ရွေ့လျားမြို့တော်
Vol. 89 Ch. 884
ဝူး!!!
သဲ့သဲ့မျှသော ခရုသင်းမှုတ်သံက ကောင်းကင်မြို့တော်တခုလုံးက်ို ဖုံးလွှမ်းသွား၏။
ကောင်းကင်ပင်လယ်ခရုသင်းဟူသည် သမုဒ္ဒရာမျိုးစိတ်များထံမှ လူပျံတော်များ ရယူထားသည့် ရတနာတပါးဖြစ်သည်။ ခရုသင်းအသံသည် တိုးညှင်းသည်ဟုထင်ရသော်လည်း အလှမ်းကွာလှသော နေရာများထိ ပျံ့နှံ့သွားလေသည်l။
ခရုသင်းသံသည် ကောင်းကင်မြို့တော်တခုလုံးသို့ အလွန်လျင်မြန်စွာ ပျံ့နှံ့သွား၏။ မြို့တော်၌ နေထိုင်သူအားလုံးကို စစ်ရေးလှုပ်ရှားမှု ပြုလုပ်ရန် အချက်ပေးလိုက်လေပြီ။
ကြီးမားသော တိုက်ပွဲတခု စတင်တော့မည်မှာ ထင်ရှားနေ၏။ ထိုအခါ လူပျံတော်စစ်သားမြောက်မြားစွာသည် မိမိတို့နေရာများသို့ အပြေးအလွှားနေရာယူပြီး အသင့်အနေအထားနှင့် စောင့်ဆိုင်းနေကြတော့သည်။
အစောပိုင်းအခြေအနေများတွင် ရှိနေခဲ့သည့် ငြိမ်းချမ်းသော အငွေ့အသက်ကား လျင်မြန်စွာ ပျောက်ကွယ်သွားလေပြီ။ ထိုအစား နေရာတိုင်းတွင် သတ်လိုဖြတ်လိုစိတ်များက အစားထိုးဝင်ရောက်လာတော့၏။
လူပျံတော်စစ်သားအုပ်စုများသည် စိုးရိမ်တကြီးအမူအရာများနှင့် လူးလား ပျံသန်းနေကြ၏။ မည်သူနှင့်တိုက်ခိုက်ရမည်ကို မသိသေးသည့်တိုင် လေ့ကျင့်သားပြည့်ဝမှုကြောင့် သူတို့အားလုံး အသင့်နေရာယူပြီးကြလေပြီ။
သို့တိုင်အောင် ကောင်းကင်တွင် မားမားရပ်တည်နေသည့် သံမဏိမြို့တော်ကြီးလောက် မည်သည့်အရာမှ အထင်ကြီးစရာမကောင်းချေ။ တံပိုးသံခရုသင်းသံများ စတင်ထွက်ပေါ်လာသည်နှင့်အမျှ ကောင်းကင်မြို့တော်သည် ၎င်း၏ပုံသဏ္ဍာန်အစစ်အမှန်ကို တစထက်တစ ထုတ်ဖော်ပြသလာခဲ့လေပြီ။
မြို့ရိုးနံရံများကို ဖုံးအုပ်ထားသော သံမဏိပြားများ အထဲသို့ ပြန်လည်ဝင်ရောက်သွားပြီး မရေမတွက်နိုင်သော အမြောက်များ အသီးသီး ထွက်ပေါ်လာ၏။ ထိုအမြောက်များမှာကား လူပျံတော်များ၏ နေမင်းထိုးခွဲအမြောက်များ ဖြစ်ကြသည်။ ၎င်းတို့သည် မူလစွမ်းအင်ဖြင့် လည်ပတ်ကြပြီး တစ်ချက်ပစ်လိုက်တိုင်း အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တဦး၏ စွမ်းအားမျိုးကို ထုတ်လွှတ်နိုင်၏။ အဆိုပါ နေမင်းထိုးခွဲအမြောက် ထောင်ပေါင်းများစွာသည် မြို့ရိုးများမှ အလျှိုလျှို တိုးထွက်နေကြ၏။ ဤမြင်ကွင်းကို မြင်တွေ့ရသူတိုင်း အထူးပင် ကြောက်ရွံ့တုန်လှုပ်ကြကုန်မည်မှာ သေချာနေ၏။
သို့တိုင် နေမင်းထိုးခွင်းအမြောက်များမှာ ပဏာမမျှသာ ရှိသေး၏။ စက္ကန့်ပိုင်းအတွင်းမှာပင် မောင်းတံလည်ပတ်သံများ တကျွီကျွီ ထွက်ပေါ်လာပြီး သတ္တုစစ်ရထားများ မြို့ရိုးပေါ်သို့ ရောက်လာကြပြန်သည်။ ၎င်းရထားများကို ဖျက်ဆီးတိုက်ခိုက်ရေးစစ်ရထားများဟု ခေါ်ကြလေသည်။ စစ်ရထားတစ်စီးစီတိုင်းသည် သုတ်သင်ရေးမိုးကြိုး ရာနှင့်ချီကို တပြိုင်နက်တည်း ထုတ်လွှတ်နိုင်ပြီး မိုးကြိုးတချက်စီတိုင်းမှာလည်း အထူးပင် ကြောက်ဖွယ်ရာကောင်းလှပေ၏။
တဆက်တည်းမှာပင် မြို့ရိုးများပေါ်တွင်ရုပ်တုအသီးသီး ပေတရာစီခြားပြီး ပေါ်ပေါက်လာကြပြန်သည်။
အဆိုပါရုပ်တုများကို တိုက်ခိုက်ရေးရုပ်သေးများဟု လူပျံတော်များ နာမည််ပေးထားကြသည်။ ရုပ်တုတချို့မှာ လူပုံသဏ္ဌာန်များဖြစ်ကြပြီး တချို့မှာ သားရဲများနှင့် တူပေသည်။ ရုပ်တုများသည် ပုံသဏ္ဌာန်အားဖြင့် ကွဲပြားကြသော်လည်း လူပျံတော်စစ်သားများနှင့်အတူ နံရံများပေါ်တွင် ရပ်ကာ တံတိုင်းကြီးသဖွယ် သံမဏိခံစစ်ပုံသဏ္ဍာန်တခုကို ဖွဲ့စည်းထားလေသည်။
နံရံများပေါ်တွင် ရေးထိုးထားသည့် စာများသည်လည်း လှပသော အလင်းရောင်မှ ကြမ်းတမ်းသောပုံစံများအဖြစ်သို့ ပြောင်းလဲလာ၏။ ဤရေးထိုးထားသော စာများမှာ မူလပုံစံကွက်ကြီးတခုကို ဖွဲ့စည်းထားခြင်းဖြစ်ပြီး အသက်သွင်းလိုက်သည်နှင့် နံရံများကို ခိုင်ခံ့စေပြီး အတွင်းရှိ စစ်သားများကို ကာကွယ်ပေးပေလိမ့်မည်။
အပြင်ဘက်တွင်လည်း အလားတူတည်ဆောက်ပုံမျိုးရှိသော နောက်ထပ်နံရံနှစ်ထပ်ရှိပြီး ဤနံရံများမှာ ပို၍မြင့်မားကြလေသည်။ ပိုမိုများပြားသော မီးလက်နက်များကိုလည်း တပ်ဆင်ထားကြ၏။ ဤနည်းအားဖြင့် အပြင်ဘက်နံရံများ ဖျက်ဆီးခံရသည့်တိုင် အတွင်းနံရံများမှ ဆက်လက်တိုက်ပွဲဝင်နိုင်ပေလိမ့်မည်။
အမြောက်များ၊ စစ်ရထားများ၊ စစ်သားများ၊ ရုပ်သေးများ၊ နှင့် နံရံများကိုယ်တိုင်သည် ကောင်းကင်မြို့တော မဆုတ်တမ်းခံစစ်စည်းရိုးများ၏ အစိတ်အပိုင်းများအဖြစ် ဆောင်ရွက်ကြသည့်သဘောပင်။
ဤနံရံသုံးထပ်အနောက်တွင်တော့ လေပေါ်တွင် လှည့်ပတ်နေသော ဘုရားကျောင်းဆောင်ကြီး ဆယ့်နှစ်ဆောင် ရှိနေသည်။ များပြားလှသောအာကင်နာပညာရှင်များသည်လည်း ဘုရားကျောင်းဆောင်များပတ်ပတ်လည်တွင် စုဝေးနေကြကုန်၏။
အဆိုပါ လေပေါ်ဘုရားကျောင်းဆောင်များသည် အာကင်နာပညာရှင်များကို မူလစွမ်းအင်များ ထောက်ပံ့ပေးလျက်ရှိလေသည်။ ကျောင်းဆောင်တဆောင်စီတိုင်းတွင် မူလစွမ်းအင်အရင်းအမြစ်တခုစီပါရှိပြီး အာကင်နာပညာရှင်များကို မူလစွမ်းအင်များ အဆက်မပြတ် ဖြည့်ဆည်းပေးနေကြခြင်းပင်။ ၎င်းသည် မူလကျောက်တုံးများကို အသုံးပြုခြင်းထက်ပင် ပိုမိုထိရောက်ပြီး စွမ်းအင်မှာလည်း များစွာပို၍ သန့်စင်၏။ အာကင်နာပညာရှင်များကို တင်ဆောင်ထားသည့် လှေများမှာကား အာကင်နာနည်းစနစ်များကို လွတ်လွတ်လပ်လပ် ဖော်ထုတ်တိုက်ခိုက်နိုင်ရန် ဒီဇိုင်းထုတ်ထား၏။ ထိုလှေများပေါ်တွင် ရေးထိုးထားသော မူလစွမ်းအင်ပုံစံကွက်အများစုမှာလည်း အာကင်နာနည်းစနစ်များ၏ စွမ်းအားကို တိုးမြှင့်ရန် အသုံးဝင်ပေသည်။ တိုက်ပွဲစတင်သည်နှင့် အဆိုပါလှေများသည် အာကင်နာပညာရှင်များကို သွက်လက်ပေါ့ပါးသည့် တိုက်ခိုက်ရေးအင်အားစုများအဖြစ် ဖြစ်တည်စေပေလိမ့်မည်။ အဆိုပါ အာကင်နာပညာရှင်များသည် ကောင်းကင်မြို့တော်၏ ပင်မခံစစ်လိုင်းကို ကာကွယ်ထားကြ၏။
မြို့၏အတွင်းပိုင်းတွင်လည်း အာကင်နာမျှော်စင် ကိုးဆယ့်ကိုးခုထိ ရှိနေပြီး မျှော်စင်တခုစီတိုင်းတွင် နေမင်းပုလဲတစ်လုံးစီတိုင်းကို တပ်ဆင်ထားကြ၏။ အဆိုပါ ပုလဲများသည် အမိန့်ပေးလိုက်သည်နှင့် စတင်လင်းလက်လာပြီး တမြို့လုံးကို ဝန်းရံထားမည့် ခံစစ်အတားအဆီးတခုကို ဖွဲ့စည်းပေးပေလိမ့်မည်။
လူသားများ၏ စီးဆင်းရွှေရေခံတပ် သည်လည်း ခံတပ်၏ အရေးကြီးသော ခံစစ်ယန္တရားများကို ထိန်းချုပ်နိုင်ရန် အလားတူမျှော်စင်ကိုးခုကို အားကိုး ရပေသည်။ သို့သော် ကောင်းကင်မြို့တော်တွင် မျှော်စင် ကိုးဆယ့်ကိုးခုရှိနေပြီး မျှော်စင်တခုစီတိုင်းသည် စီးဆင်းရွှေရေခံတပ်ရှိ မျှော်စင်များထက် ပိုမိုအားကောင်းကြ၏။
မျှော်စင်တခုစီတိုင်း၏ ယန္တယားများကို စောင့်ကြည့်ရန် အဌမလက်စွပ်အဆင့် အာကင်နာပညာရှင်တဦးစီ ရှိနေကြသည်။ ထို့ကြောင့် တချို့မျှော်စင်များ ဖျက်ဆီးခံရသည့်တိုင် မျှော်စင်များ၏ အလုံးစုံလည်ပတ်မှု ရပ်တန့်သွားမည်မဟုတ်ချေ။
အဆိုပါမျှော်စင် ကိုးဆယ့်ကိုးခုအပြင် ကောင်းကင်မြို့တော်၏ အထင်ရှားဆုံးမြင်ကွင်းမှာထာဝရ နေမင်းနန်းတော်ပေတည်း။
နန်းတော်အပေါ်တွင် ကြီးမားလှသော အမြောက်ကြီးတလက် ရှိနေ၏။
ထိုအမြောက်ကြီးသည် အလွန်ကြီးမားလှပေရာ မြင်ရသူတိုင်း၏နှလုံးသားတွင် စိတ်ပျက်အားငယ်သည့် ခံစားချက်များ ပေါ်ပေါက်လာဖွယ်ရာ ရှိသည်။
နေမင်းထိုးခွဲအမြောက်များ၏ အဝသည် အတော်လေးကျယ်ပြီး အဝတ်လျှော်ဇလုံတလုံးနီးပါးပင် ရှိနေ၏။ သို့သော် ၎င်းအမြောက်များ၏ အဝသည် နန်းတော်ပေါ်မှ အမြောက်ကြီးနှင့်စာလျင် သွားကြားထိုးတံတချောင်းမျှသာ ရှိလေသည်။
ထိုအမြောက်ကြီး၏အဝသည် သားရဲကြီးတကောင်၏ပါးစပ်နှင့်တူပြီး မြို့ရိုးများပေါ်တွင် တပ်ဆင်ထားသည့် အမြောက်များထက် အဆပေါင်းများစွာ ပိုမိုကြောက်စရာကောင်း၏။ ပိုမိုအရှိန်အဝါကြီးမား၏။
အမြောက်၏ကိုယ်ထည်တစ်ခုလုံးကိုမူ ရှားပါးသတ္တုများဖြင့် တည်ဆောက်ထားပြီး အာကင်နာနည်းစနစ်များ၏ စွမ်းအားကို ရရှိစေရန်အတွက် နက်နဲသည့် ဆေးမင်စာများကို ရေးထိုးထားလေသည်။ အမြောက်ကြီး၏အဆုံးပိုင်းတွင် မူလစွမ်းအင်က်ိုစုစည်းနိုင်ရန် အထူးပြုလုပ်ထားသော မူလပုံစံကွက်တခု ရှိနေ၏။ ထိုပုံစံကွက်ကြီးပေါ်တွင် တပ်ဆင်ထားသည့် မူလကျောက်တုံးများသည်ပင် တလက်လက် တောက်ပနေလေသည်။
ထိုအမြောက်မှာ တခြားမဟုတ်။ လူပျံတော်များ၏ နာမည်ကျော်နတ်ဆိုးသုတ်သင်ရေးအမြောက်ပင် ဖြစ်လေသတည်း။
မူလကမ္ဘာကြီးတွင် စွမ်းအားအကြီးဆုံးတိုက်ခိုက်မှုမှာ အနှိုင်းမဲ့ဧကရာဇ်ကျင့်ကြံခြင်းနယ်ပယ်ပညာရှင်၊ ဒဏ္ဍာရီလာ အာကင်နာပညာရှင် သို့မဟုတ် အားအကောင်းဆုံးဝိညာဥ်မျိုးစိတ်ဝင်တဦး၏တိုက်ခိုက်မှုမဟုတ်ပဲ နတ်ဆိုးသုတ်သင်ရေးအမြောက်၏ တိုက်ခိုက်မှုဟူသော ဆိုရိုးစကားတခွန်း ရှိဖူး၏။
အမြောက်ကြီး တချက်စီ ပစ်ခတ်လိုက်တိုင်း တားမြစ်ထားသည့်အာကင်နာနည်းစနစ်များထက် ပိုမိုအားကောင်းသည့် တိုက်ခိုက်မှုကို ထုတ်လွှတ်နိုင်သည်ဟု လူတိုင်းက ယူဆထားကြသည်မှာ အမှန်ပင်။
အမြောက်ကြီး၏ ပစ်ချက်တိုင်းသည် ကောင်းကင်ကိုပင် တုန်ခါသွားစေနိုင်၏။ မြေကြီးကိုပင် အက်ကွဲသွားစေနိုင်၏။
ထို့ကြောင့် နတ်ဆိုးသုတ်သင်ရေးအမြောက်သည် မူလကမ္ဘာကြီးတစ်ခုလုံးတွင် အားအကောင်းဆုံး တည်ရှိမှုတခုဟုဆိုသော် ငြင်းဖွယ်ရာမရှိပေ။
တနည်းအားဖြင့် နတ်ဆိုးသုတ်သင်ရေးအမြောက်သည် လူပျံတော်များ၏ အကြီးမားဆုံး အားသာချက် ဖြစ်သည်။ ၎င်းနှင့်အာကင်နာမျှော်စင်ကိုးဆယ့်ကိုးခုသည် ကောင်းကင်မြို့တော်၏ နောက်ဆုံးခံစစ်လိုင်းဖြစ်သည်။
သို့သော် ကောင်းကင်မြို့တော်အပြင်ဘက်တွင်လည်း တခြားခံစစ်လိုင်းများ အမှန်ပင် ရှိနေသေး၏။ ထွန်ယက်စိုက်ပျိုးကြသည် လယ်ကွက်များ၏ မျက်နှာပြင်အောက်တွင် ဥမင်လိုဏ်ခေါင်းများ တူးထားပြီး မီးလောင်လွယ်သောဆီများဖြင့် ပြည့်နေ၏။ မီးရှို့လိုက်သည်နှင့် ထိုဆီများက အကြီးအကျယ် မီးလောင်ကျွမ်းပေလိမ့်မည်။ အဆိုပါ မီးလျှံများသည် ကောင်းကင်မြို့တော်၏သံမဏိခံစစ်များကဲ့သို့ ကြောက်စရာမကောင်းသည့်တိုင် ရန်သူများကိုတော့ နှောင့်နှေးသွားစေနိုင်၏။
ဤတစ်ကြိမ်တွင်တော့ ဤခံစစ်လိုင်းများမှာ အသုံးမဝင်တော့ချေ။ အကြောင်းမှာ ဤတကြိမ် သူတို့ ရင်ဆိုင်ရသည့်ရန်သူမှာ ကမ္ဘာဦးမတိုင်မီသားရဲကြီးတကောင် ဖြစ်နေသောကြောင့်ပင်။
ထိုနည်းတူစွာ သားရဲကြီးကို ခြိမ်းခြောက်နိုင်သည့် တစ်ခုတည်းသောအရာမှာလည်း နတ်ဆိုးသုတ်သင်ရေးအမြောက်ပင် ဖြစ်လေသည်။ ဤအမြောက်ကြောင့်လည်း သားရဲကြီးကို ရင်ဆိုင်နိုင်သည်ဟု ထာဝရည အလေးအနက် ယုံကြည်နေခြင်းပင်။ ကမ္ဘာဦးမတိုင်မီသားရဲကြီးတကောင်သည်ပင် နတ်ဆိုးသုတ်သင်ရေးအမြောက်နှင့်တွေ့လျင် ဖျက်ဆီးခံရလိမ့်မည်တည်း။
ကောင်းကင်မြို့တော်သည် သမိုင်းတလျှောက်တွင် နတ်ဆိုးသုတ်သင်ရေးအမြောက်ကိုသုံးကာ ဤသို့သော သားရဲအများအပြားကို အနိုင်ယူခဲ့ဖူး၏။
ယခုတော့ နတ်ဆိုးသုတ်သင်ရေးအမြောက်ကို နောက်တကြိမ် လူပျံတော်များ အသုံးပြုရပေတော့မည်။
"ကြုံတုန်း ဒီအမြောက်ကြီးကို ဖျက်ဆီးပစ်ခဲ့ရင် ကောင်းမလားပဲ"
လမ်းပေါ်ရှိ လူပျံတော်များအကြားတွင် ရောနှောနေသည့် စုချန်းတယောက် နတ်ဆိုးသုတ်သင်ရေးအမြောက်ကို ကြည့်ရင်း အထက်ပါအတိုင်း တီးတိုးရေရွတ်လိုက်မိ၏။
သူ့အနေနှင့် ကောင်းကင်မြို့တော်ကို ဖျက်ဆီးနိုင်စွမ်းမရှိ။ သို့သော် အမြောက်ကြီးကိုတော့ ဖျက်ဆီးကောင်းဖျက်ဆီးနိုင်ပေလိမ့်မည်။
သို့သော် ဤလုပ်ရပ်မှာ ကိုယ့်သေတွင်းကိုယ်တူးသည်နှင့် တူနေ၏။ ဘုရားမဂိုဏ်းသည် သူ့အကြောင်းကို မသိသေး၍ ၎င်းတို့၏ ရတနာများကို သူ လုယူနိုင်ခဲ့၏။ သို့သော် ယခုလိုအချိန်မျိုးတွင် တစုံတရာလှုပ်လှုပ်ရှားရှားလုပ်ခြင်းမှာ ကိုယ့်ကိုယ်ကို သတ်သေသည်နှင့် အတူတူသာ။
ယခုဆိုလျင် ရန်သူများသည် သူ တစုံတရာလှုပ်ရှားမည့်အချိန်ကို စောင့်ဆိုင်းနေပေလိမ့်မည်။
သူ့အတွက် ပို၍ စိတ်မအေးစရာဖြစ်နေသည်မှာ ခီလစ်ဒါပင်။
ခီလစ်ဒါသည် သူ၏တည်နေရာကို ရှာဖွေနိုင်၏။ ယခုလောက်ဆိုလျင် ခီလစ်ဒါ ပေါ်လာသင့်ပေပြီ။ သို့သော် ခီလစ်ဒါ ပျောက်ချင်းမလှ ပျောက်ကွယ်နေ၏။ ဤအချက်ကြောင့် ခီလစ်ဒါအတွက် စုချန်း ကြိုတင်ပြင်ဆင်ထားသည်များမှာ အသုံးမဝင်တော့ချေ။
ဆိုလိုသည်မှာ တိုက်ပွဲ၏စည်းချက်သည် သူ့လက်ထဲမှ လွတ်သွားခဲ့လေပြီ။
စုချန်းသည် ခီလစ်ဒါထက် အားနည်းသည်မှာ အမှန်ပင်။ သို့သော် ဤမတိုင်မီက အခြေအနေများအားလုံးကို သူ ထိန်းချုပ်ထားနိုင်ခဲ့သည်။ ထို့အတွက်ကြောင့်လည်း သူ အသက်ရှင်နိုင်ခဲ့ခြင်းဖြစ်သည်။
သို့သော် ယခုတော့ ဤစည်းချက်မှာဖျက်ဆီးခံခဲ့ရလေပြီ။ အခြေအနေကို စုချန်း ထိန်းချုပ်နိုင်စွမ်းမရှိတော့။
ခီလစ်ဒါ ပေါ်မလာခဲ့ခြင်းကြောင့် စုချန်း၏အစီအစဉ်မှာ ပျက်စီးသွားရလေပြီ။ ထိုအခါ အခြေအနေသည် သူပြင်ဆင်ထားခြင်းမရှိသည့် ဦးတည်ရာလမ်းကြောင်းတခုဆီသို့ လျင်မြန်စွာလျှောကျနေသည်ဟု စုချန်း ခံစားမိလာရ၏။
ဤအချက်သည် စုချန်းကို အကြီးအကျယ် စိတ်ပူစေလေသည်။
ဦးဆောင်မှုယူထားချိန်တွင် သူသည် အလွန်အားကောင်းသော ပြိုင်ဘက်ကို ရင်ဆိုင်နိုင်ခဲ့၏။ ယခုတော့ ထိုဦးဆောင်မှုကို သူ ဆုံးရှုံးလိုက်ရလေပြီ။ ထို့ကြောင့် ပုန်းအောင်းနေခြင်းသည် အကောင်းဆုံးဆုံးဖြတ်ချက်ဟု ဆိုနိုင်၏။
အရည်အချင်းရှိသူတဦးသည် မည်သည့်အချိန်တွင် ရှေ့တိုးပြီး မည်သည့်အချိန်တွင် နောက်ဆုတ်ရမည်ကို သိထားသင့်၏။ ယခုအချိန်သည်ကား ဆုတ်ခွာရမည့်အချိန်ပေတည်း။
ထို့နောက်တွင်တော့ စုချန်းသည် မူလအစီအစဥ်ကို စွန့်လွှတ်ပြီး လမ်းကြားတခုသို့ ဝင်လာခဲ့၏။ သိပ်မကြာမီ အဖြူရောင်နံရံများနှင့်အနီရောင်ဝင်ပေါက်ပါရှိသော ဝင်းတစ်ခုရှေ့သို့ စုချန်း ရောက်လာလေသည်။
သူ တံခါးကိုခေါက်လိုက်ရာ လူသားတဦးက သူ့ကို ကြိုဆိုနေ၏။
ထိုလူသားသည် စုချန်းကိုမြင်သည်နှင့် သံသယဖြစ်ဟန်ဖြင့် ကြည့်ရင်း ပြောလိုက်သည်။
"ခင်ဗျားက..."
"ကျုပ်ဟာ အိမ်ကို မလွမ်းတဲ့ ခရီးသွားတစ်ဦးပါ"
စုချန်း အထက်ပါအတိုင်း ပြန်ဖြေလိုက်လေသည်။
ထိုစကားကိုကြားသည်နှင့် ထိုလူ၏ အမူအရာ ချက်ချင်း ပြောင်းလဲသွား၏။ ထို့နောက် သူသည် ပတ်ဝန်းကျင်ကို တချက် ဝေ့ကြည့်ပြီး အသံတိုးတိုးနှင့် ပြောလိုက်လေသည်။
"ကျေးဇူးပြု၍ ကျုပ်နဲ့ လိုက်ခဲ့ပါ"
စုချန်း ဝင်းထဲသို့ လျှောက်ဝင်သွားလိုက်လေသည်။
ဤနေရာမှာကား လျောင်ယဲ့နိုင်ငံ၏ ဆက်ဆံရေးရုံးပင် ဖြစ်လေသည်။ ဤရုံး၏ အဓိကရည်ရွယ်ချက်မှာ သတင်းအချက်အလက်များစုဆောင်းရန်နှင့် တစ်ခါတစ်ရံ လျောင်ယဲ့နိုင်ငံမှ အကူအညီလိုအပ်သူများကို ကူညီပေးရန်ဖြစ်သည်။
သူ ခြံဝင်းထဲဝင်သွားပြီး သိပ်မကြာမီမှာပင် အနီးအနားရှိ ဆိုင်တဆိုင်ထဲမှ လူပျံတော်တယောက် သုတ်သီးသုတ်ပြာနှင့် ထွက်လာ၏။ သို့သော် ၎င်းကို စုချန်း သတိမထားမိတော့ချေ။
ထိုလူပျံတော်သည် လမ်းဆုံတွင် နောက်ထပ်လူပျံတော်တယောက်နှင့် တွေ့ဆုံပြီး တီးတိုးပြောဆိုလိုက်၏။ ထို့နောက် ဒုတိယလူပျံတော်သည် ချက်ချင်းပင် ပျံသန်းထွက်ခွာသွားလေသည်။
စက်ဝိုင်းပုံလှည့်ပတ် ပျံသန်းပြီးနောက် လူပျံတော်သည် နန်းတော်သို့ ရောက်ရှိလာ၏။ ၎င်းသည် အစောင့်တဦးနှင့် စကားပြောဆိုလိုက်လေရာ ထိုအစောင့်သည် အထဲသို့ဝင်ကာ အခြေအနေကို သူ့စစ်ဗိုလ်ချုပ်အား သတင်းပို့လိုက်၏။ စစ်ဗိုလ်ချုပ်သည် နန်းတော်ထဲသို့ အလျင်အမြန်ဝင်ရောက်ပြီး ထာဝရညရှေ့တွင် ဒူးထောက်လိုက်လေသည်။
"အရှင်မင်းကြီး လျောင်ယဲ့နိုင်ငံရဲ့ဆက်ဆံရေးရုံးကို ဒီနေ့ အမည်မသိလူသားတဦး ရောက်လာပါတယ် ဒါ သူ့ပုံပါ"
ထာဝရညက သူ့ဘေးတွင် ထိုင်နေသော ခီလစ်ဒါကို ကြည့်လိုက်၏။
"မျက်နှာက မတူဘူး ဒါပေမဲ့ ကိုယ်လုံးကိုယ်ပေါက်ကတော့ တထေရာတည်းပဲ ပြီးတော့ သူ့ရဲ့ကိုယ်ဟန်အမူအရာကလဲ တပုံစံတည်းပဲ"
ခီလစ်ဒါက ပြောလိုက်လေသည်။
"သူ့ပုံစံကို အကြိမ်တရာမကဘူး အကြိမ်တထောင်ပြောင်းထားရင်တောင် ကျုပ်က ဒီကောင့်ကို မှတ်မိသေးတယ် အရှင်မင်းကြီးကတော့ တကယ့်ကို ဉာဏ်ကြီးရှင်ပါပဲ ဒီကောင့်တည်နေရာကို ရှာဖို့ ကျုပ်အကူအညီကိုတောင် မလိိုလိုက်ဘူး"
ထာဝရညက တည်တည်ငြိမ်ငြိမ်ပင် ပြန်ဖြေလိုက်သည်။
"တခါတလေမှာ အားစိုက်ထုတ်စရာမလိုပဲ တချို့အရာတွေကို ကျုပ်တို့လုပ်လို့ရတယ်ကွ...ဒီမယ် ခါဒါဗဲ မင်းသာ သူ့ကို သွားရှာရင် သူ့ကိုအလွယ်တကူ ဖမ်းမိမှာမဟုတ်ဘူး မင်းအတွက် သူ အများကြီးပြင်ဆင်ထားလိမ့်မယ်လို့ ကျုပ် ယုံကြည်တယ် ဒီလိုဆိုရင် သူလဲလွတ်သွားမယ် ကျုပ်တို့အခြေအနေကိုလဲ သူ သိသွားလိမ့်မယ် အခုဆိုရင် သူ လျောင်ယဲ့နိုင်ငံနဲ့ နက်ရှိုင်းတဲ့ဆက်ဆံရေးရှိတယ်ဆိုတာကို ကျုပ်တို့ အခုအတည်ပြုနိုင်ခဲ့ပြီ ဒါ အရေးအကြီးဆုံးပဲမလား"
ခါဒါဗဲဟူသည်မှာ ခီလစ်ဒါ၏နာမည်အသစ်ဖြစ်သည်။
"ဒါဆို ကျုပ်တို့ ဘာလုပ်သင့်သလဲအရှင်မင်းကြီး"
"စောင့်ရမယ်"
ထာဝရညက ပြန်ဖြေလိုက်၏။
"အချိန်က အဆုံးအဖြတ်ပေးလိမ့်မယ်"