ထာဝရည ၁
Vol. 89 Ch. 881
ကောင်းကင်မြို့တော်မှ ကီလိုမီတာ ရာအနည်းငယ်ခန့်အကွာတွင် ဧရာမဖားကြီးတကောင်သည် ဒေါသအမျက်ချောင်းချောင်းထွက်လျက် မြို့တော်ရှိရာသို့ ဦးတည်ကာ ဒလကြမ်းချီတက်နေ၏။
ဖားကြီး၏ ရွေ့လျားပုံမှာ နှေးကွေးလှ၏။ အရွယ်အစားအလွန်ကြီးမားလွန်း၍ ခုန်ပင်မခုန်နိုင်ချေ။ ထို့ကြောင့် ၎င်းအဖို့ မြေပြင်တလျှောက်တွင် တွားသွားရုံသာတတ်နိုင်တော့သည်။ သို့တိုင်အောင် ၎င်း ခြေတလှမ်းလှမ်းလိုက်တိုင်း ဖားကြီး၏ ကိုယ်ခန္ဓာသည် ရှေ့သို့ ပေတထောင်ခန့်စီ ရွေ့သွားလေသည်။
မြို့တော်သို့ ဦးတည်လာနေသည့် ဧရာမဖားကြီးကြောင့် မြေပြင်သည် သိမ့်သိမ့်တုန်ခါနေ၏။ ၎င်း ခြေထောက်ချလိုက်တိုင်း တောင်များ ပြိုကျပြီး မြေကြီးများသည် အက်ကွဲကုန်လေသည်။
ကမ္ဘာဦးမတိုင်မီသားရဲဖားကြီးသည် ၎င်းတို့၏လမ်းကြောင်းရှိ မည်သည့်အရာကိုမှ ဂရုမစိုက်ချေ။ မြင်သမျှအရာတိုင်းကို ချေမွပစ်ကာ ရှေ့သို့ဆက်လက် ခရီးဆက်နေ၏။
၎င်း၏ခြေဖဝါးအောက်ရှိ မဟာပထဝီမြေထုကြီးသည် ပြင်းထန်စွာ တုန်ခါနေ၏။ ၎င်း၏ကြီးမားလွန်းသော ခန္ဓာကိုယ်ကြောင့် ကောင်းကင်သည်ပင် မဲမဲမှောင်ကုန်သည်ဟု ထင်မှတ်ရသည်။ အဆက်မပြတ်ထွက်ပေါ်နေသော အဆိပ်လှိုင်းလုံးများသည်လည်း ပတ်ဝန်းကျင်သို့ စဉ်ဆက်မပြတ် ပျံ့နှံ့လျက်ရှိ၏။
စုချန်းသာ လူပျံတော်မျိုးစိတ်ဝင်တဦးဖြစ်ခဲ့လျင် သူ့လုပ်ရပ်များမှာ ကြီးလေးသောရာဇဝတ်မှုတခုဟု ဆိုနိုင်ပေသည်။
ယခုတော့ လူပျံတော်နယ်မြေကြီးသည် ရုတ်တရက်ဆိုသလို နေ၍ထိုင်၍ ထိုင်မကောင်းသောနေရာတခုအဖြစ် ပြောင်းလဲသွားခဲ့လေပြီ။ သားရဲကြီးသည် မြေအောက်ရှိ အရာမှန်သမျှကို အဆင်အခြင်ကင်းမဲ့စွာ နင်းချေနေပြီး မရေမတွက်နိုင်သော အရပ်သားများကို သေဆုံးသွားစေ၏။ အိမ်ခြေပေါင်းများစွာသည်လည်း ပျက်စီးကုန်ကြ၏။ အပြေးနောက်ကျသူတိုင်းမှာကား နေရာမှာပင် ပြားချပ်ကုန်ကြလေသည်။
ဤသည်မှာ စစ်ပွဲ၏စစ်မှန်သော သရုပ်သကန်ပေတည်း။
စစ်ပွဲများတွင် ဘယ်မှာ ဂရုဏာတရားကို ရှာ၍ရနိုင်မည်နည်း။
အတိတ်ကာလများဆီက လူပျံတော်များ လူသားများအပေါ် ဘာတွေလုပ်ခဲ့သည်ကို စုချန်း ကောင်းကောင်း သိထား၏။ အခြေအနေကောင်းများရှိနေချိန်တွင် လူပျံတော်များသည် လူသားများအပေါ် ပြောမပြနိုင်လောက်သော ရက်စက်ကြမ်းကြုတ်မှုများစွာကို ကျူးလွန်ခဲ့ကြသည်။
ရှင်းရှင်းပြောရလျင် ဟဲယွန်လေစီးကြောင်းသည်ပင် အကျင့်ကောင်းသူမဟုတ်။
သူ မည်သည့်အတွက် လူသားများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသနည်း။
အကြောင်းမှာ သူ နယ်စပ်အနီးရှိ လူသားမြို့များကို လုယက်တိုက်ခိုက်ခဲ့သောကြောင့်ပင်။
နဂါးကျောင်းတော်သို့ ဝင်ရောက်ပြီးနောက် စုချန်းသည် နိုင်ငံတစ်ဝန်း ခရီးသွားခဲ့၏။ နယ်စပ်မြို့များတွင် မရေမတွက်နိုင်သော ရက်စက်ကြမ်းကြုတ်မှုများကို သူ ကိုယ်တိုင် မြင်တွေ့ခဲ့ရဖူးပေသည်။
နောက်ဆုံးတွင်တော့ စုချန်းသည် ထိုလုပ်ရပ်မျိုးကို ရွံမုန်းလာခဲ့ပြီး ရလဒ်မှာ သူ၏ အရာရာကို တန်ဖိုးထားပုံနှင့်အကဲဖြတ်ပုံများ ပြောင်းလဲသွားခြင်းပင်။ ဥပမာအားဖြင့် မိမိ၏ရန်သူကို သနားခြင်းကို ကိုယ့်ကိုယ်ကိုယ် ပြန်လည်နာကျင်စေခြင်းနှင့်အတူတူသာဟု စုချန်း ယူဆလာ၏။
ထို့ကြောင့် စုချန်းအနေနှင့် သတ်ဖြတ်သူများကိုသာမဟုတ် လူပျံတော်များကိုလည်း ချမ်းသာပေးမည်မဟုတ်။
ထိုအသိစိတ်ကို အခြေခံထားလေရာ သူသည် လူသားမျိုးနွယ်ကို မြှင့်တင်ရန် ဆုံးဖြတ်ချက်ချခဲ့သည်နှင့်တပြိုင်တည်း လူသားများ၏ ရန်သူများကိုပါ တလက်စတည်း ဖယ်ရှားသွားရန်၊ နှိမ်နင်းသွားရန် သို့မဟုတ် သုတ်သင်ရန် ဆုံးဖြတ်ထားခဲ့၏။
သို့မဟုတ်လျှင် လူသားမျိုးနွယ်၏ ကောင်းရာကောင်းကျိုးအတွက် အလုပ်လုပ်နေသည်ဟု မည်သည့်အချက်ကို ကိုင်စွဲလျက် ပြောနိုင်မည်နည်း။
ငြိမ်းချမ်းသောနည်းလမ်းသည် နေရာတိုင်းတွင် လက်တွေ့မကျချေ။ သွေးထွက်သံယိုမှုနှင့် အကြမ်းဖက်မှု မရှိလျင် မူလကမ္ဘာကြီးတွင် သင် မည်သို့ ထင်ပေါ်ကျော်ကြားနိုင်အံ့နည်း။
ထို့ကြောင့် မိမိ၏ရန်သူများကို တိုက်ခိုက်ရန် အခွင့်အလမ်း ရှိနေလျက်သားနှင့် အသုံးမချခဲ့လျင် ၎င်းသည် အမှားကြီးတခုဖြစ်ပြီး မိမိ၏မျိုးနွယ်ကို သစ္စာဖောက်မှုခြင်းဟု သတ်မှတ်နိုင်၏။
အနည်းဆုံးတော့ အထက်ဖော်ပြပါအချက်အလက်များသည် စုချန်း၏ ယုံကြည်ချက်များပင် ဖြစ်သည်။
ကိုယ်ပွားများသည် မိုးကြိုးနှင့်လျှပ်စီးများကို ပေါက်ကွဲထွက်စေပြီး အဆိပ်ဖားကြီးအား ကောင်းကင်မြို့တော်ဆီသို့ ဦးတည်လာရန် ဆွဲဆောင်လျက်ရှိသည်။ နောက်ပိုင်းတွင် ကိုယ်ပွားများအနေနှင့် ကိုယ်တိုင်တိုက်ခိုက်ရန်ပင် မလိုအပ်တော့။ ကိုယ်ပွားတကောင်က ဖားကြီး၏ရှေ့တွင် ပိုးမွှားကဲ့သို့ အသွားအပြန် လူးလားပျံသန်းနေသရွေ့ ဖားကြီးသည် ၎င်းနောက်မှ လိုက်နေဦးမည်သာ။ လူပျံတော်များမှာ မြင်ကွင်းကြောင့် အကြီးအကျယ် ဒေါသထွက်ကုန်ကြ၏။
ထို့နောက် ၎င်းတို့သည် စုချန်း၏ ကိုယ်ပွားကို ဝိုင်းဝန်းတိုက်ခိုက်ကြ၏။ သို့သော် ကိုယ်ပွားကား ထိုတိုက်ခိုက်မှုများကို လားလားမျှဂရုမစိုက်။ ယုတ်စွအဆုံး ရှောင်တိမ်းရန်ပင် ကြိုးစားခြင်းမရှိချေ။ ၎င်းသည် နောက်သို့ လှည့်ကြည့်ကာ အဆိပ်ဖားကြီးကို လက်ညှိုးထိုးပြီး ပြောလိုက်လေသည်။
"မင်းကို ကျုပ် စောင့်နေမယ်”
ဤဝါကျသည် ရိုးရှင်းသော ဝါကျတခု ဖြစ်သည်။ သို့သော် အဆိပ်ဖားကြီးကို အကြီးအကျယ် ဒေါသထွက်သွားစေ၏။
တချိန်တည်းမှာပင် ၎င်း၏ ကြီးမားသော လျှာသည် လေထဲတွင် တိုးထွက်လာ၏။ ဤတစ်ကြိမ်တွင်တော့ စုချန်း၏ ကိုယ်ပွားသည် အဆိပ်ဖားကြီး၏ လျှာကို ရှောင်တိမ်းရန် ကြိုးစားခြင်းမရှိ။ ကိုယ်ပွားသည် ထိုနေရာမှာပင် ချက်ချင်း ပြိုကွဲသွားတော့သည်။
သို့တိုင်အောင် မျက်စေ့နောက်စရာကောင်းသောခြင် လုံးဝမသေသေးမှန်း ဖားကြီး ကောင်းကောင်းသိနေ၏။
တကယ်လည်း စုချန်း၏ ကိုယ်ပွားသည် လမ်းကြောင်းတနေရာတွင် ဖားကြီးကို စောင့်ဆိုင်းနေပြန်သည်။
ဖားကြီးသည် ပို၍ဒေါသထွက်လာပြီး အရှိန်အဟုန်ဖြင့် ရှေ့သို့တိုးနေ၏။ ပတ်ဝန်းကျင်ရှိ လူပျံတော်စစ်သည်များကိုမူ ဖားကြီး ဂရုပင်မစိုက်ချေ။
ခြင်တွေ၊ မျက်စေ့နောက်စရာကောင်းလိုက်တဲ့ခြင်တွေ...
ကောင်းကင်မြို့တော်ရှိ ထာဝရနေမင်းနန်းတော်အတွင်းတွင် ဖြစ်သည်။
ထာဝရနေမင်းနန်းတော်သည် မြို့ကို စတင်တည်ထောင်းကတည်းက တည်ဆောက်ခဲ့သည့် ကာလရှည်ကြာနန်းတော်ကြီး ဖြစ်သည်။ နန်းတော်ကြီးသည် မင်းဆက်ပေါင်းများစွာ၏ အောင်မြင်မှုနှင့် ကျဆုံးမှုကို ကြုံတွေ့ခဲ့ရပြီး အကြိမ်များစွာ ဖြိုချကာ အသစ် ပြန်လည်တည်ဆောက်ခဲ့ရ၏။ သို့သော် ထာဝရနေမင်းနန်းတော်ဟူသော အမည်ကတော့ ပြောင်းလဲခြင်းမရှိပဲ တည်တံ့နေခဲ့လေသည်။
နန်းတော်ကြီးအဖို့ အထိခိုက်မခံနိုင်ဆုံးကာလမှာ ထာဝရညဘုရင်ကြီး ထီးနန်းတက်ပြီး ကာလများပင် ဖြစ်ပေလိမ့်မည်။
ထုံစံအတိုင်း နန်းတက်ဘုရင်သစ်ကို မြှောက်ပင့်လိုသူမင်းစိုးမင်းမြှောင်များသည် နန်းတော်ကြီး၏ အမည်နာမမှာ ဘုရင်၏နာမည်နှင့် အလွန်ဆင်တူသဖြင့် ၎င်းသည် ဘုရင်ကြီးနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်ဟု ကပ်ဖားယပ်ဖား လုပ်ကြကုန်၏။ သူတို့၏ စိတ်ကူးမှာ နန်းတော်ကြီးကို ဖြိုချပြီး အသစ်ပြန်လည်တည်ဆောက်ကာ နာမည်သစ်ကင်းပွန်းတပ်ပေးရန်ပင် ဖြစ်သည်။
ကံကောင်းသည်မှာ ထာဝရညဘုရင်ကြီးက ထိုအကြံပြုချက်များကို ကန့်ကွက်လိုက်၏။
တကယ်တော့ ထာဝရညမျိုးနွယ်စုဟူသည် ညအမှောင်ထုကို အကာအကွယ်ယူ၍ ပစ်မှတ်များကို အောင်မြင်စွာ လုပ်ကြံသတ်ဖြတ်နိုင်သည့် လူသတ်သမားများမျိုးနွယ်စုမှ ဆင်းသက်လာခြင်း ဖြစ်သည်။
တကယ်တော့ လူပျံတော်အများစုမှာ အထူးတလည် ထက်မြက်သော လူသတ်သမားများ မဟုတ်ခဲ့ချေ။ ၎င်းတို့သည် မြေကြီးပေါ်ရှိ ပြဿနာများကို ဖြေရှင်းရမည့်အစား လေပေါ်တွင် ငှက်တကောင်ကဲ့သို့ လွတ်လွတ်လပ်လပ် ပျံသန်းနေလိုစိတ်သာ ရှိကြ၏။ ထို့ကြောင့် စစ်သည်တော်များ သို့မဟုတ် လူသတ်သမားကဲ့သို့သောအလုပ်အကိုင်များမှာ ၎င်းတို့နှင့် လားလားမျှ မသင့်တော်ချေ။
ထို့ကြောင့် လူပျံတော်များတွင် ထိုသို့အလုပ်အကိုင်လိုအပ်ချက်များကို မြှင့်တင်ရန် စိတ်ကူးစိတ်သန်းမျိုး ရှေးကတည်းက ရှိခဲ့ဖူးကြ၏။ ထိုစိတ်ကူးစိတ်သန်းအပေါ် အခြေတည်၍ တောင်ပံမဲ့များကဲ့သို့ စစ်သည်တော်များနှင့် ထာဝရညမျိုးနွယ်စုကဲ့သို့ လူသတ်သမားမျိုးနွယ်စုများ ပေါ်ပေါက်လာခြင်းပင် ဖြစ်သည်။
တနည်းအားဖြင့် ထာဝရညမျိုးနွယ်စု၏ စွန့်လွှတ်အနစ်နာခံသော စိတ်ဓာတ်နှင့် အမှောင်ထုထဲတွင် စီးမြောပြီး တာဝန်ကို ကျေပြွန်အောင် ဆောင်ရွက်နိုင်သည့် အရည်အချင်းမျိုးမရှိပဲ ကောင်းကင်နိုင်ငံတော်သည် ၎င်းတို့ ထိန်းချုပ်ထားသော ပိုင်နက်နယ်မြေများကို မည်သို့မှ ထိန်းသိမ်းနိုင်မည် မဟုတ်ချေ။
ထို့ကြောင့် ထာဝရညနှင့် ထာဝရနေမင်းဟူသော အမည်နာမနှစ်မျိုးသည် တကယ်တမ်းတွင် ဆန့်ကျင်ဘက်ဖြစ်နေသည် မဟုတ်။ ထိုအစား တခု၏ လိုအပ်ချက်ကို တခုက အပြန်အလှန် အားဖြည့်ပေးနေသည့် သဘောကိုပင် ဆောင်နေသေးပေသည်။
မည်သို့ဆိုစေ ဘုရင်ကြီးထာဝရညသည် ၎င်း၏ဉာဏ်ပညာ၊ ရဲရင့်မှု၊ ခွန်အားနှင့် ခိုင်မာပြတ်သားမှုတို့ကြောင့် နှစ်ပေါင်းထောင်ချီတိုင်အောင် ဂုဏ်သတင်းမွှေးနေခဲ့သည်ကတော့ အမှန်ပင်။
ဤယနေ့တွင်လည်း ရဲရင့်သောဘုရင်ကြီးသည် ထာဝရနေမင်းနန်းတော်အတွင်းရှိ ရာဇပလ္လင်ပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေ၏။
သူ့ပုံစံမှာ မည်သည့် ထူးခြားမှုမရှိပဲအရပ်ပုပြီး အသားအနည်းငယ်ညို၏။ ထိုအချက်များသည်ပင် ထာဝရညမျိုးနွယ်စု၏ ထူးခြားသောဝိသေသလက္ခဏာများ ဖြစ်လေသည်။
သူ့အောက်တွင် အိပ်မက်ကြာပန်းသရဖူနှင့် ဂိုဏ်းချုပ်ဘုန်းတော်ကြီးများ အသီးသီး ရပ်နေကြ၏။
ထာဝရညဘုရင်သည် အတွေးနယ်ချဲ့လျက်ရှိ၏။ သို့သော် သူ့လက်အောက်ရှိလူပျံတော်များကတော့ အပြင်းအထန် အငြင်းပွားနေကြသည်။
"ကျုပ်တို့အနေနဲ့ ဟဲယွန်လေစီးကြောင်းကို ဘယ်နည်းနဲ့မဆို ဖမ်းဆီးရမယ်"
"ဟုတ်တယ် ဒါ့အပြင် ဟဲယွန်လေမျိုးနွယ်စုကလည်း ဒီအပေါ်မှာ တစိတ်တပိုင်းတော့ တာဝန်ရှိတယ်"
"မဟုတ်သေးဘူး လောလောဆယ် အဆိပ်တထောင်ဖားကြီးပြသနာကသာ ပိုပြီးအရေးကြီးတယ်"
"ကျုပ်ကတော့ ခီလစ်ဒါနဲ့ မဟာမိတ်ဖွဲ့ဖို့ ကိစ္စကို ထောက်ခံတယ်"
"ကံကြမ္မာလက်ချောင်းများနဲ့ မဟာမိတ်ဖွဲ့ရမှာတဲ့လား လူပျံတော်တွေရဲ့ဂုဏ်သိက္ခာကို ဘယ်နားမှာသွားထားမလဲ ဒီကောင်က အာကင်နာအကြွင်းအကျန်တယောက်ပဲမလား"
"သတ်ဖြတ်သူတွေဟာလဲ အတိတ်တုန်းက အာကင်နာတွေနဲ့ မဟာမိတ်ဖွဲ့ခဲ့ဖူးတာပဲ"
"လူပျံတော်တွေကို အဲဒီအရိုင်းအစိုင်းတွေနဲ့ မနှိုင်းပါနဲ့"
"ကဲ တော်ကြပါတော့ အဆိပ်တထောင်ဖားကြီးက ဒီကိုလာနေပြီ ကျုပ်တို့ အရင်ဆုတ်ခွာရင်ပိုကောင်းမယ်"
"စစ်ပွဲမှမစသေးဘူး ထွက်ပြေးတာကို ဘယ်လိုခေါ်ရင်ကောင်းမလဲ"
"ဒါကို ထွက်ပြေးတယ်လို့ ပြောလို့ဘယ်ရမလဲ ကောင်းကင်မြို့တော်က ဖားကြီးကို ကာကွယ်နိုင်တယ် ဒါပေမယ့် သူ့အဆိပ်ကိုတော့ မကာကွယ်နိုင်ဘူး ခင်ဗျား ခီလစ်ဒါနဲ့ မဟာမိတ်ဖွဲ့ဖို့ စိတ်မဝင်စားဘူးဆိုရင် ပြေးရုံအပြင် ဘာရှိသေးလို့လဲ"
"ကျုပ်မှာ အကြံတခုရှိတယ်"
"ဘာအကြံလဲ"
"ဘာလို့ အဆိပ်ဖားကြီးကို လူသားနယ်စပ်ဆီ မျှားခေါ်မသွားတာလဲ"
"အဲဒါ ဘာစိတ်ကူးမျိုးလဲ လူသားနယ်စပ်က ဘယ်လောက်ဝေးတယ်ဆိုတာ မင်းသိတယ်မလား သားရဲကြီး အဲဒီရောက်တဲ့အချိန်မှာ အားလုံးသေကုန်လောက်ပြီ"
အငြင်းပွားမှုမှာ အထက်ပါအတိုင်း ဆက်လက်ဖြစ်ပွားနေ၏။ ထိုအချိန်မှာပင် ဘုရင်ကြီးထာဝရည၏ လည်ချောင်းရှင်းသံတချက် ထွက်ပေါ်လာလေရာ ခန်းမတခုလုံး ချက်ချင်း တိတ်ဆိတ်သွားလေသည်။
ဤသည်မှာ ထာဝရည၏ ဂုဏ်သိက္ခာနှင့် ထူးခြားသော အလေ့အကျင့်ကြောင့် ဖြစ်လေသည်။ ထာဝရညဘုရင် နှုတ်ဆိတ်နေပါက ၎င်းတို့ ဆန္ဒရှိသလောက် အချင်းချင်း ရန်ဖြစ်ခွင့်ရှိ၏။ သို့သော် သူစကားပြောရန် ပါးစပ်ဟလိုက် လူတိုင်းနားထောင်ရန် အသင့်ဖြစ်နေရပေလိမ့်မည်။
ထာဝရညက သူ့လက်အောက်ငယ်သားများကို ဝေ့ကြည့်ရင်း စတင်မေးမြန်းလိုက်၏။
"ဟဲယွန်လေစီးကြောင်း ဘာကြောင့် ဒီလိုလုပ်ရသလဲဆိုတာ ဘယ်သူပြောပြနိုင်သလဲ”
ထိုစကားကြောင့် လူတိုင်း ပါးစပ်ပြဲသွား၏။ တကယ်လည်း ဤမေးခွန်းမှာ အလွန် အရေးကြီးသောမေးခွန်းဖြစ်သည်။
အမှန်ဆိုလျင် ဟဲယွန်လေစီးကြောင်းသည် လူပျံတော်တယောက်ပင် ဖြစ်သည်။ သူ့နိုင်ငံတွင် သူသည် အသရေပျက်ခဲ့ရ၏။ သူ့မျိုးနွယ်ဝင်များအကြားတွင် အရှက်ရခဲ့၏။ သို့သော် ထိုအတွက် ကောင်းကင်နိုင်ငံတော်ရှိ လူပျံတော်တိုင်းကို သတ်ပစ်ရန် မည်သည့်အကြောင်းပြချက်မှ ရှိမနေချေ။
ဘုရင်က အိပ်မက်ကြာပန်းသရဖူဘက်သို့ လှည့်ပြီးမေးလိုက်ပြန်၏။
“မင်းဟာ ဟဲယွန်လေစီးကြောင်းနဲ့ တွေ့ဖူးတယ် မင်း သတိထားမိတာလေးတွေ ပြောပြစမ်းပါအုံး"
အိပ်မက်ကြာပန်းသရဖူ အနည်းငယ် အံ့ဩသွား၏။ အတန်ကြာမှ သူမက ပြန်ဖြေလိုက်သည်။
“ကျွန်မ သူ့နဲ့ ခနပဲ စကားပြောလိုက်ရတာကြောင့် အတိအကျပြောဖို့တော့ခင်တယ် ဒါပေမဲ့ သူ ကျွန်မကို စကားပြောပုံက အင်မတန်အေးဆေးတည်ငြိမ်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတယ် ဒါ ဘယ်လူပျံတော်မှ မလုပ်နိုင်တဲ့အရာမျိုးပဲ"
ထာဝရညက ထပ်မေးလိုက်ပြန်သည်။
“ဒါဆို သူ့ပုံစံက သတိလဲကောင်းတယ်စိတ်ကလဲ ကြည်ကြည်လင်လင်ပဲပေါ့ ဟုတ်တယ်မလား”
“ဟုတ်ပါတယ်”
အိပ်မက်ကြာပန်းသရဖူက ခေါင်းညိတ်လိုက်၏။
ထာဝရညဘုရင်က ဆက်ပြောလိုက်သည်။
"ဒါဆို သူ ရူးနေတာ မဟုတ်ဘူးလို့ ကောက်ချက်ချနိုင်တယ် သူ သတ္တိရှိတယ် ညဏ်ကောင်းတယ် ထက်မြက်တယ် ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်ရှိတယ် သူ မိခင်နတ်ဘုရားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကိုတောင် လှည့်စားဖို့ ကြိုးစားခဲ့တယ် နတ်ဘုရားအဆင့်ရတနာတွေကို ခိုးယူဖို့ စွန့်စားခဲ့တယ်"
အိပ်မက်ကြာပန်းသရဖူသည် ထာဝရညဘုရင်၏ ဆိုလိုရင်းကို ချက်ချင်းပင် သဘောပေါက်သွား၏။
“ဒီတော့ အရှင်မင်းကြီး ဆိုလိုတာက…”
ထာဝရညဘုရင်က သက်ပြင်းလိုက်၏။
“စိတ်ရောကိုယ်ပါ အကောင်းပကတ်ိရှိနေတဲ့ လူပျံတော်တယောက်က ကျန်တဲ့လူပျံတော်တွေကို ဒီလိုဒုက္ခရောက်စေတာဟာ ဘယ်လိုမှ အဓိပ္ပါယ်မရှိဘူး ဟဲယွန်လေစီးကြောင်းဟာ လူသားတွေရဲ့ မတရားကျင့်မှုကို ခံခဲ့ရတယ် ဒါပေမယ့် သူ လွတ်လာတယ်ဆိုတာကလဲ ကျုပ်တို့ကြောင့်ပဲလေ မျိုးနွယ်စုအတွင်းမှာ အရှက်ရခဲ့တာကြောင့် သူ ရန်ပြုချင်ရင် ဟဲယွန်လေမျိုးနွယ်စု ဒါမှမဟုတ် လူသားတွေကိုသာ ရန်ပြုသင့်တယ် ကောင်းကင်နိုင်ငံကိုတော့ မဟုတ်ဘူး အရေးအကြီးဆုံးအချက်က ဒီလိုဒေါသကြီးနေပြီး အရာရာတိုင်းကို ဖျက်ဆီးချေမှုန်းပစ်ချင်နေတဲ့သူမျိုးဟာ ပစ္စည်းဥစ္စာရတနာတွေကို ဂရုစိုက်လေ့မရှိဘူး ဒါပေမယ့် ဟဲယွန်လေစီးကြောင်းကတော့ သိသိသာသာကို ကွဲပြားနေတယ် သူ့လုပ်ရပ်တွေကလဲ အရမ်းကိုရှင်းလင်းနေတယ်… သူ့ရဲ့ပန်းတိုင် ပြီးတော့ ဒီလိုလုပ်ရပ်တွေ လုပ်ရလောက်အောင် သူ့က်ို လှုံ့ဆော်နေတဲ့အရာ...ဒါတွေက ထူးဆန်းနေတယ်လို့ မင်းတို့ မထင်ဘူးလား"
လူပျံတော်များအားလုံး ကြောင်အန်းအန်း ဖြစ်ကုန်ကြ၏။
ဂိုဏ်းချုပ်ဘုန်းတော်ကြီးတဦးက သံသယဖြင့် မေးလိုက်လေသည်။
"ဒါဆို ဘုရင်မင်းကြီး ဆိုလိုတာက”
ထာဝရညဘုရင်က ပြန်ဖြေလိုက်သည်။
“သူ ဟဲယွန်လေစီးကြောင်း အစစ်မဟုတ်ဘူးလို့ ကျုပ် သံသယရှိနေတယ်”
“ဒါပေမယ့် ခီလစ်ဒါကတော့ သူ့တောင်ပံတွေက အစစ်လိို့ပြောပါတယ်”
အိပ်မက်ကြာပန်းသရဖူက ဝင်ပြောလိုက်၏။
ထာဝရည ခေါင်းခါလိုက်၏။
"ခီလစ်ဒါစကားက သူ့မှာ တောင်ပံတွေရှိနေတယ်လို့ပဲ အတည်ပြုနိုင်တာ သူ တကယ့် ဟဲယွန်လေစီးကြောင်းဖြစ်တယ်လို့ မဆိုလိုဘူး ပြီးတော့ လူပျံတော်တွေမှာပဲ တောင်ပံတွေရှိတာ မဟုတ်ဘူး လူသားတွေမှာလည်း တောင်ပံတွေ ရှိနိုင်သေးတယ်"