ဆရာဖန်ချီကို ဖျက်ဆီးခြင်း
Vol. 2 Ch. 22
ချက်ချင်းပင် လူတိုင်းက သူတို့၏ ခေါင်းများကို လှည့်၍ သူတို့၏အကြည့်များက အပြာရောင်ဝတ်စုံဝတ်ထားသော မိန်းကလေးပေါ်သို့ ကျရောက်သွားခဲ့သည်။
သူမက မျက်လုံးများကို ခပ်တင်းတင်း မှိတ်ထားလေ၏။ ရေပူကို မကြောက်သော ဝက်သေတစ်ကောင်ကဲ့သို့ သူမ၏ ခေါင်းကိုမြှောက်၍ စူးရှစွာ ဆက်အော်နေသည်။
"ချင်ကျီ ငါ မှားသွားပါတယ်!"
"ချင်ကျီ ငါ မှားသွားပါတယ်!"
"ချင်ကျီ ငါ မှားသွားပါတယ်!"
ထိုကဲ့သို့ အော်ပြီးနောက် သူမက မျက်လုံးများမှိတ်လျက် ရပ်နေလေ၏။ သူမ၏မျက်နှာက နီရဲနေကာတစ်စုံတစ်ယောက်ကို ရင်ဆိုင်ရန်အတွက် အလွန်ရှက်နေသည်။
ရှက်လို့သေပြီ!
မည်သို့ပင်ဆိုစေကာမူ သူမ ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးက ချက်ချင်းပင် တိတ်ဆိတ်သွားကြကာ အသက်တောင်မရှူရဲကြတော့ပေ။
ပိုင်ချန်၏မျက်နှာကတောင် လေးနက်သွားလေ၏။ သူ အသက်ပြင်းပြင်းရှူရှိုက်ကာ အနားမှ ဆရာဖန်ချီကို တိတ်တိတ်လေး ကြည့်လိုက်မိသည်။
သူ့မျက်နှာက အနည်းငယ်တွန့်သွားခဲ့၏။
တုံးလိုက်တဲ့ကောင်မလေး! မင်းကတော့ တစ်ကယ်ကိုအဆင်အခြင်မဲ့လွန်းတယ်!
ဆရာဖန်ချီက ချင်ကျီနှင့် ထိပ်တိုက်ဖြေရှင်းနေတုန်းပင်။ ထိုမိန်းကလေးက ဤကဲ့သို့သော မြင်ကွင်းတစ်ခုကို ဖန်တီးနေသည်မှာ ဆရာဖန်ချီ၏ မျက်နှာကို ရိုက် နေခြင်း မဟုတ်ပါလော။
ဆရာဖန်ချီက မင်းဘက်ကနေ ရပ်တည်ဖို့ ရည်ရွယ်ထားတာ အသိသာကြီး...ဒါပေမဲ့ မင်းကတော့ လူတိုင်းရဲ့အရှေ့မှာ မင်းရဲ့အရှုံးကို ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်တယ်...ဒါက ဆရာဖန်ချီကို နောက်ကျောကနေ ဓားနဲ့ထိုးလိုက်တာ မဟုတ်ဘူးလား။
ဆရာဖန်ချီ၏ ဂုဏ်သိက္ခာကို ဘယ်နေရာ၌ ထားခဲ့သနည်း။
မျှော်လင့်ထားသည့်အတိုင်းပင် ဆရာဖန်ချီ၏ မျက်နှာက ရှေးကျကာ ထာဝရအေးခဲနေသော ကျောက်တုံးတစ်ခုကဲ့သို့ တဖြည်းဖြည်း မည်းမှောင်သွားလေ၏။
သူ့အကြည့်က ချင်ကျီဆီကနေ ရွေ့သွားပြီး ချန်ပိလင် ဆီသို့ လှည့်သွားသည်။ သူ အနည်းငယ် အေးစက်သောအသံဖြင့် ပြောလိုက်၏။
"မင်းကလည်း ငါ အမှားလုပ်မိတယ်လို့ ထင်နေတာလား"
သူ့နှလုံးသားက အလွန်အမင်း အေးစက်သွားလေသည်။ သူ့ရည်ရွယ်ချက်များက သန့်စင်လှသည် မဟုတ်သော်လည်း နောက်ကျောကနေ ဓားနှင့်ထိုးခံရခြင်းက သူ့ကို ဒေါသထွက်စေ၏။
သူက ဂုဏ်သတင်းကို အမြဲတန်ဖိုးထားခဲ့သော်ငြား ယခု ဤကျေးဇူးမသိတတ်သော မိန်းကလေးက သူ့ကို အခုလိုအခြေအနေတစ်ခု၌ ထားခဲ့သည်။
အစက ထိုလူငယ်၏မေးခွန်းထုတ်မှုနှင့် ရင်ဆိုင်နေရသောအခါ သူ၏ရာထူးကြောင့် လူအများစုဟာ သူ့ကို ယုံကြည်ရန် ဆန္ဒရှိကြ၏။
သို့သော် အခု… သူ မျက်နှာသာပေးခဲ့သောလူက သူမ၏ရှုံးနိမ့်မှုကို ပွင့်ပွင့်လင်းလင်း ဝန်ခံနေခဲ့သည်။ သူ ဘာများထပ်ပြောနိုင်တော့မည်နည်း။
တရားမျှတမှုက သူ့ဘာသာသူ ရပ်တည်နေလေသည်။
"ဆရာဖန်ချီ ဆရာက ဘာလို့ ကျွန်မကို ဒီလောက်အထိ မျက်နှာသာပေးနေတယ်ဆိုတာကို ကျွန်မ မသိပေမယ့် ကျွန်မ ဖော်စပ်ခဲ့တဲ့ဆေးရည်က သူ့ဆေးရည်ထက် တကယ်ကို နိမ့်ကျနေတယ်"
ချန်ပိလင်၏မျက်နှာပေါ်၌ လေးနက်မှုအပြည့် ရှိနေ၏။
"ကျွန်မက ငယ်သေးလို့ ဒီဖြစ်ရပ်တွေကို ကောင်းကောင်း နားမလည်ပါဘူး၊ ဒါပေမယ့် ရှုံးနိမ့်တာက ရှုံးနိမ့်တာပဲလေ၊ အရှုံးကို လက်ခံရတာက ဆိုးရွားတဲ့ကိစ္စမဟုတ်ပါဘူး"
ထိုသို့ပြောပြီးနောက် သူမ ချင်ကျီကို ခေါင်းညိတ်ပြလိုက်သည်။
"ဟေး! နင်က ဘယ်သူပဲဖြစ်ဖြစ် ငါ အခု အရှုံးကို ဆန္ဒအလျောက်ဝန်ခံပြီးသွားပြီ၊ ဒါကြောင့် ငါ အရင်သွားနှင့်မယ်"
"ကံကောင်းပါစေ"
ထိုစကားကိုပြောပြီးနောက် သူမ တစ်ဖက်ကို လှည့်ကာ အမြန်ထွက်ခွာသွားလေ၏။
တကယ်တော့ သူမလည်း အနည်းငယ် ပျာယာခတ် နေခဲ့သည်။
တခြားလူများက သူမ ဘာမှမသိဘူးဟု ထင်ကောင်းထင်ကြလိမ့်မည်။ သို့သော်ငြား သူမ အရာအားလုံးကို တစ်ကယ် သိ၏။ ဒီနေ့ကိစ္စက သူမ အနည်းငယ် စွန့်စားခဲ့ခြင်းပင်။
သူမ၏ဦးလေးက ဆန့်ကျင်ပေးလိမ့်မည်ဟု သူမ မျှော်လင့်သည်။
"ဆရာဖန်ချီ ကျုပ်ရဲ့တူမလေးက ငယ်ငယ်လေးကတည်းက စည်းကမ်းမလိုက်နာတတ်ဘူး၊ အမြဲတမ်း ပြဿနာရှာရတာကို ကြိုက်တယ်၊ ကျေးဇူးပြုပြီး ဗွေမယူလိုက်ပါနဲ့"
မြင့်မားသောစင်မြင့်ပေါ်တွင် ပိုင်ချန်က ပြုံးရွှင်နေသောအပြုံးဖြင့် ပြော၏။
ဆရာဖန်ချီက သူ့ကို လှည့်ကြည့်လာသည်။
မင်ဟောက်မြို့၊ မြို့အရှင်၏မျက်လုံးများထဲ၌ တောင်းပန်သောအပြုံးက ၇၀ရာခိုင်နှုန်းနှင့် မယိမ်းယိုင်မှုက ၃၀ ရာခိုင်နှုန်းပါနေ၏။ သူ့သဘောထားက ရှင်းပေသည်။
ဒါက ငါ့တူမပဲ!
မင်း သူမကို ထိလို့မရဘူး!
ဆရာဖန်ချီ၏အကြည့်က အကြိမ်အနည်းငယ်လင်းလက်နေသည်မှာ ကောင်းကျိုး၊ဆိုးကျိုးများကို အလေးချိန် ချိန်နေသည့်အလားပင်။ နောက်ဆုံးမှာတော့ သူ ပေါ့ပါးစွာ ပြောလိုက်၏။
"ကျုပ်က မိန်းမငယ်လေးတစ်ယောက်ကို ဘာလို့ အာဃာတထားရမှာလဲ"
"သူမက စိတ်ခံစားမှုလွယ်တဲ့အရွယ်မှာရှိနေတယ်၊ ရုပ်ချောပြီး နည်းနည်းမျက်နှာပွင့်တဲ့ လူငယ်တစ်ယောက်ကို ကြိုက်မိတာက ပုံမှန်ပါပဲ"
ဒါက ပြောဆိုမှုပါရမီပင်။
ထိုသို့ပြောလိုက်ခြင်းဖြင့် ချန်ပိလင်၏ အပြုအမူကို ဆယ်ကျော်သက်အရွယ် စိတ်ဆန္ဒဟု သတ်မှတ်လိုက်သည်။ သူမက ထိုလူငယ်လေးကို ကြိုက်သည့်အတွက် သူ့အတွက် စကားပြောပေးခဲ့တာဖြစ်၏။
ထိုနည်းဖြင့် ရှင်းပြလိုက်တော့ ကျိုးကြောင်းဆီလျော် သလို ဖြစ်သွားခဲ့သည်။
ထိုစကားကိုကြားသောအခါ ပတ်ဝန်းကျင်ရှိ လူအပေါင်းက တမင်တကာမဟုတ်ဘဲ ခေါင်းညိတ်လိုက်ကြ၏။ ထိုအကြောင်းပြချက်က အမှန်တရားဖြစ်လောက်သည်ဟု ယုံကြည်ကြသည်။
မဟုတ်ရင်တောင် သူတို့အနေဖြင့် ထိုကဲ့သို့တွေးရမည်ပင်။
ထိုကဲ့သို့ မတွေးလျှင် သူတို့သည် ဆရာဖန်ချီအား မသိစိတ်ကနေ ဆန့်ကျင်နေသလိုဖြစ်ပြီး ထိုအချက်ကြောင့် သူတို့ အလွယ်တကူနှိပ်ကွပ်ခံရနိုင်၏။
"ဟားဟား! ကောင်းလိုက်တဲ့ဆရာ! တကယ်ကို အတွင်းရောအပြင်ရော ပြစ်မျိုးမှဲ့မထင်ပါလား၊ အပြစ်ရှာစရာမရှိအောင် စကားဖို့ထားနိုင်တယ်၊ ကျွန်တော် လေးစားပါတယ်၊ ချီးကျူးပါတယ်ဗျာ!"
ထိုအချိန်၌ ချင်ကျီက လှောင်ပြောင်လာသည်။
ချက်ချင်းပင် ယခင်က ပြေလျော့သွားခဲ့သောလေထုက ပြန်၍ တင်းမာလာ၏။ လူတိုင်း၏ နှလုံးများမှာ ပေါက်ကွဲလုနီးပါး ဖြစ်သွားရသည်။
ဘိုးဘေးလေးရေ ကျေးဇူးပြုပြီး စကားပြောနေတာရပ်ပါတော့!
ချန်မိသားစု၏ သခင်မလေးက မီးစအများစုကို သူမထံ ရှင်းလင်းစွာ ဆွဲယူသွားခဲ့ပြီး သူမ၏ အားကောင်းသော နောက်ခံဖြင့် ၎င်းကို ငြှိမ်းသတ်ခဲ့ပြီးလေပြီ။
ဒါတောင် မင်းက ပြဿနာရှာချင်သေးတာလား။
မင်း တစ်ကယ်ပဲ သေချင်နေတာလား။
မင်း သေချင်နေရင် ချောက်ကမ်းပါးကနေ ခုန်ချလိုက်ပါလား။ ဘာလို့ ငါတို့ကို ဆွဲခေါ်နေတာလဲ။
"လူငယ်လေး မင်းရဲ့စကားလုံးတွေမှာ ဝှက်ထားတဲ့အဓိပ္ပာယ်တွေရှိနေတယ်၊ ငါ့မှာ စိတ်ကောင်းရှိတယ်ဆိုတိုင်း ငါက မင်းကို ဆက်ပြီးတော့ မာနကြီးခွင့်ပေးလိမ့်မယ်လို့ မင်း ထင်နေတာလား"
ဆရာဖန်ချီက အေးစက်စွာ ပြော၏။
"ကျွန်တော် ပြဿနာမဖြစ်ချင်ဘူး၊ မနက်ဖြန်ကျရင် အဂ္ဂိရတ်ပြိုင်ပွဲမှာ ကျိုးကြောင်းဆီလျော်မှုမရှိဘဲ ရှုံးသွားရတဲ့ လူငယ်တစ်ယောက် မဖြစ်ချင်ရုံပဲ"
ချင်ကျီက ခေါင်းမာစွာ ပြောသည်။
"တကယ်လို့ ကျွန်တော့်ရဲ့ဆေးမှာ ပြဿနာရှိနေတယ်ဆိုရင် ကျွန်တော် ခေါင်းငုံ့ ပြီး ခင်ဗျားရဲ့ လမ်းညွှန်မှုကို သဘာဝကျစွာ လက်ခံပါ့မယ်"
"ဒါပေမယ့် ခင်ဗျားလို အင်အားကြီးတဲ့လူက ခင်ဗျားထက် အားနည်းတဲ့လူကို အနိုင်ကျင့်နေတယ်၊ ဒါက မတရားဘူး၊ ကျွန်တော့်အတွက် တရားမျှတမှုကို ကျွန်တော်ကိုယ်တိုင် ရှာရမယ်!"
ဆရာဖန်ချီက သူ့ကို အေးစက်စွာ ကြည့်၏။
အချိန်အတော်ကြာပြီးနောက် သူက လှောင်ပြောင် လာသည်။
"ဟက်! တရားမျှတမှုလား"
"မင်းရဲ့ဆေးမှာ တကယ်ပဲ ပြဿနာရှိမရှိဆိုတာကို ဖယ်ထားလိုက်၊ မင်းရဲ့ဆေးမှာ ပြဿနာမရှိဘူးဆိုရင်တောင် မင်းက… ဒီလူအိုကြီးဆီကနေ တရားမျှတမှု ကို တောင်းဆိုဖို့အတွက် အရည်အချင်းပြည့်မီတယ်လို့ ထင်နေလား"
"မင်းရဲ့ပင်ကိုစွမ်းရည်က တော်တော်လေးကောင်းပေမယ့် ပါရမီရှင်တစ်ယောက်ဟာ ပါရမီရှင်တစ်ယောက်ပါပဲလေ၊ သူတို့က အားကောင်းတဲ့သိုင်းပညာရှင်နဲ့ မတူဘူး"
"နောက်တစ်နည်းပြောရရင်… အခုလိုအချိန် မင်းက ဒီလူအိုကြီးရဲ့အရှေ့မှာ ဘာမှမဟုတ်ဘူး"
ထိုစကားပြောပြီးနောက် သူ၏ညာဘက်လက်ကို ဆန့်ထုတ်ကာ လေထဲကနေ ချင်ကျီကို ဆုပ်ကိုင်လိုက်၏။
"ဝုန်း!"
ရုတ်တရက် ကောင်းကင်ပေါ်တွင် ကြီးမားသော ရွှေရောင်လက်တစ်ဖက်က ပုံသဏ္ဍာန်ဖြစ်ပေါ်လာပြီး ချင်ကျီပေါ်သို့ ရောက်ရှိလာသည်။
ထိန်းချုပ်ခြင်းကင်းမဲ့ကာ အလွန်အမင်း အားကောင်း ၏။
"စွမ်းအားညံ့ဖျင်းတဲ့လူက ကြောက်ရွံ့ရမယ့်အရာကို မသိနားမလည်ဘူး၊ ဒီနေ့ မင်းကို သင်ခန်းစာမပေးခဲ့ရင် *ဒီဆိုးဝါးတဲ့လေကို ဘယ်လိုတားနိုင်တော့မှာလဲ"
(T/N - ချင်ကျီကို အန္တရာယ်ဖြစ်စေမယ့်ကောင်လို့ နှိုင်းလိုက်တာပါ)
"ဒီနေ့ မင်းရဲ့သိုင်းပညာ ပျက်စီးအောင် ငါ လုပ်ရမယ်!"
သူ ပြောနေစဥ်မှာ ကြီးမားသော ရွှေရောင်လက်ကြီးက ချင်ကျီ၏အပေါ်မှာ ရှိနေပြီး သူ့ကို ဖုံးအုပ်လုနီးပါးဖြစ်နေလေသည်။
ချင်ကျီ၏မျက်နှာက သိသိသာသာ ပြောင်းလဲသွားခဲ့၏။ တောင်ကြီးတစ်လုံးက သူ့ကို ဖိထားသလို ခံစားနေရပြီး အသက်ရှူရန်ပင် ခက်ခဲလှသည်။
"ဘုန်း!"
ထိုအချိန်၌ ရွှေရောင်လက်ကြီးက ပေါက်ကွဲထွက်သွားပြီး ချင်ကျီ၏အရှေ့၌ အဖြူရောင်ဝတ်စုံ ဝတ်ထားသော အရပ်ရှည်သည့် လူငယ်တစ်ဦး ပေါ်လာခဲ့၏။
သူ့မျက်နှာက နုပျိုနေသော်လည်း အသက်ကြီးရင့်သူများက ထုတ်လွှတ်တတ်သော ရင့်ကျက်မှုမျိုး ရှိနေကာ ဆွဲဆောင်မှုရှိလှသည်။
သူကတော့ ချင်ချွမ်းပင်။
"သဘောထား မတိုက်ဆိုင်မှုတစ်ခုတည်းနဲ့ ခင်ဗျားက ကျုပ်သားရဲ့သိုင်းပညာကို ပျက်စီးအောင် လုပ်ချင်နေတယ်၊ ဆရာဖန်ချီ ခင်ဗျားက အာဏာကို ဒီလိုမျိုးကိုင်တွယ်နေတာလား"
ချင်ချွမ်းက အေးစက်စွာ ပြော၏။
"မင်းက သူ့ရဲ့အဖေလား"
ဆရာဖန်ချီက ချင်ချွမ်းကို အကဲဖြတ်နေသည်။ သူ့မျက်ခုံးများက တွန့်လာပြီးမှ ပြေလျော့သွားကာ ဂရုမစိုက်ဟန် ပြန်ဖြစ်သွားလေ၏။
"သားလုပ်သူက မဆင်မခြင်ဖြစ်နေတာ မအံ့သြမိတော့ဘူး၊ အသစ်တစ်ဖန်မွေးဖွားခြင်းအဆင့်ဖြစ်တဲ့ အဖေလုပ်သူက ထောက်ပံ့ပေးနေတာကိုး၊ ဒါက အဓိပ္ပာယ်ရှိသား"
"ဒါပေမယ့် ဒီလူအိုကြီးရဲ့အရှေ့မှာ ဂုဏ်သတင်းမရှိတဲ့ အသစ်တစ်ဖန်မွေးဖွားခြင်းအဆင့်ရဲ့ သိုင်းပညာရှင် တစ်ယောက်က လာပြီး ကြွားဝါနေစရာအကြောင်း မရှိဘူးလို့ ငါ ထင်တယ်"
သူ့ပုံစံက မြင့်မားကာ ခမ်းနားနေပြီး သားအဖအား အထင်သေးသောပုံစံဖြင့် ကြည့်နေသည်။
အကြောင်းမှာ သူက သာမန်အသစ်တစ်ဖန်မွေးဖွားခြင်းအဆင့်မှ သိုင်းပညာရှင်တစ်ယောက်တင်မကဘဲ အဆက်အသွယ်များစွာရှိသော အဂ္ဂိရတ်ပညာရှင် တစ်ယောက်လည်း ဖြစ်သောကြောင့်ပင်။
"ကျုပ် မာနမကြီးရဲပါဘူး၊ ဒါပေမယ့် ကျုပ်သားအတွက် တရားမျှတမှုကို ရှာဖွေပေးဖို့ကတော့ ဒါကလုံလောက်တာထက် ပိုနေပြီ"
ချင်ချွမ်းက တည်ငြိမ်စွာ ပြောခဲ့သည်။
"ဟက်! မင်းက တကယ်ကို သူ့အဖေပဲ၊ မာနကြီးတာက မျိုးရိုးလိုက်နေတာပဲ"
ဆရာဖန်ချီသည် လှောင်ပြောင်ရယ်မောလာပြီး သူ့အကြည့်က ထက်ရှလာလေ၏။
"ဒါပေမယ့် ဒီလူအိုကြီးကတော့ မင်းမှာ အဲ့ဒီလို မာနကြီးနိုင်ဖို့အတွက် အရည်အချင်းရှိမရှိကို ကြည့်ချင်မိတယ်"
"သားအဖနှစ်ယောက်လုံးက ဒီလိုပဲဆိုရင်တော့ ဒီလူအိုကြီးက မင်းတို့နှစ်ယောက်လုံးကို ဖျက်ဆီးပစ်ဖို့ ဝန်မလေးဘူး"
"ကောင်းကင်ကို လောင်ကျွမ်းစေသောလက်!"
ဆရာဖန်ချီသည် သူ့ညာဘက်လက်ကို မြှောက်၍ ချင်ချွမ်းအပေါ်သို့ ဖိလိုက်လေသည်။
ရုတ်ချည်းပင် ချင်ချွမ်း၏အပေါ်၌ရှိသော လေနှင့် တိမ်တိုက်များသည် ကြီးမားသော လေပွေကြီးအဖြစ်စုစည်းသွားကာ မီတာရာပေါင်းများစွာကျယ်ဝန်းသည့် ကြီးမားသော မီးလက်ကြီးတစ်ဖက် ပေါ်ပေါက်လာ၏။ ၎င်းက နတ်ဘုရား၏လက်တစ်ဖက်ကဲ့သို့ ချင်ချွမ်းကိုဖိနှိပ်လာသည်။
"နိမ့်ကျတဲ့စွမ်းရည်တွေကို ထုတ်ကြွားနေတာပဲ"
ချင်ချွမ်းက လှောင်ပြောင်ရင်း သူ့ခေါင်းကိုမြှောက်၏။ ထို့နောက် လက်သီးဖြင့် အပေါ်သို့ ထိုးလိုက်ရာ ရွှေရောင်အလင်းတိုင်ကြီးတစ်ခုက ကောင်းကင်သို့ ဖောက်ထွက်သွားလေသည်။
"ဘုန်း"
မီးတောက်လောင်နေသော လက်ကြီးသည် ဆွေးမြည့်နေသော သစ်သားကဲ့သို့ ပြိုကွဲသွားခဲ့၏။ တစ်ချိန်တည်းမှာပင် အလင်းတိုင်ကြီးက ကောင်းကင်နှင့် မြေကြီးကြား၌ ရပ်နေပြီး လေဆင်နှာမောင်းတစ်ခုကဲ့သို့ လှည့်ပတ်နေသောကြောင့် တိမ်များကိုပင် လှုပ်ရှားစေခဲ့သည်။
"သွား!"
ချင်ချွမ်းက အလင်းတိုင်ကြီး၏ဗဟိုမှာ ရပ်နေပြီး သူ့လက်ဖဝါးအား ဆရာဖန်ချီဆီသို့ တွန်းလိုက်၏။ရွှေရောင်အလင်းတိုင်ကြီးက မြင့်မားသောစင်မြင်ဆီသို့ အရှိန်အဟုန်ဖြင့် သွားနေကာ ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းသွားခဲ့သည်။
"ခုတ်စမ်း!"
ဆရာဖန်ချီ၏ မျက်လုံးထဲမှ မီးလျှံဓားတစ်ခု ထိုးထွက် လာပြီး ၎င်းက လေကိုဆန့်ကျင်ကာ ကြီးထွားလာလေ၏။ မီတာရာပေါင်းများစွာအရှည်ရှိသော ကြီးမားသည့် ဓားတစ်ချောင်းအဖြစ် ပြောင်းလဲသွားခဲ့ကာ ပြင်းပြင်းထန်ထန် ခုတ်ချလိုက်လေသည်။
"ဝှစ်!!"
မီးလျှံဓား၏ထက်ရှမှုက အဆုံးမရှိပေ။ ရွှေရောင်အလင်းတိုင်ကြီးအား ထိုးခွဲလျက် ဘေးနှစ်ဖက်ကို ကွဲထွက်သွားစေခဲ့၏။
ထို့နောက် မီးလျှံဓားသည် ရွှေရောင်အလင်းတိုင်ပေါ်မှ တံတားတစ်ခုကဲ့သို့ဖြစ်လာပြီး ဆရာဖန်ချီက မီးလျှံဓားပေါ်၌ ခြေနင်းကာ ချင်ချွမ်းဆီသို့ အလင်းနှင့်လျှပ်စီးတစ်ခုအလား ဦးတည်လာသည်။
"ငါ့အတွက် သေလိုက်စမ်း!"
စက္ကန့်ပိုင်းအတွင်းမှာပင် သူက ချင်ချွမ်းအနား ရောက်လာခဲ့၏။ သူ့ညာဘက်လက်တွင်မူ ပူလောင်နေသော မီးလျှံများကို စုစည်း၍ ချင်ချွမ်း၏ ဝမ်းဗိုက်အား ရိုက်ခတ်စေခဲ့သည်။
ထိုရိုက်ချက်တွင် ပြင်းထန်သောခွန်အားနှင့် ပူလောင်သည့် မီးလျှံများ ပါဝင်ပြီး တောင်များကိုခွဲ၍ မြစ်များကိုလောင်ကျွမ်းစေကာ ပင်လယ်များအား ဆူပွက်အောင်လုပ်ရန် လုံလောက်၏။
"ဘန်း!"
သို့သော်ငြား ထိုရိုက်ချက်က ချင်ချွမ်းအပေါ်သို့ ကျရောက်သောအခါ ကြေးနီရုပ်တုတစ်ခုအား ရိုက်မိသကဲ့သို့ ခပ်နိမ့်နိမ့်အသံတစ်ခုသာ ထွက်လာခဲ့သည်။
ထို့အပြင် ချင်ချွမ်းကပါ သူ့ကို ပြုံး၍ကြည့်နေလေ၏။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ဆရာဖန်ချီ၏ မျက်လုံးသူငယ်အိမ်များက ပြင်းထန်စွာ ကျုံ့သွားလေသည်။ ထိတ်လန့်ဖွယ်ကောင်းသော ကြောက်ရွံ့မှုက သူ့ကို အလိုလိုနောက်ဆုတ်စေခဲ့ပြီး အကာအကွယ်စွမ်းအင်ကို ထုတ်လွှတ်စေခဲ့၏။
သို့သော်ငြား ၎င်းက အလွန်နောက်ကျသွားခဲ့လေပြီ။
"ဗုန်း!!"
ချင်ချွမ်း၏လက်ဖဝါးက သူ့ရင်ဘတ်ကို ရိုက်ခတ်လာသည်။ သူ၏ခန္ဓာကိုယ်အတွင်းပိုင်း၌ ပူလောင်နေသော နေတစ်လုံးအား ထည့်သွင်းထားသကဲ့သို့ မခံမရပ်နိုင်ပေ။
"ပွက်! ပွက်! ပွက်!"
ထိုရူးသွပ်နေသောစွမ်းအားက သူ့အတွင်းထဲ၌ ဆူပွက် နေလေ၏။ ၎င်းစွမ်းအားက သူ့သွေးကြောများကို ချက်ချင်းပင် စုတ်ဖြဲပစ်ကာ သူ၏အတွင်းအင်္ဂါများကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေခဲ့သည်။
နောက်ဆုံး၌...
သူ၏တန်ထျန်းကိုပါ ထိုးဖောက်သွားလေ၏။