← Chapters

ချင်ချွမ်း၏ ဒုတိယအကြိမ် ထုတ်ပြောပြခြင်း

Vol. 2 Ch. 30

ချင်ချွမ်း၏ ဒုတိယအကြိမ် ထုတ်ပြောပြခြင်း

Vol. 2 Ch. 30

"ဖူး!"

ထက်ရှသော ရွှေရောင်အလင်းတန်းက ဖြတ်သန်းလွှမ်းခြုံသွားခဲ့ရာ ဖုန်းဟောက်၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် တုန်ယင်လာပြီး နေရာမှာတင် တောင့်ခဲသွားလေသည်။

"ဘုတ်!"

လေပြင်းတစ်ချက်က တိုက်ခတ်လာလေ၏။ သူ့ခန္ဓာကိုယ်ပေါ်မှ မျက်လုံးများသည် ပြူးကျယ်နေလျက် အဆုံးမဲ့ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေလေသည်။

တိုက်ဆိုင်မှုမှန်း မသေချာသော်ငြား သူ့အလောင်းသည် လဲကျနေသော အဘိုးအို၏ အလောင်းပေါ်သို့ လဲကျသွားခဲ့ပြီး အတူတကွ ထပ်နေလေ၏။

"လူသတ်ပြီးရင် သက်သေကို ဖျက်ဆီးရမယ်၊ ဆိုရိုးစကားမှာ လူသတ်ရင် ရှုပ်ထွေးမှုတွေ မချန်ထားနဲ့၊ မဟုတ်ရင် ပြဿနာ ပေါ်လာလိမ့်မယ် လို့ ပြောထားတယ်"

ချင်ချွမ်းသည် သူ့ညာဘက်လက်ကို မြှောက်၍ ထူးခြားသည့် သန့်စင်သောယန်မီးလျှံကို ထုတ်လွှတ်ကာ အလောင်းနှစ်ခုလုံးကို ဖုံးလွှမ်းလိုက်သည်။ မကြာခင်မှာပင် နှစ်ခုလုံးစလုံးက ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

ချင်ချွမ်းသည် သူ့အနံ့ကို ပျောက်ပျက်သွားစေရန်အတွက် စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြုကာ ပတ်ဝန်းကျင်ကို ထောက်လှမ်းလိုက်သည်။

ထို့နောက် ခေါက်ထားသော အဖြူရောင်ပိုးထည် တစ်ခုအား တစ်ထပ်ပြီးတစ်ထပ် ဖြည်းညှင်းစွာ ဖွင့်လိုက်၏။

အတွင်း၌ မည်းနက်နေသော ဆံပင်ဆယ်ချောင်းခန့် ရှိသည်။

ထိုအရာများက ချင်ကျီ၏ဆံပင်များပင်။

သူ အချိန်ယူပြီး တိတ်တဆိတ် စုဆောင်းထားရတာ ဖြစ်၏။

"ဒီနေရာကို ရှာမတွေ့နိုင်ဘူးလို့ ထင်ရပေမယ့် လုံခြုံအောင်လို့ သေသေချာချာ အသေးစိတ်ကိုင်တွယ်ရမယ်"

သူ စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ ဆံပင်သုံးချောင်းကို ထုတ်ယူကာ ပတ်ဝန်းကျင်ရှိ မြေပြင်ပေါ်သို့ ပေါ့ပါးစွာ ပစ်ချ၍ ၎င်း၏လှုပ်ရှားမှုအတိုင်း လွတ်လပ်စွာ ကျဆင်းစေခဲ့သည်။

ဘယ်နေရာမှာ ကျသည်ဖြစ်စေ သူကျသည့်နေရာမှာ ရှိနေလိမ့်မည်။

ဒီလိုဆိုလျှင် ရည်ရွယ်ချက်ရှိရာ မရောက်တော့ပေ။

ထိုအရာကို လုပ်ပြီးနောက်တွင် ခြေရာခံစရာ အခြားအရာများ မရှိကြောင်းကို ထပ်မံစစ်ဆေးပြီးမှ ထွက်ခွာ ရန် ပြင်လိုက်၏။

သို့သော် ခြေလှမ်းနှစ်လှမ်း လှမ်းပြီးနောက်မှာ သူ ရုတ်ချည်းပင် နောက်လှည့်၍ မြေပြင်ပေါ်ရှိ ဖုန်များဖြင့် တစ်ဝက်ဖုံးနေသော သိုလှောင်လက်စွပ်နှစ်ခုကို ကြည့်လိုက်သည်။

"မေ့တော့မလို့ သိုလှောင်လက်စွပ်တွေကိုလည်း ယူ သင့်တယ်၊ ရတနာကို မယူဘဲ သတ်တာက ဟိုကလေး ရဲ့ပုံစံနဲ့ မကိုက်ညီဘူး"

သူ ညာဘက်လက်ကို ဝှေ့ယမ်းလိုက်ရာ ထိုသိုလှောင်လက်စွပ်နှစ်ခုအား သူ့ လက်ထဲသို့ ဆွဲယူလိုက်၏။ ထို့နောက် ပျံသန်းကာ အခင်းဖြစ်ပွားရာနေရာမှ ထွက်ခွာလာခဲ့သည်။

အချိန်ကုန်လွန်ပြီးနောက် နောက်ထပ်သုံးရက် ကုန်လွန်သွားခဲ့၏။

ပိုင်ချန်နှင့် ချင်ကျီတို့သည် မင်ဟောက်မြို့သို့ ပြန်ရောက်လာခဲ့ကြသော်လည်း ချင်ချွမ်းကတော့ ရည်ရွယ်ချက်ရှိရှိ အနည်းငယ် နောက်ကျနေခဲ့သည်။

သို့ဖြစ်ရာ ပိုင်ချန်မှ ချင်ကျီကို နေအိမ်သို့ ပြန်ခေါ်သွားစဥ်တွင် ချင်ကျီသည် နေရာမှာတင် ကြောင်သွားခဲ့၏။

"အဖေ…အဖေ ဘယ်မှာလဲ!"

ခရီးဝေးကနေ ပြန်ရောက်လာချိန်မှာ အိမ်ထဲ၌ လူသူမရှိ ဖြစ်နေသည်ကို တွေ့လိုက်ရပြီး မဖော်ပြနိုင်သော ခံစားချက်ဖြစ်သည့် ဆုံးရှုံးမှုကို ခံစားလိုက်ရသည်။

ထို့အပြင်...

အဖေက ဘာများဖြစ်သွားပြီလဲ၊ အဖေက ငါ့ကို ထားသွားပြီလား အစရှိသည့် ဗီဇအရ ထိတ်လန့်မှုတစ်ခုလည်း သူ့ဆီမှာ ရှိနေ၏။

သူ့အသိဉာဏ်က ဒါ မဖြစ်နိုင်ဘူးဟု ပြောနေသော်လည်း စိတ်ပိုင်းဆိုင်ရာအရတော့ သူ အနည်းငယ် အားငယ်မိနေတုန်းပင်။

"ချင်ကျီ"

ပိုင်ချန်က သူ့ပခုံးကို ပုတ်၍ နှစ်သိမ့်ပေးလာသည်။

"စိတ်မပူပါနဲ့၊ မင်းအဖေက ကိစ္စတစ်ခု ကိုင်တွယ်ဖို့ အပြင်ခဏသွားတာပါ"

"သူ လွန်ခဲ့တဲ့ရက်အနည်းငယ်က ငါ့ကို ပြောခဲ့တယ်၊ သူ့ဆီမှာ တခြားလုပ်စရာကိစ္စတွေရှိနေလို့ မင်းကို ဝူကျန်းမြို့ဆီ ခေါ်သွားခိုင်းချင်တဲ့အကြောင်းပေါ့"

"တကယ်လား"

ချင်ကျီက ပိုင်ချန်ကို ကြည့်နေ၏။

"ငါ လိမ်ပြောတဲ့လူနဲ့ တူနေလို့လား"

ပိုင်ချန်က တည်ငြိမ်စွာ ပြန်ဖြေလေသည်။

"ကောင်းတယ်! ကောင်းတယ်"

ထိုစကားကိုကြားမှသာ ချင်ကျီလည်း စိတ်သက်သာရာ ရသွားခဲ့ပြီး သူ့ရင်ဘတ်ကို ပုတ်လိုက်မိ၏။ သူ့ မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာသည်။

"မင်းမှာ တခြားကိစ္စ ရှိသေးလား၊ မရှိရင် ငါ အရင်သွားတော့မယ်"

ပိုင်ချန်က ပြော၏။

"မရှိတော့ပါဘူး၊ အခု အဆင်ပြေသွားပါပြီ… ဦးလေးပိုင်...ကျေးဇူးတင်ပါတယ်"

ချင်ကျီက ကျေးဇူးတင်စွာ ပြောလေသည်။

"သေးသေးမွှားမွှားကိစ္စလေးပါ ကျေးဇူးတင်စရာမလိုပါဘူး"

ပိုင်ချန်လည်း နွေးထွေးစွာ ပြုံးလိုက်ပေ၏။ သူ့အား ဦးလေးပိုင်ဟု ခေါ်လာသည်ကို သူ လက်ခံထားသည်။

အနည်းဆုံးတော့ သူတို့၏ဆက်ဆံရေးက ခြေတစ်လှမ်း တိုးတက်လာခဲ့လေပြီ။

စကားတစ်ချို့ဖလှယ်ပြီးနောက် ပိုင်ချန်က နေအိမ် ကနေ ထွက်ခွာသွားခဲ့၏။

ဒီလိုနှင့် ခြံဝန်းကြီးထဲတွင် ချင်ကျီနှင့် နုံချာလှသော အစေခံအမျိုးသမီးငယ် အနည်းငယ်သာ ကျန်ရစ်ခဲ့သည်။

ရထားသည့် အခွင့်အရေးကြောင့် လက်ရှိအခြေအနေတွင် သူ တံခါးပိတ်ကာ သူ လုပ်ချင်သည့် အရာတစ်ခုခုကို လုပ်နိုင်ပေ၏။

သို့သော်ငြား သူ စိတ်မပါနေပေ။

ထို့ကြောင့် သူ ကုလားထိုင်တစ်လုံးကို ရွှေ့၍ အရှေ့မှာ ထုတ်ထားကာ ခြံဝန်းရှေ့မှ တံခါးကို မျက်နှာမူလျက် ထိုင်နေခဲ့သည်။ သူ့အဖေ အိမ်ပြန်လာမည်ကို သူ စောင့်ဆိုင်းနေခဲ့၏။

ညနေခင်းပင် ရောက်လာလေပြီ။

ကောင်းကင်ယံ၌ အနီရောင်တိမ်တိုက်များဖြင့် ပြည့်လာသည်။ မီးပန်းများ တောက်လောင်နေသကဲ့သို့ မင်ဟောက်မြို့၏တစ်ဝက်လောက်ကို လိမ္မော်ရောင်ဆေးခြယ်ထားလေ၏။

"ရွှစ်!!"

နောက်ဆုံး၌ ချင်ကျီသည် မိုးကုတ်စက်ဝိုင်းထက်ကနေ ထိုးထွက်လာသော တောက်ပသည့် ရွှေရောင်အလင်းတန်းတစ်ခုကို မြင်လိုက်ရသည်။ ထက်ရှသောဓားတစ်လက်ကဲ့သို့ ကောင်းကင်ယံမှ အနီရောင်တိမ်တိုက်များကို လှီးဖြတ်သွားလေ၏။

"ဒုန်း!"

နောက်ဆုံးတွင် ထိုရွှေရောင်အလင်းတန်းသည် ခြံဝန်း ထဲသို့ ကျရောက်လာပြီး ဒူးတစ်ဖက်ထောက်ကာ အရက်နံ့ နံနေသည့် ပုံပန်းသဏ္ဍာန်အဖြစ် ပြောင်းလဲသွားခဲ့သည်။

သူ့ခေါင်းက ငိုက်ကျနေပြီး ဆံပင်များကလည်း ရှုပ်ပွ ၍ ကျဆင်းနေကာ သူ့ပါးပြင်များကို ဖုံးအုပ်ထားလေ၏။ သူ့ပုံစံမှာ မဖော်ပြနိုင်သော ဝမ်းနည်းမှု နှင့် အားငယ်မှုများဖြင့် ပြည့်နှက်နေလေသည်။

"အဖေ!"

ချင်ကျီလည်း ထိုင်ခုံကနေ ရုတ်တရက် ထရပ်၍ ထိုပုံရိပ်အား ထိတ်လန့်စွာ ကြည့်လိုက်မိ၏။

သူ့အဖေက ဘာဖြစ်သွားတာလဲ၊ ဘယ်လိုလုပ် ဒီလိုပုံစံ ဖြစ်သွားတာလဲ။

"အထဲကို သွားရအောင်"

ချင်ချွမ်းက ဖြည်းဖြည်းချင်း ထရပ်လာသည်။ ခန္ဓာကိုယ်က အနည်းငယ် ယိုင်နေပုံရသော်လည်း သူ့အသံက လုံးဝတည်ငြိမ်နေပြီး အနည်းငယ် ဩရှနေ၏။

ချင်ကျီလည်း သူ့ကို အမြန်ပြေးကူလိုက်သည်။ ချက်ချင်းပင် ပြင်းထန်သောအရက်နံ့က သူ့နှာခေါင်းထဲသို့ ထိုးဖောက်ဝင်ရောက်လာ၏။

"အဖေ ဘာတွေဖြစ်ခဲ့တာလဲ၊ ဘာဖြစ်လို့ ဒီလောက်တောင် အရက်တွေသောက်ထားတာလဲ"

ချင်ကျီသည် ရင်ထဲ၌ နာကျင်မှုအပြည့်ရှိနေကာ စိုးရိမ်ပူပန်စွာ မေးလိုက်သည်။

"ဟဲဟဲ ဘာမှမဟုတ်ပါဘူး၊ သူငယ်ချင်းဟောင်း တစ်ယောက်ကို ဂါရဝပြုဖို့ သွားတာ"

ချင်ချွမ်းက ယိုင်ထိုးသွား၏။ မှုန်ဝါးသောအကြည့်နှင့်အတူ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

"အဲ့ဒီအစ်ကိုကြီးက အသက်ရှင်နေတုန်းမှာ အရက်သောက်ရတာကို သဘောကျတယ်၊ ဒါကြောင့် ငါလည်း နည်းနည်း အဖော်လုပ်ပေးလိုက်တာ…"

"သူငယ်ချင်းဟောင်း"

ချင်ကျီ၏ မျက်လုံးများက ပြူးကျယ်သွားလေ၏။ သူ ရုတ်တရက် အံ့အားသင့်သွားသော်လည်း စဉ်းစား ကြည့်သောအခါ အရာအားလုံးက သဘာဝကျနေသည်။

သူ့အဖေ၏ သိုင်းအဆင့်ကိုကြည့်လျှင် ထိုခရီးလမ်း တစ်လျှောက်၌ မိတ်ဆွေအချို့နှင့် တွေ့ဆုံခဲ့ရမည်မှာ သဘာဝကျ၏။ မရှိမှသာ ထူးဆန်းပေလိမ့်မည်။

ဤလောကထဲ၌ ဘယ်သူကမှ တစ်ယောက်တည်း ရပ်တည်နိုင်သည် မဟုတ်ပေ။

မကြာခင်မှာပင် ချင်ကျီသည် ချင်ချွမ်းကို ဧည့်ခန်းဆီသို့ ခေါ်ဆောင်သွားပြီး ကျားသားရေဖုံးထားသော ထိုင်ခုံရှည်တွင် မှီစေခဲ့သည်။

သူ တံခါးပိတ်လိုက်ပြီးနောက် မေးလိုက်၏။

"အဖေ အဖေ့ရဲ့ အတိတ်အကြောင်း ပြောပြလို့ရမလား၊ အဖေ့မှာ ဒီလိုမိတ်ဆွေတွေရှိတယ်ဆိုတာကို သားတောင် မသိခဲ့ဘူး"

သူ့အဖေက အလွန်လျှို့ဝှက်လွန်းသည်။

သူ့အဖေ၏ တစ်ဦးတည်းသောသား ဖြစ်သည့်အတွက် သူ့အဖေ၏အတိတ်ကို သူ သိခွင့်ရှိသည်ဟု ခံစားရ၏။

ထို့အပြင် သူ နားမလည်နိုင်သော ရှုပ်ထွေးသည့် မေးခွန်းတစ်ခုက အမြဲရှိနေခဲ့ပြီး သူ့ဆရာပင်လျှင် နားမလည်နိုင်ခဲ့ပေ။

၎င်းမှာ…

သူ့အဖေသည် အသက်သုံးဆယ်ကျော်သာ ရှိသေးသော်လည်း သူ့ကို မွေးဖွားပြီး မကြာမီတွင် သူ့အဖေ၏ သိုင်းကျင့်ကြံမှုက စည်းတံဆိပ်ခတ်ခံခဲ့ရသည်။

ဆိုလိုသည်မှာ သူ့အဖေအား စည်းတံဆိပ်ခတ်ခဲ့သောအချိန်တွင် သူ့အဖေက အသက်နှစ်ဆယ်သာ ရှိခဲ့လိမ့်မည်။

သို့သော်ငြား သူ့အဖေ အရင်က ပြောခဲ့ပုံအရ ထိုအချိန်တွင် သူသည် သိုင်းကျင့်ကြံမှု၏ အဆင့်ကြီးနဝမအဆင့်သို့ပင် ရောက်ရှိခဲ့ပြီး၊ ထိုထက်ပင် ကျော်လွန်ခဲ့သည်ဟု မှတ်ယူရ၏။

ဒါ ဘယ်လိုအယူအဆကြီးလဲ။

အသက်နှစ်ဆယ်အရွယ်မှာ သိုင်းအင်ပါယာ!

ဒါ မဖြစ်နိုင်ဘူး မဟုတ်လား။

မဖြစ်နိုင်ပေ။

သို့သော်ငြား သူ့အဖေ၏ မကြာသေးခင်ကလုပ်ခဲ့သော လုပ်ဆောင်ချက်များကိုကြည့်လျှင်လည်း အတုအယောင် မဟုတ်နေပေ။ သူ့ဆရာပင်လျှင် သူ့အဖေကို တစ်နည်းနည်းဖြင့် ကြောက်ရွံ့နေပုံရသည်။

ဘာတွေ ဖြစ်ပျက်နေတာလဲ။

သူ နားမလည်နိုင်သလို အမှန်တရားကို ဆုပ်ကိုင်နိုင်ခြင်းလည်း မရှိပေ။

ထိုကြောင့် ဤအခွင့်အရေးကိုယူပြီး မေးမြန်းရန် ဆုံးဖြတ်လိုက်၏။

"ဟဲဟဲ ရှောင်ကျီ မင်း ဘာကို အံ့ဩနေလဲဆိုတာ ငါသိတယ်၊ မင်းက မေးလာမှတော့ ငါ မင်းဆီကနေ ဘာမှ ဖုံးကွယ်ထားမှာ မဟုတ်ဘူး"

ချင်ချွမ်းသည် နက်ရှိုင်းသောမျက်လုံးများဖြင့် သူ့ကိုကြည့်လာသည်။ အနည်းငယ် မူးယစ်နေသောအပြုံးက သူ့မျက်နှာပေါ်တွင် ပေါ်ပေါက်လာပြီး ပြောလိုက်၏။

"တကယ်တော့… ဒါက ငါ့ရဲ့ဒုတိယဘဝပဲ"

"ဘာကြီး!"

ချင်ကျီ၏မျက်လုံးများက ပြူးကျယ်သွားသည်။

လက်စွပ်ထဲကနေ နားထောင်နေသော ရွှေရောင်ဆံပင်ပိုင်ရှင်အမျိုးသမီးတောင်မှ မိုးကြိုးပစ်ခံရသလိုမျိုး နေရာမှာတင် ကြောင်သွားခဲ့၏။

"အံ့ဩသွားတာလား၊ မင်း ခန့်မှန်းထားလောက်တယ်လို့ ငါ ထင်ခဲ့တာ"

ချင်ချွမ်းက ရယ်မော၍ ခေါင်းခါယမ်းကာ ပြောလာသည်။

"သိုင်းပညာ လေ့ကျင့်ရတာ မလွယ်ဘူး၊ ဝေးဝေးသွားနိုင်လေ ပိုခက်လေပဲ၊ လူတွေအများကြီးက နှစ်ထောင်ပေါင်းများစွာ လေ့ကျင့်တာတောင် သိုင်းအင်ပါယာနယ်ပယ်ကို မရောက်ကြဘူး၊ ငါက အသက်နှစ်ဆယ်မှာ ဘယ်လိုလုပ် အဲ့ဒီအဆင့်ကို အောင်မြင်နိုင်မှာလဲ"

"အနည်းဆုံးတော့ သုံးဆယ် ကနေ လေးဆယ် လောက်တော့ ကြာလိမ့်မယ်"

သူ ခဏရပ်၍ ပြုံးလိုက်၏။

"ငါ အသက်နှစ်ဆယ်မှာ သိုင်းအင်ပါယာနယ်ပယ်ကို ရောက်ခဲ့ပြီး အဲ့ဒီထက်ကျော်လွန်ခဲ့တယ်၊ ဘာလို့လဲဆိုတော့ ငါ အရင်ဘဝမှာ အဲ့ဒီအဆင့်ကို ရောက်ခဲ့ပြီး အဲ့ဒီနယ်ပယ်မှာ လိုအပ်တဲ့ ဉာဏ်အလင်းတွေ ရှိနေလို့ပဲ"

"ဒါကြောင့် အတိတ်ကမှတ်ဉာဏ်တွေ ပြန်ရရှိတဲ့ပြီးနောက် ဒီဘဝမှာ အခက်အခဲမရှိတော့ဘဲ တစ်ဆင့်ချင်းစီနဲ့ အဲ့ဒီနယ်ပယ်ကို ပြန်ရောက်လာခဲ့တာ"

သူ့သား၏ အံ့အားသင့်နေသောအကြည့်အောက်မှာ ချင်ချွမ်းက ဆက်လက်ပြောပြလေသည်။

"တကယ်တော့ အရင်ဘဝမှာ ငါက ဒီကမ္ဘာက မဟုတ်ဘူး၊ ငါက အထက်နယ်ပယ်ကနေ လာခဲ့တာ၊ မင်းအမေရဲ့မိသားစုနဲ့ ဇာတိတူတယ်"

"ဒီဘဝမှာ အတိတ်ကမှတ်ဉာဏ်တွေ နိုးထလာတော့ ငါ ချင်မိသားစုမှာ တိတ်တဆိတ် လေ့ကျင့်ခဲ့တယ်၊ အသက်ဆယ့်ရှစ်နှစ်မှာ သိုင်းအင်ပါယာနယ်ပယ်ကို ကျော်လွန်ခဲ့တယ်"

"ငါ့ရဲ့အရင်က ချစ်ခြင်းနဲ့ မုန်းတီးခြင်းတွေက အထက်နယ်ပယ်မှာ ရှိနေပြီး ဒီကမ္ဘာငယ်လေးမှာ ငါ့ကို ထိန်းထားနိုင်ဖို့က ဘာမှသိပ်မရှိတဲ့အတွက် သိုင်းအင်ပါယာနယ်ပယ်ကို ကျော်လွန်ပြီးနောက်မှာ ငါ ဟင်းလင်းပြင်ကို ခွဲပြီး အထက်နယ်ပယ်ကို ပြန်သွားခဲ့တယ်"

"ဒါကြောင့် ဒီကမ္ဘာနဲ့ပက်သက်ပြီး ငါ့ရဲ့အသိပညာက အကန့်အသတ်ရှိတယ်၊ ဒီမှာ ငါ့ရဲ့မိတ်ဆွေက နည်းနည်းပဲ ရှိတယ်၊ တစ်ယောက် ဒါမှမဟုတ် နှစ်ယောက် လောက်ပဲ ရှိမယ်"

"အဲ့ဒီမိတ်ဆွေအိုကြီးက ငါ ဆယ့်ခြောက်နှစ်သားအရွယ်တုန်းက မထင်မှတ်ထားဘဲ ရင်းနှီးခဲ့တဲ့လူပဲ၊ အသက်အရွယ် မတူ၊ ရှားပါးတဲ့ နှောင်ကြိုးတစ်ခုပါပဲ"

"ကံမကောင်းစွာနဲ့ ငါ အထက်နယ်ပယ်မှာ နှစ်နှစ်နေခဲ့ပြီး မင်းအမေနဲ့အတူ ပြန်လာတဲ့အခါမှာ သူက ကွယ်လွန်သွားခဲ့ပြီ"

ထိုအကြောင်းကို ပြောသောအခါ သူ့မျက်လုံးထဲ၌ ဝမ်းနည်းသောအမူအရာ ပေါ်လာသည်။ အတိတ်ကို မမေ့ဖျောက်နိုင်သကဲ့သို့ပင်။

"ဒီလိုကိုး…"

ချင်ကျီ၏မျက်လုံးများက ဆောက်တည်ရာမဲ့နေလေ၏။ သို့သော် သူ့နှလုံးသားကတော့ ရှင်းလင်းသွားသလို ခံစားရသည်။ တိမ်များ ရှင်း၍ လမင်း ပေါ်လာသည့်အလားပင်။

သူတင် မကပေ။

လက်စွပ်ထဲရှိ ရွှေရောင်ဆံပင်ပိုင်ရှင်အမျိုးသမီးကတောင် အသက်ရှူမြန်လာလေ၏။ သူမ၏မျက်လုံး များက ဗလာဖြစ်နေပြီး သူမဘာသာ တီးတိုးရေရွတ်နေလေသည်။

"သဘောပေါက်ပြီ၊ သဘောပေါက်သွားပြီ…"

သူမ နားလည်သွားလေပြီ။

သူမ နောက်ဆုံးမှာ နားလည်သွားလေပြီ!!

All Chapters