာကောင်းသည့် မိန်းကလေး တစ်ယောက်က သူ့ဆီသို့ ပေါ့ပေါ့ပါးပါး လျှောက်လှမ်းလာခြင်းကိုပင်။
ထိုမိန်းကလေးက အလွန်ကို လှပသည်။ အသက်၁၆ သို့မဟုတ် ၁၇နှစ်သာ ရှိဦးမည်။ သို့သော် သူမက သဘာဝဆန်သော ဆွဲဆောင်မှုတစ်မျိုးကို ထုတ်လွှတ်နေပြီး တကယ်ကို ပွင့်လန်းလာမည့် အလှလေးတစ်ယောက်ပင်။
"လူဆိုးမ"
ထိုမိန်းကလေးကို မြင်သောအခါ ချင်ကျီ၏ မျက်နှာက မည်းမှောင်သွားလေ၏။ ထို့နောက် သူ အနည်းငယ် အံကြိတ်လိုက်သည်။
ထိုလူဆိုးမလေးမှ သူ ရွေးချယ်ထားသော အစေခံလေးအား လုယူခဲ့ပြီးနောက် သူ သူမကို သတိလစ် သွားအောင် ရိုက်ခဲ့မိရာ သူမ၏ဖခင်သည် သူ့ကို လိုက်လံဖမ်းဆီးရန် ရောက်လာခဲ့၏။
သူ့အဖေထံ၌ ကြီးမားသောအင်အားသာ မရှိခဲ့လျှင် သူသည် ထိုလူဆိုးမလေး၏ လက်ထဲ၌ အသက်ဆုံးရှုံး သွားရလိမ့်မည်။
"ဟမ့်! လူ့အမှိုက်လေး! နင် ဘယ်လို စကားမျိုးကို ပြောလိုက်တာလဲ၊ ငါ မမလေးရဲ့နာမည်က ချန်ပိလင်၊ ချန်ပိလင်လို့!"
မိန်းကလေးက အနည်းငယ် စကားပြောပြီးသည်နှင့် နှာမှုတ်လိုက်လေ၏။
"မင်း ငါ့ကို လူမိုက်လို့ ထပ်ခေါ်ကြည့်၊ မင်း ထပ်ပြီး သတိလစ်သွားအောင် ငါ မရိုက်ရဲဘူးလို့ ထင်နေတာလား"
ချင်ကျီသည် ရက်စက်စွာ ခြိမ်းခြောက်လိုက်သည်။
"နင်…"
ချန်ပိလင်၏ လှပသောမျက်နှာလေးက ချက်ချင်းပင် နီမြန်းသွားကာ ပတ်ပတ်လည်ကို ကြည့်လိုက်မိ၏။ သူမ ရှက်ရွံ့ကာ ခြေထောက်ကို ဆောင့်နင်းလျက် ဒေါသတကြီး ပြောလိုက်သည်။
"နင် လုပ်ရဲလား!"
"မင်း စမ်းကြည့်နိုင်တယ်"
ချင်ကျီက ပခုံးတွန့်၍ ပြော၏။
ချောမောလှပသော မိန်းကလေးတစ်ယောက်ကို သတိလစ်သွားအောင် လက်တွေ့ပြသခြင်းက လုံးဝမခက်ခဲပေ။ ချင်ကျီအတွက် ရုပ်ပိုင်းဆိုင်ရာအရ အခက်အခဲမရှိသလို စိတ်ပိုင်းဆိုင်ရာအရလည်း ဘာဖိအားမှ မဖြစ်စေပေ။
"ဦးလေး သူ့ကို ကြည့်ဦး!"
နောက်ဆုံးတွင် ချန်ပိလင်သည် ချစ်စရာကောင်းသောပုံစံလေးဖြင့် မြင့်မားသော စင်မြင့်ပေါ်မှ မြို့အရှင်ပိုင်ချန်ကို မော့ကြည့်လိုက်လေသည်။
ပိုင်ချန်က အနည်းငယ် မျက်မှောင်ကြုတ်သွားလေ၏။ သူ ချင်ကျီအား သတိပေးသောအကြည့်တစ်ခု ပေးကာ ချန်ပိလင်ကို ပြောလိုက်သည်။
"လင်အာ သမီး ရောက်နေပြီဆိုမှတော့ ပြိုင်ပွဲထဲဝင်တော့"
"အိုး"
ဦးလေးဖြစ်သူက သူမအတွက် စကားမပြောပေးသည်ကို မြင်သောအခါ ချန်ပိလင်သည် အခြေအနေ၏ လေးနက်မှုကို နားလည်၍ သူမ၏ မကျေနပ်မှုများကို ရပ်တန့်လိုက်၏။
ထို့နောက် သူမ အတွင်းဘက်ကို လျှောက်သွားလိုက်သည်။
မကြာခင်မှာပင် လူငယ်တစ်ယောက်က သူ၏ ဆေးပြင်းဖိုအား လက်လျှော့ခဲ့လေ၏။ ထင်ရှားသည့် အချက်ကတော့ ကြိုတင်ပြင်ဆင်ထားခြင်း ဖြစ်နိုင်သည်။ သို့မဟုတ် ကိုယ်စား တန်းစီပေးသောလူတစ်ယောက်ဖြစ်လောက်မည်။
"ဆရာဖန်ချီ သူက ကျုပ်ရဲ့တူမပါ၊ နာမည်ကတော့ ချန်ပိလင်၊ သူမဆီမှာ ငယ်ငယ်ကတည်းက အားကောင်းတဲ့ စိတ်ဝိညာဉ်စွမ်းအင် ရှိပြီးတော့ အဂ္ဂိရတ်ပညာအတွက် အရမ်းကောင်းတဲ့ အလားအလာရှိသူ တစ်ဦး ဖြစ်နိုင်လောက်ပါတယ်"
မြင့်မားသော စင်မြင့်ပေါ်တွင် ပိုင်ချန်သည် သူ့ခေါင်းကိုလှည့်၍ ဆရာဖန်ချီကို ပြောပြလိုက်၏။
တကယ်တမ်းမှာလည်း ချန်ပိလင်တစ်ယောက် နောက်ကျမှ ရောက်လာခဲ့ခြင်းသည် သူတို့ဘက်မှ ကြိုတင်စီစဥ်ထားခဲ့သောကြောင့်ပင်။
တစ်ဖက်မှာ သူမအနေဖြင့် ဆေးပြင်းဖို မရရှိမည်ကို ကာကွယ်ရန်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူမက ငယ်သေး၏။ သူမ၏ သိုင်းပညာကလည်း အလွန်မမြင့်သေးပေ။
နောက်တစ်ချက်ကတော့ သူမအား ဆရာဖန်ချီ၏ အရှေ့၌ ကြွားလုံးထုတ်ရန် အခွင့်အရေးပေးလိုက်ခြင်းပင်။ နောက်ဆုံးပေါ်လာသောလူက မျက်စိအကျခံရဆုံး ဖြစ်ပေသည်။
"အင်း...သူမနဲ့ပက်သက်ပြီး တကယ်ကို ထူးခြားတဲ့အရာတစ်ခု ရှိနေတာပဲ"
ဆရာဖန်ချီသည် အပြာရောင်ဝတ်စုံ ဝတ်ထားသော မိန်းကလေးအား စူးစိုက်ကြည့်လိုက်ပြီးတော့ သူ့မျက်ခုံးများက တဖြည်းဖြည်းတွန့်လာ၏။
သူ့နှလုံးသားထဲ၌ အံ့အားသင့်မှုနှင့် စိတ်အားထက်သန်မှုတစ်ခုက လက်ခနဲ ပေါ်သွားခဲ့သည်။ ရှားပါးသောရတနာတစ်ခုအား မြင်လိုက်ရသကဲ့သို့ပင်။
သို့သော်ငြား သူ၏ မျက်မှောင်ကြုတ်ခြင်းမှတစ်ဆင့် သူသည် သူ၏ စစ်မှန်သောအတွေးများကို လုံးဝဖုံးကွယ်ထားလေ၏။ သူ ဘာတွေးနေလဲဆိုတာကို လူမပေါင်းက မသိနိုင်အောင် လုပ်လိုက်ခြင်းပင်။
"ဆရာဖန်ချီ ဘာလို့ မျက်မှောင်ကြုတ်သွားတာလဲ"
ပိုင်ချန်က အနည်းငယ်သော စိုးရိမ်မှုဖြင့် မေးသည်။
"ကောင်းပြီ၊ သူမက ထူးခြားပေမယ့် အားနည်းချက်တချို့လည်း ရှိနေတယ်၊ သူမက အဂ္ဂိရတ်ပညာရှင်တစ်ယောက် ဖြစ်လာနိုင်မလားဆိုတာက အင်း....မသေချာသေးဘူး"
ဆရာဖန်ချီက တည်ငြိမ်စွာ ပြော၏။
ပစ္စည်းများ ဝယ်သောအခါ ဈေး နှိမ်ရမည်။ ဈေးနိမ့်လေ ပေးချေရမည့်စရိတ်ကလေ နိမ့်လေပင်။
"အားနည်းချက်တွေက စိုးရိမ်ရလား"
ပိုင်ချန်က မျက်မှောင်ကြုတ်၍ မေးလာသည်။
"ပြောဖို့ခက်တယ်၊ အဂ္ဂိရတ်ပညာပါရမီ ဆိုတာက လျှို့ဝှက်ဆန်းကြယ်တဲ့ အရာပဲ၊ တချို့လက္ခဏာတွေကို မြင်နိုင်ပေမယ့်လည်း ဆုံးဖြတ်ဖို့ ခက်တယ်၊*ကျောက်စိမ်းတစ်ခုကို အပေါ်ယံကြည့်ပြီး မခန့်မှန်းနိုင်သလိုပေါ့၊ ဒါကြောင့် ဒါက ကံကြမ္မာအပေါ်မှာပဲမူတည်နေတယ်"
(T/N - ကျောက်စိမ်းတစ်ခုကို အပေါ်ယံကြည့်ပြီး အထဲက အရည်အသွေးကို ခန့်မှန်းလို့မရသလို လူတစ်ယောက်ရဲ့အနာဂါတ်ကိုလည်း အမြဲတမ်း ၁၀၀% ခန့်မှန်းနိုင်မှာ မဟုတ်ဘူး )
ဆရာဖန်ချီက မသေချာမရေရာစွာ ပြော၏။
ပိုင်ချန်က အတွေးများစွာဖြင့် ခေါင်းညိတ်လာသည်။
တစ်ချိန်တည်းမှာပင် ဆရာဖန်ချီသည် ဖြည်းဖြည်းချင်း ထရပ်၍ အောက်က လူအုပ်ကြီးအား ပြောလိုက်၏။
"အခု ပြိုင်ပွဲစည်းမျဥ်းတွေကို ကြေညာမယ်"
"ငါ ကိုယ်တိုင်ဖန်တီးထားတဲ့ အဆင့်တစ်ဝက် ဆေးဖော်စပ်နည်းကို ဒီနေ့မှာ မင်းတို့အားလုံး အခမဲ့သုံးနိုင်ဖို့အတွက် ပေးမယ်၊ မင်းတို့တွေက ဆေးဖော်စပ်နည်းအတိုင်း အဂ္ဂိရတ်ပညာပြိုင်ပွဲကို ယှဥ်ပြိုင်ရမယ်"
"ဆေးပညာမှာ အဆင့်လေးဆင့်ပါဝင်တယ်၊ စစ်ထုတ်ခြင်း၊ ပေါင်းစပ်ခြင်း၊ ပြိုကွဲခြင်း နဲ့ စိတ်ဝိညာဉ်ပိတ်လှောင်ခြင်း တို့ပဲ၊ မင်းတို့ အကောင်းဆုံး ယှဥ်ပြိုင်ကြပါ၊ အဲ့ဒီအဆင့်တွေအားလုံးကို ပြီးဆုံး အောင်လုပ်ဖို့ မလိုအပ်ဘူး"
"ဥပမာအားဖြင့် တစ်စုံတစ်ယောက်က စစ်ထုတ်ခြင်းအဆင့်ကိုသာ လုပ်ဆောင်နိုင်တယ်၊ ဒါပေမဲ့ သူတို့လုပ်ထားပြီးတဲ့ ဆေးဖက်ဝင်အပင်ရဲ့အဆီအနှစ်က ညစ်ညမ်းမှုမရှိနေဘူးဆိုရင် သူတို့ အမှတ်များများ ရကြလိမ့်မယ်"
"တစ်ဖက်မှာ တစ်စုံတစ်ယောက်က သက်စောင့်ဆေးတစ်ခုကို ဖော်စပ်နိုင်ခဲ့ပေမယ့် ပြိုကွဲခြင်းအဆင့်မှာ အမှားတွေလုပ်ခဲ့တယ်ဆိုရင် ဆေးအာနိသင်တွေက မှားကုန်လိမ့်မယ်၊ ဒါမှမဟုတ် စိတ်ဝိညာဉ်ပိတ်လှောင်ခြင်းမှာ လစ်ဟာခဲ့ရင် ဆေးရဲ့ စွမ်းအားကိုဆုံးရှုံးရလိမ့်မယ်၊ သူတို့တွေက အမှတ်နည်းနည်းပဲ ရကြလိမ့်မယ်"
"ဒါကတော့ ဆေးဖော်စပ်နည်းပါ"
ဆရာဖန်ချီက သူ၏ညာဘက်လက်ကို ဝှေ့ယမ်းလိုက်လေသည်။ ရွှေရောင်အလင်းတန်းတစ်ခုက ထွက်ပေါ်လာပြီး လေထဲ၌ ရွှေရောင်စာလုံးများအဖြစ် ပြောင်းလဲသွားလေ၏။
ရွှေရောင်စာလုံးပေါင်းရာချီက လေထဲ၌ တိမ်များကဲ့သို့ ပျံဝဲနေကြသည်။
"သွေးလှည့်ပတ်ဆေး"
"ဒီဆေးရဲ့အာနိသင်က သွေးခဲနေတာကို ဖယ်ရှားပေးပြီး သွေးကြောတွေကို ပွင့်လာစေတယ်၊ အတွင်းဒဏ်ရာအမျိုးမျိုးနဲ့ တခြား မျိုးရိုးလိုက်တဲ့ သွေးကြောပိတ်ဆို့ခြင်းတွေကို ကုသရာမှာ အသုံးဝင်တယ်၊ လိုအပ်တဲ့အမယ်တွေကတော့ အနက်ရောင်ဂိုဂျီအသီး၊ လင်ဇီးအဖြူ၊ မြေအောင်းမှိုအနီ၊ တိလပုပ္ဖိအမြစ်..."
လူအုပ်ကြီးမှာ ဆေးဖော်စပ်နည်းကို ဖတ်လိုက်ရသောအခါ ခေါင်းမူး၍ ရှုပ်ထွေးသွားသလို ခံစားလိုက်ရ၏။
အဆင့် ၁ ထက် ပိုနိမ့်သည့် သက်စောင့်ဆေးအတွက်တောင်မှ ဆေးဖော်စပ်နည်းတွင် မတူညီသော ဆေးဖက်ဝင်အပင်ပေါင်း ဆယ်မျိုးကျော်လိုအပ်သည်ဆိုတာကို သူတို့ တွေ့ရှိလိုက်ရသည်။
အဂ္ဂိရတ်ပညာ၌ အဆင့်လေးဆင့်သာ ပါဝင်သည်ဟု ထင်ရသော်လည်း ဆေးဖက်ဝင်အပင်တစ်ခုစီတိုင်း၌ အဆင့်ခွဲများစွာ ပါဝင်၏။ အကြောင်းမှာ တစ်ခုစီတိုင်း၏ ဂုဏ်သတ္တိအပေါ်မှာ မူတည်၍ မတူညီသောကိုင်တွယ်လုပ်ဆောင်မှုများကို လိုအပ်သောကြောင့်ပင်။
အားလုံးခြုံပြောရလျှင် ထိုအရာက ကြောက်စရာပင်။
ထို့ကြောင့်လည်း အဂ္ဂိရတ်ပညာရှင်များက ရှားပါးကာ လူလေးစားခံရတာ ဖြစ်သည်။
"ဆေးပြင်းဖိုတစ်ခုစီတိုင်းမှာ ဆေးဖက်ဝင်အပင်တွေ နှစ်စုံစီ ပါဝင်တယ်၊ ဆေးဖော်စပ်နည်းရဲ့ အသေးစိတ်ဖော်ပြမှုအတိုင်းပဲ လုပ်ဆောင်ကြပါ၊ စတင်လိုက်ကြစို့!"
ဆရာဖန်ချီက တည်ငြိမ်စွာ ပြော၏။
ချက်ချင်းဆိုသလိုပင် လူတိုင်း၏ အကြည့်များမှာ လေးနက်မှုများ လွှမ်းမိုးသွားလေသည်။ သူတို့သည် တိုက်ပွဲတစ်ခုထဲသို့ ဝင်သွားသော စစ်သည်များကဲ့သို့ ကြီးမားသည့် ရည်မှန်းချက်များဖြင့် ပြည့်နေလေ၏။
အဂ္ဂိရတ်ပညာပြိုင်ပွဲတွင် ပါဝင်သူတိုင်းသည် ကြီးမားသော ရည်မှန်းချက်များကို သယ်ဆောင်လာခဲ့ကြသည်။ သူတို့၏လုပ်ဆောင်မှုများက တောက်တောက်ပပ ထွန်းလင်း၍ ဆရာဖန်ချီ၏ အကြည့်ကို ဖမ်းစားနိုင်ရန် မျှော်လင့်နေကြ၏။ သို့မှသာ သူတို့ ထိုနေရာကနေ ပျံသန်းနိုင်...
"မကောင်းတော့ဘူး!"
"အား! ဒါက…"
"ဒါက ဘယ်လိုဖြစ်သွားတာလဲ…"
နောက်တစ်ခဏအတွင်းမှာပင် လူအများအပြား၏ အမူအရာများက ပြောင်းလဲသွားလေသည်။ သူတို့၏ ကြီးမားသောရည်မှန်းချက်များက စိတ်ရှုပ်ထွေးမှုများဖြင့် ရောထွေးသွားခဲ့၏။
သူတို့၏ တုန်လှုပ်မှုများ နှင့် စိတ်ပျက်မှုများအတွက် အရင်းခံမှာ သူတို့သည် ဆေးဖော်စပ်နည်းမှာ ဖော်ပြခဲ့သော ဆေးဖက်ဝင်အပင်များကို မမှတ်မိခဲ့သောကြောင့်ပင်။
ဆေးပြင်းဖိုများ၏ ဘေးတွင်ရှိသော ဆေးဖက်ဝင်အပင်ပုံးများမှာ အမျိုးမျိုးသော ဆေးဖက်ဝင်အပင် များဖြင့် ရှုပ်ပွနေလေသည်။ ထိုအရာက သူတို့ကို လုံးဝ စိတ်ရှုပ်ထွေးသွားစေခဲ့၏။
"ငါ မျှော်လင့်ထားတဲ့အတိုင်းပဲ"
ဆရာဖန်ချီက အပေါ်စီးကနေ ရယ်မောလာသည်။
"မင်းတို့ အများစုက အခြေခံဆေးဖက်ဝင်အပင်တွေအကြောင်း သိရှိမှုမှာ အားနည်းနေတယ်လို့ ထင်ရတယ်"
လူငယ်အများအပြားက ရှက်ရွံ့စွာ ခေါင်းငုံ့သွားကြ၏။
ဆရာဖန်ချီက သူ့အပြုံးကို ဖြည်းညှင်းစွာ ရုပ်သိမ်း၍ သြဇာရှိစွာ ပြောသည်။
"ငါ့ရဲ့ အဂ္ဂိရတ်ပညာပြိုင်ပွဲက တန်ဖိုးမဲ့တယ်လို့ မင်းတို့ ထင်နေကြတာလား၊ မင်းတို့ ဘာတစ်ခုမှ မပြင်ဆင်ခဲ့ကြဘဲနဲ့ ကံက မင်းတို့ကို ထောက်ပံ့ပေးလိမ့်မယ်လို့ ထင်နေကြတာလား"
"မင်းတို့တွေ သိုင်းပညာမှာ ဘယ်လောက်ပဲ ထူးချွန်ထူးချွန် ငါ ဂရုမစိုက်ဘူး၊ ဒါပေမဲ့ အဂ္ဂိရတ်ပညာက စမ်းကြည့်ချင်တဲ့လူတွေအတွက် မဟုတ်ဘူး"
"မင်းတို့က အဂ္ဂိရတ်ပညာမှာ ပါရမီရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ မင်းတို့ရဲ့ သဘောထားကို ကြည့်ရုံနဲ့ မင်းတို့က အဂ္ဂိရတ်ပညာရှင်ဖြစ်ဖို့ မသင့်တော်ဘူး၊ ဒါကြောင့်… ဆေးဖက်ဝင်အပင်တွေကို မမှတ်မိတဲ့လူတွေ ကျေးဇူးပြုပြီး ထွက်သွားပေးပါ"
သူ၏စကားလုံးများက တိတ်ဆိတ်နေသော ပရိသတ်ထံသို့ ကျရောက်သွားလေ၏။
လူငယ်အများအပြားက မလိုလားသော အမူအရာများကို ဆင်မြန်းထားကြသည်။ သို့သော်ငြား ငြင်းခုံရန် မရဲကြပေ။ သူတို့ ခေါင်းငုံ့ကာ လက်သီးဆုပ်လျက် ပြိုင်ပွဲနေရာကနေ ထွက်သွားရုံသာ တတ်နိုင်ပေ၏။
မကြာခင်မှာပင် ဆေးပြင်းဖိုတစ်ထောင်၏ တစ်ဝက်လောက်က ဗလာကျင်းသွားခဲ့သည်။
"ဟေး! လူ… လူ့၊ နင် ဒီမှာရှိနေတုန်းပဲလား၊ သိသလို ဟန်ဆောင်နေတာလား၊ နင် လိမ်ညာဖို့ ကြိုးစားနေတာမလား"
ချန်ပိလင်က ချင်ကျီကိုကြည့်ပြီး လှောင်ပြောင်နေ၏။
သူမက "လူ့အမှိုက်လေး" ဟု ခေါ်ရန် ပြင်နေခြင်းပင်။ သို့သော်ငြား သူ၏ ယခင်သတိပေးချက်ကို သတိရကာ ထူးထူးဆန်းဆန်း တွန့်ဆုတ်သွားမိသည်။ ဒီလိုနှင့် သူမ၏ စကားလုံးများကို ပြောင်းလိုက်၏။
"မင်းလိုပဲပေါ့"
ချင်ကျီက ပြန်ပြောသည်။
"ဟမ့်! ငါ မမလေးဆိုတာ ကလေးဘဝကတည်းက အဂ္ဂိရတ်ပညာရှင်တစ်ယောက်ဖြစ်ဖို့ သန္နိဋ္ဌာန်ချထားပြီးသား၊ ဆေးဖက်ဝင်အပင်အမျိုးမျိုးနဲ့ သူတို့ရဲ့ ဂုဏ်သတ္တိတွေကို ကျွမ်းကျွမ်းကျင်ကျင် သိတယ်!"
ချန်ပိလင်က သူမ၏ သေးငယ်သော ရင်ဘက်ကို ထောင်လွှားစွာ ကော့လာလျက်...
"ဒါ့အပြင် ငါက အဂ္ဂိရတ်ပညာရှင်တစ်ယောက်ရဲ့ လမ်းညွှန်မှုကို ရရှိခဲ့လို့ ငါ့ရဲ့ အဂ္ဂိရတ်ပညာစွမ်းရည်က ပေါ့ပေါ့တန်တန် မဟုတ်တော့ဘူး၊ နင့်လို လူဆင်းရဲက နားလည်မှာ မဟုတ်ပါဘူး"
"ဘယ်သူမဆို ကြွားဝါနိုင်ကြတယ်"
ချင်ကျီသည် သူ့နှုတ်ခမ်းအား မထီမဲ့မြင်ပြုစွာ ကွေးလျက် သူမအား လျစ်လျူရှုလိုက်သည်။
တစ်ကယ်တမ်းကျ သူမ၏ စကားများကို သူ ယုံကြည်၏။ သို့သော် အကြောင်းအရင်းတစ်ခုခုကြောင့် ထိုလူဆိုးမလေးအား စနောက်ရခြင်းကို မရပ်နိုင်ပေ။
"နင် နင်! ငါ မမလေးက ကြွားလုံးထုတ်နေတယ်လို့ နင် ပြောလိုက်တာလား၊ နင်နဲ့ ငါနဲ့ အချင်းချင်း ယှဥ်ပြိုင်ပြီး ရှုံးတဲ့လူက လူသိထင်ရှား တောင်းပန်ရမယ်! လက်ခံရဲလား!"
ချန်ပိလင်က အံကြိတ်၍ ပြောသည်။
"ဘာလို့ လက်မခံရမှာလဲ"
ချင်ကျီ ပြုံးလိုက်ပြီး သူ၏ ညာဘက်လက်အား ဆေးပြင်းဖို၏ လေဝင်ပေါက်အပေါ်မှာ ဖိလိုက်၏။ ထို့နောက် တဟုန်းဟုန်းတောက်နေသော မီးတောက်တစ်ခုက ထွက်ပေါ်လာသည်။ ထို့နောက် သူ၏ ဘယ်ဘက်လက်ကို မွှေလိုက်ရာ အရည်ပျော်မှတ်တူညီသော ဆေးဖက်ဝင်အပင်များစွာသည် မီးလျှံများထဲ၌ အရည်ပျော်သွားခဲ့၏။ သူတို့၏ အဆီအနှစ်များကို စစ်ထုတ်ရန် သူ စတင်လိုက်သည်။
အပြုအမူနှင့် ပြသသူ!
(T/N - အပြောနဲ့မဟုတ်ဘဲ လက်တွေ့လုပ်ပြသူ)