ရွှေရောင်ဆံပင်ပိုင်ရှင်အမျိုးသမီးက ထပ်ပြီး အထိနာသွားပြန်ပြီ
Vol. 2 Ch. 29
"ဝှစ်!"
အဘိုးအို၏ အမြန်နှုန်းက ရုတ်တရက် မြင့်တက်သွားပြီး တစ်ခဏချင်းပင် ဖုန်းဟောက်အား အဝေးသို့ သယ်ဆောင်သွားကာ လျှပ်တစ်ပြက်မီးတောက်ကဲ့သို့ မိုးကုတ်စက်ဝိုင်းထဲ၌ ပျောက်ကွယ်သွားလေသည်။
"ဒါက…"
ချင်ကျီသည် ခဏတာမျှ ကြောင်သွားခဲ့ပြီး သူ့စိတ်ထဲ၌ မေးလိုက်၏။
"ဆရာ ကျွန်တော်တို့… ဆက်လိုက်သင့်လား"
"အာ...ထားလိုက်ပါတော့၊ ငါ့ရဲ့စိတ်ဝိညာဉ်စွမ်းအင်က နည်းနည်းပဲ ပြန်ကောင်းသေးတယ်၊ အခု ထပ်ပြီး ကုန် သွားပြန်ပြီ"
ရွှေရောင်ဆံပင်ပိုင်ရှင်အမျိုးသမီး၏အသံက ကူကယ်ရာမဲ့စွာ ထွက်ပေါ်လာလေသည်။
ချင်ကျီသည် အံ့အားသင့်သွားပြီးမှ အပြစ်ရှိစွာ ခေါင်းငုံ့လိုက်၏။
"ဆရာ ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော် အရမ်းစိတ်မြန်လက်မြန် လုပ်ခဲ့မိတယ်"
သူ့ဆရာ၏ စိတ်ဝိညာဉ်စွမ်းအင်က ပြန်ကောင်းမွန်ရန် အင်မတန်ခက်ခဲသည်ဆိုတာကို သူသိသည်။ ဤတစ်ကြိမ်တွင် သူမသည် စိတ်ဝိညာဥ်စွမ်းအင် ပြန်ကောင်းမွန်စေသော ဆေးဖက်ဝင်အပင်အချို့ကို ဂူသင်္ချိုင်းထဲ၌ ပင်ပန်းကြီးစွာ ရှာဖွေခဲ့ရ၏။ သို့သော်ငြား ဖုန်းဟောက်ကို လိုက်လံဖမ်းဆီးရာ၌ ထပ်မံကုန်ဆုံးခဲ့ရပြန်သည်။
"အပြစ်ရှိတယ်လို့ မခံစားပါနဲ့၊ ငါက မင်းရဲ့ဆရာလေ၊ ဝင်လှုပ်ရှားရတော့မယ့်အချိန်မှာ ငါ ရပ်ကြည့်နေလို့ မရဘူး"
ရွှေရောင်ဆံပင်ပိုင်ရှင်အမျိုးသမီးက ခေါင်းခါယမ်း၍ အနည်းငယ် စနောက်သည့်လေသံဖြင့် နှစ်သိမ့်ပေးလေ၏။
"ဒါ့အပြင်… မင်း တစ်ခုခုဖြစ်သွားရင် မင်းအဖေက ငါ့ကို အလွယ်တကူ လွှတ်ပေးမှာ မဟုတ်ဘူး"
ထိုစကားကိုကြားသောအခါ ချင်ကျီ၏မျက်လုံးများက လင်းလက်သွားသည်။
"အိုး! ဟုတ်သားပဲ! ကျွန်တော့်အဖေ...ကျွန်တော့်အဖေ က အရမ်းအစွမ်းထက်တာ၊ သူက ဆရာရဲ့စိတ်ဝိညာဉ်စွမ်းအင်ကို ပြန်ကောင်းမွန်လာအောင် ကူညီပေးနိုင်မယ် မဟုတ်လား"
ချင်ကျီက စိတ်လှုပ်ရှားစွာ မေး၏။
ရွှေရောင်ဆံပင်ပိုင်ရှင်အမျိုးသမီးက အပြုံးတစ်ခုဖြင့် ခေါင်းခါယမ်းလာပြီး နက်နဲသောအဓိပ္ပာယ်ဖြင့် ပြောလာသည်။
"အဲ့ဒီအကြောင်း မတွေးနဲ့၊ သူက အဲ့ဒီလို လုပ်ပေးမှာ မဟုတ်ဘူး"
"ဘာလို့လဲ"
ချင်ကျီမှာ စိတ်ရှုပ်ထွေးစွာ မေးမိ၏။
"မင်းအဖေက မင်းကို အရာအားလုံး ပွင့်ပွင့်လင်းလင်းပြောပြခဲ့တဲ့ ညကို မှတ်မိသေးလား"
ရွှေရောင်ဆံပင်ပိုင်ရှင်အမျိုးသမီးက ပြုး၍ မေးလာသည်။
ချင်ကျီက တွေးနေစဉ် ရွှေရောင်ဆံပင်ပိုင်ရှင်အမျိုးသမီးက ဆက်လက် ပြောပြလေ၏။
"သူ ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်၊ ငါက မင်းကို အားကောင်းတဲ့လူတစ်ယောက်ဖြစ်အောင် လေ့ကျင့် ပေးရမယ်၊ ပြီးတော့မှ မင်းက နောင်အခါမှာ ငါ့ကို ပြန်ရှင်သန်နိုင်အောင် ကူညီရမယ်၊ ဒါက ငါတို့ရဲ့ သဘောတူညီချက်ပဲ"
"ပြီးတော့ သူ… သူက သူ့သဘောထားကို အဲ့ဒီတုန်းက ရှင်းရှင်းလင်းလင်း ပြထားခဲ့တယ်၊ သူက မျက်မြင်သက်သေတစ်ဦးသက်သက်ပဲ၊ ငါတို့ရဲ့ သဘောတူညီချက်ကို မျက်မြင်သက်သေအဖြစ်ပဲ ပါဝင်ခဲ့တာ"
ချင်ကျီလည်း ယောင်ဝါးဝါး နားလည်သွားသည်။
"ဒါက ကျွန်တော်တို့ကြားက သဘောတူညီချက် ဖြစ်တဲ့အတွက် မျက်မြင်သက်သေတစ်ယောက်ရဲ့တာဝန်က ဘာလဲ"
ရွှေရောင်ဆံပင်ပိုင်ရှင်အမျိုးသမီးက ခဏတာမျှ တိတ်ဆိတ်သွားလေ၏။
ထို့နောက် သူမ၏လှပသောမျက်နှာပေါ်တွင် ခါးသီးနေသော အပြုံးတစ်ခု ပေါ်လာသည်။
"ဒီမျက်မြင်သက်သေကြောင့် ငါတို့နှစ်ယောက်စလုံးက ဒီသဘောတူညီချက်ကို မချိုးဖောက်နိုင်ဘူး"
"မင်း အားကောင်းလာပြီးနောက်ပိုင်း ငါ့ကို ပြန်ရှင်သန်အောင်မလုပ်ပေးခဲ့ရင် သူ မင်းကို အပြစ်ပေးမလား မပေးဘူးလားဆိုတာ ငါ မပြောနိုင်ဘူး၊ ဒါပေမယ့် ငါက မင်းကို ကောင်းကောင်းမသင်ပေးတာမျိုး ဒါမှမဟုတ် မင်းကို စွန့်ပစ်ခဲ့တာမျိုးဆိုရင် ငါ့အတွက်ကတော့ ဆိုးရွားတဲ့အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရနိုင်တယ်"
ထိုစကားကိုကြားပြီးနောက် ချင်ကျီ၏မျက်နှာက အနည်းငယ် တွန့်သွားလေ၏။
သူ့ဆရာက သူ့အဖေရဲ့ခြိမ်းခြောက်မှုကို တကယ် ခံခဲ့ရတာလား။
သူ အသက်ပြင်းပြင်း ရှူသွင်း၍ ရိုးသားစွာ ပြောလိုက်သည်။
"ဆရာ စိတ်မပူပါနဲ့၊ ကျွန်တော် ဆရာ့ကို ကတိပေးထားတဲ့အတိုင်း သေချာပေါက် ဖြည့်ဆည်းပေးပါ့မယ်!"
"ကျွန်တော် ချင်ကျီမှာ အရည်အသွေးအများကြီး မရှိ ပေမယ့် ပြောထားတဲ့စကားအတိုင်း လုပ်ကိုလုပ်ပါတယ်၊ ကျွန်တော့်အပေါ် ကောင်းတဲ့သူတွေကို ကျွန်တော် ဘယ်တော့မှ မျက်နှာပျက်ရအောင် မလုပ်ပါဘူး"
ရွှေရောင်ဆံပင်ပိုင်ရှင်အမျိုးသမီးက ကျေနပ်စွာခေါင်းညိတ်၍ ကြင်နာစွာ ပြောလိုက်သည်။
"မင်းရဲ့စိတ်နေသဘောထားကို ငါသိပါတယ်၊ မဟုတ်ရင် ငါ မင်းကို တပည့်အဖြစ် လက်ခံမှာ မဟုတ်ဘူး"
"ချင်ကျီ!"
ထိုအချိန်၌ ရွှေရောင်အလင်းတန်းတစ်ခုက မယုံနိုင်စရာကောင်းလောက်သော လျင်မြန်သည့်နှုန်းဖြင့် လေထဲသို့ ထိုးဖောက်ဝင်ရောက်လာလေ၏။ သူက မင်ဟောက်မြို့၏ မြို့အရှင်ပိုင်ချန်ပင်။
"မြို့အရှင်ပိုင်"
ချင်ကျီလည်း လေးစားစွာ ခေါ်လိုက်သည်။
"ဘာတွေ ဖြစ်နေတာလဲ၊ ဖုန်းဟောက်ကရော ဘယ်မှာလဲ"
ပိုင်ချန်က စိတ်လှုပ်ရှားမှုတစ်ချို့ဖြင့် မေးလာ၏။ ဖုန်းဟောက်အား ဒီကောင်လေးက တကယ်သတ်လိုက်လျှင် ပြဿနာကြီးကြီးမားမား ရှိလာနိုင်သည်။
"သူ ထွက်ပြေးသွားပြီ"
ချင်ကျီက ပေါ့ပါးစွာ ပြန်ဖြေ၏။
သို့သော် ချင်ကျီမှ ပေါ့ပေါ့ပါးပါး ပြန်ပြောလေ ပိုင်ချန်၏ ယုံကြည်မှုက နည်းလာလေ ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူတို့နှစ်ယောက်သည် မတိုင်ခင်ကလည်း သေရေးရှင်းရေး ရန်ဖြစ်ခဲ့ကြသေး၏။
"တကယ်လား"
ပိုင်ချန်တစ်ယောက် မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
"တကယ်ပါ"
ချင်ကျီလည်း ပွင့်ပွင့်လင်းလင်း ဖြေပေ၏။
ပိုင်ချန်သည် သူ့မျက်လုံးများကို ကြည့်လိုက်သော်ငြား ပုံမှန်မဟုတ်နေခြင်းများကို မတွေ့ခဲ့ရပေ။ ထို့ကြောင့် သူ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။
ဒီအတိုင်း ထားလိုက်ပါတော့။
ချင်ကျီ မသေသရွေ့ သူ ညီလေးချင်ကို ပေးထားခဲ့သော ကတိကို တည်နိုင်သေး၏။
ချင်ကျီ လူသတ်ခဲ့လား ဆိုတာကိုတော့…
ဘယ်သူက စိတ်ဝင်စားမည်နည်း။
ထိုအရာက သူ့ကိစ္စ မဟုတ်ပေ။
သူ ညီလေးချင်ကိုသာ စိတ်ပူခိုင်းလိုက်မည်။
သူ၏အလိုလိုသိစိတ်အရ ညီလေးချင်က တော်တော်လေး အစွမ်းထက်သည်။ ဖုန်းမိသားစုကို ကိုင်တွယ်စီမံနိုင်လောက်၏။
တကယ်လို့ မကိုင်တွယ်နိုင်လျှင်လည်း ထိုကိစ္စက သူနှင့် မဆိုင်တော့ပေ။ ဒီတစ်ခါ လူမှုဆက်ဆံရေး၌ ရင်းနှီးမြှုပ်နှံခြင်းက မအောင်မြင်ဘူးဟု မှတ်ယူလိုက်လို့ရသည်။
"ချင်ကျီ မင်းရဲ့သိုင်းပညာအဆင့်ကရော ဘယ်လိုဖြစ်တာလဲ"
ထိုအချိန်၌ ပိုင်ချန်သည် ဒုတိယအရေးကြီးဆုံးမေးခွန်း ကို နောက်ဆုံးမှာ မေးမြန်းလိုက်လေ၏။
"တားမြစ်ပညာပါ၊ ဒါက တားမြစ်ပညာကြောင့်ပါ၊ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ…"
ထိုအထိ ပြောပြီးနောက် သူ့ပတ်ပတ်လည်ရှိ အားကောင်းသော အော်ရာများသည် လျင်မြန်စွာ အားနည်းသွားခဲ့သည်။ သူ့မျက်လုံးများက နောက်ပြန်လန်သွားခဲ့ပြီး သူ့ခန္ဓာကိုယ်က ပျော့ခွေကျသွားလေ၏။
ပိုင်ချန်လည်း သူ့ကို ဖမ်းဆွဲရန် အမြန်လက်လှမ်းလိုက်ရသည်။
"မူလဒန်နယ်ပယ်ကနေ သန့်စင်သောယန်နယ်ပယ်ရဲ့ ထိပ်ဆုံးအထိ မြှင့်တင်နိုင်တာ၊ ကျစ်! ကျစ်! ကျစ်! ဒီ လိုတားမြစ်ပညာက ဘယ်အဆင့်မှာရှိတာလဲ…ညီလေးချင် ခင်ဗျားက တကယ်ပဲ ဘယ်သူလဲ"
သူ အသက်ပြင်းပြင်းရှူသွင်းလိုက်မိ၏။ ချင်ချွမ်း အပေါ်၌ သူ့၏သိချင်စိတ်နှင့် လေးစားမှုက အလိုလိုပင် ပို၍နက်ရှိုင်းလာခဲ့သည်။
...
တောတောင်တစ်ခုအတွင်းတွင်။
"ဒုန်း!"
အနီရောင်အလင်းတန်းတစ်ခုက ဥက္ကာခဲတစ်ခုကဲ့သို့ ပြုတ်ကျလာလေ၏။ ထိုတုန်ယင်မှုလှိုင်းက ငါးမီတာအတွင်းရှိ သစ်ပင်များကို ဖျက်ဆီးပစ်၍ မြေပြင်ပေါ်တွင် ကျင်းကြီးတစ်ခု ဖြစ်ပေါ်စေခဲ့သည်။
"အဟွတ်! အဟွတ်! အဟွတ်!"
ထိုကျင်းထဲမှ ချောင်းဆိုးသံတစ်ခု ထွက်ပေါ်လာလေ၏။ ၎င်းမှာ ဖုန်းဟောက်နှင့်အတူ ထွက်ပြေးခဲ့သော အဘိုးအိုထံမှ ဖြစ်ပြီး မြေပြင်ပေါ်တွင် ထိုင်လျက် သွေးအန်နေလေသည်။
ဖုန်းဟောက်က ထိုအဘိုးအိုအား စိုးရိမ်တကြီးပွေ့ဖက်ထားပြီး အော်နေ၏။
"အဘိုးလု ဘယ်လိုနေလဲ!"
ချင်ကျီ လိုက်မီလာမည်ကို စိုးရိမ်သဖြင့် သူ့အနောက်မှ မိုးကုတ်စက်ဝိုင်းကိုလည်း သူ စိတ်ပူစွာ ကြည့်နေမိသည်။
"မစိုးရိမ်နဲ့တော့ သူနဲ့ အကွာအဝေးခြားပြီးနောက်မှာ ပျံသန်းနေတဲ့လမ်းကြောင်းကို ပြောင်းခဲ့တယ်၊ သူ လိုက်မီတော့မှာ မဟုတ်ဘူး"
အဘိုးအိုက အားနည်းစွာ ပြော၏။
ဖုန်းဟောက်လည်း ချက်ချင်းပင် သက်ပြင်းချလိုက်သည်။ ထို့နောက် သူ့လက်သီးများကို ဆုပ်ရင်း သူ့မျက်နှာအမူအရာက အလွန်ကြမ်းကြုတ်သွားခဲ့သည်။
"ချင်ကျီ! မင်း အဲ့ဒီမှာ ဘယ်လိုအခွင့်အရေးပဲ ရခဲ့ပါစေ၊ ငါ့မိသားစုဆီ ငါ ပြန်ရောက်တာနဲ့ မင်းကို အပိုင်းပိုင်းဆုတ်ဖြဲပစ်မယ်!"
သူ့နှလုံးသားထဲရှိ သတ်ဖြတ်လိုစိတ်က အလွန်အမင်း ပြင်းထန်နေ၏။
ထိုထဲ၌ သတ်ဖြတ်လိုစိတ် သာမက လောဘစိတ်ပါ ပါဝင်နေသည်။
ချင်ကျီ၏ခွန်အား ရုတ်တရက် မြင့်တက်လာခြင်းသည် ထူးခြားသောရတနာတစ်ခုခုအား ရရှိခဲ့ခြင်းကြောင့် ဖြစ်ရမည်။
ထိုကဲ့သို့သော ရတနာသည် သူ ဖုန်းဟောက်၏ ပိုင်ဆိုင်မှုသာ ဖြစ်ရမည်။
"အဘိုးလု ချင်ကျီက ကျွန်တော်တို့အနောက် ဆက်မလိုက်တော့တာ သေချာလား"
ဖုန်းဟောက်က ထပ်မံမေးမြန်းလေသည်။
"သူ လိုက်လာတော့မှာမဟုတ်ပါဘူး၊ ဒါ့အပြင် ငါကလည်း သွေးလောင်ကျွမ်းရတဲ့တားမြစ်ပညာဖြစ်တဲ့ သွေးအတတ်ကို သုံးခဲ့တယ်၊ ငါ့ရဲ့ပင်ရင်းစွမ်းအင်က အများကြီး ကုန်ခန်းသွားပြီ၊ သူ လိုက်မီလာရင်တောင် ငါ ဆက်ပျံနိုင်တော့မှာ မဟုတ်ဘူး"
အဘိုးအိုက အင်အားချည့်နဲ့စွာ ပြောလေ၏။
ဖုန်းဟောက်၏ အကြည့်က တဖျတ်ဖျတ် လင်းလက်သွားလေသည်။ ထို့နောက် ဘာမှမဖြစ်သည့်အလား ထပ်မေးလိုက်သည်။
"အဘိုးလု ကျွန်တော်တို့ ပြန်ရောက်တာနဲ့ မိသားစုကနေ အသစ်တစ်ဖန်မွေးဖွားခြင်းအဆင့်ကျွမ်းကျင်သူတစ်ဦးကို ချင်ကျီဆီ စေလွှတ်ပေးလိမ့်မယ်လို့ ခင်ဗျားထင်လား"
အဘိုးအိုက ခေါင်းခါယမ်း၏။
"လွှတ်မှာမဟုတ်ဘူး၊ ချင်ကျီနဲ့ မင်းရဲ့တိုက်ပွဲက ရွယ်တူချင်းကြားက တိုက်ပွဲပဲ၊ ရှုံးရင် ရှုံးတယ်ပဲ၊မိသားစုထဲက အကြီးအကဲတွေ ဝင်ရောက်စွက်ဖက် ရင် အရှက်ရစရာ ဖြစ်သွားလိမ့်မယ်"
"ဖုန်းမိသားစုက ဂုဏ်သတင်းကို အလေးထားတယ်၊ မိသားစုခေါင်းဆောင်နဲ့ မင်းရဲ့အဘိုးက ဒီလိုကိစ္စမျိုးကို ဖြစ်ခွင့်ပေးမှာ မဟုတ်ဘူး"
ဖုန်းဟောက်၏ မျက်လုံးထဲတွင် အေးစက်သော အရိပ်အယောင်တစ်ခု လင်းလက်သွားကာ မေးလိုက်သည်။
"ဒါဆိုရင် ချင်ကျီကသာ ကျွန်တော်တို့ ဖုန်းမိသားစုက လူတစ်ယောက် ကို သတ်လိုက်ရင်ရော ဘယ်လိုလဲ"
"ဘာရယ်"
အဘိုးအိုသည် အံ့အားသင့်သွားပြီးနောက် တစ်ခုခုအား ရုတ်တရက် သဘောပေါက်သွားလေ၏။ ကြောက်လန့်မှုနှင့်အတူ သူ ရှောင်တိမ်းရန် ကြိုးစားခဲ့သော်လည်း နောက်ကျသွားခဲ့သည်။
"ဇွပ်!"
သန့်စင်သောယန်အဆင့် စိတ်ဝိညာဉ်ဓားတစ်လက်၏ ထက်ရှသော ဓားသွားသည် သူ့ရင်ဘတ်ကိုထိုးဖောက်ဝင်ရောက်သွားခဲ့ပြီး နဂိုကတည်းက အလွန်အားနည်းနေပြီဖြစ်သော သူ၏ အသက်စွမ်းအားအား ချက်ချင်း ဖျက်ဆီးလိုက်လေ၏။
"သခင်လေး…မင်း..."
အဘိုးအိုသည် သူ၏သွေးစွန်းနေသော ညာလက်အားတုန်ယင်စွာ မြှောက်၍ ဖုန်းဟောက်အား အားနည်းစွာထိုးလိုက်သည်။ သူ့မျက်လုံးထဲ၌ မကျေချမ်းမှုနှင့် မယုံကြည်နိုင်ခြင်းများ ပြည့်နေလေ၏။
သူ ကာကွယ်ပေးခဲ့သောလူ၏ လက်ချက်ဖြင့် သူ သေဆုံးခဲ့ရသည်။
ဘယ်လောက်တောင်မှ လှောင်ပြောင်စရာကောင်းသနည်း။
"အဘိုးလု ခင်ဗျားက ကျွန်တော့်ကို နှစ်ပေါင်းများစွာကာကွယ်ပေးခဲ့တယ်၊ ဒါကြောင့် ကျွန်တော့်အတွက် နောက်ထပ်တစ်ခုလောက်ပဲ ထပ်လုပ်ပေးပါဦး၊ ဒါဆိုရင် ဖုန်းမိသားစုအပေါ် သစ္စာရှိခဲ့တယ်လို့ ပြောပေးနိုင်ပါတယ်"
ဖုန်းဟောက်သည် ရုတ်တရက် ထရပ်ကာ သေလုနီးပါးဖြစ်နေသော အဘိုးအိုကို အပေါ်စီးကနေ ကြည့်၍ အေးစက်စွာ ပြောလိုက်၏။
"ဘာ… ဘာလို့လဲ…"
အဘိုးအိုက နောက်ဆုံးခွန်အားကို ထုတ်၍ မေးလာသည်။
"ဟား ဟား"
ဖုန်းဟောက် ရယ်မောကာ ခေါင်းခါယမ်းလိုက်၏။ သူ ဓားရှည်အား ဆွဲလိုက်သည်။
"ပွက်!!!"
ချက်ချင်းပင် သွေးအမြောက်အမြားက အဘိုးအို၏ ရင်ဘတ်ကနေ ပန်းထွက်လာလေ၏။ သူသည် မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ လဲကျသွားခဲ့ပြီး သူ့အသက်ဓာတ်က လုံးဝပျောက်ဆုံးသွားခဲ့သည်။
ဖုန်းဟောက်က ညာလက်ဖြင့် ဓားကို ကိုင်ထားရင်း ပြုံး နေ၏။
"ဘာလို့လဲဆိုတော့… ချင်ကျီက ခင်ဗျားကို သတ်မှပဲ မိသားစုက သူ့ကို လိုက်ဖမ်းဆီးဖို့ ကျွမ်းကျင်သူတွေကို စေလွှတ်ပေးမှာ ဖြစ်လို့ပဲ"
သူ စိတ်ထဲမှာ အေးစက်စွာ ရယ်မောလိုက်သည်။
ချင်ကျီ...
မင်းက အခွင့်အလမ်းကြီးကြီးတစ်ခုရခဲ့ပြီး ငါ့ကို ခဏတာ အနိုင်ယူနိုင်ခဲ့တော့ရော ဘာဖြစ်လဲ၊ မင်းက နောက်ဆုံးမှာ သေရမှာပဲ၊ ပြီးတော့ မင်းရထားတဲ့အခွင့်အလမ်းတွေကလည်း နောက်ဆုံးမှာ ငါ့ဟာ ဖြစ်လာမှာပဲ!
ထိုအချိန်၌ ပျင်းရိနေသော အသံတစ်သံ ထွက်ပေါ်လာ၏။
"သူ့ကို သတ်ရုံနဲ့တော့ မလုံလောက်သေးဘူးထင်တယ်"
ချက်ချင်းပင် ဖုန်းဟောက်၏ တစ်ကိုယ်လုံးမှ အမွေး များ ထောင်ထသွားခဲ့သည်။ သူ၏ မျက်စိသူငယ်အိမ်က ပြင်းထန်စွာကျုံ့သွားခဲ့၏။ သူ ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လျက် ပတ်ပတ်လည်ကို သတိကြီးကြီးထားကာ ကြည့်လိုက်သည်။
"ဘယ်သူလဲ!!"
အရှေ့က သစ်တောထဲတွင် ခြောက်သွေ့သော သစ်ကိုင်းများအား နင်းနေသကဲ့သို့ တရှပ်ရှပ်အသံများ ထွက်ပေါ်လာ၏။
တဖြည်းဖြည်းနှင့် အနက်ရောင်ဝတ်ရုံဝတ်ထားသော အရပ်ရှည်သည့် လူပုံသဏ္ဍာန်တစ်ခုက သူ့ မြင်ကွင်းထဲ၌ ဖြည်းဖြည်းချင်း ပုံပေါ်လာသည်။
"ခင်ဗျားက ဘယ်သူလဲ၊ ဘာလိုချင်လို့လဲ၊ ကျုပ်က ဖုန်းမိသားစုရဲ့သခင်လေးနော်၊ ခင်ဗျား အကျိုးဆက် တွေကို သေချာစဉ်းစားသင့်တယ်!"
ဖုန်းဟောက်၏မျက်နှာက ဖြူဖျော့နေလေ၏။ သူ့ခန္ဓာကိုယ်သည် အဆိပ်ပြင်းသားရဲကောင်ထံမှ ပစ်မှတ်ထားခံနေရသကဲ့သို့ အလိုလို တုန်ယင်နေလေသည်။
"မကြောက်ပါနဲ့၊ မင်းကို ကူညီဖို့ ငါ ဒီကိုရောက်လာတာ"
အနက်ရောင်ဝတ်ရုံဝတ်ထားသူက ဖြည်းဖြည်းချင်းရှေ့တိုးလာ၏။ သူက ပြုံးနေပြီး သူ့အသံထဲ၌ ယုံကြည်စိတ်ချရသောစွမ်းအင်တစ်ခု ပါဝင်နေသည်။
"ဘယ်… ဘယ်လို ကူညီမှာလဲ"
ဖုန်းဟောက်က တုန်ယင်စွာ မေး၏။
"ဒီလိုပေါ့"
အနက်ရောင်ဝတ်ရုံဝတ်ထားသူသည် ဖြူဖွေးကာ ကျစ်လျစ်နေသော လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်၍ သူ့အရှေ့မှာ ဖြည်းဖြည်းချင်း ဆွဲပြလာသည်။
"ဘုန်း!"
လောကကြီးအား ဖွင့်လှစ်လိုက်သော ဓားရောင်ခြည်တစ်ခုကဲ့သို့ တောက်ပသည့် ရွှေရောင်အလင်းတန်းတစ်ခုက လွန်ကဲသောအရှိန်အဟုန်ဖြင့် ကမ္ဘာလောကကြီးအား လွှမ်းမိုးသွားလေ၏။