← Chapters

ထာဝရည ၃

Vol. 89 Ch. 883

ထာဝရည ၃

Vol. 89 Ch. 883

နာမည်ပြောင်းရမည်။

ဤသည်မှာ ထာဝရည၏ တခုတည်းသော တောင်းဆိုချက်ပေတည်း။

ခီလစ်ဒါတယောက် မှင်သက်သွား၏။

"နာမည်ပြောင်းရမယ် ဟုတ်လား အရှင်မင်းကြီး"

"ကံကြမ္မာရဲ့လက်ချောင်းများဆိုတဲ့နာမည်နဲ့ မင်းရဲ့ ခီလစ်ဒါဆိုတဲ့နာမည်ကို ပြောင်းရမယ်"

ထာဝရညက ပြန်ဖြေလိုက်သည်။

"မင်း ကြိုက်တဲ့နာမည် ပေးလို့ရတယ် ဒါပေမဲ့ ဒီနေ့ကစပြီး မင်းကိုယ်မင်း ခီလစ်ဒါလို့ မသုံးရဘူး အဲဒီလိုပဲ မင်းတည်ထောင်မဲ့အဖွဲ့ကလဲ ကံကြမ္မာလက်ချောင်းများဆိုတဲ့နာမည် မဖြစ်ရဘူး"

ခီလစ်ဒါ ပို၍ အံ့အားသင့်လာ၏။ ကျန်လူပျံတော်များလည်း အခြေအနေကို သဘောပေါက်လာကြလေသည်။

ထာဝရညသည် ခီလစ်ဒါနှင့် ကံကြမ္မာလက်ချောင်းများအဖွဲ့ကို နောက်တကြိမ် ရှင်သန်ခွင့် ပေးလိုက်လေပြီ။

ထိုအတွက် သူက ခီလစ်ဒါထံမှ နာမည်ပြောင်းပေးရမည်ဟုသာ တောင်းဆိုခဲ့၏။ တကယ်တော့ ထိုတောင်းဆိုချက်မှာ အပေါ်ယံဟု ထင်ရသော်လည်း များစွာ အရေးပါလှပေသည်။

သာမန်ပြည်သူများအနေနှင့် ကံကြမ္မာလက်ချောင်းများသာ တရားဝင်အဖွဲ့အစည်းတခု ဖြစ်သွားမှန်း သိသွားပါက အကြီးအကျယ် စိတ်ထိခိုက်သွားနိုင်၏။

ထို့ကြောင့် ဤသို့ အပြင်ပန်းပြောင်းလဲမှုလေး လုပ်လိုက်ခြင်းကြောင့် ပြည်သူများအနေနှင့် အလွယ်တကူ လက်ခံသွားနိုင်ပေလိမ့်မည်။ ဤသတင်းကို တကူးတက ဖြန့်မည့်သူမရှိလျင် ဤအဖွဲ့အစည်းသစ်သည် တချိန်က ကံကြမ္မာလက်ချောင်းများအဖွဲ့ဟူသည်ကို မည်သူသိနိုင်မည်နည်း။

ခီလစ်ဒါသည်လည်း ထိုအတိုင်းပင်။

သူ့နာမည်နှင့်ဂုဏ်သတင်းသည် များစွာ ထင်ရှားလွန်းလှပေရာ နာမည်ပြောင်းပြီး အခြားတစ်ယောက် ဖြစ်သွားခြင်းက လူတိုင်းအတွက် အကျိုးရှိပေလိမ့်မည်။

အနှီ တောင်းဆိုချက်မျိုးကို တရားလွန်သည်ဟု မည်သို့ဆိုနိုင်မည်နည်း။

လုံးဝတရားမလွန်ပါ။

ခီလစ်ဒါကိုယ်တိုင်သည်လည်း ယခင်က အကြိမ်ပေါင်းမရေမတွက်နိုင်အောင် နာမည် ပြောင်းဖူးခဲ့၏။ ထို့ကြောင့် ခီလစ်ဒါဟူသော နာမည်မှာ သူ့အတွက် ဘာမှအရေးမကြီးလှ။

သို့သော် ကံကြမ္မာလက်ချောင်းများဟူသော နာမည်ကို ပြောင်းရမည်မှာတော့ ခီလစ်ဒါအတွက် အနည်းငယ် စိတ်မသက်မသာဖြစ်စေ၏။

"ကံကြမ္မာလက်ချောင်းများဆိုတာ ကျုပ်တို့အဖွဲ့ရဲ့ တည်ထောင်သူဘိုးဘေးဆီကနေ ဆင်းသက်လာတဲ့ နာမည်ပါ အရှင်မင်းကြီး ဒီနာမည်မှာ ကျုပ်တို့မျိုးစိတ်ဝင်တွေထဲက ကျန်ရစ်သူတွေရဲ့မျှော်လင့်ချက်တွေ ပေါင်းစပ်ပါဝင်နေတယ်..."

ထာဝရည၏ တုံ့ပြန်မှုမှာကား ရိုးရှင်းလှသည်။

"ကံကြမ္မာလက်ချောင်းများအဖွဲ့ဆိုတာ နောက်ထပ်မရှိတော့ဘူး"

ခီလစ်ဒါ၏ နှလုံးသားသည် နာကျင်မှုကြောင့် စူးခနဲ ဖြစ်သွား၏။

မှန်ပါသည်။ ကံကြမ္မာလက်ချောင်းများအဖွဲ့ဟူသည်မှာ မရှိတော့ပါ။

ပြန်လည်တည်ဆောက်မည်ဆိုလျင်ပင် အောက်ခြေမှ ပြန်စရပေလိမ့်မည်။ မည်သို့ဆိုစေ ဤအဖွဲ့ကို ပြန်လည်တည်ထောင်ရန် အခွင့်အရေးပြန်ရလိုက်သည်နှင့် ယှဉ်လျင် နာမည်ပြောင်းလိုက်ရသည်မှာ ဘာမှမဟုတ်ချေ။

သို့သော် တဖက်တွင်လည်း နာမည်ပြောင်းမည့်အရေးမှာ ပေါ့သေးသေးတော့ မဟုတ်။

စစ်တပ်တတပ်သည် နာမည်သာကျန်နေသေးပါက စစ်သည်အားလုံး သေဆုံးသွားလျင်ပင် သန်မာသော စစ်သည်များနှင့် ပြန်လည်ဖြည့်တင်းနိုင်သေး၏။ အကြောင်းမှာ ထိုစစ်တပ်၏ နာမည်က ၎င်း၏ ဝိညာဉ်ဖြစ်နေသောကြောင့်ပင်။ ဝိညာဉ်ရှိနေသရွေ့ပြန်လည်ရှင်သန်နိုင်ဖို့ဟူသည်မှာ အမြဲတမ်း ဖြစ်နိုင်သောအရာ ဖြစ်သည်။

ကံကြမ္မာလက်ချောင်းများဟူသည် လူပျံတော်နယ်မြေရှိ အာကင်းနစ်များ၏ မျှော်လင့်ချက်များ၊ ကြိုးစားအားထုတ်မှုများကို ကိုယ်စားပြုနေ၏။ ဤအမည်နာမမရှိတော့လျင် သူတို့၏ ကျောရိုး ပျက်စီးသွားပေလိမ့်မည်။ သူတို့၏ ဝိညာဥ် ပျောက်ဆုံးသွားပေလိမ့်မည်။

ထို့ကြောင့် ခီလစ်ဒါအတွက် နာမည်ပြောင်းဖို့ဟူသည်မှာ သေးငယ်သောကိစ္စမဟုတ်ချေ။

သို့သော် ထာဝရည ပြောခဲ့သကဲ့သို့ပင် ကံကြမ္မလက်ချောင်းများအဖွဲ့ဟူသည် မရှိတော့ချေ။

ပျက်စီးသွားပြီ။ အပြီးတိုင်ပြိုကွဲသွားလေပြီ။

ထို့ကြောင့် ခီလစ်ဒါသာ ကံကြမ္မာလက်ချောင်းများအဖွဲ့ကို ပြန်လည်တည်ထောင်လိုလျင် ထာဝရည၏ တောင်းဆိုချက်ကို မဖြစ်မနေ သဘောတူရပေလိမ့်မည်။ နောက်ဆုံးတော့ စစ်တပ်တစ်တပ်၏ နှလုံးသားဟူသည်မှာလည်း ပြန်လည်မွေးထုတ်၍ မရသောအရာမဟုတ်ဟူ၍သာ ဖြေသိမ့်ရပေတော့မည်။

တကယ်တော့ တဖက်တွင် ခီလစ်ဒါ၏ တောင်းဆိုချက်ကလည်း လူပျံတော်များကို ပါးပိတ်ရိုက်သလို ဖြစ်နေ၏။ ထို့ကြောင့် ထာဝရည၏ တောင်းဆိုချက်မှာ လုံးဝမများချေ။

နောက်ဆုံးတော့ ထာဝရည၏ တောင်းဆိုချက်ကို ခီလစ်ဒါ သဘောတူလိုက်ရ၏။

"ကောင်းပြီလေ ကျုပ်သဘောတူပါတယ် ဒါနဲ့ တခြားဘယ်လို စည်းမျဉ်းတွေများ ရှိအုံးမလဲအရှင်မင်းကြီး"

"လူပျံတော်တွေကို ဘယ်တော့မှ သစ္စာမဖောက်ရဘူး ဒီတောင်းဆိုချက်ကလဲ သိပ်တော့တရားမလွန်ဘူးမလား"

ထာဝရညက မေးလိုက်၏။

"မများပါဘူးအရှင်မင်းကြီး..."

ဤသည်မှာလည်း နောက်ထပ် ကျိုးကြောင်းဆီလျော်သည့် တောင်းဆိုချက်တစ်ခုပင် ဖြစ်သည်။

ကံကြမ္မာလက်ချောင်းများဟူသည် အကြမ်းဖက်အဖွဲ့အစည်းတခုဖြစ်သည်။ ယခုတော့ ထာဝရညက လူပျံတော်များကို သစ္စာမဖောက်ရန် ခီလစ်ဒါအား တောင်းဆိုနေ၏။ ဤအချက်မှာ သူတို့အဖွဲ့၏ အခြေခံမူများနှင့် ဆန့်ကျင်နေသည်။ အာကင်းနစ် လက်ကျန်များ၏ ရည်ရွယ်ချက်မှာ အာကာနာနိုင်ငံတော်ကို ပြန်လည်တည်ထောင်လိုခြင်း ဖြစ်သည်။ ဤရည်ရွယ်ချက်အတိုင်း အကောင်အထည်ဖော်ရမည်ဆိုလျင် ကံကြမ္မာလက်ချောင်းများအနေနှင့် လူပျံတော်များကို တနေ့မဟုတ် တနေ့တွင် သစ္စာဖောက်ရမည်သာ။ ပုန်ကန်ရမည်သာ။

သို့သော် တဖက်မှပြန်ကြည့်လျင် သူတို့အား ပုန်ကန်မည့် အဖွဲ့အစည်းတခုကို လူပျံတော်များက မည်သို့ ထောက်ပံ့မည်နည်း။ မည်သို့ယုံကြည်မည်နည်း။

ဤအချက်ကို ခီလစ်ဒါ ကောင်းကောင်းနားလည်ထား၏။ သူသာ ထာဝရည၏ တောင်းဆိုချက်ကိုသဘောတူလိုက်လျင် သူ့အဖွဲ့အစည်း၏ အခြေခံသဘောသဘာဝမှာလည်း အလုံးစုံ ပြောင်းလဲသွားပေတော့မည်။

နာမည်ပြောင်းခိုင်းခြင်းသည် စစ်တပ်၏ ဆိုင်းဘုတ်ကို ပြောင်းခိုင်းသည်နှင့်အတူတူဟုဆိုလျင် ထာဝရည၏ ဒုတိယတောင်းဆိုချက်ကတော့ စစ်တပ်၏ နှလုံးသားကို ပြောင်းပစ်လိုက်သည်နှင့် အတူတူပင်။

ထာဝရညသည် ခီလစ်ဒါ၏ ခြေလှမ်းကို ကောင်းကောင်း တုံ့ပြန်နိုင်ခဲ့၏။

သင် သန့်ရှင်းလိုလျင် သေသေချာချာ သန့်စင်လိုက်ပါ။ ဗွက်အိုင်ထဲတွင် နစ်နေပြီး သင့်ကိုယ်သင် သန့်ရှင်းသည်ဟု ဆို၍မရချေ။

သင် လှေကို စွန့်ပြီး ကမ်းကိုကပ်လိုလျင် သင့်လုပ်ရပ်များနှင့် သက်သေပြရပေလိမ့်မည်။

အချုပ်ဆိုရလျင် ထာဝရည၏ တောင်းဆိုချက်များကိုသာ ခီလစ်ဒါ သဘောတူလိုက်လျင် ၎င်းမှာ ကံကြမ္မာလက်ချောင်းများအဖွဲ့ နောက်တကြိမ် ပြန်လည်ရှင်သန်လာခြင်းမဟုတ်တော့။ အစိုးရ၏ ထောက်ပံ့ခံ၊ ကံကြမ္မာလက်ချောင်းများနှင့် ဘာမှ မပတ်သက်သည့် အဖွဲ့အစည်းသစ်တခုကို ဖန်တီးလိုက်သည်နှင့်သာ သွား၍တူနေပေတော့မည်။

အကယ်၍ သဘောတူညီချက်နောက်ကွယ်မှ အမှန်တရားများ ပေါ်လာခဲ့လျင်ပင် ထာဝရညနှင့် အိပ်မက်ကြာပန်းသရဖူတို့အဖို့ သားရဲဲကြီး၏ အန္တရာယ်ကြောင့် ခီလစ်ဒါကို အလျှော့ပေးလိုက်ရသည်ဟု ရှင်းပြနိုင်သေး၏။ ထို့ပြင် သူတို့၏ ဉာဏ်ပညာကြောင့် သူတို့နှင့်အတူ သားရဲကြီးအား လက်တွဲတိုက်ခိုက်ရန် ခီလစ်ဒါကို ဆွဲဆောင်နိုင်ခဲ့သည်ဟု ဆိုနိုင်သေး၏။

သမိုင်းစာအုပ်များတွင် ဤသို့ ညှိနှိုင်းခဲ့ဖူးသည့် ဥပမာအများအပြားကို မှတ်တမ်းတင်ထားဖူးသည် မဟုတ်ပါလား။

လူတော်တော်များများအနေနှင့် တစုံတယောက်၏ နာမည်ကို ပြောင်းလဲလိုက်ခြင်းသည် တခါတရံတွင် ဘဝလမ်းကြောင်းကို ပြောင်းလဲသွားစေတတ်ကြောင်း သဘောမပေါက်ကြချေ။

အဆိုပါ နာမည်များကို သမိုင်းမှတ်တမ်းစာအုပ်များပေါ်တွင် ရိုးရိုးရှင်းရှင်းမြင်နေရသော်ငြား အကျိုးသက်ရောက်မှုကတော့ အမျိုးမျိုးအဖုံဖုံ ရှိနေတတ်ကြ၏။

အဖွဲ့အစည်းတခုသည် မိမိနိုင်ငံအပေါ် သစ္စာစောင့်သိခြင်းကို နည်းအမျိုးမျိုးနှင့် သက်သေပြခဲ့သည်ဆိုစေအုံး။ အကယ်၍ သူတို့၏ သတ်မှတ်ချက်တန်ဖိုးများသာ ပြောင်းလဲသွားခဲ့လျင်၊ နိုင်ငံတော်အပေါ် ပုန်ကန်ခဲ့လျင် ထိုအဖွဲ့အစည်းမျိုးအပေါ် သစ္စာခံရန် လူဘယ်နှယောက်လောက်များ ဆန္ဒရှိနေကြအုံးမည်နည်း။ လူဘယ်နှစ်ယောက်လောက် ထိုအဖွဲ့အစည်းကို ဆက်လက်ယုံကြည်နေကြအုံးမည်နည်း။ ထိုအဖွဲ့အစည်း၏ သြဇာအာဏာက မည်သည့်အချိန်ကာလမျိုးထိ တည်တံ့နိုင်အုံးမည်နည်း။

ခီလစ်ဒါအနေနှင့် အဖွဲ့အစည်းသစ်တခု တည်ဆောက်လိုလျင် ထိုသဘောသဘာဝကို ကျကျနနကြီး စဥ်းစားသုံးသပ်ရန် လိုအပ်ပေလိမ့်မည်။

လှေကို စွန့်ပြီး ကမ်းကို ပြန်လာလိုလျင် မိမိ၏ လုပ်ရပ်များနှင့် သက်သေပြရန် လိုအပ်သည်မှာ အမှန်ပင်။

နောက်ဆုံးတော့ ရန်သူတော်ဟောင်းကြီးနှစ်ယောက်သည် အခြေအနေတခုအောက်တွင် အပြန်အလှန် သဘောတူညီမှု ရသွားခဲ့ကြ၏။

သဘောတူညီမှုရရှိပုံမှာ မြန်လွန်းနေ၍ ခီလစ်ဒါပင် အံ့အားသင့်နေသည်။

သူ့မူရင်းရည်ရွယ်ချက်မှာ သတ်ဖြတ်သူများနှင့် ရှင်ပြန်ထမြောက်ခြင်းတံခါးပေါက်တို့ အကြားမှ ဆက်ဆံရေးမျိုး သူတည်ထောင်မည့်အဖွဲ့နှင့် လူပျံတော်များအကြား တည်ဆောက်ရန်ပင်။ ယခုတော့ ထိုအခွင့်အရေးမျိုးကို သူ ရခဲ့ပေပြီ။ သို့သော် ဘာကြောင့်မှန်းမသိပဲ ခီလစ်ဒါ၏ စိတ်ထဲတွင် အီလည်လည်ခံစားနေရ၏။

ခီလစ်ဒါ၏ အခြေအနေက်ို မြင်သည်နှင့် အိပ်မက်ကြာပန်းသရဖူက ပါးစပ်ကို လက်နှင့်အုပ်ပြီး သဲ့သဲ့မျှ ရယ်မောလိုက်သည်။

"အရှင်မင်းကြီးဟာ ဟိုးအရင်တုန်းကလိုပဲ ညဏ်ပညာကြီးမားနေတုန်းပဲကိုး"

သူမ၏ မျက်လုံးများထဲတွင် ချီးကျူးလေးစားသည့် အရိပ်အယောင်များ ထင်ဟပ်နေလေသည်။

ထာဝရည ချောင်းတချက် ဟန့်လိုက်သည်။ ထိုအခါကျမှ အိပ်မက်ကြာပန်းသရဖူက သူမ၏ အမှားကို သိပြီး ငြိမ်သွားတော့သည်။

အခြေအနေက်ို သဘောပေါက်လိုက်ပြီဖြစ်သော ခီလစ်ဒါလည်း သက်ပြင်းချရင်း ပြောလိုက်၏။

"အရှင်မင်းကြီးရဲ့ ဉာဏ်ပညာကို ကျုပ် တကယ်ပဲ ချီးကျူးမိပါတယ် အစတုန်းကတော့ ကျုပ်အနေနဲ့ ပြိုကွဲသွားတဲ့အဖွဲ့ကို ပြန်လည်တည်ထောင်ဖို့ အခွင့်အရေးရပြီလို့ တွေးပြီးဝမ်းသာနေတာ ဒါပေမဲ့ အခုကျတော့ အရှင်မင်းကြီးက ကျုပ်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး လူပျံတော်တွေဖက်က ဝိုင်းကူဖို့ တောင်းဆိုလိုက်ပြီပေါ့လေ အင်းလေ ဒါလဲ ကျုပ်အတွက် အခွင့်အရေးတမျိုးပါပဲ"

ထို့နောက် ထာဝရညက အချိန်ဖြုန်းမနေတော့ပဲ သူ့လက်ကို ဆန့်ပြီး ခီလစ်ဒါကို ပြောလိုက်၏။

"ကဲ မင်းရဲ့ဆေးဖော်စပ်နည်းကို ဒီ ယူလာခဲ့"

ခီလစ်ဒါကလည မဆိုင်းမတွပင် တစုံတရာကို ထုတ်ပြီး ထာဝရညကို ပေးလိုက်၏။

အဆိပ်ဖြေဆေးဖော်စပ်နည်းစာရွက်ပေတည်း။

ထာဝရညကလည်း အဆိပ်ဖြေဆေးဖော်စပ်နည်းစာရွက်ကို လက်အောက်ငယ်သားတစ်ယောက်ဆီ ပေးရင်း အမိန့်ပေးလိုက်သည်။

"ဒါကိုကြည့်ပြီး ချက်ချင်းဆေးဖော်စပ်ပေတော့"

ထိုစကားကိုကြားလိုက်သည်နှင့် ကမ္ဘာဦးမတိုင်မီသားရဲကြီးအပေါ် ထာဝရည မည်သို့သဘောထားမှန်း လူတိုင်း နားလည်သွားကြ၏။

ထာဝရညအနေနှင့် စစ်တိုက်ရန် ဆုံးဖြတ်လိုက်လေပြီ။

ထို့နောက် ထာဝရညက ရှင်းပြလိုက်၏။

"မင်းတို့အားလုံး ဒီသားရဲကြီးနဲ့ မတိုက်ချင်ဘူးဆိုတာ ကျုပ် သိတယ် မင်းတို့ ဘာကြောင့်မတိုက်ချင်မှန်းကိုလဲ ကျုပ် နားလည်တယ် တိုက်ပွဲတိုင်းမှာ အသက်ဆုံးရှုံးမှုဆိုတာကတော့ ရှိနိုင်တာပဲ ဒါပေမဲ့ ကျုပ်တို့အနေနဲ့ ဒီတိုက်ပွဲကို ရှောင်လို့မရတော့ဘူး ရန်သူရဲ့ လုပ်ရပ်ကြောင့် ကမ္ဘာဦးမတိုင်မီသားရဲက ခုဆိုရင် ကျုပ်တို့ဆီကို လာနေပြီ သူ့ကို တခြားနေရာ ကျုပ်တို့ လမ်းလွှဲလိုက်လို့မရဘူး ဘာကြောင့်လဲဆိုတော့ ကောင်းကင်မြို့တော် တခုတည်းကပဲ ဒီသားရဲကြီးကို ဖျက်ဆီးပစ်နိုင်လို့ပဲ တခြားနေရာကို ပို့လိုက်ရင် သေဆုံးမှုတွေနဲ့ သွေးမြေကျမှုတွေက အတိုင်းအဆမရှိ ဖြစ်သွားလိမ့်မယ် ဒါ့အပြင် အဆိပ်လှိုင်းတွေကြောင့် ပတ်ဝန်းကျင်ကြီး သဘာဝအတိုင်း ပြန်ဖြစ်ဖို့ဆိုတာ ရာစုနှစ်ပေါင်းများစွာ ကြာသွားလိမ့်မယ် ဒီသားရဲကြီး ဒီအတိုင်း လျှောက်သွားနေရင် ကျုပ်တို့ရဲ့တောတောင်ရေမြေတွေ သဘာဝပတ်ဝန်းကျင်တွေ အများကြီး ဆုံးရှုံးသွားနိုင်တယ်"

ပုံမှန်ဆိုလျင် ကမ္ဘာဦးမတိုင်မီသားရဲကြောင့် ဖြစ်ပေါ်လာသည့်ပျက်စီးမှုများမှာ ပြန်လည်ပြုပြင်၍ ရပေသည်။ သို့သော် အဆိပ်ဖားကြီးဆီမှ ထွက်ပေါ်လာသော အဆိပ်များကတော့ အလွယ်တကူ ပျောက်သွားနိုင်သည့်အရာမျိုးမဟုတ်။ ဖားကြီး ဖြတ်သွားသည့် နေရာတိုင်းမှာလည်း သူ ချန်ထားခဲ့သည့် အဆိပ်များကြောင့် နေထိုင်၍မရနိုင်တော့ချေ။

ထို့ကြောင့် ထာဝရညအနေနှင့် ဤတာဝန်ကို မသိကျိုးကျွန်ပြုထား၍ မရ။

"ဒါကြောင့် ကျုပ်တို့ဟာ ဒီတိုက်ပွဲကို သေချာပေါက် တိုက်ရလိမ့်မယ် ကောင်းကင်မြို့တော်ကပဲ ဒီလိုသားရဲကို ဖျက်ဆီးနိုင်လောက်အောင် သန်မာတယ်"

ကောင်းကင်မြို့တော်သည် ယခင်ကလည်း ကမ္ဘာဦးမတိုင်မီသားရဲများကို အနိုင်ယူခဲ့ဖူး၏။ ခီလစ်ဒါ၏ အဆိပ်ဖြေဆေးကလည်း သူတို့ကို တဖက်တလမ်းမှ အထောက်အကူပြုပေလိမ့်မည်။ ထို့ကြောင့် ကောင်းကင်မြို့တော်၏ အောင်ပွဲက ရာနှုန်းအများစု သေချာနေပေသည်။

ထို့နောက်တွင်တော့ ထာဝရညက တိုက်ပွဲအတွက် စတင်ပြင်ဆင်တော့သည်။

"အိပ်မက်ကြာပန်းသရဖူ မင်းက တိုက်ပွဲဝင်မဲ့တပ်တွေကို စုစည်းပေးပါ"

အိပ်မက်ကြာပန်းသရဖူ ပြုံးပြပြီး ခေါင်းညိတ်လိုက်၏။

"ပြီးရင် ကောင်းကင်တောင်တက် မင်းကတော့ နက်ရှိုင်းရေ အပြာရောင်အလင်းတို့နဲ့ ဆက်သွယ် သူတို့ရဲ့ ကစဥ့်ကလျားမျှော်စင်နဲ့ မူလစွမ်းအင်ရဲတိုက်ကို ဒီကို ယူလာခိုင်းလိုက်"

"ဟင် မိုးပျံမြို့တော်နှစ်မြို့ကိုပါ စစ်ကူတောင်းရမယ် ဆိုပါလား"

လူပျံတော်များ နဝေတိမ်တောင် ဖြစ်ကုန်ကြ၏။

ထာဝရညက ရှင်းပြလိုက်လေသည်။

"ကျုပ်တို့ဟာ ရန်သူကို အင်အားအပြည့်နဲ့ တိုက်ခိုက်ရမယ် ကျုပ်တို့ရဲ့အားသာချက်ကို အသုံးချပြီး တချီတည်းနဲ့ ရှင်းပစ်ဖို့ကြိုးစားရမယ် ဒါမှသာ ဆုံးရှုံးမှုအနည်းဆုံးနဲ့ ဒီတိုက်ပွဲကို ကျုပ်တို့ အနိုင်ရလိမ့်မယ် ပြီးတော့ ကောင်းကင်မြို့တော်က မရွှေ့နိုင်ဘူး ဒါကြောင့် အဆိပ်ဖားကြီး ထွက်ပြေးဖို့ ကြိုးစားရင် ကျန်တဲ့ မိုးပျံမြို့တော်နှစ်ခုက လိုက်ဖမ်းလို့ရတယ်"

"အရှင်မင်းကြီး ညဏ်ပညာကြီးမြတ်လွန်းပါပေတယ်"

ထာဝရညက ခီလစ်ဒါကို လှည့်ကြည့်လိုက်၏။

ခီလစ်ဒါ ပြုံးလိုက်၏။

"ဒါဆို ကျုပ်က သူခိုးအယောင်ဆောင်ကောင်ကို ဂရုစိုက်ပေးရမှာပေါ့ ဟုတ်လား"

ထာဝရည ခေါင်းခါလိုက်လေသည်။

"မဟုတ်ဘူး မင်းက ကျုပ်ဘေးမှာပဲနေပြီး ကျုပ်အမိန့်ကို စောင့်နေရမယ်"

ခီလစ်ဒါ မှင်သက်သွား၏။

"ဘာဖြစ်လို့လဲ အရှင်မင်းကြီး"

ထာဝရညက ပြုံးလိုက်၏။

"ကျုပ်ကို နားလည်မှုမလွဲစမ်းပါနဲ့လေ မင်းကို ကျုပ်ဘေးမှာ ထားတာဟာ လူတိုင်း မင်းကို မြင်ဖူးသွားအောင် အခွင့်အရေးပေးလိုက်တဲ့သဘောပဲ ဒါပေမဲ့ မင်းရဲ့ ရုပ်ရည်ကိုတော့ ပြောင်းထားမှရမယ် ပြီးတော့ ဒဏ္ဍာရီလာအာကင်နာပညာရှင်တယောက်ကို အမိန့်ပေးဖူးချင်တာလဲ ပါတာပေါ့ကွာ"

ထိုစကားကြောင့် လူတိုင်း ရယ်မောလိုက်ကြလေသည်။

ခီလစ်ဒါက မေးလိုက်ပြန်သည်။

"ဒါဆို အတုအယောင်ကောင်ကို ဘယ်လိုလုပ်ရမလဲ"

"သူ့ကို စိတ်မပူနဲ့ သူ့အတွက် ကျုပ်မှာအစီအစဉ်တွေ ရှိတယ် ပြီးတော့ ဟဲယွန်လေမျိုးနွယ်စုကိုလဲ ဘယ်လို အပြစ်ပေးရမလဲဆိုတာ ဆုံးဖြတ်ထားရမယ်"

"ဟဲယွန်လေမျိုးနွယ်စု ဟုတ်လား ဟဲယွန်လေစီးကြောင်းဟာ အတုအယောင်ပဲ မဟုတ်ဘူးလားအရှင်မင်းကြီး ဘာလို့ ဟဲယွန်လေမျိုးနွယ်စုကို အပြစ်ပေးရမှာလဲ"

လူတိုင်း နားမလည်နိုင်ပဲ ဖြစ်ကုန်ကြလေသည်။

ထာဝရညက ပြန်ဖြေလိုက်၏။

"ဟဲယွန်လေစီးကြောင်း အတုအယောင်ပဲဆိုတာ ကျုပ်တို့ ယူဆချက်ပဲ ရှိသေးတယ် ဒါကို သက်သေပြဖို့ ခိုင်မာတဲ့ အထောက်အထား မရှိသေးဘူး သူ တကယ်ကြီး လူပျံတော်တယောက် ဖြစ်နိုင်ခြေလည်း ရှိနေသေးတယ် ပြီးတော့သူ အတုအယောင်ဆိုရင်တောင် ရန်သူထိုးဖောက်ဝင်ရောက်လာတာကို သတိမထားမိတဲ့အတွက် သူတို့မျိုးနွယ်စုမှာ တာဝန်ရှိတယ် ဒါက ကြီးမားတဲ့ အပြစ်ပဲ"

ဤစကားကတော့ သိုးကလေးကို ဝံပုလွေဟုသမုတ်ပြီး ဆွဲကြိုးချသတ်သလို ဖြစ်နေသည်။

သို့သော် ထာဝရညကို မည်သူမှ မကန့်ကွက်ရဲချေ။

ထာဝရညက ဆက်ပြောလိုက်ပြန်သည်။

"ဟဲယွန်လေမျိုးနွယ်စုရဲ့ အပြစ်က ငြင်းလို့မရဘူး သူတို့ကို အပြစ်ပေးမှသာ ကျုပ်တို့ ပြည်သူတွေရဲ့ ဒေါသကို ငြိမ်သက်စေလိမ့်မယ် ကျုပ်တို့ရဲ့ တာဝန်တွေကို အပြည့်အဝ ထမ်းဆောင်နိုင်လိမ့်မယ် ပြီးတော့ သားရဲကြီးကို တိုက်ခိုက်ဖို့ ရှေ့တန်းမှာ အသေခံတိုက်မဲ့ တပ်ဖွဲ့တွေ လိုအပ်တယ်... ဒီဝန်ထုပ်ဝန်ပိုးကို ဟဲယွန်လေမျိုးနွယ်စုက ထမ်းရလိမ့်မယ်"

ထာဝရည၏ တကယ့်ရည်ရွယ်ချက်က နောက်ဆုံးတော့ ပေါ်ပေါက်လာခဲ့လေပြီ။

မည်သည့်တိုက်ပွဲတွင်မဆို အမြောက်ကိုပစ်ထုတ်ရန် အမြောက်ဆံလိုအပ်၏။

ဤတကြိမ် အမြောက်ဆံအဖြစ် ဟဲယွန်လေမျိုးနွယ်စုက တာဝန်ယူပေလိမ့်မည်။

All Chapters