ဆရာဖန်ချီ၏ ကြီးကျယ်သောအောင်မြင်မှု
Vol. 2 Ch. 25
"ဝင်ခဲ့ပါ"
ချင်ချွမ်းက တည်ငြိမ်စွာ ပြော၏။
မကြာခင်မှာပင် အရိပ်သုံးခု ဝင်ရောက်လာသည်။ ဦးဆောင်သူက အစိမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားသောသက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး သူ့အနောက်မှာတော့ ခန့်ညားထွားကြိုင်းသော ချန်ရှန်း နှင့် မင်းသမီးငယ်လေး ချန်ပိလင်တို့ဖြစ်ကြ၏။
"ချန်မိသားစုရဲ့မိသားစုခေါင်းဆောင် ချန်ကွမ်းက ဆရာကြီးချင်ချွမ်းကို အရိုအသေပေးပါတယ်"
သက်လတ်ပိုင်းအရွယ်အမျိုးသားသည် ချင်ချွမ်းကိုဦးညွှတ်၍ ပြောလာသည်။
"အရင်က ကျွန်တော့်ညီနဲ့ တူမလေးတို့က မသင့်လျော် တဲ့အပြုအမူတွေ လုပ်ခဲ့ပြီး ဆရာကြီးချင်ချွမ်းကို ပစ်မှားခဲ့ပါတယ်၊ ဒီနေ့မှာတော့ သူတို့ကို တောင်းပန်ခိုင်းဖို့အတွက် ခေါ်လာခဲ့ပါတယ်"
ထိုကဲ့သို့ ပြောပြီးနောက် သူ့အနောက်မှ ချန်ရှန်း နှင့်ချန်ပိလင်တို့အား လက်ဟန်ပြလိုက်လေ၏။
"အဟမ်း...ကောင်းပါပြီ… ကျွန်တော် အမြင်ကျဉ်းခဲ့တာပါ၊ ဆရာကြီးချင်ချွမ်း ကျေးဇူးပြုပြီး စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်"
ချန်ရှန်းက ချောင်းနှစ်ချက်ခန့်ဆိုး၍ နေရခက်နေသောအပြုံးကို ပြသလာသည်။
ချင်ချွမ်းနှင့် တိုက်ခိုက်ခဲ့သောအဖြစ်ကို ပြန်အမှတ်ရတိုင်း သူ အကြီးအကျယ်ရှက်ရွံ့မိခဲ့၏။ မတိုင်ခင်က သူ ပြိုင်ဘက်ကို အနည်းငယ်ထိန်းချုပ်ထားနိုင်သည်ဟု ယူဆခဲ့သည်။ အခုတော့ သူ့ပြိုင်ဘက်ကသာ သဘောထားကြီးကြီး ဆက်ဆံခဲ့တာ ရှင်းလင်းလှ၏။
"ကျွန်မ ချန်ပိလင်က ဆရာကြီးချင်ချွမ်းကို အရိုအသေပေးပါတယ်"
ချန်ပိလင်က လှပစွာ ဦးညွှတ်၍ ညင်သာစွာ ပြောသည်။
"အရင်က သခင်လေးချင်ကို ကျွန်မ ဆန့်ကျင်ခဲ့မိပါတယ်၊ ကျွန်မကို အပြစ်ပေးပါ ဆရာကြီး"
ချန်ပိလင်က သူမ၏မျက်လုံးများကို အောက်ကျို့စွာ ငုံ့ထားလေ၏။
သူမ၏ သနားစရာကောင်းသော အပြစ်ကင်းစင်သည့် အသွင်အပြင်က လွှမ်းမိုးခြယ်လှယ်ကာ မာနကြီးတတ်သော ယခင်မင်းသမီးငယ်လေးပုံစံနှင့် လုံးဝမကိုက်ညီပေ။
"ဘာမှမဖြစ်ပါဘူး"
ချင်ချွမ်းက ပြုံး၍ လက်ကိုဝှေ့ယမ်းလိုက်သည်။
"ကလေးသဘာဝ ရန်ဖြစ်တာလေးပါပဲ၊ ကျုပ် စိတ်ထဲမထားပါဘူး"
"ကျေးဇူးတင်ပါတယ် ဆရာကြီးချင်ချွမ်း၊ ခင်ဗျားရဲ့ သဘောထားကြီးခြင်းနဲ့ မြင့်မြတ်တဲ့စိတ်ထားက တကယ်ကို လေးစားစရာပါပဲ"
ချန်ကွမ်းက လေးစားစွာ ပြော၏။
"ဒါပေမယ့် ဆရာကြီးက ဒီကိစ္စကို အရေးမယူ ရင်တောင် ကျွန်တော်တို့တွေအနေနဲ့ ကျေးဇူးမသိတတ် လို့ မဖြစ်ပါဘူး၊ ဒါကြောင့် ကျွန်တော်တို့ရဲ့ တောင်းပန်မှုကို ဖော်ပြချင်ပါတယ်"
ချင်ချွမ်း၏မျက်နှာထားက မပြောင်းလဲပေ။ သူသည် ပိုက်ဆံအား ဖုန်ကဲ့သို့သာ ရှုမြင်နေသည့်အလား ဂရုမစိုက်စွာ ပြောလိုက်သည်။
"ကျုပ် ဘာမှမလိုပါဘူး၊ လက်ဆောင်တွေ မလိုအပ်ပါဘူး"
မလိုဘူး!
လုံးဝ မလိုဘူး!
ဆွေမျိုးများက နှစ်သစ်ကူး၌ အနီရောင်စာအိတ်များ ပေးလာသကဲ့သို့ မင်း သေချာပေါက်ကို မလိုဘူးဟု ပြောရလိမ့်မည်။ အကယ်၍ မင်းက မင်းရဲ့ငွေပေးချေမှုကုဒ်ကို မတော်တဆ ပြသခဲ့မိရင်တောင် ပါးစပ်ကတော့ မလိုဘူးဟု ဇွတ်ပြောရမည်။
ရတနာများနှင့် ရင်ဆိုင်ရသောအခါ မတုန်လှုပ်ပေ။ အကြောင်းရင်းက ဘာမှမလိုအပ်သောကြောင့်ပင်။
ထိုအရာက ပြိုင်ဘက်ကင်းအင်အားကြီးပုဂ္ဂိုလ်၏ သဘောထားပင်။
"ဆရာကြီးချင်ချွမ်း အလောတကြီးငြင်းဆန်စရာမလိုပါဘူး"
ချန်ကွမ်းက ပြုံးလျက်...
"သာမန်ရတနာတွေက ခင်ဗျားရဲ့စိတ်ဝင်စားမှုကို ရနိုင်မှာမဟုတ်ဘူးဆိုတာ ကျွန်တော် သိပါတယ်၊ ကျွန်တော်တို့ချန်မိသားစုမှာ ခင်ဗျားရဲ့အာရုံကို ဆွဲဆောင်နိုင်လောက်တဲ့အရာ မရှိနိုင်လောက်ပါဘူး"
"အဓိကကတော့ ဒီလက်ဆောင်က သခင်လေးချင်အတွက်ပါ၊ ဒါက သူ့ရဲ့သိုင်းပညာအတွက် အထောက်အကူ ဖြစ်ပါလိမ့်မယ်"
သူ ပြောနေရင်း ထင်ရှားသောအရွက်ကိုးရွက်ပါရှိသည့် ခပ်မှိန်မှိန်အပြာရောင်အလင်းဖြင့် အရောင်ဖြာထွက်နေသော ဆေးမြစ်တစ်ခုအား ထုတ်ယူလိုက်သည်။
"ဒါက…"
ချင်ချွမ်းက မျက်မှောင်ကြုတ်သွား၏။ သူ ထိုဆေးမြစ်ကို မသိပေ။
ဒါက ပုံမှန်ပင်။
ဤလောက၌ စိတ်ဝိညာဉ်ဆေးပင်များ ရေတွက်၍မရ အောင်ရှိနေပြီး ကျွမ်းကျင်သူများကတောင် ၎င်းတို့အားလုံးကို သိသည်ဟု မဆိုဝံ့ကြပေ။
"ဒါက ရှားပါးတဲ့ ပဉ္စမအဆင့်စိတ်ဝိညာဉ်ဆေးဖြစ်ပြီး ကြွယ်ဝတဲ့ စိတ်ဝိညာဉ်စွမ်းအင် ပါဝင်တာကြောင့် သိုင်းပညာကို မြန်မြန်လေး မြှင့်တင်ပေးနိုင်ပါတယ်"
"ဒီဆေးမြစ်ရဲ့နာမည်ကိုတော့… ကျွန်တော်လည်း မသိပါဘူး"
ချန်ကွမ်းက ရှက်ရွံ့မှုတစ်ချို့ဖြင့် ရှင်းပြလေသည်။ သို့သော် ချက်ချင်းပင် ချင်ချွမ်းတို့ စိတ်သက်သာရာရစေရန်အတွက် ပြောလာ၏။
"ဒါပေမယ့် စိတ်ချပါ၊ ကျွန်တော် ဒီဆေးမြစ်ကို စစ်ဆေးခဲ့ပြီးပါပြီ၊ ဒါက ဘေးထွက်ဆိုးကျိုး လုံးဝမရှိပါဘူး"
ချင်ချွမ်းသည် သူ့ဘေးမှ အပေါစားသားကို တစ်ချက်ကြည့်၍ ပြောလိုက်သည်။
"ရှောင်ကျီ လက်ခံလိုက်ပါ"
"ဟုတ်ကဲ့ အဖေ"
ဘေးနားတွင် သစ်သားရုပ်ထုလိုမျိုး ရပ်နေသော ချင်ကျီက ခေါင်းညိတ်လာပြီး ထိုနာမည်မသိဆေးမြစ်ကို သိမ်းဆည်းလိုက်လေ၏။
"ဟားဟား၊ ကိစ္စကတော့ပြီးသွားပြီ၊ ဒါကြောင့် ကျွန်တော်တို့တွေ အခုပဲ သွားလိုက်ပါဦးမယ်၊ နှုတ်ဆက်ပါတယ်"
ချန်ကွမ်းသည် စိတ်သက်သာရာရသော အပြုံးကို ပြသ၍ ချန်ရှန်း၊ ချန်ပိလင်တို့နှင့်အတူ လှည့်ထွက်သွားလေသည်။
"ရှောင်ကျီ သူတို့ကို လိုက်ပို့ပေးလိုက်ပါ"
ချင်ချွမ်းက ဆို၏။
"ဟုတ်ကဲ့"
ချင်ကျီက သူတို့အနောက်ကို ပြေးလိုက်သွားပြီး ခြံဝန်းအပြင်ဘက်မှ ထွက်ပေါက်သို့ လျင်မြန်စွာရောက်ရှိလာသည်။
"ချန်မိသားစုခေါင်းဆောင်၊ ကျွန်တော် သခင်မလေးချန်နဲ့ နှစ်ယောက်တည်း စကားပြောလို့ရမလား"
ချင်ကျီက ချန်ကွမ်းကို တောင်းဆိုလေ၏။
"နင်…နင် ဘာလိုချင်လို့လဲ"
ချန်ပိလင်က သူမလက်ကို ပိုက်၍ သတိထားနေသောပုံစံကို ပြသလာသည်။
"ငါက မင်းကို ဘာလုပ်လို့ရနိုင်မှာလဲ"
ချင်ကျီက အရေးမထားစွာ လှောင်ပြောင်လေ၏။
"ဟားဟားဟား! ပိလင်... သခင်လေးချင်က မင်းနဲ့စကားပြောချင်နေတယ်ဆိုမှတော့ စကားပြောလိုက်လေ၊ တို့တွေ အရင်သွားလိုက်မယ်"
ချန်ကွမ်းက ခဏရပ်သွားပြီးမှ ရယ်မောကာဖြင့် သူ့ညီကို အမြန်ဆွဲခေါ်သွားလေသည်။
သူက လူငယ်များကို အလွန်နားလည်ပေ၏။
သူ့ထက် လူငယ်များကို ဘယ်သူကမှ ပို၍ နားမလည်နိုင်ပေ။
တစ်ခုခုတော့ သေချာပေါက် ဖြစ်နေလေပြီ။
တစ်ခုခုတော့ သေချာပေါက် ဖြစ်နေလေပြီ!
မကြာခင်မှာပင် ချန်ကွမ်း နှင့် ချန်ရှန်းတို့က လုံးဝပျောက်ကွယ်သွားလေသည်။ ချင်ကျီသည် ချန်ပိလင်ကိုကြည့်၍ မေးလိုက်၏။
"မင်း အရင်က ဘာလို့ ငါ့ကို ကူညီခဲ့တာလဲ"
"ဘာရယ်...ကူညီတယ်ဟုတ်လား၊ နင် ဘာတွေပြောနေတာလဲ"
ချန်ပိလင်၏မျက်လုံးများက ပြူးကျယ်သွားကာ အံ့အားသင့်သွားကြောင်း ပြသနေသည်။
ချင်ကျီ၏မျက်နှာက အနည်းငယ် တွန့် သွားရ၏။ သူ ထင်ယောင်ထင်မှား ဖြစ်နေမိတာလား။ တစ်ကယ်တမ်းကျ သူမက သူ့ကို ကူညီဖို့ ရည်ရွယ်ခဲ့တာ မဟုတ်ဘူးလား။
သို့သော်ငြား သူ စမေးခဲ့ပြီးပြီဖြစ်ရာ အခုမှ စကားပြန်ရုတ်သိမ်းလိုက်လျှင် သူရဲဘောကြောင်သလိုဖြစ်သွားလိမ့်မည်။
ထို့ကြောင့် သူ တည်ငြိမ်စွာ ပြောရန် ကြိုးစားလိုက်သည်။
"အရင်က ဟိုရင်ပြင်ပေါ်မှာ မင်းက လူသိရှင်ကြားရှုံးနိမ့်တာကို ဝန်ခံခဲ့တယ်၊ ပြီးတော့ ဆရာဖန်ချီရဲ့ ဖိအားကနေ ငါ့ကို လွတ်မြောက်စေခဲ့တယ်"
"အိုး! ငါက ငါ့ရဲ့အရှုံးကို လက်ခံလိုက်ရုံပဲလေ၊ နင်က အဲ့ဒါကို ငါ နင့်ကိုကူညီဖို့ လုပ်ခဲ့တယ်လို့ တကယ်ကြီး ထင်နေတာလား"
ချန်ပိလင်က ခဏရပ်သွားပြီးမှ နှာမှုတ်လေ၏။
"ကောင်းရော...နင်က ကိုယ့်ကိုယ်ကိုယ် မြှောက်လွန်းနေတာမဟုတ်ဘူးလား၊ ငါတို့ကြားက ဆက်ဆံရေးကို နင် မသိလို့လား၊ ငါက နင့်ကို ဘယ်လိုလုပ် ကူညီမှာတုန်း"
ချင်ကျီသည် သူမ၏မျက်လုံးများကို စူးစူးစိုက်စိုက် ကြည့်ကာ...
"အရေးပါတဲ့မိသားစုက သခင်မလေးတစ်ယောက်အနေနဲ့ ဆရာဖန်ချီလုပ်ခဲ့တဲ့ အပြုအမူရဲ့အဓိပ္ပာယ်ကို မင်း သတိမထားမိဘူးလို့ ငါ မယုံဘူး"
"မင်းသာ စကားဝင်မပြောခဲ့ရင် အဂ္ဂိရတ်ပညာပြိုင်ပွဲ ကို အနိုင်ရပြီး ဆရာဖန်ချီ မျက်နှာသာပေးတာကို ရရှိမှာ"
"ဒါပေမယ့် မင်း စကားဝင်ပြောခဲ့လို့ ဘာမှမရသွားခဲ့ဘူး၊ ပြီးတော့ ဆရာဖန်ချီရဲ့အပေါ်မှာတောင် အပြစ်ကြီးကြီးလုပ်မိသွားသေးတယ်"
"အရှုံးကို ရိုးရိုးရှင်းရှင်းလက်ခံလိုက်တာလား၊ တရားမျှတမှုဘက်မှာ ရပ်တည်ဖို့အတွက် ဒီလိုမိုက်မဲတဲ့အပြုအမူကို လုပ်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်က မလုံလောက်နေဘူး"
ချန်ပိလင်၏ ဘဝင်ခိုက်နေသောအပြုံးက တဖြည်းဖြည်း မှေးမှိန်သွားပြီး နောက်ဆုံးမှာ သူမ ညင်သာစွာ သက်ပြင်းချမိ၏။
"အာ...နင် သဘောပေါက်သွားပြီပဲ"
"တကယ်တော့ ငါ့ရဲ့လုပ်ရပ်တွေက အရှုံးကို မြင့်မြတ်တဲ့စိတ်ထားနဲ့ လက်ခံလိုက်တာမဟုတ်ဘူး၊ ငါက အဲ့ဒီလောက်ထိ မနုံအဘူး"
"ဒါပေမယ့် နင့်ကိုယ်နင်တော့ မမြှောက်လွန်းနေနဲ့၊ ငါက နင့်အတွက် လုပ်ခဲ့တာမဟုတ်ဘူး၊ ငါ့ရဲ့အဓိကစိုးရိမ်မှု က ငါကိုယ်တိုင်ပဲ"
ချင်ကျီက မျက်မှောင်ကြုတ်သွားသည်။
"မင်း ဘာကို ဆိုလိုတာလဲ"
ချန်ပိလင်က သူ့ကိုကြည့်၍ မာနကြီးစွာ ပြော၏။
"အခုထိ နားမလည်သေးဘူးလား၊ နင့်ရဲ့ ဦးနှောက်ပတ်လမ်းက နည်းနည်းတော့ ရိုးအပုံပဲ"
ချင်ကျီ၏ပါးစပ်က အနည်းငယ် တွန့်သွားသော်လည်း သူ ဘာမှမပြောခဲ့ပေ။
ချန်ပိလင်က...
"အဂ္ဂိရတ်ပညာပြိုင်ပွဲမှာ နင့်ရဲ့သက်စောင့်ဆေးက ငါ့ထက် ပိုပြီးပြည့်စုံခဲ့တာတော့ အမှန်ပဲ၊ ငါ ဝန်ခံရတာ မကြိုက်ပေမယ့်လည်း ဒါက အမှန်တရားပဲလေ"
"ပြီးတော့ အဲ့ဒီအဘိုးကြီးဖန်ချီကသာ တပည့် တစ်ယောက်ကို တစ်ကယ်ခေါ်ယူချင်တယ်ဆိုရင် သူက နင့်ကို သေချာပေါက်ရွေးချယ်မှာပဲ"
"ဒါပေမယ့် သူက နင့်ကို ဆန့်ကျင်ပြီး ငါ့ကို ရွေးခဲ့တယ်၊ သူက ငါ့ကို ရွေးချယ်ဖို့အတွက် နင့်လို ပါရမီရှင် တစ်ယောက်ကို ဖျက်ဆီးပစ်ဖို့အထိ ဝန်မလေးခဲ့ဘူး"
"ဟမ့်! တခြားသူတွေရဲ့ရှုထောင့်ကနေ ကြည့်ရင် ငါက ကံကောင်းတယ်ပေါ့၊ ဒါပေမယ့် ငါ့ရဲ့ရှုထောင့်ကနေကြည့်ရင်တော့ ဒါကို ဂုဏ်ယူနိုင်မှာတဲ့လား"
ချင်ကျီ၏ မျက်ခုံးများက တွန့် သွားလေ၏။
သူက နားလည်သွားသည့်ပုံပင်။
ထို့နောက် ချန်ပိလင်က အေးစက်စွာ ပြုံးကာ...
"လူတစ်ယောက်က မတောင်းဆိုထားဘဲ တစ်ဖက်က မျက်နှာသာပေးလာရင် နောက်ကွယ်မှာ ရည်ရွယ်ချက်ရှိနေတယ်လို့ ဆိုလိုတယ်၊ အဲ့ဒီအဘိုးကြီးဖန်ချီရဲ့ ရည်ရွယ်ချက်တွေက ညစ်ပတ်လွန်းတယ်!"
"မင်း ဆိုလိုတာက..."
ချင်ကျီက ချန်ပိလင်ကို ကြည့်နေသည်။ ရုတ်ချည်းပင် သူ့ဆရာပြောပြခဲ့သော ညှို့ယူဆွဲဆောင်နိုင်သည့် အပျိုစင်ခန္ဓာကိုယ်အကြောင်း ပြန်အမှတ်ရသွားခဲ့၏။
"ဟုတ်တယ် နင် ခန့်မှန်းတာ မှန်တယ်၊ အဲ့ဒီအဘိုးကြီးက ငါ့ရဲ့အလှတရားကို တပ်မက်နေတာ သေချာတယ်!"
ချန်ပိလင်က သူမ၏ခေါင်းအား မာနကြီးစွာ မြှောက်ထားလေသည်။
ဘာကြီး!
ချင်ကျီ၏မျက်လုံးများက ရုတ်တရက် ပြူးကျယ်သွားလေ၏။
သူ ခန့်မှန်းတာမှန်ပြီဟု ထင်ခဲ့သော်လည်း သူ၏ခန့်မှန်းချက်က လမ်းချော်နေခဲ့သည်။
သူ အသက်ပြင်းပြင်းရှူသွင်း၍ ဆွံ့အစွာ မေးမိတော့၏။
"မင်းက ဘာလို့ အဲ့ဒီလိုထင်တာလဲ"
ချန်ပိလင်က ပေါ့ပါးစွာ နှာမှုတ်လျက်...
"ဟမ့်! အဲ့ဒီအဘိုးကြီးမှာ စဥ်းလဲတဲ့မျက်လုံးတွေရှိတယ်၊ သိသိသာသာကို ညစ်ပတ်တဲ့အဘိုးကြီးပဲ"
"ဒါ့အပြင် သူ့ရဲ့နာမည်ကြီးဆေးက ရင်သားဖွံဖြိုးဆေးလေ! ဘယ်သူကများ ဒီလိုဆေးဖော်စပ်နည်းမျိုးကို ဖန်တီးမှာလဲ"
ထိုဆေးကို ပြောလိုက်စဥ်မှာ သူမ၏မျက်နှာက အနည်းငယ် နီမြန်းသွားကာ ရှက်ရွံ့နေသကဲ့သို့ပင်။
ချင်ကျီ၏ အောက်မေးရိုးက တစ်တောင်လောက် ကျသွားတော့သည်။
ရင်သားဖွံ့ဖြိုးဆေး!
ထိုကဲ့သို့ဆေးမျိုးကို ကလေးဘဝတုန်းက သူ ကြားခဲ့ဖူး၏။ အကျင့်သီလကောင်းမွန်သည်ဟု ယူဆရသော လူအများအပြားပင် လျှို့ဝှက်စွာ ဝယ်ယူကြသည်ဟု ကောလာဟလ ထွက်ခဲ့ဖူးသည်။
ထိုဆေးက ဆရာဖန်ချီ၏ ဖန်တီးမှု ဖြစ်နေလိမ့်မယ်လို့ဘယ်သူက တွေးထားမည်နည်း။
တကယ်ပင် ကြီးကျယ်သော အောင်မြင်မှုပင်။