← Chapters

လက်စွပ်ထဲက အဘိုးအို မဟုတ်ဘူး

Vol. 2 Ch. 28

လက်စွပ်ထဲက အဘိုးအို မဟုတ်ဘူး

Vol. 2 Ch. 28

တောတောင်အတွင်း လဲပြိုကျနေသော တောင်ကုန်း တစ်ခုသည် မည်းမှောင်နေသော တွင်းနက်ကြီးတစ်ခုကို ဖော်ထုတ်ပြသထားလေသည်။ ထိုတွင်းနက်ကြီးမှာ အရာအားလုံးကို မျိုချနိုင်စွမ်းရှိသော နတ်ဆိုးပါးစပ်အလားပင်။

၎င်းက ဂူသင်္ချိုင်းဝင်ပေါက် ဖြစ်၏။

လူအများအပြားသည် ဂူသင်္ချိုင်းအတွင်းသို့ ဝင်ရောက် သွားခဲ့ကြပြီဖြစ်သော်လည်း လူအနည်းငယ်ကတော့ ဝင်ပေါက်အနီး၌ စောင့်ကြည့်လျက်သာ ရှိနေကြသေးသည်။

သူတို့သည် ဂူသင်္ချိုင်းအတွင်းမှ မသိနိုင်သောဘေးအန္တရာယ်များကို ကြောက်ရွံ့လှသဖြင့် အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်မှ အင်အားကြီးပုဂ္ဂိုလ်များနှင့် မယှဉ်ပြိုင်ရဲကြပေ။

သို့သော်ငြား လက်လျှော့ထွက်ခွာသွားရန်လည်း ဆန္ဒမရှိကြသောကြောင့် ရလာမည့် အခွင့်အရေးတစ်ခုခုအား အမြတ်ထုတ်ရန် မျှော်လင့်လျက် ထိုနေရာတွင် နေနေကြ၏။

ထိုနေရာက တခြားနေရာများနှင့် နှိုင်းယှဉ်ပါက လုံခြုံပေသည်။

အဘယ်ကြောင့်ဆိုသော် မင်ဟောက်မြို့မှ မြို့အရှင် သည် မြို့စောင့်တပ်အင်အားအများအပြားနှင့်အတူ အနီးအနားတွင် စခန်းချထားကာ ထိုဧရိယာကို တင်းကျပ်စွာ စောင့်ကြည့်နေသောကြောင့်ဖြစ်၏။

မြို့အရှင်က အကြီးအကျယ်သတ်ဖြတ်မှုများကို ခွင့်မပြုပေ။

"အခြေအနေ ဘယ်လိုရှိလဲ"

ပုန်းကွယ်လို့ရသည့် ထောင့်တစ်နေရာတွင် အနက်ရောင်ဝတ်ရုံကို ဝတ်ထားသူတစ်ဦးသည် ချုံပုတ်ထဲတွင် ပုန်းအောင်းနေသော လူတစ်ဦးအား ချဉ်းကပ်ရင်း ပုတ်လိုက်လေသည်။

"ဘယ်သူလဲ!"

ချုံပုတ်ထဲမှလူသည် စူးရဲသောအကြည့်ကို ပြသလိုက်သော်လည်း နောက်တစ်ခဏတွင် အနက်ရောင်ဝတ်ရုံဝတ်ထားသူ၏ အော်ရာကို ခံစားမိသောအခါ ချက်ချင်းပင် ကြောက်လန့်သွားရ၏။

"အခုအချိန်ခဏမှာတော့ ထူးခြားတာ မရှိသေးပါဘူး"

သူ လည်ပင်းကိုကျုံ့၍ တုန်ရီစွာ ပြောလိုက်သည်။

"အင်း"

အနက်ရောင်ဝတ်ရုံဝတ်ထားသူက ခေါင်းညိတ်၍ ထိုလူ၏ လည်ပင်းနောက်ကျောကို ပေါ့ပေါ့ပါးပါး ပုတ် လိုက်ရာ ထိုလူက ချက်ချင်း သတိလစ်သွားလေ၏။

သူ ထိုလူအား အနည်းငယ် ဘေးဖယ်လိုက်ပြီးနောက် ချုံပုတ်ထဲတွင် ထိုင်ချကာ စတင်ချောင်းမြောင်းလိုက်သည်။

ထိုအနက်ရောင်ဝတ်ရုံဝတ်ထားသူမှာ ချင်ချွမ်း ဖြစ်၏။

သူ *စမ်းရေကို ဖြတ်တောက်ရန် ရောက်ရှိလာခြင်းဖြစ်သည်။

(T/N - အဓိပ္ပာယ်တွေ အများကြီးရှိပေမယ့် ဒီမှာတော့ သူ့ကိုယ်ပိုင်လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ တခြားလူတွေရဲ့ရည်ရွယ်မှုကို လိုက်ဖျက်ဆီးမယ်ဆိုတဲ့သဘောပါ)

သူ၏အပေါစားသားက အထဲ၌ တစ်စုံတစ်ဦးကို ပြစ်မှားခဲ့လျှင် သူသည် မီးထဲသို့ လောင်စာလောင်း၍ ထိုပဋိပက္ခကို မီးမွှေးပေးမည်မှာ အသေအချာပင်။

"အောင်မယ်လေး အောင်မယ်လေး၊ ဒီတစ်ခါတော့ ငါ နေရာမှန်ကို ရောက်လာခဲ့ပြီ၊ အရင်က မြင်ကွင်းကို ပြန်တွေးကြည့်ရင် သွေးဆူနေတုန်းပဲ!"

ထိုအချိန်၌ အနီးအနားက တစ်စုံတစ်ဦးက စတင်ဆွေးနွေးလာသည်။

"ဟုတ်တယ်...မထင်ထားမိဘူး၊ အမြဲတမ်းမာနကြီးပြီး အထက်စီးဆန်တဲ့ ဖုန်းမိသားစုသခင်လေးက တစ်စုံတစ်ဦးကြောင့် စကားမပြောနိုင်အောင်ကို အံ့အားသင့်သွားခဲ့တာ"

"အဲ့ဒီချင်ကျီက တော်တော်လေးသတ္တိရှိတယ်၊ ဖုန်းမိသားစုသခင်လေးကိုတောင် တကယ်ပြန်ပြောရဲတယ်၊ သူ ရလာမယ့်အကျိုးဆက်တွေကို စဉ်းစားမိရဲ့လားတော့ မသိဘူး"

"သူ သေဖို့ များတယ်လို့ ငါ ထင်တယ်၊ အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်၊ ထိပ်တန်းအဆင့်ရှိတဲ့ ဖုန်းမိသားစုမှာ ပြင်းပြတဲ့စိတ်နေစိတ်ထားရှိတယ်၊ သူတို့က ရန်လာစတာကို ဘယ်လိုလုပ် သည်းခံနိုင်မှာလဲ"

"သနားစရာကောင်းလိုက်တာ၊ ရန်စစော်ကားတဲ့နေရာမှာ ဒီလောက်တော်တဲ့သူကို ကျုပ်ဘဝမှာ ပထမဆုံး မြင်ဖူးတာပဲ၊ သူ မသေသေးသရွေ့ နှုတ်နဲ့တိုက်ခိုက်ခြင်းနယ်ပယ်မှာ နေရာတစ်နေရာရမှာ သေချာတယ်"

"ပြောရရင် ရန်စစော်ကားနိုင်တာကလည်း ပညာတစ်မျိုးပဲ၊ သူ့ကို တစ်ယောက်ယောက်ကပဲ သင်ပေးခဲ့တာလား၊ ဒါမှမဟုတ် သူကိုယ်တိုင် သင်ခဲ့တာလား မသိဘူး၊ သူ အသက်ရှင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"

ထိုလူများက သူတို့ အချင်းချင်း ဆွေးနွေးနေကြသည်။

ချင်ချွမ်းသည် သူတို့၏စကားလုံးများကို တိတ်ဆိတ်စွာ နားထောင်နေပြီးနောက် သူ၏သိုလှောင်လက်စွပ်ထဲမှ ဖုန်းမိသားစုသခင်လေး အကြောင်းပါသည့် သတင်းအချက်အလက်တစ်ခုကို ထုတ်ယူလိုက်လေ၏။

ဖုန်းမိသားစုသခင်လေး၏နာမည်က ဖုန်းဟောက် ဖြစ်သည်။

ထိုလူမှာ ထူးခြားသော ပါရမီရှိ၏။ ဆယ့်ရှစ်နှစ်မှာ မူလဒန်နယ်ပယ်၏နဝမအဆင့်ကို ရောက်ရှိနေပြီး သိုင်းပညာမျိုးစုံကို လေ့ကျင့်ထားကာ အားကောင်းသည့် တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားသည်။

ဖုန်းဟောက်၏ဖခင်သည် ဖုန်းမိသားစု၏ မိသားစုခေါင်းဆောင်ဖြစ်ပြီး ဖုန်းချန်းဟု ခေါ်လေ၏။ သူ့သိုင်းပညာက အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်၊ ဆဋ္ဌမအဆင့်ကို ရောက်ရှိနေပြီး ဖုန်းဟောက်အပေါ်၌ မျှော်လင့်ချက်ကြီးကြီးမားမား ရှိထားသည်။

ဖုန်းမိသားစုတွင် အားအကောင်းဆုံးက ဖုန်းဟောက်၏အဘိုးဖြစ်ပြီး ဖုန်းလန်ဟု ခေါ်၏။ သူ့သိုင်းပညာက အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်၊ နဝမအဆင့်ကို ရောက်ရှိနေသည်။

စိတ်ဝင်စားစရာကောင်းသည်မှာ...

ဖုန်းလန်က သူ့မြေးကို မျက်နှာသာမပေးပေ။ အကြောင်းမှာ ဖုန်းဟောက်၏အမေက အဆင့်နိမ့်သော ကချေသည်တစ်ယောက် ဖြစ်လို့ပင်။

သူ့အမြင်၌ ဖုန်းဟောက်၏မွေးဖွားခြင်းက အမှားတစ်ခု၊ ဟာသတစ်ခုထက် မပိုပေ။

သို့သော်ငြား ဖုန်းဟောက်က ဖုန်းမိသားစု၏သွေးသားဖြစ်ပြီး ပါရမီကလည်း သင့်လျော်သည့်အတွက် ဖုန်းချန်းအား သူ့သားကို ဖုန်းမိသားစုသခင်လေးအဖြစ် ပျိုးထောင်ခွင့်ပေးခဲ့၏။

သို့သော်ငြား မိသားစုကြား ချစ်ခင်မှုကတော့ လုံးဝမရှိပေ။

"အဘိုးနဲ့မြေးကြားက ပဋိပက္ခ… ဒါက နည်းနည်းတော့ ပြဿနာရှိတယ်"

ချင်ချွမ်း မျက်မှောင်ကြုတ်လိုက်သည်။

သူသည် အလွန်အလိုလိုက်ခံရသော လူဆိုးလေးများကို ပိုကြိုက်၏။ ထိုမှသာ လူဆိုးလေးအား ရှင်းပစ်လိုက်သည်နှင့် လူဆိုးလေးမိသားစုတစ်ခုလုံးက ဒေါသပေါက်ကွဲကြလိမ့်မည်။

ဤအခြေအနေ၌...

သူ၏အပေါစားသားက ဖုန်းဟောက်ကို ရှင်းပစ်လိုက်လျှင် ဖုန်းဟောက်၏အဖေက ဒေါသထွက်လိမ့်မည်။ သို့သော် ဖုန်းဟောက်၏အဘိုးကတော့ လက်ခုပ်တောင် တီးနေဦးမည်။

အပေါစားသားက ဖုန်းဟောက်အဘိုးဆီက ရန်ငြိုးကို မစုဆောင်းနိုင်ပေ။ ထိုအရာက ချင်ချွမ်းအား အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်၊ နဝမအဆင့်ကိုချိုးဖောက်နိုင်ရန် အတားအဆီးဖြစ်နေသည်။

ထို့အပြင် သူက ဖုန်းဟောက်၏အဖေကို ဖျက်ဆီးရန် ထွက်လာခဲ့လျှင် ဖုန်းဟောက်၏အဘိုးက သေချာပေါက် ဒေါသထွက်သွားကာ သူ့ကို ပစ်မှတ်ထားလာလိမ့်မည်။

ရန်သူက သူ့သားကို ပစ်မှတ်မထားခဲ့လျှင် စနစ်က သူ၏သိုင်းပညာအဆင့်ကို မြှင့်တင်ပေးရန် အကူအညီမပေးနိုင်ပေ။ ထိုအရာက အလွန်ပြဿနာရှိပေ၏။

"ဟင်း~~လောကကြီးက ဆုတ်ယုတ်နေပြီပဲ"

သူ စိတ်ထဲကနေ သက်ပြင်းချမိသည်။

ဝတ္ထုများတွင် ဇာတ်လိုက်၏မိသားစုက အမြဲတမ်းပြိုကွဲနေပြီး မိသားစုအတွင်းပဋိပက္ခများဖြင့် ပြည့်နေတတ်၏။ သို့သော်ငြား လူဆိုးများ၏ မိသားစုကတော့ စည်းလုံးညီညွတ်ကာ သူတို့၏စိတ်နှလုံးများအားလုံးက တူညီနေတတ်သည်။

သို့သော်ငြား ယခုတွင် လူဆိုး၏မိသားစုက ဘောက်မဲ့ကြောင့် ပြိုကွဲနေသနည်း။

"စနစ် ငါ့ရဲ့သိုင်းပညာအဆင့်က အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်၊ ဆဋ္ဌမအဆင့်ကို ရောက်နေရင် နဝမအဆင့်နဲ့ ယှဉ်ပြိုင်လို့ရနိုင်လား"

ချင်ချွမ်းသည် စိတ်ထဲကနေ တိတ်တဆိတ် မေးမြန်းမိ၏။

"ဒင်! လက်ခံသူရဲ့ သိုင်းပညာအဆင့်မြင့်တက်လာတာနဲ့အမျှ မင်းက အဆင့်တူနယ်ပယ်မှာ မရှုံးနိမ့်နိုင်တော့ဘူး၊ အဆင့်တူအားလုံးကို အပြည့်အဝချေမှုန်းနိုင်မယ့် နက်ရှိုင်းတဲ့ခွန်အားကို ပိုင်ဆိုင်မှာ ဖြစ်တယ်၊ ယေဘုယျအားဖြင့် အဆင့်ငယ်နှစ်ဆင့် ဒါမှမဟုတ် သုံးဆင့်ကို ကျော်ပြီး တိုက်ခိုက်ရင်တောင် ပြဿနာမရှိဘူး"

"သေချာတာကတော့ စနစ်က အဆင့်တူနယ်ပယ် အတွင်းမှာ မရှုံးနိမ့်နိုင်ဖို့ကိုပဲ အာမခံနိုင်ပါတယ်"

"အကယ်၍ ပြိုင်ဘက်ရဲ့သိုင်းပညာက မင်းထက် သာ ပြီး သူ့ဆီမှာ အစွမ်းထက်ရတနာတွေ ဒါမှမဟုတ် ထူးခြားတဲ့သိုင်းပညာတွေ၊ လျှို့ဝှက်နည်းဖြစ်တဲ့ အဆင့်မြှင့်တင်နိုင်စွမ်းတွေပါ ရှိနေရင် မင်း ရှုံးနိမ့်သွားနိုင်တယ်"

စနစ်က ပြန်လည်ဖြေကြားလာသည်။

ချင်ချွမ်းသည် ထိုစကားကိုကြားသောအခါ အသက်ပြင်းပြင်းရှူသွင်းလိုက်မိ၏။

သူက လုံးဝကို ပြိုင်ဘက်ကင်း ဖြစ်ရမည်။

မသေချာသောတိုက်ပွဲကို လက်ခံလို့မရပေ။

တိုက်ခိုက်မှုတိုင်းကို လုံးဝလွှမ်းမိုးစွာ လုပ်ဆောင်ရမည်။ အကြောင်းမှာ ထိုနည်းလမ်းဖြင့်သာ ပြိုင်ဘက်ကင်းအင်အားကြီးပုဂ္ဂိုလ်၏ ပုံရိပ်ကို ထိန်းသိမ်းထားနိုင်သောကြောင့်ဖြစ်သည်။

သူ ထိုပုံရိပ်ကို မဖြစ်မနေ ထိန်းသိမ်းရမည်။

မဟုတ်ပါက အပေါစားသားသည် သူ့ကို မယုံတော့သောကြောင့် နောင်အခါတွင် ပြဿနာများ ဖန်တီးရဲတော့မည်မဟုတ်ပေ။

ထိုကောင်ကလေးက စိတ်ရင်းကောင်းပြီး အနည်းငယ် ကြောက်ရွံ့တတ်လေ၏။ သူ့အတွက် သတ္တိရှိလာရန်မှာ မလွယ်ကူခဲ့ပေ။ ပြိုင်ဘက်ကင်းသည်ဟု ထင်ရသော သူ့အဖေသည် စက္ကူကျားတစ်ကောင်သာဖြစ်ကြောင်း သိရှိသွားပါက… အကျိုးဆက်များကို စိတ်ကူး၍ပင် မရနိုင်ပေ။

သူ့သား၏ သတ္တိ၊ ကိုယ်ကျင့်သိက္ခာနှင့် ယုံကြည်မှု အုတ်မြစ်များက ချက်ချင်း ပြိုလဲသွားပြီး လုံးဝကြောက်တတ်သော လူတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားနိုင်ပေသည်။

ထိုအချိန်ကျလျှင် သူ့သားက အလွန်အမင်းကြောက်ရွံ့ သွားပြီး လူတစ်ဦးဦးကို တိုက်မိရုံဖြင့် တောင်းပန်နေမည်ဖြစ်ပြီး အပြင်ထွက်ရန်ပင် ကြောက်ရွံ့ကာ အိမ်တွင် ပုန်းအောင်းနေပေလိမ့်မည်။

ထိုသို့ဖြစ်ပါက သူ လုပ်ဆောင်ခဲ့သမျှသည် အလွန်အမင်း အလဟဿဖြစ်သွားပေလိမ့်မည်။

ထို့ကြောင့် သူ သတိကြီးကြီးထားရမည်။ လုံးဝ သေချာမှုမရှိဘဲ မလှုပ်ရှားသင့်ပေ။

သူ စတင် စဉ်းစားကာ မျက်လုံးမှေးကျဥ်းလျက် တွက်ချက်လိုက်သည်။

ရန်သူတစ်ဦး ပေါ်လာလျှင် သားဖြစ်သူကို အရင်ကိုင်တွယ်ခိုင်းတာက အကောင်းဆုံးပင်။

"သူ တကယ် မနိုင်တော့ဘူးဆိုမှ ငါ နောက်ကွယ်ကနေ လျှို့ဝှက်ပြီး ပြီးဆုံးအောင် လုပ်ပေးလိုက်မယ်၊ ပြီးရင် သူ့ဘက် ပြန်လှည့်ပေးလိုက်မယ်"

ထိုစီမံကိန်းရှိသွားသောအခါမှသာ သူ စိတ်သက်သာရာ ရသွားခဲ့ပြီး စဥ်းလဲသော အပြုံးတစ်ခုက သူ့မျက်နှာပေါ်၌ တဖြည်းဖြည်း ပေါ်လာလေ၏။

"ဘုန်း!!"

ထိုအခိုက်အတန့်တွင် ဂူသင်္ချိုင်း၏ မှောင်မဲနေသောဝင်ပေါက်မှ အသံခပ်အုပ်အုပ်တစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် နီမြန်းနေသောအလင်းရောင်တစ်ခုက ပစ်ထွက်လာပြီး ကောင်းကင်သို့ ဦးတည်သွားလေ၏။

၎င်းမှာ အိမ်ခြေရာမဲ့ခွေးတစ်ကောင်ကဲ့သို့ လျင်မြန်လှသည်။

"ချင်ကျီ ငါ ဖုန်းဟောက်က မင်းကို အပိုင်းပိုင်းဆုတ်ဖြဲပစ်မယ်လို့ ကျိန်ဆိုတယ်!"

ထိုအနီရောင်အလင်း၏ အထဲမှ ရူးသွပ်စွာ ဒေါသထွက်နေသော အော်သံတစ်ခု ထွက်ပေါ်လာ၏။

ချင်ချွမ်း မော့ကြည့်လိုက်ရာ နီမြန်းနေသောအလင်းရောင်အတွင်းတွင် လူပုံသဏ္ဍာန်နှစ်ခု ရှိနေသည်။ အဘိုးအိုတစ်ဦးက လူငယ်တစ်ဦးအား ခေါ်ဆောင်၍ ထွက်ပြေးနေခြင်းဖြစ်၏။

"ဒါဆိုရင် ငါ မင်းကို အခုချက်ချင်း ဖျက်ဆီးပေးရတာပေါ့"

ဩဇာရှိသောအသံတစ်ခုက ပဲ့တင်သံထပ်လာသည်။ နောက်ထပ်အနီရောင်အလင်းတစ်ခုက ပြေးထွက်လာပြီး ထိုလူသည် ချင်ကျီဖြစ်နေလေ၏။

ထိုအချိန်တွင် ချင်ကျီ၏ ဆံပင်က ရှည်လျားလာပြီး ထူးဆန်းသော ရွှေရောင်အဖြစ်သို့ ပြောင်းလဲသွားကာသူ၏အော်ရာအား ပို၍ပင် နတ်ဘုရားဆန်လာစေသည်။

"အဘိုးအို ဝိညာဉ်ဝင်နေတာလား"

ချင်ချွမ်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားလေ၏။

ပုံမှန်အားဖြင့် အဘိုးအိုဝိညာဉ် ဝင်သွားသောအခါဆယ်ကျော်သက်လေး၏ ဆံပင်သည် ရှည်လျားလာပြီး အဘိုး၏ဆံပင်အရောင်သို့ ပြောင်းလဲသွားတတ်သည်။

"ငါ့သားရဲ့အဘိုးအိုက ရွှေရောင်ဆံပင်နဲ့လား"

ချင်ချွမ်း မျက်မှောင်ကြုတ်လိုက်မိ၏။ ရွှေရောင်ဆံပင် ရှိသော လက်စွပ်ထဲရှိ အဘိုးအိုက နည်းနည်းတော့ ပုံမှန်မဟုတ်သလို သူ ခံစားရသည်။

အဘိုးအိုတွေမှာ ဆံပင်ဖြူ ရှိနေသင့်တာ မဟုတ်ဘူးလား။

"ဖြစ်နိုင်တာက… ငါ တစ်ချိန်လုံး မှားပြီး တွေးနေခဲ့တာလား၊ ဆံပင်ဖြူအဘိုးအို မဟုတ်ဘဲ ရွှေရောင်ဆံပင်ရှိတဲ့ ရုပ်ချောချောယောကျ်ား ဒါမှမဟုတ် ရွှေရောင်ဆံပင်ရှိတဲ့ အလှလေးများလား"

ချင်ချွမ်း၏ မျက်လုံးများက ပြူးကျယ်သွားရ၏။

သေချာစဉ်းစားကြည့်တော့ ဖြစ်နိုင်ပေသည်။ အဘိုးအိုများကသာ အသုံးမကျသော စတင်လေ့ကျင့်သူများအတွက် ဆရာဖြစ်နိုင်သည်ဟု မည်သူက ပြောခဲ့သနည်း။

ယခင်ကမ္ဘာမြေပေါ်တွင်လည်း ဆွဲဆောင်မှုရှိကာ လှပ သော ဆရာမများက လူငယ်များကို ပညာသင်ပေးခဲ့ကြသည် မဟုတ်ပါလော။

"ငါ စစ်ဆေးရမယ်၊ အဲ့ဒီ ဖုန်းမိသားစုကောင်လေးကို ထွက်ပြေးခွင့်မပေးနိုင်ဘူး၊ မဟုတ်ရင် ဒီ ရန်ငြိုးက အချိန်ကြာမြင့်သွားလိမ့်မယ်"

ထိုအကြောင်းကို တွေးလိုက်သည်နှင့် သူ ကိုယ်ဖျောက် ကာ အနီရောင်အလင်းတန်းနှစ်ခုဆီသို့ လျင်မြန်စွာပြေးသွားလိုက်၏။

သူတို့က ကောင်းကင်ယံတွင် ပျံသန်းနေပြီး သူကတော့ တောအုပ်ထဲ၌ ပြေးနေသည်။ သူ့အရှိန်အဟုန် ဖြင့် အလွယ်တကူ အမီလိုက်နိုင်ပေ၏။

ကောင်းကင်ယံတွင် အနီရောင်အလင်းတန်းနှစ်ခုက လျင်မြန်စွာ ပျံသန်းနေသော်လည်း သူတို့၏ အကွာအဝေးမှာ နီးကပ်လာပြီး ထွက်ပြေးလာသူများမှာ ပို၍ စိုးရိမ်ပူပန်လာကြသည်။

"ချင်ကျီ မင်း ငါ့ကို အလွန်အကျွံ အနိုင်မကျင့်နဲ့!"

ဖုန်းဟောက်က နောက်ပြန်လှည့်ကြည့်၍ ပြော၏။ သူ့မျက်လုံးများက နီရဲနေလေသည်။

သူ့နှလုံးသားထဲတွင် လိုက်လံဖမ်းဆီးခြင်းခံရသော ထိတ်လန့်မှု သာမက ရှုံးနိမ့်ရခြင်း ၏ နာကြည်းမှု၊ ရှက်ရွံ့မှု နှင့် မုန်းတီးမှု များလည်း ပါဝင်နေ၏။

သူသည် အရှက်ရခဲ့ရုံသာမက အသက်အန္တရာယ် ဖြင့်လည်း ရင်ဆိုင်နေရသည်။ မတိုင်ခင်က သူ ချင်ကျီကို မသတ်ခဲ့မိသည့်အတွက် နောင်တရနေ၏။

ထိုစဉ်က သူသာ ပို၍ပြတ်သားခဲ့ပါက မင်ဟောက်မြို့ မှ မြို့အရှင်ပင်လျှင် ဝင်ရောက်စွက်ဖက်ရဲလိမ့်မည်မဟုတ်ပေ။

"ဟက် မင်းက ဒီစကားပြောနိုင်လောက်တဲ့အထိ မျက်နှာပြောင်တိုက်ရဲသေးတာပဲ"

ချင်ကျီက လှောင်ပြောင်လာသည်။

"ဂူသင်္ချိုင်းအပြင်မှာတုန်းက မင်းက မာနတစ်ခွဲသားနဲ့ ရပ်နေပြီး သဘောထားလေး မတိုက်ဆိုင်တာနဲ့ ငါ့ကို သတ်ဖို့ ကြိုးစားခဲ့တယ်၊ မြို့အရှင်ပိုင်ရဲ့မျက်နှာ ကြောင့် ငါ ဒါကို လျစ်လျူရှုပေးခဲ့တယ်"

"ဂူသင်္ချိုင်းထဲမှာ လူတိုင်းက အစီအရင်ကြောင့် ပိတ်မိ နေလို့ ဖြိုခွဲဖို့အတွက် ငါ လှုပ်ရှားပေးခဲ့တယ်၊ ဒါတောင်မှ မင်းက ကျေးဇူးမသိတတ်ဘဲ ငါ့ကို နောက်ကျောကနေပြီးတော့ သတ်ဖြတ်ရေးအစီအရင်ဗဟိုထဲကို တွန်းပို့ခဲ့တယ်!"

"ငါက ကံမကောင်းမှုကို ကောင်းချီးအဖြစ် ပြောင်းခဲ့လို့ အစီအရင်ဗဟိုထဲမှာ ကံကောင်းမှု ရခဲ့တယ်၊ ရတနာအတွက်နဲ့ မင်းက နောက်တစ်ကြိမ်မှာ မင်းရဲ့အစေခံအဘိုးကြီးကို ခေါ်လာပြီး ငါ့ကို ချောင်းမြောင်းတိုက်ခိုက်ခဲ့တယ်"

"ဘယ်သူက အလွန်အကျွံ အနိုင်ကျင့်နေတာလဲ!!"

ချင်ကျီက နောက်တစ်ကြိမ် အရှိန်မြှင့်လိုက်လေသည်။ သူ့မျက်လုံးများမှ ထက်ရှသောအလင်းများ ပစ်လွှတ် လိုက်ကာ...

"မင်းလိုအမှိုက်မျိုးကို အကြိမ်တစ်ရာ သတ်ပစ်ရင်တောင် မလွန်သေးဘူး!!"

"မင်း!!"

ဖုန်းဟောက်သည် ပြန်ပြောချင်သော်လည်း စကားမပြောနိုင် ဖြစ်နေလေ၏။

ထိုအချိန်တွင် ဖုန်းဟောက်ကို သယ်ဆောင်လာသော အဘိုးအို၏ မျက်လုံးများက ရုတ်ချည်းပင် ရက်စက်သောအရောင်တစ်ခုဖြင့် လင်းလက်သွားခဲ့ပြီး ပြင်းထန်စွာ ဟိန်းဟောက်လိုက်လေသည်။

"သွေးအတတ်!"

နောက်တစ်ခဏတွင် သူ့ပတ်ပတ်လည်၌ နီရဲသော သွေးအလင်းတစ်ခုက ပေါက်ကွဲထွက်လာပြီး သူ့အရှိန်အဟုန်ကို ငါးဆကျော် မြှင့်တင်ပေးလိုက်လေ၏။

All Chapters