အဖေက မင်းအတွက် စိတ်ပူလို့ နေမကောင်းဖြစ်နေပြီ
Vol. 2 Ch. 27
အချိန်ကုန်လွန်သွားပြီးနောက် နောက်ထပ်တစ်လခွဲ ကုန်ဆုံးသွားခဲ့သည်။
ချင်ချွမ်း၏သြဇာအာဏာက မင်ဟောက်မြို့တွင် ဆက်လက်မြင့်တက်လာခဲ့ပြီး မြစ်အပေါ် ဖြတ်သန်းသွားသည့် ရက်စက်သောနဂါးတစ်ကောင်ကဲ့သို့ ဒေသခံလူဆိုးများအားလုံးကို ဖိနှိပ်ထားနိုင်ခဲ့၏။
မြို့အရှင်စံအိမ်တောင်မှ သူ့အရှေ့မှာဆိုလျှင် အနည်းငယ် အားနည်းနေသလို ဖြစ်နေလေသည်။
မည်သို့ပင်ဆိုစေကာမူ သူသည် ဆရာဖန်ချီအား ဒဏ်ရာပြင်းပြင်းထန်ထန်ရအောင် လုပ်ခဲ့သော ရက်စက်သည့်လူပင်။
ထို့အပြင် ဆရာဖန်ချီသည် ဒဏ်ရာရပြီးနောက်မှာ အံ့ဩစရာကောင်းလောက်အောင် ငြိမ်သက်နေခဲ့ပြီး အချိန်အတော်ကြာသည်အထိ လက်တုံ့ပြန်လာခြင်း မရှိခဲ့ပေ။
ရလဒ်အနေဖြင့် လူအပေါင်းသည် ချင်ချွမ်းက သူတို့ နားမလည်နိုင်သော ရန်စလို့မရသည့် ကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်ဟု ခံစားခဲ့ကြရ၏။
ဒီနေ့မှာ မြို့အရှင်ပိုင်ချန်က ချင်ချွမ်းဆီသို့ ရုတ်တရက်ပင် လာရောက်လည်ပတ်ခဲ့သည်။
အခန်းထဲသို့ ဝင်လာသည်နှင့် သူက စကားမရှည်တော့ဘဲ အဓိကအချက်ကို တိုက်ရိုက်ပြောလာ၏။
"ညီလေးချင် ကျုပ် ဒီတစ်ခေါက် ရောက်လာတာက ခင်ဗျားကို အခွင့်အလမ်းတစ်ခုအကြောင်း ပြောပြဖို့ပါ"
"ပြောပါ နားထောင်ကြည့်ရအောင်"
ချင်ချွမ်းက လက်ဖက်ရည်တစ်ခွက်ကို ငှဲ့၍ သူ့ကို ကမ်းပေးသည်။
ပိုင်ချန်သည် ထိုခွက်ကိုယူကာ...
"လွန်ခဲ့တဲ့နှစ်ရက်က မင်ဟောက်မြို့ရဲ့စီရင်ပိုင်ခွင့်အောက်မှာရှိတဲ့ ဒေသတစ်ခုမှာ ရေကြီးခဲ့ပြီးတော့ တောင်ကုန်းတစ်ခုကို ရေတိုက်စားခဲ့တယ်၊ အဲ့ဒီကနေ အစွမ်းထက်စစ်သည်တစ်ဦးရဲ့ ဂူသင်္ချိုင်း ကို ဖော်ထုတ်တွေ့ရှိသွားခဲ့တယ်"
"ဂူသင်္ချိုင်းကို ဝန်းရံထားတဲ့ အခင်းအကျင်း နဲ့ စည်းတံဆိပ်ကိုကြည့်ပြီးတဲ့အခါမှာ ဒါက အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်က ကျွမ်းကျင်သူ တစ်ဦးချန်ထားခဲ့တဲ့ ဂူသင်္ချိုင်းဖြစ်တယ်လို့ သတ်မှတ် နိုင်ခဲ့တယ်"
"ကျုပ်ကို သင်္ချိုင်းတူးစေချင်တာလား"
ချင်ချွမ်းလည်း ပြုံး၍ မေးလိုက်သည်။
"မဟုတ်ပါဘူး...မဟုတ်ပါဘူး၊ ဒီလို ဂူသင်္ချိုင်းမျိုးက ကျုပ်တို့အတွက် အသုံးမဝင်ဘူးဆိုပေမယ့် လူငယ် တွေအတွက်တော့ အရမ်းကောင်းတဲ့ လေ့ကျင့်ရေးကွင်းပဲလေ"
ပိုင်ချန်က စိတ်အားထက်သန်စွာဖြင့် ပြောနေလေ၏။
"ဒီလို စစ်သည်ဂူသင်္ချိုင်းတွေထဲမှာ ပုံမှန်အားဖြင့် ယန္တရားအမျိုးမျိုးနဲ့ အခွင့်အလမ်းတွေအများကြီး ပါဝင်တယ်၊ ဒါတွေက လူငယ်တွေရဲ့တုံ့ပြန်နိုင်စွမ်း၊ ထိုးထွင်းသိမြင်နိုင်စွမ်း၊ စိတ်ပိုင်းဆိုင်ရာအရည်အသွေးတွေနဲ့ အခြားအရာတွေကို လေ့ကျင့်ပေးနိုင်တယ်"
"ဒါ့အပြင် ဒါက လူငယ်တွေကြား ဆက်သွယ်မှုရှိဖို့နဲ့ ယှဉ်ပြိုင်ဖို့အတွက် အခွင့်အရေးတစ်ခုပဲ၊ ဘာပဲဖြစ်ဖြစ် သိုင်းပညာမှာ ပြိုင်ဆိုင်ခြင်းကသာ စိတ်အားထက်သန်မှုကို ပေးစွမ်းနိုင်တာလေ"
ထိုစကားကိုကြားသည်နှင့် ချင်ချွမ်း မေးလိုက်သည်။
"ခင်ဗျားဆိုလိုတာက လူတော်တော်များများကို ဒီဂူသင်္ချိုင်းအကြောင်း အသိပေးထားပြီးပြီ၊ ပြီးတော့ လူငယ်တွေအများကြီးက အဲ့ဒီကို သွားကြတော့မယ်ဆိုပါတော့"
"ဟားဟား ကျုပ်ရဲ့ပြက်လုံးကို ခွင့်လွှတ်ပေးပါ ညီလေးချင်"
ပိုင်ချန်က နေရခက်စွာ ပြုံး၍ ပြော၏။
"ကျုပ် အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်ကအင်အားစုတွေ အများကြီးကို ဒီသတင်းရောင်းခဲ့ပြီး ကောင်းမွန်တဲ့အမြတ်တွေ ရခဲ့တာတော့ အမှန်ပါ"
"ဒါပေမယ့် ဒါက ကိုယ်ကျိုးအတွက်ချည်းပဲ မဟုတ်ပါဘူး၊ အင်ပါယာရဲ့ဥပဒေသတွေက ဒီလို အလုပ်မျိုးကို အားပေးပါတယ်"
"ဘာပဲဖြစ်ဖြစ် ကျုပ် အရင်က ပြောခဲ့သလိုပဲ၊ ဒါက လူငယ်တွေအတွက် အရမ်း ကောင်းမွန်တဲ့လေ့ကျင့်ရေးအခွင့်အလမ်းတစ်ခုပါ၊ ပြီးတော့ လူငယ်မျိုးဆက်က ပိုပြီးအားကောင်းလာလေ နေကိုးလုံးနယ်မြေရဲ့ အလုံးစုံအင်အားက ပိုပြီးအားကောင်းလေပဲလေ"
ထိုစကားကိုကြားသောအခါ ချင်ချွမ်းတစ်ယောက် မျက်လုံးမှေးကျဥ်းလိုက်မိသည်။
နယ်မြေရဲ့ အလုံးစုံအင်အားလား။
ပုံမှန်အားဖြင့် အလုံးစုံအင်အားအကြောင်းပြောသောအခါ လူတိုင်းအတွက် ဘုံရန်သူတော့ ရှိရမည်။
သူ ခဏတာ စဉ်းစားပြီးနောက် သူ၏အပေါစားသားက လည်း ဈေးဝယ်ထွက်နေသည်ဖြစ်ရာ မေးကြည့်တာက ဘာမှမဖြစ်ဘူးဟု တွေးလိုက်မိသည်။ ထို့ကြောင့် သူ မေးလိုက်၏။
"အစ်ကိုပိုင် နေကိုးလုံးနယ်မြေမှာ ပြင်ပရန်သူတွေ ရှိလို့လား"
"ဟားဟား အတိအကျတော့ မဟုတ်ပါဘူး၊ ဒါပေမယ့်..."
ပိုင်ချန်က ခါးသီးစွာရယ်၍ သက်ပြင်းချသည်။
"ဟင်း~~ နောက်ဆုံးကျင်းပခဲ့တဲ့ နယ်မြေခုနှစ်ခု ပါရမီရှင်တိုက်ပွဲမှာ နေကိုးလုံးနယ်မြေက နောက်ဆုံးနေရာမှာ အဆုံးသတ်ခဲ့တယ်"
ထိုအကြောင်းကို ကြားသောအခါ ချင်ချွမ်းမှာ ရုတ်တရက် ရယ်ချင်သွားသလို ခံစားလိုက်ရသော်ငြား ထိန်းထားလိုက်ရ၏။
လုံးဝသည်းမခံနိုင်တော့သည့်အဖြစ်ကလွဲလျှင် မရယ်မိအောင်အတွက် သူ ပရော်ဖက်ရှင်နယ်ကျကျ လေ့ကျင့်ထားလေသည်။
"ကျုပ် သိပြီ"
သူ အသက်ပြင်းပြင်းရှူသွင်း၍ ပေါ့ပါးစွာ ခေါင်းညိတ်လိုက်၏။
"ဒါပေမယ့် ကျုပ်က အရိုးပေါ်လောက်အောင် ဆင်းရဲ နေပြီ၊ ခင်ဗျားရဲ့သတင်းအချက်အလက်တွေကို ဝယ်ဖို့ မတတ်နိုင်မှာ စိုးမိတယ်"
"ညီလေးချင် ဘာတွေပြောနေတာလဲ၊ ကျုပ်ကိုယ်တိုင် လာပြီး အသိပေးတာဆိုမှတော့ အခကြေးငွေမယူပါဘူး"
ပိုင်ချန်က ပြုံး၍ ခေါင်းခါယမ်းသည်။
"ကျုပ်အတွက်တော့ တစ်ခုခုကို အလကားလက်ခံလိုက်တာက ကျုပ်ရဲ့ပုံစံ မဟုတ်နေဘူး"
ချင်ချွမ်းသည် သူ့မျက်လုံးများကို ကြည့်၍ ပြောလိုက်၏။
"ဒါဆို ကျုပ် ပွင့်ပွင့်လင်းလင်း ပြောပါ့မယ်၊ ကျုပ်မှာ တခြားရည်ရွယ်ချက်မရှိပါဘူး၊ ညီလေးချင်နဲ့ မိတ်ဆွေတွေဖြစ်ရဖို့ပဲ မျှော်လင့်ပါတယ်… ညီလေးချင်က ကျုပ်ကို မိတ်ဆွေအဖြစ် လိုလိုလားလား ခင်မင်ချင်မလားတော့ မသိဘူး"
ပိုင်ချန်က မျက်တောင်မခတ်ဘဲ ချင်ချွမ်း၏အကြည့်ကို ရင်ဆိုင်လာသည်။ နှစ်ယောက်စလုံးက စက္ကန့်အနည်းငယ်ကြာအောင် တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြ၏။
ချင်ချွမ်းလည်း သူ့အကြည့်ကို ရုတ်သိမ်း၍ ပြုံး လိုက်သည်။
"မိတ်ဆွေများများရှိထားတာက ထိခိုက်စရာမရှိပါဘူး"
ထိုစကားများကိုကြားသောအခါ ပိုင်ချန်လည်း စိတ်သက်သာရာရစွာ ပြုံးလိုက်မိ၏။ ထို့နောက် ခေါက်ထားသော သိုးသားရေလိပ်တစ်ခုကို ထုတ်ယူလိုက်သည်။
"ဒါက ဂူသင်္ချိုင်းရဲ့ မြေပုံပါ၊ ခင်ဗျား ချင်ကျီကို ကိုယ်တိုင် ခေါ်သွားနိုင်တယ်၊ ဒါမှမဟုတ် မြို့အရှင်စံအိမ်က လူတွေနဲ့အတူ လွှတ်ပေးလို့လည်းရပါတယ်"
ချင်ချွမ်းက ပြုံးလျက်ပင် သိုးသားရေလိပ်ကို ငြင်းဆန် လေ၏။
"ကျုပ်ဆီမှာ တခြားလုပ်စရာကိစ္စတွေရှိသေးတယ်၊ ဒါကြောင့် မသွားတော့ပါဘူး၊ ကျေးဇူးပြုပြီး အဲ့ဒီကလေးကို ဂရုစိုက်ပေးပါဦး"
ထိုစကားကိုကြားသည်နှင့် ပိုင်ချန်လည်း အားတက်သွားသည်။
ချင်ချွမ်းက မလိုက်ဘူးလား။
သားဖြစ်သူကို သူ့ဆီ တိုက်ရိုက်အပ်လိုက်တာလား။
ထိုလုပ်ရပ်က ယုံကြည်မှု၏ အကြီးမားဆုံးဝိသေသပင်။
"ညီလေးချင်က ကျုပ်ကို ဒီလောက် ယုံကြည်ထားတာဆိုတော့...သူ အန္တရာယ်မဖြစ်စေရဘူးလို့ ကျုပ် အာမခံပါတယ်"
ပိုင်ချန်က စိတ်အားထက်သန်စွာ ပြောသည်။
"ကောင်းပါပြီ၊ လက်ဖက်ရည်သောက်ပါဦး"
ချင်ချွမ်းက သူ့လက်ဖက်ရည်ခွက်ကို မြှောက်၍ ပြော၏။
"ဟုတ်ပါပြီ"
ပိုင်ချန်လည်း သူ့လက်ဖက်ရည်ခွက်ကို မြှောက်လိုက်သည်။ သူတို့ ခွက်ချင်းတိုက်ပြီးသည့်နောက်မှာ အပြုံးများ ဖလှယ်၍ တစ်ငုံစီသောက်လိုက်ကြ၏။
မကြာခင်မှာပင်။
ပိုင်ချန်က ထွက်ခွာသွားသည်။
ချင်ချွမ်းတစ်ယောက် မျက်လုံးကျဥ်းမြောင်းလိုက်၏။
အပေါစားသားလေးကို သူ ကိုယ်တိုင် ဂူသင်္ချိုင်းသို့ မခေါ်သွားရခြင်း၏ အကြောင်းအရင်းမှာ သူက နောက်ကွယ်ကနေ ကိစ္စများ ဖန်တီးရမှာဖြစ်သောကြောင့်ပင်။
သူ အနက်ရောင်ဝတ်ရုံ ဝတ်လိုက်သည်နှင့် သားအဖ ဆက်ဆံရေးမရှိတော့ပေ။
ဝတ်ရုံဝတ်လိုက်သည်နှင့် ချစ်ခင်တွယ်တာမှုများက ပျောက်ကွယ်သွားလေပြီ။
အပေါစားသားလေးမှ တတ်နိုင်သမျှ ပြဿနာများကို သေချာပေါက်ဖန်တီးနိုင်ရန် သူက အရိပ်ထဲကနေလိုက်ပါရမည်။
မင်း မသတ်ရင် ငါက သတ်ပေးမယ်။
မင်းက ထွက်ပြေးရင် ငါက ကောလာဟလတွေ လိုက်ဖြန့်မယ်။
ထိုအရာက ရိုးရှင်းကာ တည့်တိုးဆန်၏။
ထို့အပြင် အကောင်းအဆိုးဒွန်တွဲနေသည့် နေရာတစ်ချို့၌ မသိနိုင်သောအန္တရာယ်များကို ရင်ဆိုင်ရသောအခါ သူ၏ ရှင်သန်နိုင်စွမ်းက သူ့သားထက် နိမ့်ကျနေနိုင်သည်။
ထို့ကြောင့် သူသည် သားဖြစ်သူနှင့်အတူ ဂူသင်္ချိုင်းထဲ စွန့်စားခန်း မလုပ်ချင်ပေ။
ဥပမာအားဖြင့် သားအဖနှစ်ယောက်က အစီအရင်တစ်ခုအတွင်း အတူတူ ပိတ်မိနေပြီးနောက် သူက ကူကယ်ရာမဲ့ ဖြစ်နေလျှင် သူ၏ ပြိုင်ဘက်ကင်းအင်အားကြီးပုဂ္ဂိုလ်ပုံရိပ်က ပျက်စီးသွားမည် မဟုတ်ပါလော။
စစ်မှန်သော ပြိုင်ဘက်ကင်းအင်အားကြီးပုဂ္ဂိုလ်ထံ၌ အားနည်းချက်မရှိရပေ။ သူက ပြဿနာအားလုံးကို ဖြေရှင်းနိုင်စွမ်းရှိရမည်။
သူ မကျွမ်းကျင်သော နယ်ပယ်များတွင်တောင် လျှို့ဝှက်ဆန်းကြယ်စွာ အနည်းငယ်နားလည်နေသည့်အဆင့်မှာ ရှိရမည်။
ထိုအရာကသာ စစ်မှန်သောပြိုင်ဘက်ကင်းပုဂ္ဂိုလ်အဖြစ် အရည်အချင်းပြည့်မီပေ၏။
ပုံရိပ်ဆိုသည့်အရာက ရှင်းပြလို့မရသော အရာတစ်ခုပင်။ တစ်ခါပြိုလဲသွားပါက လုံးဝပြိုလဲသွားပြီဖြစ်ရာ မည်သည့်နည်းလမ်းနှင့်မျှ ပြန်လည်ကောင်းမွန်လာမည် မဟုတ်ပေ။
ထို့ကြောင့် နောက်ကွယ်ကနေ ကြားဖြတ်ပြဿနာဖြေရှင်းသူအဖြစ် လုပ်ဆောင်သည်က သူ့အတွက် ပိုသင့်တော်သည်။
"အဖေ ကျွန်တော် ပြန်ရောက်ပြီ"
မကြာခင်၌ ချင်ကျီသည် ထူးခြားစွာပင် ပေါ့ပါးသော ခြေလှမ်းများဖြင့် အဓိကဝင်ပေါက်သို့ အားအပြည့် လျှောက်ဝင်လာ၏။
ထိုကောင်လေးကတော့ လမ်းဘေးဆိုင်တစ်ခုကနေ နောက်ထပ်ပစ္စည်းတစ်ခုခုအား လျှော့ဈေးနှင့် ရခဲ့ပြန်ပြီဟု ချင်ချွမ်း ခန့်မှန်းမိသည်။
ထိုကလေးက ဒီလိုမျိုး နေ့တိုင်း နီးပါးပြန်လာတတ်၏။
ဒါ နည်းနည်း များနေပြီ မဟုတ်ဘူးလား။
"ဟင်း~~ မင်ဟောက်မြို့က ရတနာတွေ ဘယ်လောက်ထိ ကြာကြာရှိနိုင်မလဲဆိုတာ ပြောဖို့ခက်တယ်"
သူ စိတ်ထဲကနေ သက်ပြင်းချမိ၏။
ဆန်ပိုး တစ်ကောင်တည်းက ဆန်အိုးတစ်ခုလုံးကို စားနိုင်သကဲ့သို့ ကံကောင်းသည့် လူတစ်ယောက်က မြို့ကြီးတစ်ခုလုံး၏ အခွင့်အလမ်းများအားလုံးကို ကုန်ခမ်းစေနိုင်သည်။
....
ဝူကျန်းမြို့။
ဝူကျန်းမြို့သည် သာမန်ဒုတိယတန်းစားမြို့တစ်မြို့ဖြစ်ပြီး ရံဖန်ရံခါ အနည်းငယ် ဂယက်ထတတ်သော်လည်း ယေဘုယျအားဖြင့် ငြိမ်းချမ်းခဲ့သည်။
သို့သော် ယခုရက်ပိုင်းအတွင်းတွင် အသစ်တစ်ဖန်မွေးဖွားခြင်းအဆင့်ကျွမ်းကျင်သူ၏ ဂူသင်္ချိုင်း ပေါ်ထွက်လာမှုကြောင့် အင်အားကြီးပုဂ္ဂိုလ်များစွာက အရပ်မျက်နှာအသီးသီးမှ အစုလိုက်အပြုံလိုက် ရောက်ရှိလာခဲ့ကြ၏။
ထိုလူများသည် မြစ်ကိုကျော်ဖြတ်လာသော နဂါးများကဲ့သို့ဖြစ်ရာ ဝူကျန်းမြို့သူမြို့သားများမှာ အသက်ပြင်းပြင်းရှူရန်ပင် မဝံ့ရဲကြပေ။
ကံကောင်းစွာဖြင့် ထိုလူများသည် မြို့ထဲတွင် ပြဿနာမရှာခဲ့ကြပေ။ အများစုမှာ မြို့ထဲသို့ပင် မဝင်ကြဘဲ ဂူသင်္ချိုင်းထဲသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့ကြသည်။
ထိုနေ့တွင် ဝူကျန်းမြို့ရှိ ဝမ်ပေါင်ကုန်သွယ်ရေးအဖွဲ့အစည်းခွဲသည်လည်း အထူးဧည့်သည်တစ်ဦးကို ကြိုဆိုခဲ့ရ၏။ ထိုလူမှာ အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားပြီး မည်သူမည်ဝါမှန်း မသိရပေ။
သို့သော် ထိုလူက အမြင့်ဆုံး အထူးကတ်ကို ချက်ချင်း ထုတ်ပြလိုက်ရာ တာဝန်ခံအမျိုးသမီးမှာ အကြီးအကျယ် ထိတ်လန့်သွားရသည်။
၎င်း၏အဓိပ္ပာယ်ကို သူမ သဘောပေါက်၏။
ထိုလူက အသစ်တစ်ဖန်မွေးဖွားခြင်းအဆင့်ပင်။
"လေးစားရပါသော လူကြီးမင်းရှင့်၊ ကျွန်မ ဘာကို ကူညီဆောင်ရွက်ပေးရမလဲရှင့်"
လှပသော သက်လတ်ပိုင်းအရွယ်အမျိုးသမီးက လေးစားစွာ မေးမြန်းလေသည်။
"ကျုပ် သတင်းအချက်အလက်တစ်ချို့ မေးမြန်းချင်တယ်၊ မင်းတို့အဖွဲ့အစည်းမှာ ဒီဒေသအတွက် ထောက်လှမ်းရေးစနစ်ရှိလိမ့်မယ်လို့ ကျုပ် ယုံကြည်တယ်"
အနက်ရောင်ဝတ်ရုံဝတ်ထားသောသူက လေးနက်သောအသံဖြင့် ပြောလာ၏။
"ကျေးဇူးပြုပြီး မေးမြန်းပါရှင့်"
လှပသော သက်လတ်ပိုင်းအရွယ်အမျိုးသမီးက အနည်းငယ် ဦးညွှတ်လာသည်။ သူမ၏သားမြတ်မှာ ပြည့်တင်းကာ ကြည့်ကောင်းလှ၏။
"ဒီတစ်ခါ ဘယ်အင်အားစုတွေက ဂူသင်္ချိုင်းထဲကို ဝင်ရောက်သွားလဲဆိုတာကို တိတိကျကျသိချင်တယ်"
အနက်ရောင်ဝတ်ရုံဝတ်ထားသူက မေးမြန်းသည်။
"ဟမ်...ကျွန်မ စဉ်းစားလိုက်ပါဦးမယ်"
လှပသော သက်လတ်ပိုင်းအမျိုးသမီးသည် သူမ၏ အတွေးများကို စနစ်တကျ စုစည်းပြီးနောက် သေချာပြောပြလာခဲ့၏။
"ဒီတစ်ခါမှာ အင်အားစုအသေးနဲ့အကြီးတွေပေါင်းလိုက်ရင် အနည်းဆုံး တစ်ရာလောက် ရှိပါတယ်၊ လူမသိသူမသိအင်အားစုတွေတောင် ပါတယ်"
"ဒီလိုအင်အားစုငယ်တွေနဲ့ လူမသိသူမသိအင်အားစုတွေကိုတော့ လေးစားရပါသော လူကြီးမင်းက စိတ်ဝင်စားမယ်မထင်ပါဘူး၊ ဒါကြောင့် အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်က အင်အားစုတွေအကြောင်းကိုပဲ ပြောပြပါ့မယ်"
"မကြာသေးခင်က ထွက်ပေါ်လာတဲ့ အသစ်တစ်ဖန်မွေးဖွားခြင်းအင်အားစု ဆယ့်နှစ်ခု ရှိပါတယ်၊ အဲ့ဒါတွေက မီးရည်ပူမြို့က ယန်မိသားစု၊ ကောင်းကင်ဖုံးမြို့က လင်မိသားစု၊ သာ့ရန်မြို့က လော်မိသားစု၊ ကောင်းကင်တက်လှမ်းမြို့က ယွီမိသားစု …. ပြီးတော့ နောက်ဆုံးမှာတော့ မင်ဟောက်မြို့က မြို့အရှင်စံအိမ် တို့ ဖြစ်ပါတယ်"
"ဒီအင်အားစုတွေကို သန့်စင်သောယန်နယ်ပယ်ရဲ့ ထိပ်ဆုံးမှာရှိတဲ့ အင်အားကြီးပုဂ္ဂိုလ်တွေက ဦးဆောင်ပြီး သူတို့မိသားစုက သခင်လေးတွေကို လေ့ကျင့်ပေးဖို့အတွက် ခေါ်ဆောင်လာကြတယ်"
ထိုစကားကိုကြားသောအခါ အနက်ရောင်ဝတ်ရုံ ဝတ်ထားသူက ခေါင်းညိတ်၍ ပြောလာသည်။
"ကျုပ် ဒီအသစ်တစ်ဖန်မွေးဖွားခြင်းအဆင့်အင်အားစု တွေရဲ့ အသေးစိတ်အချက်အလက်တွေကို လိုချင်တယ်"
"ဥပမာအားဖြင့် ဒီလေ့ကျင့်ရေးမှာပါဝင်တဲ့ လူငယ် တွေရဲ့နာမည်တွေ၊ ဖြစ်နိုင်ရင် ပုံတူတွေပါ လိုချင်ပါတယ်၊ သူတို့ရဲ့အကြီးအကဲတွေကရော ဘယ်သူတွေလဲ၊ အကြီးအကဲတွေရဲ့သိုင်းအဆင့်တွေ၊ မိသားစု အတွင်း ဆက်ဆံရေး၊ မိသားစုအတွင်း အင်အားအကောင်းဆုံးသူတွေနဲ့ သူတို့က မိသားစုရေးရာနဲ့ ကင်းရှင်းလား၊ မကင်းရှင်းဘူးလား ဆိုတာတွေ..."
အနက်ရောင်ဝတ်ရုံဝတ်ထားသူက ရှည်လျားသောလိုအပ်ချက်စာရင်းကို စာရင်းပြုစုပေးလေ၏။
လှပသော သက်လတ်ပိုင်းအရွယ်အမျိုးသမီးသည် အချက်အလက်တစ်ခုခု လွတ်သွားမှာကို စိုးရိမ်သဖြင့် ဂရုတစိုက် နားထောင်နေခဲ့သည်။
နောက်ဆုံးမှာတော့ အနက်ရောင်ဝတ်ရုံဝတ်ထားသူက စကားပြောလို့ပြီးသွားခဲ့၏။
လှပသော သက်လတ်ပိုင်းအရွယ်အမျိုးသမီးက ဦးညွှတ်ကာ ပြုံး၍ ပြောလာသည်။
"ကျွန်မ ချက်ချင်း စီစဉ်ပေးပါ့မယ်၊ ကျေးဇူးပြုပြီးတော့ လက်ဖက်ရည်သောက်ပြီး ခဏလောက်စောင့်နေပါရှင့်"
ထို့နောက် သူမက သီးသန့်အခန်းထဲသို့ ထွက်သွား၏။
အနက်ရောင်ဝတ်ရုံဝတ်ထားသူသည် ကုလားထိုင်ပေါ်တွင် ထိုင်ရင်း ကျောက်စိမ်းဖြူရောင်လက်ဖက်ရည်ခွက်ကို ပျော်ရွှင်စွာ ကောက်ယူလျက် ကျေနပ်စွာပင် တစ်ငုံခန့် သောက်သုံးလိုက်လေသည်။
"အာ...ငါ့ရဲ့ချစ်လှစွာသောသားလေး၊ မင်းရဲ့အဖေအိုကြီးက မင်းအတွက် စိတ်ပူရလွန်းလို့ နေမကောင်းတောင် ဖြစ်နေပြီ"