← Chapters

ထာဝရည ၂

Vol. 89 Ch. 882

ထာဝရည ၂

Vol. 89 Ch. 882

တောင်ပံတွေပိုင်ဆိုင်ထားတဲ့ လူသားတယောက်။

ထာဝရည၏ စကားကြောင့် ထိုနေရာတွင် ရှိနေသူတိုင်း တုန်လှုပ်သွားကြ၏။ အိပ်မက်ကြာပန်းသရဖူကိုယ်တိုင် အံ့သြမှုကြောင့် အသံများပင် တုန်ယင်နေလေသည်။

“အရှင်မင်းကြီးပြောတာ… လူသားတယောက်… ဒါဆို အရာအားလုံးဟာ လူသားတယောက်ကြောင့် ဖြစ်ခဲ့တာပေါ့ ဟုတ်လား…”

“ဒီလိုမှ ပိုပြီးယုတ္တိရှိတော့မှာပေါ့ ဒါကြောင့်မို့ လူသားနယ်မြေကနေပြန်လာပြီးနောက် ဟဲယွန်လေစီးကြောင်းရဲ့ စရိုက်က ဒီလောက်အထိ ပြောင်းလဲသွားတာဖြစ်လိမ့်မယ် လူသားတယောက်မို့သာ ဒီကောင် ကျုပ်တို့လူပျံတော်တွေ ပစ်မှတ်ထားနေတာနေမှာပေါ့ ဟုတ်တယ်မလား”

ဂိုဏ်းချုပ်ဘုန်းတော်ကြီးတပါးက ချက်ချင်း ထောက်ခံလိုက်သည်။

"အရှင်မင်းကြီးက တကယ့်ကို ဉာဏ်ပညာရှိပါတယ် ဒါ အများကြီး ဖြစ်နိုင်ချေရှိတယ် ကြီးမြတ်သောလေနိုင်ငံရဲ့ လေစွန်မျိုးနွယ်စုတွေဟာ အတောင်ပံတွေကို ဖော်ထုတ်နိုင်တယ် သူတို့ရဲ့သွေးဗီဇစွမ်းအင် အတိုင်းအတာတခုထိ ရောက်သွားရင် အတောင်ပံတွေက တကယ်အစစ်တွေ ဖြစ်သွားနိုင်တယ် ဟဲယွန်လေစီးကြောင်းဟာ ဒီမျိုးနွယ်စုဝင်တယောက် ဖြစ်နိုင်တယ်"

သို့သော် ထာဝရညက ခေါင်းခါလိုက်၏။

“ဒါက ဖန်ကျူးယင်ရဲ့ လုပ်ရပ်မဟုတ်ဘူး ဖန်မျိုးနွယ်စုက လူသားနယ်စပ်မျဥ်းကို သားရဲတွေရန်ကနေ စောင့်ရှောက်နေကြတာ ဒါကြောင့် သားရဲတွေအပေါ် သူတို့ အလွန်မုန်းတီးတယ် သူတို့ရဲ့ အဓိကရန်သူကလဲ အမြဲတမ်း သားရဲတွေပဲ ဖြစ်တဲ့အတွက် တချိန်မှာ သားရဲလှိုင်းကြီးနဲ့ရင်ဆိုင်ရရင် မဟာမိတ်ဖြစ်လာနိုင်တဲ့ ကျုပ်တို့ကို သူတို့ ရန်ပြုမှာမဟုတ်ဘူး ဒီတော့ ကမ္ဘာဦးမတိုင်မီသားရဲကြီးကို လှုံ့ဆော်ပြီးတော့ ကျုပ်တို့ရဲ့ရတနာတွေကို လုယက်ဖို့ဆိုတာကတော့ ပိုလို့တောင် ဝေးသေးတယ်"

ဉာဏ်ရည်မြင့်မျိုးစိတ်များအကြား မဟာမိတ်ဖွဲ့ခြင်းကို ထောက်ခံသူတစ်ဦးသည် အိမ်နီးချင်းမျိုးစိတ်တခု၏ နယ်မြေထဲ ခိုးဝင်ပြီး လုယက်ဖို့ဟူသည်မှာ တကယ်လည်း မဖြစ်နိုင်ချေ။ ပို၍အဓိကကျသည်မှာ ဖန်မျိုးနွယ်စုများအဖို့ လူပျံတော်များနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရသည်မှာ အလွန်ရှားပါးခြင်းပင်။

မည်သို့ဆိုစေ ထာဝရညကိုယ်တိုင်ကလည်း ဖန်ကျူးယင်အကြောင်းကို အတော်လေး နားလည်ထားသည့်ပုံပင်။

ပို၍ အတိအကျပြောရလျင် ထာဝရညသည် လူသားဧကရာဇ် ခုနှစ်ပါးလုံးအပြင် သူတို့အသီးသီး၏ အစွမ်းထက်လက်ဝေခံများနှင့် တခြား အရည်အချင်းရှိလူသားများအကြောင်းကို အတော်လေး နှံ့နှံ့စပ်စပ် သိရှိထား၏။ သူ၏ အသိပညာနှင့် ဗဟုသုတသည် သတ်ဖြတ်သူများ၊ ဝိညာဥ်မျိုးစိတ်များနှင့် သမုဒ္ဒရာမျိုးစိတ်များအထိတိုင်အောင် ကျယ်ပြန့်နက်ရှိုင်းလှပေသည်။

လူပျံတော်များသည် သက်တမ်းရှည်သည်နှင့်မျှ ဉာဏ်ရည်မြင့်မားလေရာ ထာဝရညအနေနှင့် သူ့ပတ်ဝန်းကျင်ရှိ ကမ္ဘာကြီးကို ဂရုတစိုက် လေ့လာခွင့်ရခဲ့၏။ ရန်သူများနှင့် ပတ်သက်၍ သတင်းအချက်အလက် အမြောက်အမြား စုဆောင်းထားနိုင်ခဲ့၏။

ထို့ကြောင့် ထာဝရညသည် အသက်အရွယ်ကြီးလာပြီး ရုပ်ပိုင်းဆိုင်ရာအရ ယိုယွင်းမှုစပြုလာသော်ငြား သူ့စိတ်မှာကား အတိုင်းအဆမရှိ ကြည်လင်နေဆဲပင်။

သူ့စကားကိုကြားလိုက်သည်နှင့် အားလုံး သဘောတူလိုက်ကြ၏။

ဤလုပ်ရပ်က ဖန်မျိုးနွယ်စု၏ လုပ်ရပ်မဟုတ်သည်က အမှန်ပင်။

“ဒါဆို တရားခံသူခိုးဟာ ဘယ်သူများဖြစ်နိုင်မလဲ အရှင်မင်းကြီး”

အိပ်မက်ကြာပန်းသရဖူက မေးလိုက်ပြန်သည်။

နှစ်ဦးကြား ရင်းနှီးမှုကြောင့် သူမအနေနှင့် ထာဝရညကို ကောင်းစွာ နားလည်ထား၏။ သူမတို့၏ ဘုရင်သည် အချက်အလက်မရှိပဲ အလွတ်သဘော စွပ်စွဲခြင်းမျိုးကို ဘယ်တော့မှလုပ်လေ့မရှိ။ သူ တစုံတရာကို သံသယဝင်၍ ထုတ်ပြောလာခဲ့ပြီဆိုလျင် အဖြေတခုကတော့ အသင့်ထုတ်ပြီးလောက်ပေပြီ။

ထာဝရည ညင်သာစွာ ပြောလိုက်၏။

"သူ့ကို အသွင်ယူထားတဲ့ လူသားတယောက်လို့ အရင်ဆုံး ယူဆကြည့်ရအောင် သူ ဟဲယွန်လေစီးကြောင်းရဲ့ပုံစံကို အကြောင်းမဲ့သက်သက်တော့ ယူခဲ့မှာမဟုတ်ဘူး ဒီတော့ ဒီဖြစ်ရပ်ဟာ လွန်ခဲ့တဲ့ နှစ်နှစ်က ဓားစာခံ လဲလှယ်မှုနဲ့ ဆက်စပ်နေတယ်လို့ ကျုပ်ထင်တယ် အဲဒီဓားစာခံလဲလှယ်မှုမှာ ဘယ်သူတွေ ပါဝင်ခဲ့လဲဆိုတော့…”

အိပ်မက်ကြာပန်းသရဖူ နားလည်သွား၏။

“ဒါဆို ဒါ လျောင်ယဲ့နိုင်ငံရဲ့လက်ချက်ပေါ့ ဟုတ်ပေသားပဲ သူတို့ပဲ ကျွန်မတို့အပေါ် နက်နက်ရှိုင်းရှိုင်းကို မုန်းတီးနေတာ"

လူပျံတော်များသည် လူသားမျိုးစိတ်တစိတ်လုံး၏ ရန်သူများဖြစ်သော်ငြား လျောင်ယဲ့နိုင်ငံအနေနှင့်မူ လူပျံတော်များနှင့် တိုက်ရိုက်ရင်ဆိုင်နေရလေရာ သူတို့အချင်းချင်း၏ ဆက်ဆံရေးက ဆိုးရွားလှ၏။ နှစ်ဖက်ကြား တည်ရှိနေသော သွေးကြွေးမှာလည်း အတိုင်းအဆမရှိအောင် နက်ရှိုင်းလှပေသည်။

ထို့ကြောင့် လျောင်ယဲ့နိုင်ငံမှ အဖွဲ့တဖွဲ့က ဤလုပ်ရပ်မျိုးကို ကျူးလွန်ခဲ့သည်ဆိုလျင် ၎င်းမှာ ဘာမှမဆန်းချေ။ သို့သော် လျောင်ယဲ့နိုင်ငံသည်အင်မတန် ကျယ်ပြန့်လွန်းသော နိုင်ငံတနိုင်ငံ ဖြစ်နေ၏။

ထိုစဥ် ထာဝရညက ဆက်ပြောလိုက်၏။

"ဓားစာခံလဲလှယ်မှုအပြီးမှာ သံတမန်အဖွဲ့က ဓားစာခံတွေကို ကောင်းကင်မြို့တောထိ လိုက်ပို့ပေးခဲ့တယ် ပြီးတော့ ဒီသံတမန်တွေဟာ မူလစွမ်းအင်ရဲတိုက်, ကစဥ့်ကလျားမျှော်စင်နဲ့ ကောင်းကင်မြို့တော်က လုံခြုံရေးဂိတ်တွေကိုလဲ ဖြတ်ခဲ့ရသေးတယ် ကျုပ်တို့အနေနဲ့ ဓားစာခံတွေကိုတောင် တယောက်ချင်းစီ သေချာ စစ်ဆေးမေးမြန်းပြီးမှ ရှေ့ဆက်ဖို့ ခွင့်ပြုခဲ့တယ် လူသားတွေမှာ စစ်မှန်သောအလင်းကို လှည့်စားနိုင်မဲ့ စွမ်းရည်ရှိမယ်လို့ ကျုပ်မထင်ဘူး မဟုတ်ရင် လူသားသူလျှိုတွေ ကျုပ်တို့နယ်မြေထဲ အများကြီး ပိုရောက်နေရောပေါ့ ဒါကြောင့် ဟဲယွန်လေစီးကြောင်းရဲ့နေရာကို တရားခံသူခိုး ယူခဲ့တာဟာ ဓားစာခံတွေ ပြန်ရောက်ပြီးမှ ဖြစ်လိမ့်မယ်"

“ဟုတ်တယ် အရှင်မင်းကြီးပြောတာ မှန်တယ် အဲဒီအတိုင်းပဲ ဖြစ်ရမယ်”

ဘုန်းတော်ကြီးတဦးက ထောက်ခံလိုက်၏။

“ဓားစာခံတွေဟာ ကောင်းကင်မြို့တော်ကို ပြန်ရောက်တာနဲ့ လွတ်လပ်သွားကြပြီ ဒီအချိန်မှာပဲ တရားခံလူသားက ဟဲယွန်လေစီးကြောင်းကို သတ်ပြီး သူ့နေရာကို ယူလိုက်တာဖြစ်ရမယ် ဒါဆိုရင် စုံစမ်းထောက်လှမ်းဖို့ အတော်ကိုခက်သွားပြီ"

အိပ်မက်ကြာပန်းသရဖူက မှတ်ချက်ပေးလိုက်ပြန်၏။

“ဒါဆိုရင် တရားခံသူခိုးဟာ သံတမန်အဖွဲ့ရဲ့တစိတ်တပိုင်းလို့ သွယ်ဝိုက်ဖော်ပြနေတာပဲ သူ သံတမန်အဖွဲ့ထဲက လူတယောက် ဖြစ်ရမယ်”

“သံတမန်အဖွဲ့ပြန်သွားတုန်းက ဘယ်သူ ပျောက်သွားသလဲဆိုတာ ချက်ချင်း သွားရှာကြမယ်”

ဂိုဏ်းချုပ်ဘုန်းတော်ကြီးများထံမှ ဆူဆူညံညံအသံများ ပြန်လည်ထွက်ပေါ်လာပြန်သည်။

ထာဝရည လက်ကာပြလိုက်၏။

"ရှာစရာမလိုတော့ဘူး လူသားတွေဘက်ကလဲ ဒီလောက်ထင်ရှားတဲ့ သဲလွန်စမျိုး ချန်ထားခဲ့မှာမဟုတ်ဘူးကျုပ်မြင်ရသလောက် ဒီလူဟာ လူသားတွေကြားမှာ ရာထူးမြင့်တဲ့သူ ဖြစ်ပေမဲ့ သံတမန်အဖွဲ့ထဲမှာတော့ ဘယ်သူမှသတိမထားမိလောက်တဲ့အခန်းကဏ္ဍမှာ ရှိနေလိမ့်မယ် သံတမန်အဖွဲ့ပြန်သွားတာနဲ့ ဒီလူ ဘယ်သူမှသတိမထားမိပဲ တိတ်တဆိတ်ကျန်ရစ်ခဲ့တဲ့သဘောပဲ ကျုပ် အခု စုံစမ်းစစ်ဆေးလိုက်ရင်လဲ သူတို့ရဲ့အစေခံတယောက်ဖျားနာပြီး လမ်းမှာ သေဆုံးသွားတယ်လို့ ပြောလိမ့်မယ်"

လူပျံတော်များ စကားမပြောနိုင်ပဲ ဖြစ်ကုန်ကြလေသည်။

ထာဝရည၏ ခွဲခြမ်းစိတ်ဖြာမှုမှာ မှန်ဖို့များ၏။ လူသားများသည် ဤမျှထင်ရှားသည့် သဲလွန်စမျိုးကို မည်သို့မှ ချန်ထားခဲ့မည်မဟုတ်ချေ။

“ဒါပေမဲ့…”

ထာဝရညက ခေတ္တရပ်နားပြီးနောက် ဆက်ပြောလိုက်သည်။

"သူဟာ လူသားတွေကြားမှာ အရေးပါတဲ့ ပုဂ္ဂိုလ်ဖြစ်ရမယ်လို့ ကျုပ် ပြောခဲ့ပြီးပြီ မဟုတ်ရင် သူ ဒီလိုအရာတွေကို လုပ်နိုင်မှာမဟုတ်သလို သံတမန်အဖွဲ့ကို သူ့အတွက် ဖုံးကွယ်ထားဖို့ အမိန့်ပေးနိုင်မှာမဟုတ်ဘူး ဒီကနေ့ သူလုပ်ခဲ့သလို ကြီးမားတဲ့ ကသောင်းကနင်းဖြစ်ရပ်မျိုးကိုလဲ ဖန်တီးနိုင်မှာ မဟုတ်ဘူး”

အိပ်မက်ကြာပန်းသရဖူတယောက် မနေနိုင်တော့ပဲ တိုက်ရိုက် မေးလိုက်၏။

"အရှင်မင်းကြီးအနေနဲ့ ဒီလူ ဘယ်သူဖြစ်မယ်လို့ ထင်ပါသလဲ”

ထာဝရညက ခေါင်းခါလိုက်၏။

“ဒီလူ ဘယ်သူလဲဆိုတာ ကျုပ် မသိဘူး ဒါပေမဲ့ ကျုပ် ခန့်မှန်းထားတာတော့ ရှိတယ် သူဟာ ကျူးမျိုးနွယ်စု ဒါမှမဟုတ် လီမျိုးနွယ်စုနဲ့ အတော်လေး နီးစပ်တဲ့သူဖြစ်ရမယ် မဟုတ်ရင် သံတမန်အဖွဲ့ထဲကို သူ ဝင်လို့ရဖို့ဆိုတာ မလွယ်ဘူး ကျုပ်ကတော့ သူဟာ ကျူမျိုးနွယ်စုနဲ့ ပိုပြီး ဆက်စပ်မှုရှိနေမယ်လို့ ယူဆထားတယ်"

“ဘာကြောင့်များလဲ အရှင်မင်းကြီး”

လူတိုင်း မေးလိုက်ကြ၏။

ဤတကြိမ်တွင်တော့ အိပ်မက်ကြာပန်းသရဖူက ဝင်ပြန်ဖြေလိုက်သည်။

"ဟုတ်တယ် အရှင်မင်းကြီးပြောသလို ကျူးမျိုးနွယ်စုကပဲ ဖြစ်ရမယ် ခီလစ်ဒါပြောတာကတော့ ဒီလူဟာ ကျောက်စိမ်းမြူရဲ့ လျှို့ဝှက်နယ်မြေကို စီးနင်းတိုက်ခိုက်ရာမှာလည်း ပါဝင်ခဲ့တယ်လို့ ပြောခဲ့တယ်။ အဲဒီနေရာမှာ သေဆုံးသွားတဲ့လူတွေထဲက တစ်ယောက်ကိုများ ရှင်တို့ မှတ်မိကြလား”

လူပျံတော်များ အချင်းချင်းအပြန်အလှန် ကြည့်လိုက်ကြ၏။

“လီတောက်ဟုန်"

မှန်ပါသည်။

လီတောက်ဟုန်သည် ကျောက်စိမ်းမြူဉ လျှို့ဝှက်နယ်မြေတွင် သေဆုံးသွား၏။

လီတောက်ဟုန်သေဆုံးမှုကြောင့် လျောင်ယဲ့နိုင်ငံနှင့် လူပျံတော်များအကြား ပြသနာပင် တက်ခဲ့သေးသည် မဟုတ်ပါလား။ နောက်ဆုံးတော့ လီတောက်ဟုန်သေဆုံးသွားခြင်းသည် လူပျံတော်များနှင့်မဆိုင်ကြောင့် အိပ်မက်ကြာပန်းသရဖူကိုယ်တိုင် လီဝုယီကို သက်သေပြခဲ့ရ၏။

လီတောက်ဟုန်ကို သတ်လိုက်ခြင်းသည် လူပျံတော်များအတွက် အကျိုးမရှိမှန်း လီဝုယီကလည်း နားလည်ထားလေသည်။ ထို့ပြင် လီတောက်ဟုန်သည် ပြဿနာကောင်ဖြစ်လေရာ သူ သေသွားသည့်အတွက် လူအများစုက ဝမ်းပင်သာနေကြသေး၏။ ဤသို့နှင့် ပြသနာမှာ အကြီးအကျယ်မဖြစ်လိုက်ပဲ လျော်ကြေးမျှနှင့် ကြေအေးသွားလေသည်။

ယခု ထာဝရညက ထိုကိစ္စကို ပြန်အစဖော်လိုက်လေရာ တရားခံသူခိုးသည် လီမျိုးနွယ်စု၏သံတမန်အဖွဲ့ဝင်တယောက် မဟုတ်နိုင်မှန်း အားလုံးနားလည်သွားကြသည်။ တရားခံသူခိုးသာ လီမျိုးနွယ်သံတမန်အဖွဲ့ဝင်ဆိုလျင် သူ့သခင်ကို ပြန်လည်တိုက်ခိုက်ရဲမည် မဟုတ်။

“ဒါဆို ကျူးမျိုးနွယ်စုကပဲပေါ့ ဒါပေမဲ့ ကျူမျိုးနွယ်စုထဲမှာ ဒီလိုဖြစ်ရပ်ကြီးကို လုပ်နိုင်တဲ့သူ ဘယ်သူများရှ်ိလို့လဲ ကျူးချန်းဟွမ်ပဲလား"

လူပျံတော်တဦးက ကျယ်လောင်စွာ ပြောလိုက်သည်။

ထာဝရညက ခေါင်းခါလိုက်၏။

"သာမန် နတ်ဆိုးဧကရာဇ်အဆင့် သွေးနှောမျိုးနွယ်စုတစ်ခုက ဒီလို ပါရမီရှင်တယောက် မွေးထုတ်ပေးဖို့ဆိုတာ သိပ်တော့မဖြစ်နိုင်ဘူး ဒါပေမဲ့ အတိအကျ ကောက်ချက်ချလို့တော့ မရဘူးပေါ့လေ ဘာလို့လဲဆိုတော့ ကျူးမျိုးနွယ်စုဟာ စိတ်အာရုံက်ို ဖမ်းစားတဲ့ နည်းစနစ်တွေမှာ တော်တော်လေးကို ကျွမ်းကျင်ကြလို့ပဲ"

တစုံတယောက်၏ စိတ်အာရုံကို ဖမ်းစားနိုင်သည့် နည်းပေါင်းများစွာ ပိုင်ဆိုင်ထားသော မျိုးနွယ်စုတစုအနေနှင့် ပါရမီရှင်တစ်ယောက်စနှစ်ယောက်စကို ညှို့ငင်ဖမ်းစားနိုင်သည်မှာ ဘာမှ မထူးဆန်းချေ။

သီအိုရီအရဆိုလျင် စုချန်းကိုပင် ကျူးရှန်းယောင်ကဖမ်းစားထားခဲ့သည်ဟု ဆိုနိုင်သေး၏။

သို့သော် ဤမျှလောက်နှင့် ထိုလူ မည်သူမည်ဝါဟူသည်ကို သူတို့ဖော်ထုတ်နိုင်ရန်မှာကား အလှမ်းဝေးနေသေးပေသည်။

ထိုစဥ် အချက်အလက်စုဆောင်းရန် တာဝန်ရှိသည့် လူပျံတော်တယောက်က ဝင်ပြောလိုက်လေသည်။

“ကျူးမျိုးနွယ်စုနဲ့ပတ်သက်ပြီး လိုအပ်တဲ့ သတင်းအချက်အလက်တွေ ကျုပ် သွားပြီစုဆောင်းလိုက်ပါ့မယ်”

သို့သော် ထာဝရညက ညင်သာစွာ ကန့်ကွက်လိုက်၏။

“သွားစရာမလိုတော့ဘူး မင်း အဲဒီသတင်းအချက်အလက်တွေ ရမဲ့အချိန်လောက်ဆို အဆိပ်တထောင်ဖားကြီးက ကောင်းကင်မြို့တော်ကို ဝင်တိုက်နေလောက်ပြီ အတုအယောင် လူပျံတော်သူခိုးလဲ အဝေးကို ထွက်ပြေးသွားလောက်ပြီ”

အားလုံး အံ့အားသင့်ကုန်ကြပြန်သည်။

သူတို့ ဘာလုပ်ရတော့မည်နည်း။

ထာဝရည၏ အသံဆက်လက်ထွက်ပေါ်လာ၏။

"ဒီကိစ္စက ကျူမျိုးနွယ်စုနဲ့ ဆက်စပ်နေတယ်ဆိုတာ သိရုံနဲ့ ကျုပ်တို့အတွက် လုံလောက်ပြီ အဖြေအားလုံးကို မသိရင်တောင် ဆုံးဖြတ်ချက်တချို့ကိုတော့ ချလို့ရတယ် ကဲ တောင်ခိုးမြူ"

"ရှိကြောင်းပါအရှင်မင်းကြီး”

လူပျံတော်တဦး ရှေ့သို့ ထွက်လာ၏။

“တောင်ပြားမြို့ကို အမြန်ဆုံး အကြောင်းကြားလိုက် ကျုပ်တို့ ကြယ်ရွှေသတ္တုကို အရေးပေါ် လိုအပ်နေတယ်လို့ သူတို့ကို ချက်ချင်း လာပို့ခိုင်းလိုက် ပြီးတော့ အဲဒီကုန်သွယ်ရေးအဖွဲ့မှာ ဘယ်သူတွေ ပါလာသလဲဆိုတာ မှတ်တမ်းတွေကို စစ်ဆေးပြီးတော့ ရအောင်စုံစမ်း… ဒီလူတွေအားလုံး ကောင်းကင်မြို့တော်ကို ရောက်ခဲ့တဲ့လူတွေပဲ ဒီကောင်နဲ့ သူတို့ရဲ့ ဆက်ဆံရေး ဘယ်လိုရှိလဲဆိုတာ ကျုပ် မသိပေမဲ့ သူနဲ့ နီးစပ်တဲ့ဆက်ဆံရေးမျိုး သေချာေပါက်ရှိလိမ့်မယ်လို့ ကျုပ်ယုံကြည်တယ်”

ထာဝရည၏ အသံမှာ အထူးပင် ကြောက်ဖွယ်ရာကောင်းနေ၏။

လူတိုင်း ထာဝရည ဘာလုပ်ချင်မှန်း နားလည်သွားခဲ့ပေပြီ။

“အရှင်မင်းကြီး တကယ့်ကို ဉာဏ်ပညာရှိပါတယ်”

သံတမန်အဖွဲ့ကို ဖမ်းမိခြင်းသည် ဟဲယွန်လေစီးကြောင်း၏ အားနည်းချက်ကို ထိုးနှက်တိုက်ခိုက်နိုင်သည်နှင့် အတူတူသာ။

အမိန့်ပေးပြီးသည်နှင့် ထာဝရည အသံပြုလိုက်၏။

"ခီလစ်ဒါ ကျုပ် အခုလုပ်လိုက်တဲ့ အစီအစဥ်နဲ့ပတ်သက်ပြီး မင်း ဘယ်လိုသဘောရသလဲ"

ဟင်...ခီလစ်ဒါဆိုပါလား...

အိပ်မက်ကြာပန်းသရဖူမှလွဲ၍ ကျန်လူပျံတော်များအားလုံး ထပ်မံ အံ့အားသင့်သွားကုန်ကြပြန်သည်။

ဘုရင့်နန်းတော်တစ်လျှောက် ခပ်အုပ်အုပ်ရယ်သံတသံ ထွက်ပေါ်လာ၏။

“အရှင်မင်းကြီးက တကယ်ကိုညဏ်ပညာကြီးမားပါပေတယ် ကျုပ်အဖို့ ချီးကျူးစရာမှလွဲပြီး အထူးတလည်ပြောစရာမရှိတော့ဘူး ကျုပ် သူ့ကို သိလာတာ တနှစ်လောက်ရှိပြီ ဒါပေမဲ့ သူဟာ လူသားတယောက်ဆိုတာ ကျုပ်ဖြင့် ယောင်လို့တောင်မတွေးမိဘူး ဒါပေမဲ့ အရှင်မင်းကြီးရဲ့စကားကိုကြားတော့မှ ကျုပ် ပြန်ပြီးသတိရလာတယ် အခု ပြန်တွေးကြည့်တော့ သူ့မှာ လူသားဆန်တဲ့အပြုအမူတွေ အများကြီး ရှိခဲ့တာပဲ အခုမှပဲ အရာအားလုံးက အဓိပ္ပာယ်ရှိသွားတော့တယ်"

ထို့နောက် ခီလစ်ဒါ နန်းတော်ထဲသို့ လှမ်းဝင်လာလေသည်။

ထိုအခါ ထာဝရညက ခပ်တည်တည်နှင့် မေးလိုက်ပြန်၏။

“ဒါဆိုရင် မင်းရဲ့ ရည်မှန်းချက်က ဘာများဖြစ်မလဲ ကျုပ် ခန့်မှန်းကြည့်လိုက်အုံးမယ် အဆိပ်တထောင်ဖားကြီးရဲ့ အဆိပ်တချို့တဝက်ကို ဖြေနိုင်တဲ့ ဖြေဆေး၊ ဟဲယွန်လေစီးကြောင်းကို ခြေရာခံနိုင်တဲ့ မင်းရဲ့စွမ်းရည်...ဒါတွေကို ကံကြမ္မာလက်ချောင်းများအဖွဲ့ ပြန်တည်ဆောက်တဲ့နေရာမှာ အသုံးချချင်တယ်ပေါ့ ဟုတ်လား"

ခီလစ်ဒါ ရယ်မောလိုက်၏။

“အရေးအကြီးဆုံးတချက် ကျန်ပါသေးတယ် အဲဒါကတော့ ကံကြမ္မာလက်ချောင်းများအဖွဲ့ဟာ အခုချိန်ကစပြီး ဥပဒေကို လိုက်နာတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်လာပါလိမ့်မယ် ကောင်းကင်နိုင်ငံတော်ကို ဘယ်တော့မှ ဆန့်ကျင်တော့မှာ မဟုတ်ဘူး ဒီအတွက် အရှင်မင်းကြီးက ကျုပ်ကို ငွေကြေးနဲ့ လိုအပ်တဲ့ ပစ္စည်းတွေ ထောက်ပံ့ပေးရမယ် ပန်းတောင်နယ်မြေကို ကျုပ်အပိုင်အဖြစ် သတ်မှတ်ပေးရမယ် ဘာကြောင်းလဲဆိုတော့ အခု ကျုပ်မှာ ဘာမှမရှိတော့ဘူးလေ"

ခီလစ်ဒါ၏ တောင်းဆိုမှုကြောင့် လူပျံတော်များ ထိတ်လန့်သွားကြသည်။ သူတို့၏ စိတ်ထဲတွင်လည်း ခီလစ်ဒါ လောဘကြီးလှသည်ဟု တွေးမိနေကြ၏။

သို့သော် မထင်ထားပဲ ထာဝရညက ပြန်ပြောလိုက်လေသည်။

“မင်းရဲ့တောင်းဆိုမှုတွေကို ကျုပ်သဘောတူလို့ရတယ် ဒါပေမဲ့ မင်းကလဲ ကျုပ်ရဲ့တောင်းဆိုချက်နှစ်ချက်ကို သဘောတူရမယ်"

“ဘယ်လိုတောင်းဆိုချက်များလဲ အရှင်မင်းကြီး”

ကြီးကြီးမားမား တစုံတရာကိုတော့ တောင်းဆိုတော့မည်ဟု ခီလစ်ဒါ ထင်မှတ်လိုက်သည်။

သို့သော် ထာဝရည၏ စကားကြောင့် သူ ပါးစပ်အဟောင်းသား ဖြစ်သွား၏။

"မင်းရဲ့ နာမည်နဲ့မင်းအဖွဲ့အစည်း စည်းမျဉ်းတွေကို ပြောင်းပေးရမယ်"

All Chapters