အသစ်တစ်ဖန်မွေးဖွားခြင်းအဆင့်ကျွမ်းကျင်သူ၏ သြဇာတိက္ကမ
Vol. 2 Ch. 26
အချိန်အတော်ကြာပြီးနောက် ချန်ပိလင်က ထွက်ခွာသွားသည်။
ဝင်ကြွားနေသော ထိုကျောပြင်လေး ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ချင်ကျီ၏ အတွေးများက ဖြည်းဖြည်းချင်း စုစည်းသွားလေ၏။ သူ့မျက်နှာပေါ်၌ ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်နေသော အရိပ်အယောင်တစ်ခု ပေါ်လာသည်။
တကယ်တော့ သူ မျှော်လင့်ချက် ကြီးမားစွာ ထားခဲ့မိ၏။
ရှက်ဖို့ကောင်းလိုက်တာ။
သို့သော်ငြား ထိုအတွေးက ပုံမှန်ပင်။ ဘယ်လူငယ်ကများ မိမိအား သဘောကျသူ၊ မိမိအတွက် စွန့်စားရန် ဆန္ဒရှိသူကို မလိုချင်ဘဲ ရှိမည်နည်း။
အထူးသဖြင့် အလှလေးတစ်ယောက် ဖြစ်နေသောအခါ၌ပင်။
သို့သော်ငြား အခြေအနေများက သူ စိတ်ကူးထားသလို မဟုတ်ခဲ့သည့်အတွက် သူ အတွင်းကျကျ တွေးတောရန် ပျင်းရိသွားလေသည်။ ထို့အပြင် နှမြောတသဖြစ်ခြင်းလည်း မရှိပေ။
သူ့ဘဝက ပုံပြင်ပြောသူ၏လက်ထဲက ဇာတ်ညွှန်းအတိုင်းမဟုတ်ပေ။ ပေါ်လာသော ဇာတ်ကောင်တိုင်းက သူနှင့် တစ်သက်တာလုံး ပတ်သက်နေစရာ မလိုအပ်ပေ။
ဤလောကကြီး၌ လှပသောမိန်းကလေးများ ရေတွက်၍မရနိုင်အောင်ရှိသည်။ သို့သော် သူ့အတွက်ကတော့ အများစုက ဖြတ်သွားဖြတ်လာများဖြစ်ပြီး မိတ်ဆွေများ မဟုတ်ကြပေ။
သင့်တော်သောလူတစ်ဦးက အသင့်တော်ဆုံးအချိန်တွင် အသင့်တော်ဆုံးနည်းလမ်းဖြင့် သင်၏ကမ္ဘာထဲကို ဝင်ရောက်လာလိမ့်မည်။
ထိုအရာကို အတင်းအကျပ်လုပ်လို့မရပေ။
တစ်လှမ်းနောက်ဆုတ်ပြီး စဉ်းစားကြည့်ပါက သူသည် အခုထိ ငယ်နေတုန်းပင်။ ဆယ့်ရှစ်နှစ်တောင် မပြည့်သေးပေ။ ဘာကြောင့်များ ထိုအကြောင်းကို စဉ်းစားနေရသနည်း။
သူ ကောင်းကောင်းမလေ့ကျင့်လျှင် သူ့အဖေက သူ့ ခြေထောက်ကို ရိုက်ချိုးလိုက်နိုင်ပြီး မနက်ဘက်တိုင်း ထနိုင်မည်တောင် မဟုတ်တော့ပေ။
"မြန်မြန်လေ့ကျင့်တာပဲ ကောင်းတယ်၊ တစ်လအတွင်းမှာ ကောင်းမိသားစုက ကောင်းကျန့်လီနဲ့ ပြိုင်ဖို့ရှိတယ်"
ကောင်းကျန့်လီကို တွေးလိုက်သောအခါ သူ့သွားများပင် အနည်းငယ် ကိုက်လာသလို ခံစားရသည်။
သတင်းများအရ ထိုလူက အလွန်အားကောင်း၏။ မူလဒန်နယ်ပယ်၏ နဝမအဆင့်ကို ရောက်ရှိနေပုံရကာ သူ၏ဓားရေးကလည်း အဆင့်မြင့်မားပုံရသည်။
သူကတော့ မူလဒန်နယ်ပယ်၏ ပဉ္စမအဆင့်မှာသာ ရှိသေး၏။
သူ အဆင့်ကျော်ပြီး စိန်ခေါ် နိုင်သော်ငြား တစ်ဖက်ပြိုင်ဘက်ကလည်း စိန်ခေါ် နိုင်သည်ပင်။ ပါရမီရှင် နှင့် ပါရမီရှင် ရင်ဆိုင်ရသောအခါ ပါရမီပါလာသည့် အားသာချက်က များစွာ ပျောက်ကွယ်သွားလေသည်။
ထို့ကြောင့် သိုင်းပညာအဆင့် ကွာဟမှုက အထူးသိသာလာပြီး ၎င်းက သူ့အပေါ်သို့ ဖိအားများစွာ သက်ရောက်စေပေ၏။
မတိုင်ခင်က သူ ကောင်းကျန့်လီကို ဆန့်ကျင်ခဲ့သော အကြောင်းရင်းသည် လူတိုင်း၏အရှေ့၌ မျက်နှာမပျက်ရန်ပင်။
သူက မည်သူနည်း။
ပြိုင်ဘက်ကင်းအင်အားကြီးပုဂ္ဂိုလ်၏ သားပင်။
သူ မျက်နှာပျက်ရရင်တောင် သူ့အဖေကိုတော့ အရှက်ရစေလို့မဖြစ်ပေ။ ထိုကြောင့် ဘယ်သူလာလာ ဆန့်ကျင်မိရုံပင်။
ကြွားဝါခြင်းက ခဏတာအတွက် ကောင်းမွန်သော်လည်း နောက်ပိုင်းမှာတော့ ဘေးအန္တရာယ်ပင်။
မျက်စိတစ်မှိတ်စာအတွင်းမှာပင် အချိန်တစ်လ ကုန်လွန်သွားခဲ့သည်။
ထိုတစ်လအတွင်း၌ ချင်ချွမ်း၏ ဂုဏ်သတင်းက မင်ဟောက်မြို့တစ်ခွင်နှင့် ပတ်ဝန်းကျင်ဒေသများစွာအထိပါ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့၏။
ထို့ကြောင့် မင်ဟောက်မြို့အတွင်းမှ ဩဇာရှိသော အင်အားစုကြီးများအားလုံးက လက်ဆောင်များနှင့်အတူ လာရောက်ဂါရဝပြုခဲ့ကြသည်။
၎င်းက တောင်သခင်အား ဂါရဝပြုခြင်းနှင့် တူပေ၏။
ထိုအရာများအား ချင်ချွမ်းက တည်ငြိမ်စွာပင် လက်ခံခဲ့သည်။
လက်ဆောင်မပါလျှင် မကောင်းပေ။
ထို့ကြောင့် ချင်ချွမ်းက လက်ဆောင်များစွာ စုဆောင်း ခဲ့ရပြီး လက်ဆောင်ပို့သောလူများကိုပင် သူ မှတ်ထားစရာ မလိုခဲ့ပေ။ အကြောင်းမှာ ထိုလူများက လက်ဆောင်ပြန်ရလိမ့်မည်ဟု မမျှော်လင့်ရဲကြသောကြောင့်ပင်။
၎င်းက အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်မှ အင်အားကြီးပုဂ္ဂိုလ်တစ်ဦး၏ သြဇာတိက္ကမပင်။
မင်း လက်ဆောင်ပေးလျှင် ဒါက တာဝန်သိစိတ်ပင်။
မင်း မပေးခဲ့လျှင်တော့ လေးစားမှုအား မပြသခြင်းဖြစ်သည်။
မပေးလျှင်လည်း ဘာမှမဖြစ်ပေ။ သို့သော်ငြား တခြားသူများကပေးပြီး မင်းတစ်ယောက်တည်းက မပေးခဲ့လျှင် ညဘက် အိပ်ပျော်နိုင်မည်လား။
ထို့ကြောင့်...
ချင်ချွမ်းသည် အိမ်မှာ ထိုင်နေရုံဖြင့် အမြတ်အစွန်း များစွာရရှိခဲ့ပြီး ခိုင်မာသော မိသားစုဘဏ္ဍာတိုက်ကြီးကို တည်ဆောက်နိုင်ခဲ့၏။
နောင်အခါတွင် ထင်းယွီအဆောက်အအုံမှာ သူ လုပ်ခဲ့သည့် ကိစ္စမျိုးကို ကိုင်တွယ်ရာ၌ သိပ်ပြီးရုန်းကန်ရတော့မည် မဟုတ်ပေ။
ယောက်ျားလေးများကို ဆင်းဆင်းရဲရဲ ပျိုးထောင်သင့်သည်။
၎င်းက သူတို့၏ ဇွဲလုံ့လကို သွင်းပေးခြင်း၌ အကျိုးရှိ၏။
ဆိုလိုသည်မှာ ပိုက်ဆံက အဖေဖြစ်သူ၏ လက်ထဲမှာ ရှိရမည်။ သို့မှသာ သုံးစွဲရန်နှင့် သူ့သားကို လှည့်ဖြားရန် အဆင်ပြေလိမ့်မည်။ သားဖြစ်သူ၏ ဇွဲလုံ့လကို အသက်သွင်းပေးရန်အတွက်ပင်။
"ကောင်းမိသားစု၊ ကောင်းကျန့်လီက စိန်ခေါ်ဖို့ ရောက်လာပြီ"
ထိုအချိန်မှာတော့ ကြည်လင်ပြတ်သားသော အသံ တစ်သံက ခြံဝန်း၏အပြင်ဘက်ကနေ ထွက်ပေါ်လာသည်။ လေသံက မနိမ့်ချသလို မဝင့်ကြွားပေ။ ထိုအစား ထက်မြက်သော အရိပ်အယောင်သာ ပါနေ၏။
"အိုး! တော်တော်သတ္တိရဲတာပဲ"
ချင်ချွမ်းတစ်ယောက် မျက်ခုံးပင့်လိုက်မိပြီး သူ့မျက်နှာပေါ်တွင် ပျော်ရွှင်နေသောအပြုံးတစ်ခု ရှိနေသည်။
ဒီနေ့အထိ မင်ဟောက်မြို့မှာ သူ့ကို ရန်လာစရဲသူ တစ်ယောက်မှ မရှိသေးပေ။ ဒါတောင်မှ ကောင်းကျန့်လီက သူ့သားကို စိန်ခေါ်ရဲနေတုန်းပင်။
နည်းနည်းတော့ သတ္တိရှိသည်ဟု ပြောရမည်။
"ရှောင်ကျီ သွားကြစို့"
ချင်ချွမ်းသည် လေ့ကျင့်ရေးခန်းထဲကနေ အခုမှ ထွက်လာသော ချင်ကျီကို ပြောလိုက်၏။
"ဟုတ်ကဲ့"
ချင်ကျီက ခေါင်းညိတ်၍ ချင်ချွမ်း၏အနောက်ကနေ အပြင်ဘက်သို့ လိုက်သွားကာ ခြံဝန်း၏ ဝင်ပေါက်အထိ လျှောက်သွားခဲ့သည်။
တံခါးဝမှ ကျောက်ခင်းထားသောနေရာတွင် သာမန်ရုပ်ရည်ကိုပိုင်ဆိုင်ထားသည့် အဖြူရောင်ဝတ်စုံ ဝတ်ထားသော လူငယ်တစ်ယောက်က ရပ်နေ၏။ သူ၏ညာဘက်လက်တွင် ဓားတစ်ချောင်းကို ကိုင်ထားကာ ပြင်းထန်သောအော်ရာကို ထုတ်လွှတ်နေသည်။
ထိုလူက ကောင်းကျန့်လီ ပင်။
မနီးမဝေးမှ လမ်းပေါ်တွင် လူအုပ်ကြီးတစ်ခုက စုဝေးနေကြ၏။ သူတို့၏မျက်နှာများပေါ်၌ မျှော်လင့်ချက် များ ပြည့်နေသော်လည်း သတိကြီးကြီးရှိနေကြသည်။
ဘယ်အချိန်မဆို ပြေးရန်အသင့် ဖြစ်နေသည့်ပုံပင်။
ဆရာကြီးချင်ချွမ်းက ဒေါသထွက်၍ ကောင်းကျန့်လီ ကို ရိုက်သတ်လိုက်လျှင် သူတို့အပေါ်မှာလည်း သက်ရောက်မှု ရှိနိုင်၏။
"ဒီအငယ် ကောင်းကျန့်လီက အကြီးအကဲကို အရိုအသေပေးပါတယ်"
ချင်ချွမ်းကို မြင်သောအခါ ကောင်းကျန့်လီက လေးစားစွာ ဦးညွှတ်၍ ဂါရဝပြုလာသည်။
"ယဥ်ကျေးနေစရာ မလိုပါဘူး"
ချင်ချွမ်းက လက်ကိုဝှေ့ယမ်း၍ ပြော၏။
"ရိုးရိုးသားသားပြောရရင် မင်း ဒီနေ့ ရောက်လာတာက ငါ့ကို အံ့သြစေတယ်"
သူ ကောင်းကျန့်လီ၏မျက်လုံးများကို စိုက်ကြည့်လိုက်သည်။ သူ့မျက်လုံးများက အနည်းငယ် ထက်ရှသွားကာ...
"မင်း သေမှာ မကြောက်ဘူးလား"
"ကြောက်ပေမယ့် ကျွန်တော် လာရမယ်"
ကောင်းကျန့်လီက ခိုင်မာသောအမူအရာဖြင့် ပြောသည်။
"ဒီတိုက်ပွဲကို ကျွန်တော် ကိုယ်တိုင် စတင်ခဲ့တာပါ၊ ကျွန်တော့်အနေနဲ့ မရင်ဆိုင်ရဲရင် ဒီနေ့ကစပြီး မင်ဟောက်မြို့ထဲမှာ ခေါင်းဖော်နိုင်တော့မှာမဟုတ်ဘူး"
"သိုင်းကျင့်ကြံသူတစ်ယောက်အနေနဲ့ နှလုံးသားထဲမှာ ချို့ယွင်းချက်မရှိရဘူး၊ ချို့ယွင်းချက် ရှိနေရင် နောင်အခါမှာ တိုးတက်ဖို့ ခဲယဥ်းလိမ့်မယ်"
"လူတိုင်းက ကိုယ့်နှလုံးသားထဲက အတားအဆီးကို ကျော်လွှားရမယ်၊ တချို့လူတွေက အညှီအဟောက်တွေကို သည်းခံနိုင်တယ်၊ ဒါကြောင့် သူတို့အနေနဲ့ ရှက်စရာကောင်းတဲ့အလုပ်တွေ လုပ်နေရင်တောင် တည်တည်ငြိမ်ငြိမ်နေနိုင်တယ်၊ ဒါပေမယ့် ကံမကောင်းစွာနဲ့ ကျွန်တော့်နှလုံးသားကတော့ အညှီအဟောက်တွေကို လက်မခံထားနိုင်ဘူး"
"ဒါကြောင့် ကျွန်တော် ဒီကိုရောက်လာခဲ့တာ"
သူ ခေါင်းမော့လိုက်ရာ သူ့မျက်လုံးများက ပြင်းထန်သော တိုက်ခိုက်လိုစိတ်ဖြင့် တောက်ပနေလေ၏။ ဓားရှည်တစ်လက်ကဲ့သို့ သူ၏ထက်မြက်မှု ကို ပြီးပြည့်စုံစွာ ဖော်ထုတ်ထားသည်။
ချင်ချွမ်းက ခဏတာမျှ တိတ်ဆိတ်သွားပြီးနောက် သူဘေးမှ ချင်ကျီကို ကြည့်၍ ပြောလိုက်၏။
"သွား...အစွမ်းကုန် ကြိုးစားပါ"
"ဟုတ်!"
ချင်ကျီက ခေါင်းညိတ်၍ အရှေ့ကို လျှောက်သွားသည်။ သူ့ခြေလှမ်းတိုင်း၌ သူ့အော်ရာက ပို၍မြင့်တက်လာ၏။
"ခရက်!"
သူ့အော်ရာက ဆက်တိုက် မြင့်တက်လာသည်မှာ ပင်လယ်လှိုင်းလုံးများက ကမ်းခြေအား ရိုက်ခတ်နေသည့်အလားပင်။ ပတ်ဝန်းကျင်ရှိ လေကလည်း ပြင်းထန်စွာ တိုက်ခတ်နေလေ၏။
"လာခဲ့!"
ကောင်းကျန့်လီက ညာဘက်လက်တွင် ဓားကို ဆုပ်ကိုင်လျက် ချင်ကျီဆီသို့ ပြေးလာသည်။ သူသည် အဖြူရောင်အလင်းအဖြစ် ပြောင်းလဲသွားသကဲ့သို့ သူ့အမြန်နှုန်းက မြင့်တက်သွားလေ၏။
"ဘန်း!!"
နောက်တစ်ခဏမှာပင် နှစ်ယောက်စလုံး တိုက်မိသွားကြသည်။ ကြီးမားသောတုန်ခါမှုက ဖုန်မှုန့်များကို ပျံဝဲတက်စေကာ ပတ်ပတ်လည်ကို ပျံ့နှံ့သွားစေခဲ့၏။
ဖုန်မှုန့်များက လွင့်စဉ်သွားပြီး ကောင်းကင်နှင့် နေလုံးကြီးကိုပင် ဖုံးလွှမ်းသွားလေသည်။
ပတ်ဝန်းကျင်ရှိ ကြည့်ရှုသူများသည် နှစ်ယောက်ကြားက တိုက်ပွဲကို မမြင်နိုင်ကြပေ။ မီးခိုးနှင့် ဖုန်မှုန့်များကြားထဲမှ လက်နေသော အလင်းရောင်များနှင့် တိုက်ခိုက်သံများကိုသာ မြင်ရကြားနေရ၏။
"ဘန်း! ဘန်း! ဘန်း!"
"ချွင်း! ချွင်း! ချွင်!"
"ဘုန်း!"
တိုက်ပွဲက ပြင်းထန်ပေသည်။ မြေကြီးက ဆက်တိုက်တုန်ခါနေကာ အုတ်ခင်းထားသော မြေပြင် ပေါ်မှာလည်း ကြောက်မက်ဖွယ်ကောင်းသော အက်ကြောင်းများ ပြည့်နှက်နေ၏။
"ဘုန်း!"
အချိန်အတော်ကြာပြီးနောက် နောက်ထပ် ကျယ်ကျယ်လောင်လောင်အသံတစ်ခု ထွက်ပေါ်လာသည်။ အလင်းရောင်က အမှောင်ထုအားကို ဆွဲဖြဲလိုက်သကဲ့သို့ မီးခိုးနှင့် ဖုန်မှုန့်များအားလုံးလည်း ဖယ်ရှားခံလိုက်ရ၏။
"အား!"
"ငါ့ မျက်လုံးတွေ!"
ပတ်ဝန်းကျင်ရှိ လူများသည် သူတို့၏မျက်လုံးများထဲသို့ သဲများ၊ ဖုန်မှုန့်များ တိုးဝင်လာသည်ကို ခံစားလိုက်ရပြီး မြင်ကွင်းက ရှုပ်ထွေးသွားလေသည်။
တိုက်ပွဲမြေပြင်ပေါ်မှာတော့ ဖုန်မှုန့်များက လုံးဝပျောက်ကွယ်သွားပြီး ကျောချင်းကပ်ရပ်နေသောအရိပ်နှစ်ခုကို ဖော်ပြလာ၏။
အချိန်များ ရပ်တန့်သွားသည့်အလားပင်။
"ပွက်!"
နောက်ဆုံး၌ ဓားကိုင်ဆောင်ထားသည့်လူက ပါးစပ်အပြည့် သွေးတစ်လုပ်ကို ထွေးထုတ်လိုက်လေသည်။သူ့ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း လဲကျသွားရာ သူ့ကိုယ်သူ ဓားဖြင့်ထောက်ထားရပြီး ဒူးတစ်ဖက်ထောက်လိုက်ရ၏။
"ငါ… ရှုံး ပြီ…"
ကောင်းကျန့်လီက အက်ရှစွာ ပြောလာသည်။ သူ့မျက်နှာပေါ်တွင် ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်ခြင်းနှင့် စိတ်အားငယ်ခြင်းတချို့ ရောနှောနေ၏။
"ကောင်းမိသားစုက ကျုပ်ကို အရင်ရန်စခဲ့တာ"
ချင်ကျီ ပြောလိုက်သည်။
"ငါ သိပါတယ်…"
ကောင်းကျန့်လီက သက်ပြင်းချ၏။ ထို့နောက် ဖြည်းဖြည်းချင်း ထရပ်ကာ သူ့ဓားရှည်ကို ဆွဲ၍ အဝေးကို လျှောက်သွားလေသည်။
သူ့လက်မောင်းက ဟက်တက်ကွဲနေပြီး သွေးများစိမ့်ထွက်နေလေ၏။ သွေးများက ဓားလက်ကိုင်ကနေ စီးကျနေပြီး ဓားဖြတ်သန်းသွားရာ လမ်းတစ်လျှောက်၌ အနီရောင်ဇီးပန်းပွင့်များကဲ့သို့ သွေးကွက်များကို ချန်ထားခဲ့လေသည်။
"ဒါ...ဒါက"
"သခင်လေး လေးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ကောင်းကျန့်လီက ဒီလိုပဲ ရှုံးသွားတာလား၊ နည်းနည်းတော့ မယုံနိုင်စရာပဲ"
"ဟုတ်တယ် ကျုပ်လည်း မယုံနိုင်ဘူး၊ ဒါပေမယ့် နောက်တစ်ကြိမ် စဉ်းစားကြည့်တော့ အံ့ဩစရာမကောင်းတော့ဘူး၊ ဘာပဲဖြစ်ဖြစ် ချင်ကျီက အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်က အင်အားကြီးပုဂ္ဂိုလ်ရဲ့သားပဲလေ"
"တကယ်ပဲကို...ကောင်းမိသားစုက မင်ဟောက်မြို့ရဲ့ ထိပ်တန်းမိသားစုတွေထဲက တစ်ခုဖြစ်ပေမယ့် အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်က အင်အားကြီးပုဂ္ဂိုလ်နဲ့ယှဉ်ရင် သူတို့က နည်းနည်း အားနည်းနေတုန်းပဲ"
"အရင်က ကောလာဟလတွေက မှန်နေပုံရတယ်၊ ချင်ကျီရဲ့ပါရမီက သခင်လေးလေးယောက်ကို ကျော်လွန်နေတာပဲ"
ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးက ဆွေးနွေးနေကြသည်။ ထိုလူများက ပုံမှန်ဆိုလျှင် မည်သည့်အမှန်တရားကိုမှ လိုက်ပြီး မရှာဖွေကြပေ။ အများနှင့် ကိုက်ညီကာစဉ်းစားစရာမလိုသော ရေစီးကြောင်းနောက်ကိုသာ လိုက်ရန် ပိုနှစ်သက်ကြလေ၏။
"ဘယ်လိုနေလဲ"
ချင်ချွမ်းတစ်ယောက် သူ့မွေးစားသားကို ကြည့်လိုက်သည်။
"သူက အားကောင်းပါတယ်၊ ဒါပေမယ့်...ကျွန်တော်က ပိုအားကောင်းတယ်!"
ချင်ကျီက စိတ်လှုပ်ရှားစွာ ပြောလာသည်မှာ ချီးမွမ်းခံရရန် မျှော်နေသည့်အလားပင်။
"ဟုတ်လား"
ချင်ချွမ်းက အနည်းငယ်သာ ပြုံး၍ ကြည့်နေပြီး ရှင်းပြခြင်းမရှိဘဲ အိမ်ထဲသို့ ဝင်သွားလေ၏။
ထိုကဲ့သို့ရှင်းပြချက်များကို လက်စွပ်ထဲမှ အဘိုးကြီးအား ကိုင်တွယ်ခိုင်းခြင်းက ပိုကောင်းသည်။ သူလုပ်ခဲ့လျှင် ပြိုင်ဘက်ကင်းအင်အားကြီးပုဂ္ဂိုလ်၏ ပုံရိပ်ကို ထိခိုက်စေလိမ့်မည်။
အဝေးရှိ လူသူကင်းမဲ့သော လမ်းမပေါ်တွင်။
ကောင်းကျန့်လီသည် သူ့ဓားကို ဆွဲ၍ ဖြည်းဖြည်းချင်း လမ်းလျှောက်နေလေ၏။ သူ့ခြေလှမ်းများက ယိုင်နဲ့နေပြီး ဓားဖျားကနေ သွေးများက ဆက်လက်စီးကျနေကာ မြေပြင်ပေါ်၌ သွေးလမ်းကြောင်းတစ်ခုကို ချန်ထားခဲ့လေသည်။
"သခင်လေး ဘယ်လိုများ ရှုံးခဲ့တာလဲ၊ သခင်လေးက သိသိသာသာကို..."
အနီးနားရှိ လမ်းကြားတစ်ခုကနေ လူပုံသဏ္ဍာန် တစ်ခုက ရုတ်တရက် ထွက်ပေါ်လာ၏။ ထိုလူက ကောင်းကျန့်လီအနောက်သို့ လမ်းတစ်လျှောက်လုံး လိုက်လာပုံရသည်။
နောက်ဆုံးမှာတော့ သူ မထိန်းနိုင်တော့ဘဲ ထွက်လာမိတော့၏။
ကောင်းကျန့်လီက သူ့ခေါင်းကို လှည့်၍ ခါးသီးသောအပြုံးတစ်ခုကို ပြုံးပြလာသည်။
"ငါက အနိုင်ယူရဲမယ်လို့ မင်းထင်လို့လား"
"ဟင်"
ထိုလူက ကြောင်အသွားလေ၏။
"ငါ အရင်က ချင်ကျီကို 'အားနည်းနေတဲ့အချိန်မှာ ခေါင်းမငုံ့နိုင်တာက အပြစ်ပဲ'လို့ ပြောခဲ့တယ်၊ အဲ့ဒီစကားတွေက မှန်တယ်"
ကောင်းကျန့်လီ၏မျက်နှာပေါ်တွင် ရှုပ်ထွေးမှုတစ်ချို့ရှိနေသည်။ ထို့နောက် သူ ပြုံး၍ ခေါင်းခါယမ်းလိုက်၏။ ထိုအပြုံးက အနည်းငယ် ခါးသက်လှသော်လည်း ပေါ့ပါးနေသည်။
"အခု… ခေါင်းငုံ့ရမှာက ငါ့အလှည့်ပဲ"