← Chapters

မရှိတာကို ရှိသယောင်ပြုမူခြင်း

Vol. 2 Ch. 24

မရှိတာကို ရှိသယောင်ပြုမူခြင်း

Vol. 2 Ch. 24

"ညီလေးချင်"

လက်ရှိအချိန်တွင် ပိုင်ချန်သည် အနည်းငယ် ရှက်ရွံ့ စွာဖြင့် ပြောလာသည်။

"အရင်ကဖြစ်ခဲ့တဲ့ကိစ္စကို…ညီလေးချင် စိတ်ထဲမထား ပါနဲ့"

မတိုင်ခင်က သူ့သားအား ချင်ချွမ်းဆီသို့ သန့်စင်သောယန်စိတ်ဝိညာဥ်ဓားအား ပို့ခိုင်းခဲ့ခြင်းကို ရည်ညွှန်းခြင်းဖြစ်၏။

ထိုအချိန်တုန်းက သူသည် ချင်ချွမ်းအား သန့်စင်သောယန်နယ်ပယ်မှာရှိသော သိုင်းပညာရှင်တစ်ယောက်အနေဖြင့်သာ သတ်မှတ်ခဲ့ပြီး လေးစားမှု သိပ်မပြခဲ့ပေ။

"မသိခြင်းက အပြစ်မဟုတ်ပါဘူး"

ချင်ချွမ်းက သူ့လက်ကို ဝှေ့ယမ်းလျက်...

"ဒီရက်တွေမှာ ကျုပ်တို့ သားအဖက မင်ဟောက်မြို့ထဲမှာပဲ ဆက်နေဦးမှာပါ၊ ဒါကြောင့် ကျေးဇူးပြုပြီးတော့ ကျုပ်တို့သားအဖကို အာရုံစိုက်ပြီး ဂရုစိုက်ပေးဖို့ မြို့အရှင်ပိုင်ကို တောင်းဆိုချင်ပါတယ်"

"ညီလေးချင် တစ်ခုခုလိုအပ်ရင် ကျုပ်ကိုသာ ပြောလိုက်ပါ"

ပိုင်ချန်က ပြန်လည်သင့်မြတ်ရန် အခွင့်အရေးကို ချက်ချင်းယူလိုက်သည်။ ထိုအပြုအမူက အလွန် သဘာဝကျလှ၏။

"ဒါဆိုရင် ကျုပ်တို့သားအဖ အရင်သွားလိုက်ပါဦးမယ်၊ မြို့အရှင်ပိုင်အတွက် ဒုက္ခမဖြစ်စေဘူးလို့ မျှော်လင့်ပါတယ်"

ချင်ချွမ်းက အဓိပ္ပာယ်ပြည့်ဝစွာ ပြောသည်။

"ကောင်းပါပြီ…"

ပိုင်ချန်က အနည်းငယ် ခါးသက်သောအပြုံးတစ်ခုကို ပြုံးပြလာပြီး ပြော၏။

"ဆရာဖန်ချီရဲ့အဖြစ်အပျက်မှာ ကျုပ်လည်း အတူတူရှိခဲ့ပေမယ့် ကျုပ်က ပင်မမြို့တော်တစ်ခုရဲ့ မြို့အရှင် တစ်ယောက်ပါ၊ ပိုင်မိသားစုရဲ့ တစ်စိတ်တစ်ပိုင်းလည်းဖြစ်တယ်၊ ကျုပ်အပေါ်မှာ သူတို့တွေ အလွယ်တကူ ဒေါသပုံချလို့ မရပါဘူး"

"အဲ့ဒီပိုင်မိသားစုလား"

ချင်ချွမ်း၏မျက်လုံးများက အနည်းငယ် လင်းလက်သွားခဲ့သည်။

သူ သိထားသည့်အတိုင််းသာဆိုလျှင် နေကိုးလုံးနယ်မြေ၏ တော်ဝင်မိသားစုအောက်တွင် မင်းသားလေးပါး၏စံအိမ်လေးခု၊ ဒေသဆိုင်ရာတပ်မတော် ငါးခု၊ မြို့စားသုံးဦးနှင့် အမတ်ကြီးကိုးဦး ရှိ၏။

ထို့အပြင် ပိုင်မိသားစုသည် နယ်မြေတည်ထောင်စကတည်းက အဆင့်ဆင့် အမွေဆက်ခံလာကြသော အမတ်ကြီးကိုးဦးမိသားစုထဲမှ တစ်ခုဖြစ်သည်။ အားကောင်းသောမိသားစုဝင်များ၊ အဖွဲ့ဝင်များနှင့် နက်ရှိုင်းသောအုတ်မြစ်ရှိ၏။

"ဟုတ်ပါတယ်"

ပိုင်ချန်က ပြုံးလျက် ခေါင်းညိတ်သည်။ တစ်စုံတစ်ရာအား ကြွားဝါချင်နေသကဲ့သို့ အနည်းငယ်နက်ရှိုင်းသော အပြုံးတစ်ခုကို ဖော်ပြလာ၏။

မည်သို့ပင်ဆိုစေကာမူ ပိုင်မိသားစု၏အမွေအနှစ်များက နှစ်ပေါင်းနှစ်ထောင်ကျော် ကြာခဲ့လေပြီ။ အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်မှ သိုင်းပညာရှင်ဆယ်ယောက်ကျော်ရှိပြီး သူတို့၏ ခွန်အားနက်ရှိုင်းမှုမှာ လူအများ နားမလည်နိုင်သည်အထိပင်။

သို့သော်ငြား ချင်ချွမ်း၏မျက်လုံးထဲတွင် သူ မျှော်လင့်ထားသည့် လေးစားမှုနှင့် အလေးအနက်ထားခြင်းကို မမြင်ခဲ့ရဘဲ ပုံမှန်တည်ငြိမ်နေခြင်းကိုသာ မြင်ခဲ့ရသည်။

"အိုး"

ချင်ချွမ်းက ခေါင်းညိတ်၍ ချင်ကျီ၏လက်ကိုကိုင်ကာ လူအုပ်ကြီး၏ အစွန်အဖျားဆီသို့ လျှောက်လှမ်းသွားလေ၏။

ထိတ်လန့်နေသောလူအုပ်ကြီးက အမြန်ပင် ဖယ်ရှားပေးလာပြီး လမ်းကြောင်းတစ်ခုကို ဖွင့်ပေးခဲ့သည်။ သူတို့၏ပုံစံမှာ အမြီးတက်နင်းခံရသော ကြောင်များကဲ့သို့ပင်။

သားအဖနှစ်ယောက်က ဖြည်းဖြည်းချင်း လျှောက်ထွက်သွားလေ၏။

ပိုင်ချန်ကလည်း အရိပ်နှစ်ခု မှေးမှိန်သွားသည်ကို ကြည့်ရင်း မျက်မှောင်ကြုတ်မိလိုက်သည်။

ချင်ချွမ်း။

သိထားသည့်အတိုင်းသာဆိုလျှင် ယခင်က ထိုလူသည် မင်ဟောက်မြို့၏ တရားစီရင်ပိုင်ခွင့်အောက်မှာရှိသော ရွှင်းယန်မြို့ငယ်လေးမှ မိသားစုငယ်လေးတစ်ခု၏ ခေါင်းဆောင်ဟောင်းပင်။

ထိုလူ၏ဘဝက တော်တော်လေး သာမန်ဆန်၏။

လူငယ်ဘဝ၌ ခရီးထွက်၍ လေ့ကျင့်ခဲ့သော ကာလတစ်ခုကလွဲလျှင် ကျန်သည့်အချိန်အများစု၌ သူက သာမန်ပင်။

မူလဒန်နယ်ပယ်၏ ထိပ်ဆုံးအဆင့်မှာ ထူးခြားသည်လည်းမဟုတ်သလို မလုံလောက်သည်လည်း မဟုတ်ပေ။

ရွှင်းယန်မြို့ကဲ့သို့ နေရာသေးသေးလေးမှာတော့ အဆင်ပြေသော်ငြား မင်ဟောက်မြို့မှာတော့ လုံးဝပင် မထူးခြားပေ။

"သူက အခုမှ အဆင့်ချိုးဖောက်ထားတာလား၊ ဒါပေမယ့် ဘယ်သူကမှ မူလဒန်နယ်ပယ်ကနေ အသစ်တစ်ဖန်မွေးဖွားခြင်းအဆင့်ကို အချိန်တိုအတွင်း မရောက်နိုင်ပါဘူး"

"ဒါ့အပြင် သူ ခုနက ပြသခဲ့တဲ့ စွမ်းအားကိုကြည့်မယ်ဆိုရင် သူက အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်ရဲ့ပဉ္စမအဆင့်နဲ့ ယှဥ်နိုင်လောက်တဲ့ တိုက်ခိုက်ရေးစွမ်းအား ရှိနေပြီ"

"ဒီလိုစွမ်းအားမျိုးက မကြာသေးခင်ကမှ ချိုးဖောက်ခဲ့တာမျိုး မဟုတ်တာတော့ သေချာတယ်၊ သူက အမြဲတစေ အားကောင်းနေခဲ့တာက လွဲရင်ပေါ့"

"ဒါပေမယ့်..."

ယခင်က ချင်ချွမ်းသည် ရွှင်းယန်မြို့ငယ်လေးမှာတောင် ချင်မိသားစု၏ အနိုင်ကျင့်ခြင်းကို ခံခဲ့ရသည်ဆိုသောအချက်အား သူ စုံစမ်းသိရှိထားသည်။

ဥပမာအားဖြင့် သူ၏ မိသားစုအတွင်း ပြုပြင်ပြောင်းလဲမှုများကို အကြီးအကဲတချို့က တားဆီးခဲ့ကြပြီး သူ့သားချင်ကျီကလည်း ချင်မိသားစု၌ မကြာခဏ အနိုင်ကျင့်ခံခဲ့ရ၏။

ကြောက်မက်ဖွယ်ကောင်းသောလူတစ်ယောက်က မိမိကိုယ်ကို ထိုကဲ့သို့ ဆိုးရွားစွာ နေထိုင်ရန် မည်သို့ ခွင့်ပြုမည်နည်း။

အင်အားကြီးပုဂ္ဂိုလ်တချို့က မိမိကိုယ်ကို ဖုံးကွယ်ရန် ခေါင်းငုံ့နေတတ်ကြသည်။

သို့သော်ငြား ခေါင်းငုံ့ခြင်းက ဆိုးရွားစွာ နေထိုင်ခြင်းနှင့် မတူညီပေ။

တစ်စုံတစ်ယောက်က ဆိုးရွားစွာ နေထိုင်နိုင်သော်လည်း သားဖြစ်သူကို မကာကွယ်ဘူးဆိုလျှင် ထိုကဲ့သို့ ခွန်အားမျိုးရှိခြင်းက ဘာအသုံးဝင်မည်နည်း။

"ဒီလူကို တကယ်နားမလည်နိုင်ဘူး…"

အချိန်အတော်ကြာပြီးနောက် သူ သက်ပြင်းချလိုက်သည်။ ထိုလူနှင့် ရန်မဖြစ်မိစေရန် ဆုံးဖြတ်ချက်ချလိုက်၏။

တကယ်တော့ သူ အလိုချင်ဆုံးအရာမှာ ချင်ချွမ်းနှင့် အမြန်ဆုံး အဆက်ဖြတ်ရန်ပင်။ ထိုသားအဖက မင်ဟောက်မြို့ကနေ အမြန်ဆုံးထွက်ခွာသွားပါရန် သူ မျှော်လင့်မိသည်။ ထိုအရာကသာ အကောင်းဆုံးအခြေအနေ ဖြစ်လိမ့်မည်။

ဒီလိုနည်းဖြင့် ချင်ချွမ်းနှင့် ဆရာဖန်ချီကြားမှ ရန်ငြိုး များက သူနှင့် ဘာမှမသက်ဆိုင်တော့ပေ။

သို့သော်ငြား သူအနေဖြင့် ထွက်သွားပါရန်လည်း တိုက်ရိုက် အမိန့်မပေးရဲပေ။ အရိပ်အမြွက်တောင် မပြောရဲပေ။

ထိုလူက အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်၏ တတိယအဆင့်မှာရှိသော ဆရာဖန်ချီကို အနိုင်ယူခဲ့၏။ သူကတော့ အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်၏ ဒုတိယအဆင့်မှာသာ ရှိသေးသည်။ ထို့ကြောင့် ထိုကဲ့သို့ ရက်စက်သောလူအား ရန်မစခြင်းက ပညာရှိရာရောက်ပေ၏။

…

ချင်ချွမ်းတို့သားအဖလည်း သူတို့၏ နေအိမ်သို့ ပြန်ရောက်လာခဲ့ကြသည်။

သူတို့ မထိုင်ခင်မှာပင် ဝမ်ပေါင်ကုန်သွယ်ရေးအဖွဲ့အစည်းမှ အကြီးအကဲတစ်ယောက်က အကျိုးရှိလှသော အပြုံးဖြင့် ရောက်ရှိလာ၏။

"ဆရာကြီးချင်ချွမ်း အရင်တုန်းက ကျွန်တော်တို့ရဲ့ ဝမ်ပေါင်ကုန်သွယ်ရေးအဖွဲ့အစည်းက အမြင်ကျဉ်းခဲ့ပြီးတော့ ခင်ဗျားကို သန့်စင်သောယန်နယ်ပယ်က သိုင်းပညာရှင်တစ်ယောက်လို့တောင် ထင်ခဲ့မိတယ်၊ ကျွန်တော်တို့ဘက်က တောင်းပန်ပါတယ်...တောင်းပန်ပါတယ်"

အကြီးအကဲက ဦးညွှတ်၍ အရိုအသေပေးသည်။

"တစ်ဖက်က ယဉ်ကျေးလာရင် ကိုယ့်ဘက်က ပြန်ပေးတာလည်း ရှိရမှာပေါ့၊ ကျုပ်တို့က ဘာမှမလုပ်ရဘဲ အခုလို နေအိမ်ကြီးကို ရရှိခဲ့တယ်၊ ခင်ဗျားတို့ရဲ့ စေတနာနဲ့ မထိုက်တန်တာက ကျုပ်တို့သားအဖပါပဲ"

ချင်ချွမ်းက ယဉ်ကျေးစွာ ပြော၏။

တစ်ဖက်က တစ်ပေ ဧည့်ခံလာလျှင် ကိုယ့်ဘက်က တစ်ကိုက် ပြန်ဧည့်ခံရမည်။

ကိုယ်ရေးကိုယ်တာအကျိုးစီးပွားများ မပါရှိသောအခါတွင် သူ့အား လူကောင်းတစ်ယောက်အဖြစ် သတ်မှတ်လို့ ရနိုင်သည်။

"ဆရာကြီးချင်က နှိမ့်ချလွန်းတာပဲ၊ အားကောင်းတဲ့လူ တစ်ယောက်က သူတို့ရဲ့စွမ်းအားနဲ့ လိုက်ဖက်သင့်လျော်တဲ့ ဧည့်ခံမှုမျိုးကို ရရှိသင့်ပါတယ်"

အကြီးအကဲက အပြုံးဖြင့် ပြော၏။

ထို့နောက် သူ့လက်များဖြင့် လက်ခုပ်တီးလိုက်ရာ အနောက်မှ အစေခံများသည် လှပစွာ ပြုလုပ်ထားသော စန္ဒကူးသေတ္တာတစ်ခုကို ချက်ချင်းယူလာ၍ ဖွင့်ပြကြသည်။

"ဒါက အသစ်တစ်ဖန်မွေးဖွားခြင်းအဆင့် သိုင်းပညာကျမ်းတွေထဲက ထိပ်တန်းအဆင့်တစ်ခုဖြစ်တဲ့ 'ကောင်းကင်ကို လောင်ကျွမ်းစေသော နေဓား' လို့အမည်ရပါတယ်၊ ဝမ်ပေါင်ကုန်သွယ်အဖွဲ့အစည်းရဲ့ရုံးချုပ်ကနေ ဆရာကြီးချင်ချွမ်းအတွက် မိတ်ဆက်လက်ဆောင်ဖြစ်ပါတယ်"

အကြီးအကဲက လေးစားစွာ ပြောပြ၏။

"ခင်ဗျားတို့ရဲ့သတင်းပျံ့နှုန်းကတော့ တော်တော်မြန်တာပဲ"

ချင်ချွမ်းမှာ အနည်းငယ် အံ့အားသင့်စွာ ပြောမိသည်။ သူ အသစ်တစ်ဖန်မွေးဖွားခြင်းအဆင့်၏ခွန်အားကို ပြသခဲ့သည်မှာ တစ်နာရီတောင် မပြည့်သေးပေ။ ဒါတောင်မှ ဝမ်ပေါင်ကုန်သွယ်ရေးအဖွဲ့အစည်း၏ ရုံးချုပ်က သူ့အကြောင်းကို သိပြီး လက်ဆောင်ပို့ပေးလာ၏။

"ဟဲဟဲ...တကယ်တော့ ဒါက ရုံးချုပ်ကနေ အခုမှ ပို့ ပေးလိုက်တာမဟုတ်ပါဘူး၊ ကြိုတင်သတ်မှတ်ထားတဲ့ကိစ္စ ဖြစ်ပါတယ်၊ မင်ဟောက်မြို့မှာ အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်က သိုင်းပညာရှင်ပေါ်လာတိုင်း ကျွန်တော်တို့ရဲ့ ဝမ်ပေါင်ကုန်သွယ်ရေးအဖွဲ့အစည်းက လက်ဆောင်ပေးပါတယ်"

အကြီးအကဲက ပြုံး၍ ရှင်းပြလာသည်။

ချင်ချွမ်းလည်း အနည်းငယ် တုန်လှုပ်သွားရ၏။

သူတို့က အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်က ကျွမ်းကျင်သူတိုင်းကို လက်ဆောင်ပေးတာလား။ ဒီလို ရက်ရောမှုမျိုးနဲ့လား။

ဒါဆို ဝမ်ပေါင်ကုန်သွယ်ရေးအဖွဲ့အစည်းရဲ့ ဆက်သွယ်ရေးကျယ်ပြန့်ခြင်း မဟာဗျူဟာက ဒါပေါ့...

ဝမ်ပေါင်ကုန်သွယ်ရေးအဖွဲ့အစည်းက ဤမျှအတိုင်းအတာအထိ ဖွံ့ဖြိုးတိုးတက်လာနိုင်သည်မှာ အံ့ဩစရာမရှိတော့ပေ။ သူတို့၏အဆက်အသွယ်က ဤကဲ့သို့ အဆင့်များအထိ ရောက်နေသောကြောင့် ဘယ်သူကမှ သူတို့ကို တစ်ကယ်မထိရဲကြပေ။

ပိုက်ဆံ တစ်ကယ်ကို စကားပြော၏။

ချင်ချွမ်းသည် ထိုသိုင်းပညာကျမ်းကိုကြည့်၍ နောက်ပြောင်သလို ပြောလိုက်သည်။

"ခင်ဗျားတို့တွေ ဒီသိုင်းပညာကျမ်းကို အများကြီးပွားထားတာတော့ မဟုတ်ဘူးမလား"

"ဟဲဟဲ လုံးဝမဟုတ်ပါဘူး ဆရာကြီးချင်၊ ဝမ်ပေါင်ကုန်သွယ်ရေးအဖွဲ့အစည်းကနေ ပေးတဲ့ လက်ဆောင်တွေက ထူးခြားပါတယ်၊ ဒါက ကျွန်တော်တို့ရဲ့ အခြေခံရိုးသားမှုပါပဲ"

အကြီးအကဲက ပြုံး၍ ရှင်းပြ၏။

"ဒါပေါ့ ရုံးချုပ်ကတော့ မူရင်းစာအုပ်ကို သိမ်းထားပါတယ်၊ ဒါပေမယ့် ယေဘုယျအားဖြင့်တော့ တခြားသူတွေကို ထပ်ပေးမှာမဟုတ်ပါဘူး"

ထိုစကားကို ကြားသောအခါ ချင်ချွမ်းသည် ခေါင်းညိတ်လျက် လက်နှစ်ဖက်ကို အုပ်မိုးလိုက်သည်။

"ဒါဆိုရင်တော့ ဒီချင်ချွမ်းက ဝမ်ပေါင်ကုန်သွယ်ရေးအဖွဲ့အစည်းရဲ့ မျက်နှာသာပေးမှုကို ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်ပါ့မယ်"

"ဆရာကြီးချင်က တကယ်ကို ပွင့်ပွင့်လင်းလင်း ပြောတတ်တာပဲ၊ ဒီနေ့ကစပြီး ခင်ဗျားက ဝမ်ပေါင်ကုန်သွယ်ရေးအဖွဲ့အစည်းရဲ့ အထူးဧည့်သည်တစ်ဦး ဖြစ်သွားပါပြီ၊ အချိန်မရွေး လာရောက်လည်ပတ်ဖို့ ကြိုဆိုနေပါတယ်"

အကြီးအကဲက ကျေနပ်သောအပြုံးကို ပြသလာသည်။ သံတမန်တစ်ယောက်က နှစ်နိုင်ငံကြား ဆက်ဆံရေးအား အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့သည့်အလားပင်။ ထို့နောက် သလင်းကျောက်ကတ်တစ်ခုကို ထုတ်ယူ၍ လက်နှစ်ဖက်ဖြင့် ကမ်းပေးလေ၏။

"ဒါကတော့ ကျွန်တော်တို့ ဝမ်ပေါင်ကုန်သွယ်ရေးအဖွဲ့အစည်းရဲ့ အမြင့်ဆုံးဖြစ်တဲ့ အထူးကတ်ပြားပါ၊ ဒီကတ်ပြားနဲ့ဆိုရင် ဝမ်ပေါင်ကုန်သွယ်ရေးအဖွဲ့အစည်းမှာ သုံးတဲ့ ခင်ဗျားရဲ့ကုန်ကျစရိတ်အားလုံးက အခမဲ့ ဖြစ်ပါတယ်၊ ဒါပေမယ့် လေလံပွဲက ပစ္စည်းတွေတော့ မပါပါဘူး၊ ဘာလို့လဲဆိုတော့ လေလံပွဲတွေမှာက ဈေးနှုန်းကန့်သတ်ချက်မရှိလို့ပါ"

ချင်ချွမ်းသည် ထိုအထူးကတ်ကိုယူ၍ ခေါင်းညိတ်ပြလိုက်သည်။

ထိုချွင်းချက်ကတော့ နားလည်ပေးလို့ရ၏။

မည်သို့ပင်ဆိုစေကာမူ လေလံပွဲများသည် ဝမ်ပေါင်ကုန်သွယ်ရေးအဖွဲ့အစည်းအတွက် အမြတ်အများဆုံးလုပ်ငန်းများထဲကမှ တစ်ခုဖြစ်သည်။ အထူးကတ်ကိုသာ လေလံပွဲ၌ အခမဲ့သုံးနိုင်လျှင် လေလံပွဲများ ကျင်းပလို့ရတော့မည် မဟုတ်ပေ။

"ကောင်းပါပြီ၊ ပစ္စည်းတွေ ပို့ပြီးပြီဆိုတော့ ကျွန်တော် ပြန်လိုက်ပါဦးမယ်၊ ဆရာကြီးချင် လိုက်ပို့ပေးစရာ မလိုပါဘူး"

အကြီးအကဲက ချင်ချွမ်းကို ဦးညွှတ်ပြီးနောက် အစေခံတစ်ချို့နှင့်အတူ နေအိမ်ကနေ ထွက်ခွာသွားသည်။

"အဖေ ဒီဝမ်ပေါင်ကုန်သွယ်ရေးအဖွဲ့အစည်းက တကယ်ရက်ရောတာပဲ၊ လူတွေရဲ့စိတ်နှလုံးကို ရယူတဲ့နေရာမှာ သူတို့ကို တော်ဝင်မိသားစုကတောင် ယှဉ်နိုင်မယ် မထင်ဘူး"

ချင်ကျီက စိတ်လှုပ်ရှားစွာ ပြော၏။

"ဒါက သေးငယ်တဲ့ အကျိုးကျေးဇူးလေး တစ်ခုပဲ၊ မင်းကို ကြည့်စမ်း...စိတ်လှုပ်ရှားနေလိုက်တာ"

ချင်ချွမ်းသည် သူ့မျက်လုံးကိုလှိမ့်၍ သိုင်းပညာကျမ်းအား ချင်ကျီဆီသို့ ပေါ့ပါးစွာ ပစ်ပေးလိုက်သည်။

"အဖေ ဒါကို မလိုအပ်ဘူး၊ မင်းဘာသာမင်းပဲ ကြည့်ကြည့်လိုက်"

ပေါ့ပေါ့ပါးပါးပစ်လိုက်ရသည်မှာ အနည်းငယ်တော့ နာကျင်စဖွယ်ကောင်းလှ၏။

သို့သော်ငြား သူ ဟန်ဆောင်ရမည်။

မည်သို့ပင်ဆိုစေကာမူ ပြိုင်ဘက်ကင်း အင်အားကြီးပုဂ္ဂိုလ်တစ်ဦးအနေဖြင့် သူသည် အသစ်တစ်ဖန်မွေးဖွားခြင်နယ်ပယ်မှ ရိုးရိုးသာမန် သိုင်းပညာကျမ်းတစ်အုပ်အား ဘယ်လိုလုပ်ပြီး ဘဏ္ဍာတိုက်ကြီးတစ်ခုကဲ့သို့ သဘောထားနိုင်မည်နည်း။

ချင်ကျီနှင့် လက်စွပ်ဝိညာဉ်အကြီးအကဲ နှစ်ယောက်စလုံးသည် သူ ထိုသိုင်းပညာကျမ်းအား ရရှိခဲ့သည်ကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ကြ၏။ နောင်အခါ၌ သူ ထိုသိုင်းကျမ်းကိုသုံးခဲ့လျှင် သူ့အဆင့်ကြီးဖြင့် ဝမ်ပေါ်ကုန်သွယ်ရေးအဖွဲ့အစည်းမှ ပေးအပ်သော သိုင်းကျမ်းကို ဘာကြောင့် သုံးနေရသနည်းဟု ထိုနှစ်ယောက်က သေချာပေါက် တွေးမိကြလိမ့်မည်။

ပိုကောင်းတဲ့ သိုင်းပညာမရှိလို့များလား။

ပြိုင်ဘက်ကင်းအင်အားကြီးပုဂ္ဂိုလ်ကြီးက အသိဉာဏ်ကင်းမဲ့သွားတာလား။

ထိုကဲ့သို့သာဖြစ်ခဲ့လျှင် သူ့ပုံရိပ်က ပြိုလဲသွားမည် မဟုတ်ပါလော။

ထို့ကြောင့် ဤကဲ့သို့ သွေးဆောင်နိုင်သည့် ကိစ္စငယ်များနှင့် ရင်ဆိုင်ရသောအခါ သူ့အနေဖြင့် တည်ငြိမ်သောအမူအရာကို ထိန်းသိမ်းရမည်။ ပြိုင်ဘက်ကင်းအင်အားကြီးပုဂ္ဂိုလ်ထံမှာ ရှိသင့်သောအမူအရာ၊ အပြုအမူကို ပြသပေးရမည်။

"ချန်မိသားစုရဲ့မိသားစုခေါင်းဆောင် ချန်ကွမ်းက ညီဖြစ်သူ ချန်ရှန်းနဲ့ တူမဖြစ်သူ ချန်ပိလင်တို့နဲ့အတူ ဆရာကြီးချင်ချွမ်းကို တွေ့ဆုံခွင့်ရဖို့ တောင်းဆိုပါတယ်"

ထိုအချိန်၌ လေးစားသောအသံတစ်သံက ခြံဝန်း၏ အပြင်ဘက်ကနေ ထွက်ပေါ်လာသည်။ ထိုလေသံမှာ စွမ်းအင်များ ပြည့်ဝနေသော်လည်း အလွန်ကို ယဉ်ကျေးလှ၏။

All Chapters